← Chapters

လောင်ကျန်း

Vol. 21 Ch. 203

လောင်ကျန်း

Vol. 21 Ch. 203

စကားပြောနေစဉ်အတွင်းမှာပင် လွန်ခဲ့သောနှစ်ရက်က လျှို့ဝှက်ရတနာတိုက်တွင် တာဝန်ကျခဲ့သော လောင်ကျန်းနှင့် တာ့ကျူးဇီတို့ ရောက်ရှိလာကြသည်။

(အဘိုးကြီးကျန်းကို လောင်ကျန်းလို့ပြင်လိုက်ပါတယ်။ အရင်အပိုင်းမှာ အဓိပ္ပာယ်မှားယူမိလိုက်လို့ပါ)

လောင်ကျန်းသည် အသက်သုံးဆယ်ပတ်လည် လူရွယ်တစ်ယောက်ဖြစ်၏။

ဖြူဖျော့သော အသားအရေ၊ ထူထဲသော မျက်ခုံးမွှေး၊ မျက်လုံးကြီးကြီးများနှင့် စတုရန်းပုံစံမျက်နှာရှိပြီး ခါးတွင် ဓားတစ်လက်ကိုဆွဲချိတ်ထားကာ ဖရိုဖရဲဖြစ်နေသော မုတ်ဆိတ်မွှေးများကြောင့် ပို၍ပင် ဖရိုဖရဲနိုင်လှပုံရသည်။

ထိုသူသည် အခန်းထဲဝင်လာပြီး ထိုင်ခုံတစ်ခုပေါ်တွင် ခပ်တည်တည်ထိုင်ချလိုက်သည်။

အထက်အရာရှိဖြစ်သူ လိန်ရှင်းနန်ကိုလည်း ကြောက်ရွံ့ရိုသေပုံသိပ်မပြ။

တာ့ကျူးဇီကတော့ တိုင်ရှည်ကြီးဟုအဓိပ္ပာယ်ရသော သူ့အမည်နှင့်လိုက်ဖက်စွာ အခန်းထဲတွင် တိုင်လုံးကြီးတစ်လုံးကဲ့သို့ မတ်တတ်ရပ်နေပြီး လူကို ဖိအားပေးနိုင်သော အရှိန်အဝါရှိကာ ကိုယ်လုံးကိုယ်ထည်ထွားကျိုင်းသော်လည်း ရိုးအအပုံစံရှိသည်။

သူက ဗလုံးဗထွေးအသံဖြင့် ပြောလာသည်။

"အစ်မလိန်၊ သံမဏိက အစ်မခေါ်တယ်ပြောလို့ ရောက်လာတာပါ"

"အင်း"

လိန်ရှင်းနန်က ခေါင်းအသာညိတ်ကာ မျက်လုံးလှလှများက လောင်ကျန်းကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။

"သံမဏိက ရှင်ခုတ‌လောအိပ်မကပ်ချင်ဘူးပြောတယ်။ အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်ရင်းပြောမလား"

"မလိုပါဘူး"

လောင်ကျန်းက ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ စားပွဲပေါ်မှစာတမ်းတစ်ခုကို ကောက်ကိုင်လိုက်ပြီး အေးအေးလူလူပင် တဖျတ်ဖျတ်လှန်ကြည့်နေသည်။ အထက်လူကြီးရှေ့ အရိုအသေတန်သည်ဟု သတ်မှတ်နိုင်သောအပြုအမူဖြစ်လင့်ကစား လိန်ရှင်းနန်ကတော့ စိတ်ဆိုးဟန်မပြ။ သူ့အကျင့်ကို နေသားကျသွားသောကြောင့် ဖြစ်ပေမည်။

""ကျွန်မ လျှို့ဝှက်ရတနာတိုက် ဖောက်ထွင်းခံရတဲ့အမှုအကြောင်း မေးချင်လို့ပါ"

လိန်ရှင်းနန်သည်လည်း တာဝန်အရသာစစ်ဆေးရသည့်ဟန်ဖြင့် တာ့ကျူးဇီကိုကြည့်လိုက်သည်။

"အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်ပျက်ခဲ့သလဲ အတိအကျပြောပြ"

တာ့ကျူးဇီက မရှင်းမလင်းအသံကြီးဖြင့်ပင် ပြောပြလာသည်။

"ကျွန်တော် စာရင်းစစ်ဆေးပြီး ရေတွက်တဲ့အချိန်တုန်းက မိုးနီအရေအတွက်က အတိအကျအမှဣ်ပဲ၊ စုစုပေါင်း စာရင်းခြောက်စောင်ရှိတာ။ ဒါပေမဲ့ မိုးနီခိုးမှုဖြစ်ပြီးတဲ့နောက်မှာတော့ သူတို့က ခုနစ်စောင်ဖြစ်နေတယ်လို့ ပြောကြတယ်။ ဒါကြောင့် လိပ်နက်ဌာနက လူတစ်ယောက်ယောက်က စာရင်းတစ်ခုကို တမင်ချန်ထားခဲ့ပြီး ကျွန်တော့်ကိုမပေးခဲ့တာ သေချာတယ်"

ထိုအကြောင်းကိုပြန်စဥ်းစားမိရာတွင် တာ့ကျူးဇီ လက်သီးကိုတင်းတင်းဆုပ်လိုက်မိပြီး ရင်တွင်းမှာ မကျေမနပ်ဒေါသများက လှိုက်တက်လာကာ မျက်လုံးတွင် ထင်ဟပ်ပေါ်လွင်လာခဲ့သည်။

"လောင်ကျန်း"

လိန်ရှင်းနန်က စာရွက်စာတမ်းများနှင့် အလုပ်ရှုပ်နေသော ကျန်းမော့ထန်(အမည်ရင်း) ကိုကြည့်လိုက်သည်။

ထိုအမျိုးသားက စာတမ်းကို စားပွဲပေါ်ပြန်ပစ်တင်လိုက်ပြီး တည်ငြိမ်စွာပင်ဆိုသည်။

"အဲ့အချိန်တုန်းက ကျွန်တော်ဗိုက်သိပ်မကောင်းလို့ မရှိခဲ့ဘူး။ ပြန်ရောက်လာတော့ တာ့ကျူးဇီက စစ်ဆေးရေတွက်ပြီးသွားပြီမလို့ ကျွန်တော်လည်း ဘာမှသိပ်မမေးဖြစ်ခဲ့ဘူး။ နောက်တော့ အလှည့်ကျအချိန်ရောက်လို့ ဒုတိယတံခါးအပြင်မှာ နှစ်ယောက်လုံးစောင့်ကြပ်ခဲ့ကြတယ်။ ဘာလှုပ်ရှားသံမှလည်း မကြားခဲ့ရပါဘူး"

"နောက်တစ်နေ့ အလှည့်ကျအဖွဲ့ဝင်သစ်တွေ တာဝန်ကျတဲ့အချိန်ကျမှ လျှို့ဝှက်ရတနာတိုက်ထဲက မိုးနီအရေအတွက်က စာရင်းထဲကအရေအတွက်နဲ့ မကိုက်ညီဘဲ သေတ္တာတစ်လုံးပျောက်နေတာကို သိခဲ့ရတာ။ အဲဒီသေတ္တာက လွန်ခဲ့တဲ့သုံးရက်က ကျားဖြူဌာနသိမ်းဆည်းရခဲ့တဲ့ မှုခင်းပစ္စည်း၊ အထဲမှာ မိုးနီငါးပုလင်းပါတယ်"

လိန်ရှင်းနန်က မေးလိုက်သည်။

"နဂါးပြာဌာနကလူတွေကကော ဘာပြောကြသေးလဲ"

"သူတို့ကတော့ အဲ့ဒီညကအခြေအနေကိုပဲ မေးသွားကြတယ်"

လောင်ကျန်း၏မျက်လုံးများက ပြတင်းပေါက်တွင် အေးအေးလူလူ ရှုခင်းကြည့်နေသောလီနန်ခယ့်ဆီ ဆိုက်ရောက်သွားခဲ့သည်။ ပင်ပန်းမှိန်ဖျော့နေသော မျက်လုံးများက လူသစ်ကိုသတိပြုလိုက်မိချိန်တွင် ဖျတ်ခနဲလက်သွားခဲ့၏။

တာ့ကျူးဇီကို ‌မေးခွန်းနည်းနည်းပါးပါးထပ်မေးပြီးနောက် လိန်ရှင်းနန် သူတို့နှစ်ဦးကို ပြန်လွှတ်လိုက်သည်။

"လောင်ကျန်းက ကျွန်မတို့ငှက်နီဌာနမှာ စီနီယာအကျဆုံးပဲ"

လိန်ရှင်းနန်က လီနန်ခယ့်ဆီလျှောက်သွားပြီး ခပ်ဖွဖွဆိုသည်။

"အစတုန်းက ငှက်နီဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးရာထူးက သူ့နေရာလေ"

"အဲ့တော့ မကျေနပ်ချက်တွေရှိနေတာလား" လီနန်ခယ့် မျက်မှောင်ကြုတ်သွားသည်။

လိန်ရှင်းနန်က ခပ်ဖွဖွရယ်ကာ ခေါင်းယမ်းပြသည်။

"အစကတော့ ကျွန်မလည်းရှင့်လိုပဲထင်ခဲ့တာ။ ဒါပေမဲ့ အတူတူအလုပ်လုပ်ကြည့်ပြီးရင် သူက ရာထူးရာခံနေတွကိုစိတ်မဝင်စားတတ်မှန်း ရှင်သိလာမှာပါ။ နောက်တော့မှ အရာရှိချုပ်က အဲ့လူက စုံစမ်းစစ်ဆေးရေးမှူးရာထူးကို ကျွန်မဆီ လိုလိုလားလားလွှဲပေးခဲ့တာလို့ပြောပြတယ်"

"အဲ့လိုကိုး၊ တော်တော်ထူးဆန်းတဲ့လူပဲနော်" လီနန်ခယ့် မသိမသာပြုံးမိသည်။

"လောင်ကျန်းက အမှုကိုင်တွယ်ရာမှာလည်းအရမ်းတော်တယ်။ တစ်ခါတလေတော့ သူ့နည်းလမ်းတွေက နည်းနည်း တဇွတ်ထိုးနိုင်ပေမဲ့ပေါ့"

လိန်ရှင်းနန်က ပြောရင်း တစ်ခုခုကိုသတိရသွားဟန်ဖြင့် သက်ပြင်းဖွဖွချသည်။

"တိုတိုပြောရရင် နောက်ပိုင်းသူ့အကြောင်း ရှင်ပိုသိလာမှာပါ"

"ကျွန်တော်ကတော့ အစ်မလိန်အကြောင်းပဲ ပိုသိချင်တာကို"

လီနန်ခယ့်က ရွှတ်နောက်နောက်ဆိုသည်။

သို့သော် ထိုစကားများလွှတ်ခနဲထွက်သွားပြီးသည့်နောက် သူ့ပါးသူပြန်သာရိုက်ချလိုက်ချင်တော့သည်။

မိန်းမနဲ့ခွဲအိပ်ရတာ ဒီလိုစည်းမစောင့်တဲ့ပါးစပ်ကြီးကြောင့်။

လိန်ရှင်းနန်၏ ပါးပြင်ထက် နီမြန်းမြန်းအရောင်များဖြတ်ပြေးသွားပြီး နှုတ်ခမ်းကိုက်ကာ သူ့ကို ဒေါသထွက်သယောင်စိုက်ကြည့်လိုက်ပြီးမှ ခပ်တည်တည်ဆိုသည်။

"အလုပ်အကြောင်းပြောနေတဲ့အချိန်မှာ စတာနောက်တာတွေမလုပ်ပါနဲ့"

"ဟုတ်ကဲ့ နားလည်ပါပြီ"

လီနန်ခယ့်က စပါးကောက်နေသည့် ကြက်ပေါက်လေးပမာ ခေါင်းကို တဆတ်ဆတ်ညိတ်ပြလာသည်။

"ရှင်နားမလည်တာရှိသေးရင် ယုန်မလေးမုန့်ကို သွားမေးလို့ ရတယ်၊ ကျွန်မကိုမေးလည်း ရပါတယ်"

လိန်ရှင်းနန်က ဆက်ပြောသည်။

"အထက်က တာဝန်ချမထားတဲ့အချိန်တွေဆိုရင် များသောအားဖြင့် အားလပ်ချိန်တွေပဲများပါတယ်။ ရှင်..."

အမျိုးသမီးက ခေတ္တမျှစကားရပ်သွားပြီးမှ တိုးတိုးလေးဆိုသည်။

"ရှင် ညီမလေးလော့ကိုခေါ်ပြီး မြို့ထဲမှာ လျှောက်လည်လို့ရတယ်လေ၊ ကျွန်မကြည့်ရသလောက်တော့ ဒီကိုပြောင်းလာပြီး ညီမလေးလော့ စိတ်သိပ်မကြည်လင်သလိုပဲ။ သူ့ကိုပိုပြီး အ‌ဖော်ပြုပေးလိုက်ပါဦး"

ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်စိမ်းများကြားမှ နေရောင်ခြည်များက ထိုအမျိုးသမီး၏ ကိုယ်ပေါ်သို့ ကွက်တိကွက်ကြား ဖြာကျနေ၏။ မှိုင်တွေတွေဖြစ်နေသောမျက်နှာမှာ သူတို့ဇနီးမောင်နှံအပေါ် စိတ်ရင်းဖြင့် ဂရုစိုက်စေတနာထားကာ အကြံပေးနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

"ဟုတ်ကဲ့ပါ"

လီနန်ခယ့်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ အခန်းထဲကထွက်လာသည့်အခါတွင် ယုန်မလေးမုန့်သည် ခြံဝင်းထဲ၌ လူစုစုကြား စကားတဖောင်ဖောင်ပြောနေရင်း ချစ်စရာမျက်နှာလေးမှာ စိတ်လှုပ်ရှားတက်ကြွကာ အလွန်ဂုဏ်ယူဝံ့ကြွားနေဟန်ရှိ၏။

လီနန်ခယ့်ထွက်လာသည်ကို မြင်သောအခါ ယုန်မလေးမုန့်ကခုန်ပေါက်လျက် အနားသို့အပြေးရောက်လာပြီး မျက်ဝန်းလေးများက လခြမ်းကွေးလေးနှယ်ပြုံးကာ ဆိုသည်။

"ကိုဉာဏ်ကြီးရှင် ဒီမြန်မြန်လာပါဦး။ ကျွန်မသူတို့ကို ရှင်ရဲ့သူရဲကောင်းဆန်တဲ့အောင်မြင်မှုတွေအကြောင်း ပြန်ပြောပြနေတာ။ အခုလူတိုင်းကရှင့်ကို ကယ်တင်ရှင်နတ်ဘုရားကြီးလို့တောင် ထင်ကုန်ကြပြီ"

ခြံဝင်းထဲတွင် စုဝေးနေကြသောလူအများမှာ လီနန်ခယ့်ကိုမြင်လိုက်ရသည့်အခိုက် တအံ့တသြနှင့် ချီးကျူးလေးစားသောအမူအရာများဖြင့် ဝိုင်းဝန်းငေးကြည့်နေကြလေသည်။

ထိုအထဲတွင် မယုံမကြည်အကြည့်များနှင့် အမှုမထားသလို ရှုတည်တည်အကြည့်များလည်း သေချာပေါက်ပါနေသည်ပင်။

"အဲ့လောက်က ဘာများကြီးကျယ်နေလို့လဲ"

လီနန်ခယ့်က နှိမ့်ချစွာပင် လက်ကိုယမ်းကာဆိုလိုက်သည်။ ထိုနေရာတွင် လောင်ကျန်းနှင့် တာ့ကျူးဇီပါရှိနေကြောင်း သူသတိပြုလိုက်မိ၏။

တာ့ကျူးဇီတစ်ယောက် တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် စိတ်ဝင်တစားနားထောင်နေသလောက် လောင်ကျန်းကတော့ တိုင်တစ်တိုင်ကိုမီကာ ထူးမခြားနားသော မျက်နှာထားဖြင့်သာ။

"ရှင်လည်းပြောပေးရမှာပေါ့။ ကျွန်မဘယ်လောက်တောင် ဝင်ကူညီပေးခဲ့တဲ့အကြောင်းတွေကို"

ယုန်မလေးမုန့်က သူ့ရင်ဘတ်သူ အားပါပါပုတ်ကာ ဂုဏ်ယူစွာပြောလိုက်သည်။

"ဒီယုန်မလေးမုန့်ကလည်း တစ်နေကုန်အိပ်ပဲအိပ်နေတဲ့ ငါးဆားနယ်မဟုတ်မှန်း သူတို့သိအောင် ပြောပြပေးစမ်းပါဦး"

ဟုတ်နေတာပဲကို။

လီနန်ခယ့်စိတ်ထဲမှ တိတ်တိတ်လေးပြန်ပြောလိုက်သည်။

လူစည်ကားသိုက်မြိုက်သည်ကို ကြိုက်နှစ်သက်သော သံမဏိက ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်းဆိုသည်။

"လာပါ အပြင်ကလေ့ကျင့်ရေးကွင်းကို သွားကြရအောင်၊ အဲဒီမှာ လက်ဖက်ရည်သောက်နားနေဆောင်ရှိတယ်။ အားလုံးပဲ သေသေချာချာနားထောင်ကြနော်၊ ငါသံမဏိနဲ့ ညီအစ်ကိုလီတို့ ဘယ်လိုပူးပေါင်းပြီး အမှုတွေကို ဖြေရှင်းခဲ့လဲဆိုတာ။"

"ပြောရင်လည်း ဘေးနားက လိပ်နက်ဌာနနဲ့ ကျားဖြူဌာနကလူတွေပါ သေချာပေါက်ကြားအောင်ပြောရမယ်၊ သာမန်လူအချင်းချင်ကြားတောင်မှ စွမ်းဆောင်ရည်ကွာခြားချက်က ဘယ်လောက်တောင်ကြီးမားလဲဆိုတာ သူတို့သိရမှာပေါ့။ မဟုတ်ရင် သူတို့က ငါတို့ငှက်နီဌာနကို အမြဲတမ်း အဆက်အသွယ်တွေနဲ့ပဲရပ်တည်နေတာလို့ သမုတ်နေကြတာ၊ ဘယ်လိုပဲဖုံးကွယ်နေနေ သူတို့စွမ်းဆောင်ရည်မရှိတာ အသိသာကြီးပဲ၊ ငါတို့နဲ့တော့လာယှဥ်လို့မရဘူးဆိုတာ သိသွားအောင်လုပ်ပေးရမယ်"

သံမဏိ၏ ဦးဆောင်လှုံ့ဆော်မှုကို အားလုံးက တခဲနက်တည်းထောက်ခံကြလေသည်။

တာ့ကျူးဇီဆို စိတ်လှုပ်ရှားလွန်း၍ လက်များကိုပြိုင်တူမြှောက်ကာ အော်ဟစ်ခုန်ပေါက်နေလျက်။

"သွားကြစို့ ကိုဉာဏ်ကြီးရှင်"

ယုန်မလေးမုန့်က လီနန်ခယ့်၏လက်မောင်းကို အကျင့်ပါနေသလိုပြေးချိတ်ကာ ထိုသူ့အား လေ့ကျင့်ရေးကွင်းမှနားနေဆောင်ဆီသို့ ဆွဲခေါ်သွားလိုက်သည်။

လီနန်ခယ့်လည်း ကူကယ်ရာမဲ့စွာပင် သူမခေါ်သည့်နောက် အပါလိုက်သွားရတော့၏။

တိုင်မှီကာ ရပ်ကြည့်နေသော လောင်ကျန်းတစ်ယောက် တုတ်တုတ်မှမလှုပ်သည်ကိုမြင်တော့ သံမဏိကအော်ခေါ်လိုက်သည်။

"လောင်ကျန်း ဘာတွေငေးနေတာလဲ။ အတူသွားမယ်လေ"

"ငါမလိုက်တော့ဘူး" လောင်ကျန်းက ခေါင်းယမ်းကာဆိုသည်။

ယုန်မလေးမုန့်က လက်ယမ်းပြလိုက်ရင် အသံသာသာလေးဖြင့်ပြောလာသည်။

"လောင်ကျန်းကလည်း လူများလေလေ ပိုပြီးပျော်စရာကောင်းလေလေကို။ ရှင်လည်း ရှင်ဖြေရှင်းခဲ့တဲ့အမှုတွေအကြောင်း ကိုဉာဏ်ကြီးရှင်ကိုပြောပြလို့ရတယ်လေ။ ဒါမှဒီလူ ငှက်နီဌာနမှာ သူတစ်ယောက်တည်းဉာဏ်ကောင်းတာမဟုတ်ကြောင်း သိသွားမှာ။ ဥပမာ လွန်ခဲ့တဲ့သုံးနှစ်က မိန်းကလေးချူရှီနျန်အကြောင်းဆို ဘယ်လောက်တောင်ပြောလို့ကောင်းလိုက်မလဲ"

"မင်းတို့သွားကြပါ ငါအိမ်အရင်ပြန်နှင့်တော့မယ်"

လောင်ကျန်းဆိုသူမှာ ဆူဆူညံညံပတ်ဝန်းကျင်များကို အတော်လေးမနှစ်မြို့ပုံရသည်ပင်။ သို့သော် ယုန်မလေးမုန့်၏ အားတက်သရောဖိတ်ခေါ်မှုကြောင့် အားနာပါးနာပြုံးပြဖော်တော့ရလေသည်။

အနည်းဆုံးတော့ သူ့မျက်နှာပေါ်က ကျောက်ဆစ်ရုပ်လိုခပ်တောင့်တောင့်အမူအရာကြီးကို ခေတ္တဖြေလျှော့ပေးခဲ့ပါသည်။

All Chapters