အခန်း ၁၁၈
Vol. 12 Ch. 118
🍄Chapter 118
ထို့အပြင် ကျန်ရှိနေသော အခြားအာထရာဆောင်းအဖြေကိုပါ ရှာဖွေရန် သူမက အကြံပြုခဲ့သေး၏။
မည်သို့ပင်ဖြစ်စေ ဟူရှောင်မေကိုင်ဆောင်ထားသော အာထရာဆောင်းအဖြေမှာ အခြားသူတစ်ဦး၏အဖြေဖြစ်ပြီး အမည်ကိုသာ ပြောင်းလဲထားခြင်းဖြစ်လေသည်။
ဤအကြောင်းကို ယန်ရှီရှန်းအား တိုက်ရိုက် ပြောပြမည့်အစား အခြား အာထရာဆောင်း အဖြေကို အရင်ရှာဖွေတွေ့ရှိခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် ယန်ရှီရှန်း၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသားပေါ်လွင်နေ၏။
ချန်မေ့လန်က သူ့အတွက် ကြက်ပေါင် ကူပွန်များနှင့် ဘီစကွတ်မုန့်များ ကိုင်ဆောင်လာသည်ကို မြင်သောအခါ သူ ပို၍ပင် ဝမ်းသာလုံးဆို့သွားတော့သည်။
“မေ့လန်၊ မင်းက ငါ့အပေါ် တကယ်ကို ကောင်းလွန်းပါတယ်၊ ဒါနဲ့ စကားမစပ်... ရှောင်မေက ကိုယ်ဝန်ရှိနေပြီလေ၊ ငါ့ရဲ့သားလေးကို လွယ်ထားရတာ၊ မင်း ကြားပြီးပြီလား”
ယန်ပင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။
ယန်ရှီရှန်းသည် လက်ထိတ်များ ခတ်ထားလျက် ချန်မေ့လန် စီးကရက်မီးညှိပေးမည့် အချိန်ကို စောင့်ဆိုင်းနေ၏။ သူက အားရပါးရတစ်ရှိုက် ရှူသွင်းလိုက်ပြီးနောက် ဆက်ပြောလာလေသည်။
“ငါ မနက်ဖြန် ရှောင်မေနဲ့လက်ထပ်ဖို့ အပြင်ထွက်ရမယ်၊ ကားက ကျောက်မီးသွေးကွင်းမှာ ရှိတယ်မလား၊ မနက်ဖြန် လူလွှတ်ပြီး သွားယူခိုင်းလိုက်မယ်၊
စိတ်မပူပါနဲ့၊ နောက်ပိုင်းလည်း မင်း ဆက်မောင်းလို့ ရပါတယ်၊ မနက်ဖြန်တစ်ရက်လောက်ပဲ ခဏငှားပါရစေ”
မယားငယ်နှင့် တရားဝင်ဇနီးအကြား ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှုတွင် ယန်ရှီရှန်းအား အမျိုးသားများအကြား စံပြတစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
အခြား အမျိုးသမီးတစ်ဦးသာဆိုလျှင် သူသည် အခြေအနေများကို ယေဘုယျအားဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်စွမ်းရှိပေသည်။
ကံဆိုးစွာဖြင့် ချန်မေ့လန်မှာ သာမန်အမျိုးသမီးတစ်ဦး မဟုတ်ပေ။ သူမက ပြတ်သားစွာ ဆိုလိုက်၏။
“ရှောင်မေ ကိုယ်ဝန်ရှိတာက တကယ်ကို သတင်းကောင်းပါပဲ၊ ဒါပေမယ့် ရှီရှန်း... ကျွန်မတို့ရဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်မှုတွေကို ခွဲဝေသင့်ပြီလို့ထင်တယ်၊
ရှင့်ဆီမှာ လတ်တလော မဖွင့်ရသေးတဲ့ ကျောက်မီးသွေးတွင်းငါးခုနဲ့ လည်ပတ်နေတဲ့ ကျောက်မီးသွေးတွင်းနှစ်ခု ရှိတယ်၊ မဖွင့်ရသေးတဲ့ ငါးခုကို ကျွန်မ ဘာမှ မပြောလိုဘူး၊
ဒါပေမယ့် လည်ပတ်နေတဲ့ ကျောက်မီးသွေးတွင်းနှစ်ခုကိုတော့ ယွမ်ယွမ့်ကို ပေးရမယ်၊ ပြီးတော့ အခုချက်ချင်း နာမည်ပြောင်းပေးရမယ်၊ မဟုတ်ရင် ရှင် လက်ထပ်ဖို့ကိစ္စကို မေ့ထားလိုက်တော့”
ယန်ရှီရှန်း ဒေါသတကြီး ရယ်မောလိုက်လေသည်။
“ယွမ်ယွမ်က ကလေးမလေး တစ်ယောက်တည်းလေ၊ သူ့ကို ငါ့ရဲ့ ကျောက်မီးသွေးတွင်းနှစ်ခုလုံး ပေးရမယ် ဟုတ်လား၊ မင်းရူးနေတာလား”
ချန်မေ့လန်က အလွန်တည်ငြိမ်နေဆဲပင်။
“ရှီရှန်း... ယွမ်ယွမ်က နောင်အနာဂတ်မှာ ရှင်ရှာသမျှပိုက်ဆံတစ်ပြားကိုမှ ယူမှာမဟုတ်ဘူး၊ ဒါပေမယ့် အခုတော့ ကျွန်မတို့ စာချုပ်ချုပ်ရမယ်၊ ကျောက်မီးသွေးတွင်း နှစ်ခုကို ယွမ်ယွမ့်နာမည်အောက် ပြောင်းပေးရမယ်၊
ဒါဆိုရင် ရှင် အိုမင်းမစွမ်းဖြစ်တဲ့ အချိန်ကျရင် ယွမ်ယွမ်က ရှင့်ကို ပြုစုစောင့်ရှောက်ပြီး ရှင့်ရဲ့ နာရေးကိစ္စတွေကိုပါ တာဝန်ယူ စီစဉ်ပေးမယ်လို့ သူ့ကိုယ်စား ကျွန်မ ကတိပေးတယ်၊ သူက ကတိတည်တဲ့ကလေးပါ”
ချန်မေ့လန်သည် သူ၏အသက်သွေးကြောကို ဖြတ်တောက်ရန် ကြိုးပမ်းနေကြောင်း ယန်ရှီရှန်း သဘောပေါက်သွား၏။ သူက လှောင်ပြုံး ပြုံးလိုက်လေသည်။
“ငါ ခွင့်ယူဖို့ စီစဉ်ပြီးသွားပြီ၊ မနက်ဖြန် ရှောင်မေနဲ့ လက်ထပ်ဖို့ အပြင်ထွက်ရမယ်၊ မေ့လန်... ငါ မကြာခင် သေချာပေါက်ပြန်လွတ်လာမှာပါ၊ ပိုင်ဆိုင်မှုတွေကို ဘာလို့ ဒီလောက်စောစောစီးစီး ခွဲဝေနေမှာလဲ၊
စိတ်မပူပါနဲ့၊ ယွမ်ယွမ်လည်း သူ့ဝေစု သူရမှာပါ၊ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူးလေ၊ ဟုတ်ပြီလား”
သူသည် တစ်ဘဝလုံး ကြီးပွားချမ်းသာနေမည်ဟု အမြဲတစေ ယူဆထားကာ အခက်အခဲများနှင့် ကြုံတွေ့ရမည့်နေ့ တစ်နေ့ ရောက်လာလိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပေ။
သို့သော် ရောဂါဘယ ဆိုသည်မှာ မြေပြိုကျသကဲ့သို့ ရုတ်တရက် ဝင်ရောက်လာတတ်ပြီး၊ သူသည် ဆေးရုံကုတင်ပေါ်တွင် ဝမ်းသွား၊ ဆီးသွားလျက် ကယ်သူမဲ့ကာ အော်ဟစ်နေရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်ပေသည်။
သို့သော် သူသည် ဤသဘောတရားကို လုံးဝ နားမလည်ခဲ့သကဲ့သို့ သူ သေဆုံးသွားသည့်တိုင်အောင် နားလည်နိုင်မည်မဟုတ်ပေ။
ယန်ပင်း မအောင့်နိုင်တော့ဘဲ ဝင်ပြောလိုက်၏။
“ရှီရှန်း...”
“ဒုတိယအစ်ကို၊ ပါးစပ်ပိတ်ထားလိုက်၊ ယန်ရှီရှန်း... ရှင် မနက်ဖြန် အပြင်ထွက်ပြီး လက်ထပ်ဖို့ ကြိုးစားရဲကြိုးစားကြည့်၊ ရှင် ကျွန်မဆီမှာ အပ်ထားတဲ့ ယွမ်တစ်သိန်းကို ရှင်နဲ့ ဟူရှောင်မေရဲ့ ရှေ့မှာတင် တစ်ရွက်ချင်းစီ မီးရှို့ပစ်မယ်”
ချန်မေ့လန်က ပြတ်သားစွာ ပြောဆိုလိုက်ကာ ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ရပ်ကိုပါ ဖြည့်စွက်လိုက်လေသည်။
သူ့သားမှာ ယန်ရှီရှန်း၏အသက်ဖြစ်ပြီး၊ ငွေကြေးမှာ ဟူရှောင်မေ၏အသက်ပင် ဖြစ်လေသည်။ ဟူရှောင်မေအရှေ့တွင် ငွေများကို မီးရှို့ပြခြင်းက သူမအား ကိုယ်ဝန်ပျက်ကျစေမည့် အန္တရာယ် ရှိလာနိုင်ပေ၏။
“မင်း အဲဒီလို မလုပ်ရဘူး၊ မေ့လန်၊ မင်းက ငါ့ရဲ့ဘိုးဘေးများ ပြန်ဝင်စားလာတာလား”
ယန်ရှီရှန်းမှာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားတော့၏။
ချန်မေ့လန်က ကြိုတင်ရေးသားထားသော စာချုပ်တစ်စောင်ကို ထုတ်ယူကာ ယန်ရှီရှန်းအား ကမ်းပေးလိုက်လေသည်။
“ဒါက ကျောက်မီးသွေးတွင်းလွှဲပြောင်းခြင်း သဘောတူစာချုပ်ပဲ၊ ရှင် ဆက်ပြီး လည်ပတ်ခွင့်ရှိသေးတယ်၊ ဒါပေမယ့် ပိုင်ဆိုင်မှုကတော့ ယွမ်ယွမ့်နာမည်အောက်မှာ ရှိရမယ်၊
ပြီးတော့ အကျိုးအမြတ်တွေအားလုံးကလည်း ယွမ်ယွမ့်အတွက်ပဲ ဖြစ်ရမယ်၊ ရှင် လက်မှတ်ထိုးရင် ကျွန်မ ငွေတွေကို မီးမရှို့ဘူး၊
လက်မှတ်မထိုးဘူးဆိုရင်တော့ မနက်ဖြန် မင်္ဂလာမှတ်ပုံတင်ရုံးမှာ ရှင်တို့နှစ်ယောက် လက်ထပ်စာချုပ် သွားချုပ်တဲ့အချိန် ကျွန်မ ရှင့်အတွက် နာရေးသုံး ငွေစက္ကူတွေ သွားရှို့ပေးမယ်”
ပိုင်ဆိုင်မှုနှင့် ငွေကြေးမှာ လုံးဝမတူညီသော အရာနှစ်ခု ဖြစ်လေသည်။ ယန်ရှီရှန်းသည် ယွမ်ယွမ်အတွက် ပိုင်ဆိုင်မှုအချို့ကို ချန်ထားပေးရန် ဆန္ဒရှိပေ၏။ မည်သို့ပင်ဖြစ်စေ သူမသည် အေးချမ်းတည်ငြိမ်ကာ ရိုးသားဖြူစင်သော မိန်းကလေးတစ်ဦးဖြစ်ပြီး ကြီးမားသော အနာဂတ်ရည်မှန်းချက်များ မရှိလှပေ။
မိန်းကလေးတစ်ယောက်အနေဖြင့် မှီခိုအားထားစရာ ပိုင်ဆိုင်မှုအချို့ရှိနေခြင်းက ကောင်းမွန်လှပေသည်။
ထို့အပြင် ကျောက်မီးသွေးတွင်းများကို သူကိုယ်တိုင် လည်ပတ်နေခြင်းဖြစ်ရာ အကျိုးအမြတ် မည်မျှပြမည်ဆိုသည်ကို သူကသာ ဆုံးဖြတ်နိုင်သည်မဟုတ်လော။
အကယ်၍ ချန်မေ့လန်သာ ယွမ် တစ်သိန်းကို ယူဆောင်လာပြီး ဟူရှောင်မေ၏ ရှေ့တွင် တကယ် မီးရှို့ပြလိုက်ပါက၊ ထိုအထိတ်တလန့်ဖြစ်မှုကြောင့် သူမ ကိုယ်ဝန်ပျက်ကျသွားကာ သူ၏သားလေး ဆုံးရှုံးသွားနိုင်ပေသည်။
ခေတ္တမျှ စဉ်းစားချင့်ချိန်ပြီးနောက် ယန်ရှီရှန်းသည် ဘောပင်ကိုယူကာ ကျောက်မီးသွေးတွင်းလွှဲပြောင်းခြင်း သဘောတူစာချုပ်ပေါ်တွင် သူ၏အမည်ကို အလျင်အမြန် လက်မှတ်ရေးထိုးလိုက်လေသည်။
သူက မော့ကြည့်ကာ ဘောပင်ဖြင့် ချန်မေ့လန်အား ညွှန်ပြလျက် ပြောဆိုလိုက်၏။
“ငါ မနက်ဖြန် မလက်ထပ်တော့ဘူး၊ ရှောင်မေ စိတ်လှုပ်ရှားလွန်းပြီး ကိုယ်ဝန်ပျက်ကျသွားနိုင်တယ်လေ၊ မေ့လန်... တကယ်လို့ ငါ့သားလေး တစ်ခုခုဖြစ်သွားရင် ငါတို့နှစ်ယောက် ရန်သူတွေ ဖြစ်သွားလိမ့်မယ်၊
မင်းကို တစ်ခုပြောပြမယ်၊ ငါ့အမှုက သိပ်မကြီးပါဘူး၊ ငါ မကြာခင် ပြန်လွတ်လာနိုင်တယ်၊ ငါ ထွက်လာတဲ့အခါ မင်း ကိုယ့်ကိုယ်ကို သတိထားနေတော့”
“လိမ္မာရေးခြားရှိရှိ နေပြီး စောစောလွတ်အောင် ကြိုးစားပါ”
ချန်မေ့လန်က သဘောတူစာချုပ်ကို ယူလိုက်ပြီး ယန်ရှီရှန်းအား နောက်ထပ် စီးကရက်တစ်လိပ် ကမ်းပေးကာ မီးပင် ညှိပေးလိုက်သေး၏။
“ကျန်းမာရေးကောင်းအောင် ထမင်းစားတိုင်း ကြက်ပေါင်တစ်ခု ပိုစားပေး”
ယန်ရှီရှန်းမှာ အလွန် ဒေါသထွက်နေခဲ့သော်ငြား စီးကရက် တစ်ရှိုက် ရှူသွင်းလိုက်ပြီးနောက် ပြန်လည်ပြုံးရွှင်လာခဲ့သည်။
“မေ့လန်... ဒီလောကမှာ မင်းက ငါ့အပေါ်အကောင်းဆုံးပဲ၊ တကယ်လို့ ရှောင်မေကသာ ငါ့ကို သားတစ်ယောက် မမွေးပေးနိုင်ဘူးဆိုရင် သူက ဘာမှမဟုတ်တော့ဘူး”
ယန်ပင်းက မတ်တတ်ရပ်လိုက်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်လေ၏။
ချန်မေ့လန်မှာ တကယ့်ကို ပါးနပ်လှကြောင်း သူ သဘောပေါက်သွား၏။
‘သူတစ်ပါးရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားတဲ့အကြောင်း ယန်ရှီရှန်းကို ဘာလို့ သွားပြောနေမှာလဲ၊ ကျောက်မီးသွေးတွင်းတွေက ယွမ်ယွမ့်အပိုင် ဖြစ်သွားသရွေ့ သူ ဖောက်ပြန်ခံရတာဖြစ်စေ၊ မခံရတာဖြစ်စေ ဘာအရေးကြီးလို့လဲ၊
သူတစ်ပါးရဲ့ကလေးကို တစ်သက်လုံး ကျွေးမွေးပြုစုသွားရရင်တောင် ပိုကောင်းသေးတယ်'
‘သူ မကြာခင် ပြန်မလွတ်လာဖို့ပဲ မျှော်လင့်ရတာပေါ့၊ ပြီးတော့ သူ မထွက်လာခင် ဟူရှောင်မေကို တစ်ယောက်ယောက်က သတိပေးလိုက်ရင် ကောင်းမယ်၊
ဘာလို့လဲဆိုတော့ လတ်တလောမှာ သူက ယောကျာ်း တော်တော်များများနဲ့ တွေ့နေတာလေ။
သူက လက်ပူးလက်ကြပ် မိသွားရင်တော့ သိပ်ပျော်ဖို့မကောင်းဘူးပေါ့'
…
ရဲစခန်းတွင် ယန်ကျောက်နှင့် စခန်းမှူးစွင်းနွီထောင်တို့သည် အချုပ်ထောင်တွင်းရှိ ထိုသူဌေးသစ်များအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း ဟူသော ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
အထက်လူကြီးများထံမှ ဖိအားပေးမှုများ အလွန်များပြားလွန်းသဖြင့် စွင်းနွီထောင်မှာ မနည်းတောင့်ခံထားရလေသည်။
သူက ကျောက်မီးသွေးသူဌေးများကို လွှတ်ပေးသင့်၊ မပေးသင့် ယန်ကျောက်အား မေးမြန်းလိုနေ၏။
“ဒီသူဌေးသစ်တွေအတွက် ထောင်ဒဏ်ချမှတ်ဖို့ဆိုတာ အဓိက ရည်ရွယ်ချက် မဟုတ်ဘူး၊ သူတို့ကို ခြိမ်းခြောက်ပြီး နောင်ကို ဥပဒေလိုက်နာလာအောင် လုပ်ဖို့က အရေးအကြီးဆုံးပဲ၊ သူတို့ကို လွှတ်ပေးလိုက်ပါ၊
အရင်လူဟောင်းတွေကို လွှတ်ပေးပြီး လူသစ်တွေကို ဘယ်လို လိမ္မာရေးခြားရှိရှိ နေရမလဲဆိုတာ သင်ပေးခိုင်းလိုက်”
ယန်ကျောက်က ရှင်းပြလေသည်။
စစ်တပ်တွင် စစ်ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ စစ်ရေးဗျူဟာနှင့် နည်းဗျူဟာများတွင် ကျွမ်းကျင်သူဖြစ်သော စွင်းနွီထောင်မှာ ယန်ကျောက်၏စကားများကြောင့် အလွန်အံ့အားသင့်သွားရ၏။
‘ဒါဆို သူက အစကတည်းက သူဌေးသစ်တွေကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချဖို့ မရည်ရွယ်ခဲ့ဘူးပေါ့'
‘ပထမဆုံး သူတို့ရဲ့ မာနတွေကို ချိုးနှိမ်ပစ်မယ်၊ ပြီးမှ လွှတ်ပေးမယ်။ အသစ်ပေါ်လာတဲ့ အုပ်စုတွေက မောက်မာဝင့်ကြွားနေချိန်မှာ အရင် အစ်ကိုကြီးတွေကို လွှတ်ပေးပြီး သူတို့ကို ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ပေးခိုင်းမယ်ပေါ့လေ’
‘အရေးအကြီးဆုံးက အများပြည်သူ လုံခြုံရေးကို သေချာထိန်းသိမ်းထားဖို့ပဲ'
ယန်ကျောက် ထွက်ခွာရန် ပြင်လိုက်စဉ် စွင်းနွီထောင်က ရုတ်တရက် မေးလိုက်လေသည်။
“စပရိန်မွေ့ရာကြီးပေါ်မှာ အိပ်ရတာ ဘယ်လိုနေလဲ၊ သက်တောင့်သက်သာ ရှိရဲ့လား”
ယန်ကျောက် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်၏။
“ဒီညတော့ စမ်းအိပ်ကြည့်လိုက်ဦးမယ်”
‘ဒါဆို သူ အဲဒီမွေ့ရာပေါ်မှာ တစ်ခါမှ မအိပ်ရသေးဘူးဆိုတဲ့သဘောလား'