← Chapters

အခန်း (၂၁၀)

Vol. 21 Ch. 210

အခန်း (၂၁၀)

Vol. 21 Ch. 210

နောက်တစ်နေ့နံနက်တွင် လီနန်ခယ့်သည် ညကင်းလှည့်ဌာန၏ငှက်နီဌာနသို့ ရောက်ရှိလာခဲ့သည်။ လောင်ကျန်းကိုမတွေ့ရသဖြင့် သူသည် လိန်ရှင်းနန်၏ ရုံးခန်းအဆောင်ငယ်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့လိုက်တော့၏။

"မော်ကွန်းတိုက်ကိုသွားချင်တာလား"

အမျိုးသား၏ ထူးထူးဆန်းဆန်းတောင်းဆိုမှုကို ကြားလိုက်ရသဖြင့် လိန်ရှင်းနန်၏မျက်ခုံးတန်းများ အနည်းငယ်တွန့်ကွေးသွားခဲ့ပြီး ဇဝေဇဝါဖြစ်လျက် မေးလိုက်သည်။

"ရှင်ကအဲ့ဒီကို ဘာသွားလုပ်မလို့လဲ"

လီနန်ခယ့်က ခပ်ပြုံးပြုံးဖြင့် ‌ပြောလာသည်။

"ကျွန်တော် အစ်မတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုတွဲဟောင်းတွေကိုကြည့်ပြီး အတွေ့အကြုံတချို့ လေ့လာချင်လို့ပါ။ ကျွန်တော်လည်း တော်တော်လေးကျင်လည်နေပြီဆိုပေမဲ့ ညကင်းလှည့်ဌာနချုပ်ကိုရောက်တာ ဒါပထမဆုံးအကြိမ်ဆိုတော့ လေ့လာဖို့လိုအပ်သေးတယ်လေ"

"ကောင်းပြီလေ၊ ကျွန်မလိုက်ပို့ပေးမယ်"

လိန်ရှင်းနန်လည်း ထိုသူ့အကြောင်းသိသည်မို့ အများကြီး စဉ်းစားမနေတော့ချေ။ စားပွဲပေါ်က ကြည့်လက်စ စာရွက်စာတမ်းများကို သပ်သပ်ရပ်ရပ်သိမ်းဆည်းလိုက်ပြီးနောက် လီနန်ခယ့်ကို မော်ကွန်းတိုက်ဆီသို့ ခေါ်ဆောင်သွားခဲ့လိုက်၏။

ယွင်ချန်ညကင်းလှည့်ဌာနချုပ်၏ စာပေမော်ကွန်းတိုက်သည် ကြီးမားကျယ်ပြောလှပြီး စာတမ်းအမျိုးအစားများကိုလည်း သေသေချာချာ ခွဲခြားထားရှိသည်။

ခေါင်းတဆုံးမော့ရလောက်အောင်မြင့်မားသည့် စာအုပ်စင်တန်းကြီးများသည် ယပ်တောင်ပုံသဏ္ဌာန်ဖြာထွက်ကာ ဘေးတစ်ဖက်တစ်ချက်စီတွင် စီတန်းနေခဲ့ကြပြီး အမှုတွဲမှတ်တမ်းများအားလုံးကို အချိန်ကာလအလိုက် သပ်သပ်ရပ်ရပ် စီစဉ်ထားသည်။

စာပွဲပေါ်တွင်လည်း သိလိုရာကို လျင်မြန်စွာရှာဖွေနိုင်ရန်အတွက် အညွှန်းစာအုပ်တစ်အုပ် ရှိနေသေး၏။

လီနန်ခယ့်လည်း များများစားစား အားစိုက်ထုတ်စရာမလိုဘဲ ချူရှီနျန်နှင့်ပတ်သက်သည့် အမှုတွဲမှတ်တမ်းများကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

သို့သော်လည်း ထိုမှတ်တမ်းထဲက အသေးစိတ်နောက်ခံအကြောင်းအရင်းမှာ ယခင်က ယုန်မလေး သူ့ကိုပြောပြခဲ့သည်ထက် ပို၍ စိတ်လှုပ်ရှားဖွယ်ရာကောင်းလှသည်ပင်။

ထျန်းဝူခေတ် ၂၆နှစ်မြောက်တွင်....

ထိုနှစ်သည် ထျန်းဝူဧကရာဇ် နန်းစွန့်ခဲ့သည့်နှစ်ပင် ဖြစ်သည်။

တတိယလ၏ ဒုတိယမြောက်နေ့၊ ဇီနာရီ၏ ဒုတိယမောင်း သန်းခေါင်ယံအချိန်ခန့်တွင် ချူရှီနျန်သည် ခင်ပွန်းလောင်းထံမှ သစ္စာဖောက်ခြင်းခံလိုက်ရသဖြင့် ဒေါသနှင့်အငြှိုးတို့ပေါင်းစည်းကာ အဖိုးဖြတ်မရသော ရတနာသေတ္တာကို ရေထဲသို့ပစ်ချ၍ မိမိပါအတူခုန်ချကာ အဆုံးစီရင်ခဲ့လေသည်။

ထို့နောက်တွင် ကြီးစွာသောနောင်တဖြင့် ဟယ့်ကျားသည် အိမ်သို့ပြန်လာခဲ့၏။

စတုတ္ထလ၏ တစ်ဆယ့်လေးရက်မြောက်နေ့တွင် ရှင်းဟွာဟုအမည်ရသည့် မိန်းကလေးတစ်ဦးသည် မိမိကိုယ်မိမိ ချူရှီနျန်၏အစေခံဟောင်းအဖြစ် မိတ်ဆက်ကာ ဟယ့်ကျား၏အိမ်သို့ ရောက်ရှိလာခဲ့ပြီး ချူရှီနျန်တွင် ကမ္ဘာပေါ်၌ မိမိတစ်ဦးတည်းသာသိရှိထားသည့် အခြားရတနာသေတ္တာတစ်လုံး ရှိသေးကြောင်း ဟယ့်ကျားကို ပြောပြလာခဲ့သည်။

သို့သော်လည်း အပေးအယူစည်းကမ်းကား ဟယ့်ကျားကသူမကို လက်ထပ်ရမည်ဟူ၏။

အစပိုင်းတွင် ဟယ့်ကျားသည် သံသယမကင်းလှသေးသဖြင့် မိသားစုနှင့် အသိပေးတိုင်ပင်ခဲ့သည်။

ရတနာသေတ္တာအကြောင်းကြားပြီး သားဖြစ်သူကို ချူရှီနျန်နှင့် သဘောမတူခဲ့မိသည့်အတွက် ဆွေးတသသဖြစ်ကျန်ရစ်သည့် ဟယ့်သခင်ကြီးသည် ထိုစကားကိုကြားလိုက်ရသည့်အခါ ချက်ချင်းပင် လောဘဇောတက်လာပြီး ထိုမိန်းကလေး၏စည်းကမ်းချက်ကို သဘောတူရန် ဆုံးဖြတ်ခဲ့လိုက်သည်။

မည်သို့ပင်ဖြစ်စေ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် အပေးအယူဖြစ်သည်။ အကယ်၍ ထိုမိန်းကလေးက ဟယ့်မိသားစု၏ သတို့သမီးနေရာကို လိုချင်လွန်း၍ လှည့်စားလိမ်ညာခြင်း ဖြစ်နေခဲ့လျှင်ပင် နောက်ပိုင်း သူမကိုနှိပ်ကွပ်ကန်ထုတ်ဖို့ရာ နည်းလမ်းများစွာ ရှိသေးသည်မဟုတ်လော။

စတုတ္ထလ၏ နှစ်ဆယ့်သုံးရက်မြောက်နေ့တွင် သူတို့နှစ်ဦး တရားဝင်လက်ထပ်ခဲ့ကြသည်။

ဟယ့်ကျားသည် ဝမ်းသာအားရဖြင့် သတို့သမီးအသစ်စက်စက်ကို အိမ်ထဲသို့ ကြိုဆိုဖိတ်ခေါ်လာခဲ့၏။ သို့သော် မင်္ဂလာခန်းမထဲတွင် သတို့သမီးက သူမ၏ အနီရဲရဲမျက်နှာဖုံးပုဝါကို လှန်ပြလိုက်သည့်အချိန်တွင် သူအကြီးအကျယ် ထိတ်လန့်ခြောက်ချားသွားခဲ့ရသည်။

သူနှင့်လက်ထပ်ခဲ့သည့် သတို့သမီးသည် အခြားသူမဟုတ်ဘဲ သေဆုံးသွားခဲ့ပြီဖြစ်သည့် ချူရှီနျန် ဖြစ်နေခြင်းကြောင့်ပင်။

ထိုအချိန်တွင်ပင် အစေခံမသည်လည်း ဟန်ဆောင်မျက်နှာဖုံးကိုခွာချကာ ဟယ့်ကျားကို သတိလစ်အောင်ရိုက်၍ လက်ပြန်ကြိုးတုပ်ကာ ပါးစပ်ကိုလည်း စည်းနှောင်ထားလိုက်သည်။

ထို့နောက်မှ ချူရှီနျန်သည် ယခုအခါတွင် သင်္ချိုင်းလူသားတစ်ယောက်ဖြစ်နေခဲ့ပြီး ပြန်လည်ရှင်သန်လာသည်မှာ ဆယ်ရက်တိုင်နေခဲ့ပြီဖြစ်ကြောင်း ဟယ့်ကျားသိခဲ့ရ၏။

မကြာမီမှာပင် သူ့ကိုလည်း တမလွန်သို့ အတူခေါ်ဆောင်သွားပေတော့မည်။

သူမသည်လည်း အစေခံတစ်ဦးအနေဖြင့် ချူရှီနျန်ကို လုပ်ကျွေးပြုစုရန် ငရဲပြည်အထိ လိုက်ပါသွားမည်ဖြစ်သည်။

ဟယ့်ကျားသည် ဆီးပင်ထွက်ကျသည်အထိ ထိတ်လန့်တုန်လှုပ်ကာ အဆကမပြတ် ငိုယိုတောင်းပန်လေတော့သည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်က လှုပ်မရအောင် တုပ်နှောင်ခံထားရပြီး ပါးစပ်ကလည်း စည်းပိတ်ထားခံရသဖြင့် သူ အန္တရာယ်ကြုံတွေ့နေရသည်ကို မည်သူမျှမသိခဲ့ကြချေ။ အပြင်က ဧည့်သည်များသည်ပင် အေးအေးလူလူ သေရည်သောက်ကာ စကားဝိုင်းကောင်းကြဆဲရှိ၏။

ဤအချိန်တွင် လောင်ကျန်းလင်မယားသည် ဇာတိရပ်ရွာသို့ ပြန်လာခဲ့ကြသည်။

ဆွေမျိုးများဖြစ်သည့်အ‌လျောက် မင်္ဂလာပွဲကို လာရောက်ချီးမြှင့်တက်ရောက်ပေးခြင်းပင်။

လောင်ကျန်းသည် အမှုကိစ္စများတွင် အကဲခတ်အလွန်တော်သူဖြစ်သဖြင့် မင်္ဂလာပွဲမှာ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။ သူသည် နောက်ဆုံးတွင် ဟယ့်ကျားကို အချိန်မီကယ်တင်နိုင်ခဲ့ပြီး သင်္ချိုင်းလူသားဖြစ်နေသည့် ချူရှီနျန်ကို သတ်ဖြတ်လိုက်တော့သည်။

အစေခံမရှင်ဟွားသည်လည်း အဖမ်းခံခဲ့ရသည်။

နောက်ပိုင်းတွင် လောင်ကျန်းသည် အကြောင်းရင်းအလုံးစုံကို သိရှိသွားပြီးနောက် ရှင်ဟွားကိုပြန်လွှတ်ပေးရုံမက ငွေကြေးအချို့ပါ ထည့်ပေးလိုက်သေးသည်ဟု ဆို၏။

ထိုနေရာတွင် အမှုတွဲပြီးဆုံးသွားခဲ့ရသည်။

အမှုတွဲကို အစအဆုံးဖတ်ရှုပြီးနောက် လီနန်ခယ့်သည် လောင်ကျန်းလုပ်သမျှတစ်ခုမှမမှားဟုသာ ခံစားရသည်။

မည်သို့ပင်ဖြစ်စေ မင်္ဂလာပွဲကျင်းပစဥ်တစ်ချိန်လုံးတွင် ဟယ့်ကျားတစ်ဦးတည်းသာ သင်္ချိုင်းလူသားသတို့သမီးကို ထိတွေ့ခဲ့ရခြင်းမဟုတ်။ အကယ်၍ သူမကို အချိန်မီမသတ်ဖြတ်နိုင်ခဲ့လျှင် မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်အပေါင်းပါ တမလွန်သို့လိုက်ပါသွားရမည် ဖြစ်၏။

သို့သော်လည်း လောင်ကျန်းသည် စိတ်အစွဲကြီးကာ ခေါင်းမာသည့်သူ ဖြစ်သည့်အလျောက် လူယုတ်မာတစ်ယောက်ကို ကြိုးစားပမ်းစားကယ်တင်ခဲ့မိခြင်းအား လွန်စွာယူကျုံးမရဖြစ်ခဲ့သည်ပင်။

သို့သော် ဤအဖြစ်မျိုး နောက်တစ်ကြိမ်ထပ်ရှိလာလျှင်လည်း တူညီသောလုပ်ရပ်ကိုသာ လုပ်မိဦးမည်ဖြစ်ပါသည်။

"ရှင်ဘာလို့ ဒီအမှုတွဲကို စိတ်ဝင်စားနေရတာလဲ"

လိန်ရှင်းနန်က အနားသို့တိုးကပ်လာရင်း လီနန်ခယ့်တစ်ယောက် ချူရှီနျန်အမှုတွဲကို စိတ်ဝင်တစားဖတ်ရှုလေ့လာနေသည်အား မြင်တွေ့လိုက်ရသဖြင့် စူးစမ်းလိုစွာမေးလိုက်သည်။

သူတို့နှစ်ဦးမှာ ရပ်နေသောနေရာချင်း အလွန်နီးကပ်နေခဲ့ရာ လီနန်ခယ့်တစ်ယောက် မသိလိုက်စွာ သူမဘက်လှည့်ကြည့်လိုက်ချင်တွင် နှာထိပ်ဖျားအချင်းချင်း ပွတ်တိုက်မိလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။ အမျိုးသမီးသည် လန့်ဖျပ်သွားဟန်ဖြင့် နောက်သို့ အနည်းငယ်ဆုတ်ခွာလိုက်သော်ငြား ပါးပြင်ထက်မှ ရှက်သွေးရဲရဲကိုတော့ မပေါ်အောင်ထိန်းမထားနိုင်ခဲ့။

"ဒီတိုင်း စိတ်ဝင်စားစရာကောင်းလို့ပါ"

လီနန်ခယ့်က အကြောင်းပြချက်ပေးလိုက်သည်။

"မနေ့က ယုန်မလေးမုန့်က ကျွန်တော့်ကိုပြောပြတယ်လေ၊ လောင်ကျန်းက အမှုတွဲတွေကိုင်တွယ်တဲ့နေရာမှာ အရမ်းတော်တယ်တဲ့၊ အထူးသဖြင့် ဒီချူရှီနျန်အမှုတွဲမှာပေါ့"

လိန်ရှင်းနန်သည် ဆံနွယ်အချို့ကို နားရွက်နောက်သို့ အကျင့်အတိုင်းသပ်တင်လိုက်ရာ လည်တိုင်ဖြူဖြူလေးက လှစ်ခနဲထွက်ပေါ်လာသည်။ သူမက ပြုံးကာဆို၏။

"လောင်ကျန်းက သင်္ချိုင်းလူသားလူသတ်မှုကို အချိန်မီတားဆီးနိုင်ခဲ့တာလေ။ ဒီအမှုတွဲက နဂါးပြာဌာနမှာတောင်မှ အလွန်အထင်ကြီးစရာကောင်းတဲ့အမှုတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ဒဏ္ဍာရီပဲ"

"ဖြစ်သင့်တာပေါ့"

လီနန်ခယ့်က သဘောတူလိုက်သည်။

လိန်ရှင်းနန် အရင်ကပြောခဲ့ဖူးသကဲ့သို့ပင် မိုးနီမိစ္ဆာများနှင့် အိပ်မက်ဆိုးများထက် ပို၍ကြောက်ရမည့် စိုးရိမ်ရမည့်အရာမှာ သင်္ချိုင်းလူသားများသာဖြစ်သည်ပင်။

လောင်ကျန်းတစ်ယောက် စူးစမ်းလိုစိတ်သက်သက်ဖြင့် အမှုကိုအပြီးသတ်နိုင်ခဲ့ခြင်းမှာ အမှန်ပင် အံ့သြဖွယ်ကောင်းလှ၏။

"ဒါပေမဲ့ ဒီအမှုတွဲက နည်းနည်းတော့ထူးဆန်းနေသေးတယ်"

လီနန်ခယ့်က ဆိုသည်။

"ချူရှီနျန်နဲ့ ဟယ့်ကျားတို့က အချိန်အကြာကြီး အတူတူဖြတ်သန်းခဲ့ကြတာပဲ။ ဟယ့်ကျားက သူ့မှာအစေခံရှိမရှိကိုတောင် မသိဘူးလား။ ပြီးတော့ ဒီမှတ်တမ်းမှာ အဲ့ဒီအစေခံမလေး ဘယ်ရောက်သွားလဲဆိုတာ ဆက်ပါမလာတော့ဘူး"

"သူက ချူရှီနျန် ပြည့်တန်ဆာအိမ်ကိုမရောက်ခင်ကတည်းက အစေခံအဖြစ်အမှုထမ်းခဲ့ပြီး နောက်ပိုင်းမှ ထွက်ခွာသွားတာလည်း ဖြစ်နိုင်တာပဲ။ အဲ့လိုဆို ဟယ့်ကျားကသူ့အကြောင်း သိစရာမရှိဘူးလေ"

လိန်ရှင်းနန်က ခပ်တိုးတိုးစကားဆက်သည်။

"အကယ်၍ သူတို့ကြားထဲမှာ သခင်နဲ့အစေခံထက်ပိုတဲ့ ညီအစ်မရင်းလို နက်ရှိုင်းလှတဲ့သံယောဇဥ်တစ်ခုသာမရှိရင် ချူရှီနျန်ကို အသက်ပြန်သွင်းဖို့က မဖြစ်နိုင်ဘူးမလား"

"ဒါလည်းဟုတ်တာပဲ"

လီနန်ခယ့် စဉ်းစားကြည့်လိုက်သည့်အခါ သူမပြောသည်က ကျိုးကြောင်းသင့်လျော်သဖြင့် ခေါင်းညိတ်လိုက်သည်။

နှမြောစရာကောင်းလှသည်မှာ အမှုတွဲမှတ်တမ်းထဲတွင် ချူရှီနျန်၏အမည်ရင်းကို ဖော်ပြထားခြင်းမရှိချေ။ နောက်ဆုံးတော့ သူမရှိခဲ့ဖူးသည့် ပြည့်တန်ဆာအိမ်ကိုသာ သွားရောက်စုံစမ်းရပေတော့မည်။

"ဒါနဲ့ မိုးနီခိုးမှုနဲ့ပတ်သက်ပြီး ဘာသတင်းထူးသေးလဲ"

လီနန်ခယ့်က မေးလိုက်သည်။

လိန်ရှင်းနန်က ခေါင်းခါပြသည်။

"ကျွန်မမသိဘူး။ နဂါးပြာဌာနက စုံစမ်းစစ်ဆေးနေတာဆိုတော့ မကြာခင် ရလဒ်ထွက်လာလိမ့်မယ် ထင်တယ်"

"ကျွန်တော်တို့ပဲ ဒီအမှုကိုလွှဲပြောင်းယူပြီး ကိုယ်တိုင်စုံစမ်းကြည့်ရင် မကောင်းဘူးလား"

လီနန်ခယ့်၏ အမှုစုံစမ်းလိုသည့်အကျင့်ဟောင်းက ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်သည်။

သူသည် ဤကဲ့သို့ လုံခြုံတင်းကျပ်သည့် အခန်းတွင်းမှ ပါးနပ်သောခိုးယူမှုမျိုးကို အလွန်စိတ်ဝင်စားတတ်သည်ပင်။

အမျိုးသမီး၏ မနှစ်မြို့ဟန်မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် လီနန်ခယ့် လက်ကို အမြန်ဝှေ့ယမ်းလိုက်ရင်း အောင့်သက်သက်ဖြင့် တပ်ပြန်ဆုတ်လိုက်ရသည်။

"နောက်တာပါဗျာ။ ကျွန်တော် ရေပြင်နက်ထဲ ခြေမလှမ်းသင့်ဘူးဆိုတာ သိပါတယ်။ အစ်မလိန်ရဲ့ စကားက ကျွန်တော့်အတွက်တော့ ဧကရာဇ်ရဲ့အမိန့်တော်လိုပါပဲ၊ စပ်စုချင်စိတ်ကိုလည်း သေချာပေါက် ထိန်းချုပ်ထားပါ့မယ်"

လိန်ရှင်းနန်က သူ့ကိုခပ်တည်တည်ကြည့်လာကာ ဆိုသည်။

"မစိုးရိမ်ပါနဲ့၊ မကြာခင် ရှင့်အတွက် တာဝန်တစ်ခုရောက်လာတော့မှာပါ။ ညကင်းလှည့်ဌာနချုပ်က ရှင် ထင်သလောက် အားယားမနေပါဘူး"

"ကောင်းတာပေါ့။ ကျွန်တော်လည်းကြာရင် ယုန်မလေးလို အပျင်းထူအိပ်ပုပ်ကြီးဖြစ်သွားမှာစိုးရတယ်"

လီနန်ခယ့် ပေါ့ပေါ့ပါးပါးပင် နောက်ပြောင်လိုက်သည်။

All Chapters