← Chapters

အဂတိလိုက်စားခြင်း

Vol. 21 Ch. 202

အဂတိလိုက်စားခြင်း

Vol. 21 Ch. 202

လိန်ရှင်းနန်၏ ရုံးခန်းမှာ အလွန်ရိုးရှင်းပြီး အဆင်တန်ဆာပစ္စည်းဟူ၍ အလှစိုက်ပျိုးထားသော အပင်အိုးနှစ်အိုးသာရှိသည်။ ပြတင်းပေါက်အပြင်ဘက်တွင် အိုမင်းနေသော ကုက္ကိုလ်ပင်ကြီးတစ်ပင်ရှိနေပြီး အလုပ်စားပွဲပေါ် ထပ်ပုံနေသောစာရွက်စာတမ်းများမှာမူ အတော်လေး ရှုပ်ပွနေခဲ့၏။

အမျိုးသမီးငယ်တစ်ဦး၏အခန်းတွင် ရှိတတ်သည့် မည်သည့်အလှဆင်ပစ္စည်းမျိုးမျှ မတွေ့ရသလို ကဗျာစာသား ပန်းချီကားဟူ၍လည်း တစ်ခုမှမထားရှိ။

သူမ၏ အလုပ်ကြမ်းပိုးစရိုက်လက္ခဏာနှင့် အလွန်ကိုကိုက်ညီလှပေသည်။

"စောစောကလူက လိပ်နက်ဌာနက စုံစမ်းစစ်ဆေးရေးမှူး ယွီရှန့်ထျန်းပဲ။ တော်တော်လေးစွမ်းဆောင်ရည်ရှိတဲ့လူလို့ ပြောလို့ရတယ်"

လိန်ရှင်းနန်က ဆိုင်ယွဲ့ကို ရေနွေးကြမ်းတစ်အိုးယူခိုင်းလိုက်ပြီး လီနန်ခယ့်အတွက်ငှဲ့ပေးရင်း ခပ်တိုးတိုး ရှင်းပြလာသည်။

"သူက ငယ်ငယ်ကတည်းက ယွင်ချန်ညကင်းလှည့်အဖွဲ့ချုပ်မှာ နာမည်ကြီးခဲ့တာ၊ အဲဒီနောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ စုံစမ်းစစ်ဆေးရေးမှူးရာထူးအထိ တိုးမြှင့်ခံခဲ့ရတာပေါ့။"

"ဒီလူက နောက်ကွယ်မှာလည်း အဆက်အသွယ်အစုံရှိတယ်၊ သူတစ်ယောက်တည်းတင် မဟုတ်ဘူး။ ကျားဖြူဌာနက စုံစမ်းစစ်ဆေးရေးမှူး လီတုန်းဟိုင်နဲ့ နဂါးပြာဌာနက လူတွေအပါအဝင် အားလုံးမှာ အနည်းနဲ့အများတော့ နောက်ခံအင်အား အဆက်အသွယ်တွေ ရှိကြတာချည်းပဲ။ ဒီညကင်းလှည့်အဖွဲ့ချုပ်က အမြင်မှာသာ သေးသေးစုစုလေးပေမဲ့ နောက်ကွယ်ကရေစီးကြောင်းကတော့ အတော်နက်ရှိုင်းတယ်"

လီနန်ခယ့်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဘယ်လိုပဲ အသေးစားလေးဖြစ်နေပါစေ ဘုရင့်လက်အောက်က နန်းတွင်းဌာနတစ်ခုပဲဥစ္စာ၊ အဂတိလိုက်စားမှုကိုတော့ အရှင်းရှောင်လွှဲလို့ဘယ်ရလိမ့်မလဲ"

လိန်ရှင်းနန်ကလည်း လိုက်ရယ်ရင်း ဆိုသည်။

"ကျွန်မက ရှင့်အတွက်ရော ကျွန်မအတွက်ပါ မစိုးရိမ်ပါဘူး၊ ရှင်က အစိုးအရာရှိပိုင်းတွေကို နောကျေလည်ပတ်နေပြီးသားပဲမလား။ ကျွန်မစိုးရိမ်တာက ကျွန်မလူမုန်းများတာကြောင့်နဲ့ ရှင်ပါ အခက်ကြုံရမှာစိုးလို့ ဒီလို လုံးစေ့ပတ်စေ့ရှင်းပြနေရတာ"

"အစ်မလိန် ကျွန်တော့်အပေါ် ဘယ်လောက်ဂရုစိုက်ပေးနေလဲဆိုတာ ကျွန်တော်သိပါတယ်"

လီနန်ခယ့်က‌ အလေးအနက် အသိအမှတ်ပြုလာသည်။

လိန်ရှင်းနန်က လေကောင်းလေသန့်နှင့် နေရောင်ခြည်ဝင်စေဖို့အတွက် ပြတင်းပေါက်များကိုထလှပ်လိုက်သည်။ လီနန်ခယ့်၏ ရင်တွင်းမှစကားများကို ကြားရသောအခါ ပါးပြင်ဖြူဖြူထက် အနီရောင်ရိပ်ရိပ်ကလေးသန်းလာပြီး ရင်ဘတ်ထဲထည့်သိမ်းထားသော ကျောက်စိမ်းဆံထိုးလေးကို လက်ဖြင့် အသာထိတွေ့လိုက်မိသည်။

မျက်နှာအမူအရာမှာ အနည်းငယ်ထိရှလှုပ်ခတ်သွားဟန်ရှိကာ နှုတ်ခမ်းပေါ်ကအပြုံးလေးက ပိုလို့အသက်ဝင်လာသည်။

"ကျွန်မက ရှင့်အတွက်စိုးရိမ်နေတာမဟုတ်ပါဘူး၊ ဒီတိုင်းသတိပေးရုံပါ"

ထို့နောက် နှစ်ဦးသား ဘာဆက်ပြောရမှန်းမသိတော့ဘဲ ခေတ္တမျှ စကားစပြတ်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ဆိုင်ယွဲ့တစ်ယောက် အထဲသို့ဝင်လာပြီး အနေခက်စရာ အခြေအနေကို ကယ်တင်ပေးခဲ့လေသည်။

"အစ်မလိန်၊ အရာရှိလီရောက်နေပါတယ်"

ထိုစကားကို ကြားလိုက်ရချိန်၌ လိန်ရှင်းနန်၏မျက်နှာထက် ဖြတ်ပြေးသွားသော မနှစ်မြို့ဟန်အမူအရာမှာ သိသာလှပေ၏။

ထိုအရာရှိလီဆိုသူကို အတော်လေး အထင်အမြင်မကောင်းလှမှန်း လူတိုင်းသိနိုင်လောက်အောင် ထင်ရှားပေးသည့် ဝင်ခွင့်မပြုလို့ကလည်းမဖြစ်။

"သူ့ကို အထဲလွှတ်လိုက်ပါ"

ထို့နောက် သူမက လီနန်ခယ့်ကို တိုးတိုးနှင့်သွက်သွက် ရှင်းပြလာသည်။

"သူက ကျွန်မအရင်ပြောပြဖူးတဲ့ ကျားဖြူဌာနက စုံစမ်းစစ်ဆေးရေးမှူး လီတုန်းဟိုင်ပဲ။ တော်သလားမေးရင်တော့ အမှန်အတိုင်းပြောရရင် သာမန်ပါပဲ၊ ဒါပေမဲ့ သူက လူတွေကို မြှောက်ထိုးမြှောက်ပင့်လုပ်တဲ့နေရာမှာ တော်တော်လေးကျွမ်းကျင်ပြီး အဆက်အသွယ်တွေလည်းကောင်းတယ်"

လီနန်ခယ့်သည် လိန်ရှင်းနန်ပြောပြလာသောအမည်များကို စိတ်ထဲတွင် သေသေချာချာ မှတ်သားထားလိုက်သည်။

ခဏအကြာတွင် အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ထည် ဝတုတ်တုတ်နှင့် သက်လတ်ပိုင်းအရွယ်မျှရှိမည့် အမျိုးသားတစ်ဦး လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ သူ၏ ဖောင်းအိနေသောမျက်နှာထက်တွင် အပြုံးတစ်ခုကို အမြဲတပ်ဆင်ထားသဖြင့် ကြည့်ရသည်မှာ အလွန်ဖော်ရွေပုံရသော်လည်း သူ၏ မျက်လုံးသေးသေးလေးများထဲတွင်မူ လူကို အချိန်မရွေးတစ်ပတ်ရိုက်လိုက်နိုင်မည့် ဉာဏ်နီဉာဏ်နက်များဖြင့်။

"အရာရှိလိန် တုန်းချီခရိုင်ကနေပြန်ရောက်လာပြီလို့ ကြားတာနဲ့ ဒီအဘိုးကြီးလီမှာ မနက်စာတောင်မစားရသေးဘဲ ချက်ချင်းပြေးလာခဲ့တာ"

လီတုန်းဟိုင်၏လက်ထဲတွင် လက်ဆောင်တစ်ခုကိုင်ဆောင်ထားပြီး ၎င်းကို စာပွဲပေါ်သို့တင်ကာ တောင်းပန်စကားဆိုလေသည်၊

"ကျုပ်ရဲ့ မစေ့မစပ်လစ်ဟင်းမှုတွေကြောင့် အခုလို အရှုပ်အထွေးတွေအများကြီးဖြစ်သွားပြီး နောက်ဆုံးတော့လည်း အရာရှိလိန်ပဲ အပင်ပန်းခံပေးခဲ့ရတာပေါ့ဗျာ။ မျက်နှာပြစရာမရှိအောင် အားနာမိပါတယ်"

"နောက်ပြီး ကျုပ်တို့ရဲ့အရာရှိလိန်က တုန်းချီခရိုင်မှာ မိစ္ဆာသတ္တဝါသုံးကောင်နဲ့ သင်္ချိုင်းလူသားနှစ်ယောက်ကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့ရုံတင်မကဘဲ မိန်းကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်ဆိုးကိုပါ ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။"

"ဘယ်လောက်တောင် အားရစရာကောင်းတဲ့ တက်သစ်စစွမ်းအားရှင်မျိုးလဲဗျာ။ အရာရှိလိန်ကို ကျုပ်တို့ ညကင်းလှည့်အဖွဲ့ချုပ်ရဲ့ ကာကွယ်ရေးကျောက်ဆောင်ကြီးလို့ တင်စားပြောကြတာ မဆန်းတော့ပါဘူး"

"ဒီအဘိုးကြီးလီဆိုရင် နှစ်ဝက်လောက်အချိန်ပေးကြိုးစားတောင် အဲ့လိုအောင်မြင်မှုမျိုး ရနိုင်မှာမဟုတ်ပါဘူး"

ဤချီးကျူးစကားများသည် အပေါ်ယံကြည့်လျှင် မနာလိုရွဲ့စောင်းပြောဆိုနေဟန် ထင်ရသော်လည်း လီတုန်းဟိုင်၏ မျက်နှာအမူအရာ လေသံအထားအသိုမှာ အလွန်ပင်စစ်မှန်ကာ စေတနာပါလှပေသည်ဟု ခံစားရစေ၏။

သူ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများဖြင့် ရွှန်းရွှန်းဝေပြည့်နှက်နေခဲ့သည်။

လိန်ရှင်းနန်၏ တုံ့ပြန်သံကတော့ အထိုက်အလျောက်ပင်မချိုသာခဲ့။

"ကျွန်မတို့အားလုံးက ဌာနတစ်ခုတည်းကလူတွေပဲ အရာရှိလီ။ ဒီလောက်အထိယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒီလက်ဆောင်ကို ပြန်ယူသွားပေးပါ"

"မဟုတ်တာ မဟုတ်တာ၊ ဒါက ဘာမှအဖိုးတန်တဲ့ပစ္စည်း မဟုတ်ပါဘူး၊ သစ်သီးဝလံလေးတွေပါပဲ"

လီတုန်းဟိုင်က အပြုံးကိုမပျက်စေဘဲ လက်နှစ်ဖက်ကိုပွတ်သပ်ရင်း ဆိုသည်။

"အရာရှိလိန်က ဒီတစ်ကြိမ်လွတ်မြောက်သွားတဲ့ မိစ္ဆာသတ္တဝါကို အောင်အောင်မြင်မြင်ဖမ်းဆီးပေးနိုင်ခဲ့တာက ဒီအဘိုးကြီးလီကို အများကြီး ကူညီပေးရာရောက်ပါတယ်။ ဒီကိစ္စမှာသာ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ရင် အထက်လူကြီးတွေက ကျွန်တော့်ကို သေချာပေါက်အပြစ်ရှာကြတော့မှာလေ"

ဘေးနားတွင် မတ်တတ်ရပ်နေသော လီနန်ခယ့်ကတော့ နောက်ဆုံးတွင် အခြေအနေကို နားလည်သွားခဲ့ရသည်။

ယခင်က ယုန်မလေးမုန့်ပြောပြခဲ့ဖူးသော ဌာနအတွင်းရေးများနှင့်ပေါင်းစပ်ပြီး တွေးကြည့်လိုက်သည့်အခါ ရှေ့နောက်ဆက်စပ်မိသွားခဲ့၏။ ယွင်ချန်မြို့၏ မိစ္ဆာဖမ်းဆီးရေးမစ်ရှင်ကို ကနဦးက ငှက်နီဌာနထံသို့ အပ်နှံထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤလီတုန်းဟိုင်သည် မည်သည့်အကြောင်းကြောင့်ရယ်မသိ သူ၏အဆက်အသွယ်များကို အသုံးပြုကာ ထိုမစ်ရှင်ကို သူတို့ဌာနဘက်သို့ လုယူခဲ့ခြင်းဖြစ်သည်။

သို့သော် သူတို့လက်ထဲရောက်မှ မိစ္ဆာကလွတ်ပြေးသွားသောကြောင့် နဂိုငှက်နီဌာနကပဲ ထိုအရှုပ်ထုပ်ကို လိုက်လံဖြေရှင်းပေးခဲ့ရခြင်းပင်။

ဤလီတုန်းဟိုင်မှာ အတော်ကို မျက်နှာအရေထူပုံပေါ်၏။

လီနန်ခယ့် စိတ်ထဲမှ ကဲ့ရဲ့ရှုတ်ချလိုက်မိသည်။

သို့သော်လည်း ထိုအချိန်တွင် သူ့အကြည့်က တစ်ဖက်လူ၏လက်ကောက်ဝတ်ထံသို့ မတော်တဆကျရောက်သွားခဲ့ရာ မျက်လုံးများ ရုတ်ချည်းကျဥ်းမြောင်းသွားရ၏။

လီတုန်းဟိုင်၏ လက်ကောက်ဝတ်ထက်တွင် မည်းမှောင်နေသော အမှတ်အသားတစ်ခုရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်ပင်။

ထိုအမှတ်အသားမှာ လီနန်ခယ့်အတွက် အတော်လေးရင်းနှီးနေသည်။ အကြောင်းမှာ သူသည် မိစ္ဆာမုန့်ချင် မသေခင်လွှဲပြောင်းရရှိခဲ့သော မှတ်ဉာဏ်အပိုင်းအစများထဲတွင် အမည်မသိလူတစ်ယောက်က မုန့်ချင်နှင့် မိုးနီလဲလှယ်နေသည်ကို မြင်တွေ့ခဲ့ရဖူးသောကြောင့်ဖြစ်၏။

ထိုသူကို လက်ကောက်ဝတ်တစ်ခုသာမြင်လိုက်ရပါသော်ငြား ထိုလက်ကောက်ဝတ်ထက် ဘဲဥပုံစံ မွေးရာပါအမှတ်တစ်ခု ရှိနေခဲ့သည်။

ယခု အရှေ့တွင်ရှိသော စုံစမ်းစစ်ဆေးရေးမှူး၏ လက်ကောက်ဝတ်ကအမှတ်သည် ထိုအမှတ်နှင့် တထေရာတည်းတူညီနေခဲ့ခြင်းပင်။

ရိုးသားဖြောင့်မတ်သော အပြုံးချိုချိုကို မမောမပန်းဆင်မြန်းထားသည့် လီတုန်းဟိုင်ကို ကြည့်ရင်း လီနန်ခယ့်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲကြက်သီးထကာ တစ်ခန်းလုံး အေးစက်ခဲသက်သွားသလို ခံစားလိုက်ရ၏။

အလုပ်စဝင်သည့် ပထမဆုံးရက်မှာတင် ဤမျှကြီးမားသောလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဤညကင်းလှည့်တပ်ဖွဲ့ချုပ်၏ နောက်ကွယ်‌ရေစီးကြောင်းကား လိန်ရှင်းနန်သိထားသလောက်ထက် ပိုမိုနက်ရှိုင်းလောက်မည်ပင်။

ဂုဏ်သိက္ခာရှိ ကျားဖြူဌာန၏ စုံစမ်းစစ်ဆေးရေးမှူးက ကွယ်ရာတွင် မိုးနီများကို လျှို့ဝှက်ရောင်းချနေခဲ့သည်မှာ မယုံနိုင်စရာ အကြီးစားအကျင့်ပျက်ခြစားမှုတစ်ခုသာပင်။

လီနန်ခယ့် ခေတ္တမျှ ကြောင်အမ်းအမ်းဖြစ်သွားရ၏။

လူနှစ်ယောက်မှာ တူညီတဲ့မွေးရာပါအမှတ်တွေ ရှိနေတာမျိုးက ဖြစ်နိုင်ချေရှိတယ်ဆိုပေမဲ့ ဘယ်လောက်ထိရှိနိုင်မှာလဲ။ တစ်သောင်းမှာတစ်ယောက် ဒါမှမဟုတ် တစ်သိန်းမှာတစ်ယောက်လား။

"ဘာဖြစ်လို့လဲ"

လီတုန်းဟိုင်ထွက်ခွာသွားပြီးနောက် လိန်ရှင်းနန်က ကြောင်အမ်းအမ်းဖြစ်ကျန်ရစ်သော လီနန်ခယ့်ကိုကြည့်ပြီး နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

လီနန်ခယ့် သတိပြန်ဝင်လာပြီး ဇွတ်ဖျစ်ညှစ်ပြုံးပြလိုက်ကာ ဆိုသည်။

"ဘာမှမဟုတ်ပါဘူး"

သို့သော်လည်း ခဏမျှတုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတော့ စူးစမ်းချင်စိတ်ကိုမထိန်းနိုင်စွာ မေးလိုက်မိ၏။

"အစ်မလိန် ဒီလီတုန်းဟိုင်ကဘယ်လိုလူမျိုးလဲ။ အမှုတွေအများကြီးဖြေရှင်းနိုင်တဲ့ လူတော်မျိုးလား"

"ကျွန်တော့်အထင်တော့ ဒီလူက အဂတိလိုက်စားမှုတွေဘာတွေနဲ့ ပတ်သက်နေမလားပဲ။ လူကြည့်ရတာ တော်တော်လေးဉာဏ်များပုံရပြီး အမြင်ကပ်စရာမကောင်းလွန်းဘူးလား။ ပြီးတော့ စောစောကကြားခဲ့ရတဲ့ မိုးနီခိုးမှုကလည်း သူ့လက်ချက်ဖြစ်နေနိုင်မလား"

လီနန်ခယ့်သည် သူမြင်တွေ့ခဲ့ရသော မှတ်ဉာဏ်များအကြောင်းတော့ ထည့်မပြောလိုက်သေးပေ။

လိန်ရှင်းနန်က ပြုံးကာဆိုသည်။

"ရှင်က လူတွေကို အသွင်အပြင်ကြည့်ပြီး အကဲခတ်တတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဂတိလိုက်စားမှုအပိုင်းကတော့ သေချာပေါက်ရှိတာပေါ့၊ ညကင်းလှည့်အဖွဲ့ချုပ်မှာ ခြောက်ပြစ်ကင်းသန့်ရှင်းတဲ့လူဆိုတာ အတော်လေးရှားပါတယ်။ ဒီလီတုန်းဟိုင်ကတော့ မြှောက်ထိုးမြှောက်ပင့်လုပ်တတ်တာကလွဲရင် ဘာစွမ်းဆောင်ရည်မှ လောက်လောက်လားလားရှိတဲ့သူမဟုတ်ဘူး"

"ဒါပေမဲ့ ရှင်ပြောသလို မိုးနီကိစ္စနဲ့ပက်သက်နေလိမ့်မယ်လို့တော့ ကျွန်မမထင်ဘူး"

"ဘာပဲဖြစ်ဖြစ် သူက ညကင်းလှည့်အဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ပဲဟာ၊ သူသာ အဲ့လောက်ထိမယုံကြည်ရနေရင် အထက်လူကြီးတွေက သူ့ကို ဒီလောက်အရေးပါတဲ့နေရာထိ ပေးထားပါ့မလား"

လီနန်ခယ့်က ပြုံးရုံသာပြုံးလိုက်ပြီး ဘာတစ်ခုမှထပ်မမေးလာ‌တော့။

All Chapters