ချူရှီနျန်
Vol. 21 Ch. 204
လောင်ကျန်းတစ်ယောက် ခြံဝင်းလေးထဲမှထွက်သွားသည်ကိုမြင်တော့ ယုန်မလေးမုန့်မှာ မသိမသာ မျက်နှာပျက်သွားရှာ၏။ ထို့နောက် ကောကန်းနှင့်အခြားသူများနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်းဆုံကာ တိတ်တဆိတ်အချက်ပြလိုက်ကြသည်။
သူတို့အားလုံး လောင်ကျန်းကိုအတူပါဝင်စေချင်သည်မှာ သိသာလှသည်ပင်။ သို့သော် ကံမကောင်းလှစွာဖြင့် မအောင်မြင်ခဲ့လိုက်။
"ချူရှီနျန်အမှုဆိုတာ ဘာလဲဟင်"
အမှုအကြောင်းဆိုလျှင် အထူးတလည် စိတ်ဝင်တစားရှိတတ်သော လီနန်ခယ့်က လှမ်းမေးလိုက်သည်။
"လာပါ လမ်းလျှောက်ရင်းနဲ့ပြောပြမယ်"
ယုန်မလေးမုန့်၏ ဝိုင်းစက်စက် မျက်နှာဖွေးဖွေးလေးထက်တွင် အပြုံးများပြန်လည်ပွင့်လန်းလာပြီး လီနန်ခယ့်၏လက်မောင်းကို တွဲချိတ်ကာ လမ်းကြားငယ်လေးတစ်ခုဆီသို့ အဖွဲ့လိုက် ဦးတည်လျှောက်လှမ်းခဲ့ကြသည်။
လမ်းလျှောက်နေရင်း သူမပြောပြလာသည့်နောက်ကြောင်းများကြောင့် လီနန်ခယ့်တစ်ယောက် အမှုအကြောင်းကို ယေဘုယျအားဖြင့်တော့ နားလည်ခဲ့လိုက်ရ၏။
လွန်ခဲ့သောသုံးနှစ်က မြို့တစ်မြို့မှ ကြွယ်ဝချမ်းသာသည့် သခင်လေးတစ်ယောက်သည် ယွင်ချန်မြို့ဆီသို့ လာရောက်လည်ပတ်ခဲ့လေသည်။ သခင်လေးသည် သူငယ်ချင်းများနှင့်အတူ မြို့၏ပြည့်တန်ဆာအိမ်များဆီသို့ သွားရောက်လည်ပတ်စဉ်တွင် နာမည်ကြီးပြည့်တန်ဆာတစ်ဦးဖြစ်သည့် ချူရှီနျန်နှင့် မတော်တဆ ဆုံတွေ့ခဲ့ရ၏။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး သဘောကျနှစ်သက်သွားခဲ့ကြပြီး မကြာမီအချိန်အတွင်းမှာပင် လူငယ်တို့သဘာဝ ချစ်ကြိုးတွယ်နှောင်မိကြလေတော့၏။
ထိုလူကုံထံသခင်လေး၏ အမည်မှာ ဟယ့်ကျားဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သည့် အထက်တန်းစားဟန်ပန်ရှိကာ မိသားစုကလည်း အလွန်ကြွယ်ဝသောကြောင့် အင်မတန်တော့ဖြင့်လက်ဖွာသည်။ ထို့ကြောင့်ပင် ပြည့်တန်ဆာအိမ်သခင်မကြီးက သူတို့နှစ်ဦး၏ ပြင်းပြသည့်ချစ်ခြင်းမေတ္တာကို မမြင်ချင်ယောင်ဆောင် ခွင့်ပြုပေးထားခဲ့ခြင်းပင်။
သို့သော် ချူရှီနျန်သည် တစ်ညတာကို ငွေနှင့်ပေါက်ကာဝယ်လို့ရသည့် နာမည်ကြီးပြည့်တန်ဆာတစ်ဦးမျှသာဖြစ်သည်။ ချစ်ရသူ၏ရင်ခွင်ထဲတွင် အချိန်အတော်ကြာပျော်ပါးပြီးနောက် ဟယ့်ကျားတွင် ငွေကြေးကုန်ခမ်းသွားချိန်၌ ပြည့်တန်ဆာအိမ်သခင်မကြီး၏ ပြောင်းလဲသွားသော အေးစက်စက်အမူအရာ၊ ဘေးပတ်ဝန်းကျင်၏ လှောင်ပြောင်မှုများနှင့်အတူ မိတ်ဆွေသူငယ်ချင်းများ၏ စိမ်းကားခွာထုတ်မှုများကိုပါ ကြုံတွေ့ရတော့၏။
ဇာတိမြို့မှ မိသားစုကလည်း သူ ပြည့်တန်ဆာအိမ်တွင် ပြည့်တန်ဆာမတစ်ယောက်ကြောင့် အချိန်ကုန်ငွေကုန်ဖြစ်နေရသည်ကို ကြားသိရသဖြင့် ယမ်းပုံမီးကျ ဒေါသထွက်ကုန်ကြသည်။
သူ့ကို အိမ်ပြန်ခေါ်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မရသည့်အဆုံးတွင်မူ ငွေကြေးထောက်ပံ့မှုကို လုံးဝဖြတ်တောက်ကာ အကြမ်းနည်းဖြင့် ကိုင်တွယ်ကြလေတော့သည်။
ဟယ့်ကျားသည် ချူရှီနျန်ကိုမစွန့်လွှတ်နိုင်ဘဲ အသည်းကွဲကာလတွင် အရက်တောထဲ၌သာ နစ်မွန်းနေခဲ့သည်။ ချူရှီနျန်ကလည်း ပြည့်တန်ဆာအိမ်သခင်မကြီး၏ လောဘဇောကို သည်းမခံနိုင်တော့သည့်အဆုံး ချစ်ရသည့်ဟယ့်ကျားနှင့်အတူ ကြမ်းတမ်းသောဘဝခရီးကို အတူဖြတ်သန်းရန် ပြည့်တန်ဆာအိမ်မှထွက်ခွာဖို့ စိတ်ကူးမိခဲ့၏။
ချူရှီနျန်၏ တစ်ဖက်တစ်လမ်းအကူအညီဖြင့် ဟယ့်ကျားသည် သူမကိုရွေးထုတ်ရန် ငွေကြေးအလုံအလောက် စုဆောင်းခဲ့မိလိုက်သည်။
ထွက်ခွာတော့မည့်အချိန်တွင် ချူရှီနျန်နှင့် နှစ်ကာလများစွာကြာ ရင်းနှီးခဲ့သည့် ညီအစ်မအချို့က သူမကို ရတနာသေတ္တာတစ်လုံး အထူးလက်ဆောင်ပေးခဲ့ကြသော်လည်း အထဲတွင်ဘာရှိသည်ကိုတော့ သူတို့ကလွဲ၍ ဘယ်သူမှမသိခဲ့ကြ။
သူတို့နှစ်ဦးသည် ရတနာသေတ္တာကိုပိုက်ကာ အနာဂတ်ကိုစိတ်ကူးယဉ်ရင်း မြစ်ကိုဖြတ်ကူး၍ အိမ်ပြန်ခရီးထွက်ခဲ့ကြ၏။
ဟယ့်ကျားသည် လှပသောချစ်သူကို လက်ဝယ်ပိုင်ဆိုင်ခဲ့ရပေသည့် နှလုံသားထဲတွင်တော့ အတွေးများစွာဖြင့် လေးလံနေခဲ့လေသည်။ အကြောင်းမူကား သူ့မိသားစုက ပြည့်တန်ဆာမတစ်ယောက်ကို အိမ်၏ချွေးမအဖြစ် လက်ခံကြည်ဖြူခြင်းပြုလိမ့်မည်မဟုတ်ကြောင်း သူသိနေသောကြောင့်ပင်။
လမ်းခရီးတွင် ဆွန်းဟုအမည်ရသည့် လူကုံထံသခင်လေးတစ်ယောက်က မိန်းကလေးချူကို မတော်တဆမြင်တွေ့သွားပြီး လိုချင်တပ်မက်စိတ်ပေါ်ပေါက်လာခဲ့သည်။ ဆွန်း၏သိမ်းသွင်းစကားများဖြင့် တွန်းပို့ခံလိုက်ရပြီးနောက် နဂိုကတည်းက တွေဝေတုံ့ဆိုင်းနေသည့် ဟယ့်ကျားသည် အံကိုတင်းတင်းကြိတ်ကာ ချစ်ရသူကို ယောက်ျားတစ်ယောက်ထံသို့ အခကြေးငွေဖြင့် အပြီးအပိုင်ရောင်းချခဲ့လိုက်တော့၏။
မိန်းကလေးချူသည်လည်း ကြေကွဲနေသောနှလုံးသားဖြင့် စိတ်ပျက်အားငယ်စွာကျန်ရစ်ခဲ့ရသည်။
ထို့ကြောင့် သူမကို ကုန်ပစ္စည်းတစ်ခုလိုသဘောထားနေကြသော ယောက်ျားနှစ်ယောက်ရှေ့တွင်ပင် ညီအစ်မများ၏လက်ဖွဲ့ ရတနာသေတ္တာအား ဖွင့်ချပြလိုက်တော့၏။
အထဲတွင် ရေတွက်လို့မရနိုင်သည့် မြစိမ်းရောင်ငှက်မွှေးများအပြင် အရောင်တလက်လက်ပုလဲစေ့များ၊ ကျောက်စိမ်းဆံထိုးများနှင့် အဖိုးတန်နားတောင်းများ၊ ကျောက်စိမ်းပုလွေများနှင့် ရွှေပုလွေများသာမက ရှေးဟောင်းကျောက်စိမ်းများနှင့် ရတနာစုံစီခြယ်ထားသည့် အနုပညာပစ္စည်းများ၊ ပတ္တမြားနီလာ ကျောက်မျက်များနှင့် အခြားရှားပါးရတနာများကို ပြိုးပြိုးပြက်ပြက်လင်းလက်စွာ တွေ့မြင်လိုက်ရလေသည်။
တန်ဖိုးမှာ ငွေကြေးဖြင့်ပိုင်းဖြတ်လို့ပင် မရနိုင်သည်အထိ။
အမှန်တော့ ထိုအရာများသည် ချူရှီနျန် အလုပ်လုပ်ရင်း အချိန်အတော်ကြာစုဆောင်းထားခဲ့သည့် စည်းစိမ်ဥစ္စာများဖြစ်ပြီး ဟယ့်ကျား၏မိဘများက သူမကိုလက်ခံလာအောင် ဤရတနာများနှင့် ဖျောင်းဖျနိုင်ဖို့မျှော်လင့်ချက်ဖြင့် ညီအစ်မများကပါ အားတက်သရောဖြည့်စွမ်းပေးခဲ့ကြသော သူမ၏နောက်ဆုံးလက်နက်သာ ဖြစ်ပေသည်။
ယခုမူ ချစ်ရသူက လမ်းတစ်ဝက်တွင်ပင် ဘီလူးခေါင်းကို ရုတ်ချည်းထုတ်ပြလာခဲ့သောကြောင့် ချူရှီနျန်၏နှလုံးသားမှာလည်း သေဆုံးခြောက်ကပ်သွားခဲ့ရပြီဖြစ်၏။
ဟယ့်ကျား၏ နောင်တကြီးစွာအော်ဟစ်ငိုယိုသံ တောင်းပန်တိုးလျှိုးသံများကြားတွင်ပင် ချူရှီနျန်သည် ရတနာတွေအားလုံးကို မြစ်ထဲသို့ပစ်ချလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း မြစ်ထဲသို့ခုန်ချကာ အဆုံးစီရင်သွားခဲ့တော့သည်။
အချိန်မှာ ညဉ့်သန်းခေါင်ယံဖြစ်ပြီး လွန်စွာခြောက်ကပ်ဆိတ်သုဥ်းလှသော လူသေမှုတစ်ခုပါပင်။
သို့သော် ဇာတ်လမ်းက ဤနေရာတွင်မပြီးဆုံးခဲ့။
မိန်းကလေးချူ၏ ပြည့်တန်ဆာဘဝက အစေခံမိန်းကလေးသည် သူမအပေါ် အလွန်သစ္စာရှိလှသူဖြစ်၏။ သူမ၏မမလေးကို ဤသို့သေဆုံးခဲ့စေသူများအား ကလဲ့စားချေရန်အတွက် သူမသည် မိုးနီကို လျှို့ဝှက်ရယူပြီး ချူရှီနျန်ကို ပြန်လည်ရှင်သန်စေခဲ့သည်။
သူမသည် သင်္ချိုင်းလူသားအဖြစ် ပြန်လည်ရှင်သန်လာသည့် ချူရှီနျန်ကို ဖောက်ပြားယုတ်မာသည့် အမျိုးသားအား သတ်ခိုင်းရန်ရည်ရွယ်ခဲ့သော်လည်း အမှုကိုစုံစမ်းစစ်ဆေးနေသော လောင်ကျန်းတို့ဇနီးမောင်နှံကြောင့် သူမ၏အစီအစဥ် ပျက်ပြားသွားခဲ့ရသည်။
နောက်ဆုံးတွင် ဟယ့်ကျားနှင့်အပေါင်းအပါများ တစ်ယောက်မှအသက်မဆုံးခဲ့ကြ။
လောင်ကျန်းသည် အပြစ်မဲ့သူအချို့ကို ကာကွယ်ပေးနိုင်ခဲ့ပေသည့် နောက်ကွယ်မှအမှန်တရားကို သိလိုက်ရပြီးနောက်ပိုင်းတွင်မူ မိမိ၏လုပ်ရပ်ကို အချိန်အတော်ကြာအတွေးများကာ ဟယ့်ကျားကို အိမ်ထိသွားရောက်ရိုက်နှက်ကာပင် ပညာပေးခဲ့သေး၏။
ထိုကိစ္စကြောင့် သူသည် အထက်မှ အပြစ်ပေးခံခဲ့ရပြီး ညကင်းလှည့်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် လိန်စီးယွမ်ကိုယ်တိုင် ကြားဝင်ဖျန်ဖြေပေးခဲ့၍သာ သက်သာရာရခဲ့ခြင်းပင်။
သို့သော်လည်း ဤဖြစ်ရပ်က လောင်ကျန်း၏နှလုံးသားထဲ စိုက်ဝင်နေသောဆူးတစ်ချောင်း ဖြစ်လာခဲ့ပြီး နောက်ပိုင်း အမှုစစ်ဆေးမှုများတွင် သူသည် ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့၏။
"တန်ဖိုးဖြတ်လို့မရတဲ့ ရတနာတွေနဲ့အတူ မြစ်ထဲကိုခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တယ်ပေါ့"
မိုးနီအိပ်မက်ကမ္ဘာထဲမှ ရတနာအပြည့်ဖုံးလွှမ်းနေသော ရေကန်သခင်မသည် ဤချူရှီနျန်များ ဖြစ်နိုင်လေမလား။
—
လောင်ကျန်းသည် လမ်းကြားလေးတစ်ခုမှဖြတ်ကာ ဝါးခြံစည်းရိုးဖြင့်ကာထားသော သက်ငယ်မိုးအိမ်လေးရှိသည့် ခြံဝင်းငယ်လေးတစ်ခုထဲသို့ဝင်လာခဲ့လိုက်သည်။ ဤသည်မှာ သူ၏နေအိမ်ပင်။
ခြံဝင်းထဲတွင် ပေါင်းမြက်များအလွန်ထူထပ်နေပြီး အချိန်အတော်ကြာ ပြုပြင်ထိန်းသိမ်းခြင်းမရှိထားပုံရသည်။
နွယ်ပင်စိမ်းများသည် သစ်သားပြတင်းပေါက်ဘောင်ကိုပင် နွယ်တက်နေကြလျက်။
လောင်ကျန်းက မြေပြင်ပေါ်ရှိအရိုးတစ်ချောင်းကို ကြိုးချည်ထားသောခွေးဆီသို့ ကန်ပို့ပေးလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်ရာ ပြင်းရှသောအရက်နံ့တစ်ခုက သူ့ကိုဆီးကြိုလျက်ရှိ၏။
"မိန်းမရေ ငါပြန်ရောက်ပြီ"
လောင်ကျန်းက ဖုန်မှုန့်များကိုခါထုတ်လိုက်ပြီး သစ်သားကုလားထိုင်တစ်ခုပေါ်ထိုင်နေသော ဇနီးဖြစ်သူထံ အကြည့်ရောက်သွားသည်။ ပုံမှန်အားဖြင့် တည်တင်းမာကျောသောမျက်နှာထက် အပြုံးနုနုတစ်ခု ထင်ဟပ်လာလျက်။
အမျိုးသမီးသည် သုံးဆယ်ပတ်လည်အရွယ်ခန့်တွင်ရှိကာ အသွင်အပြင်က သာမန်ဆန်ပုံရသော်ငြား ထူးခြားသောဆွဲဆောင်မှုတစ်ခုရှိလေသည်။
ပြတင်းပေါက်ကနေဖြာကျနေသည့် နေရောင်ခြည်အောက်တွင် သူမသည် ပို၍ပင်လင်းလက်တောက်ပလျက်။
အမျိုးသမီး၏ဝမ်းဗိုက်မှာ ဖောင်းကားစူထွက်လျက်ရှိသည်။ ကိုယ်ဝန်ရှိနေကြောင်း ထင်ရှားလှသည်ပင်။
ခင်ပွန်းဖြစ်သူ အိမ်ထဲဝင်လာသည်ကိုမြင်တော့ အမျိုးသမီး၏နှုတ်ခမ်းများက ခပ်ဖွဖွကွေးညွှတ်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။
"ဒီနေ့စောလှချည်လား"
လောင်ကျန်းက ပြုံးသည်။
"ဘာတာဝန်မှပေးထားတာမရှိလို့ မင်းကိုအဖော်ပြုပေးဖို့ စောစောပြန်လာတာ"
"နန်နန်တို့ရော ပြန်ရောက်လာကြပြီလား"
အမျိုးသမီးကမေးသည်။
လောင်ကျန်းက အင်းဟုဖြေပြီး ဇနီးသည်ရှေ့ ဆောင့်ကြောင့်ထိုင်ချကာ သူမ၏ဖောင်းကားသောဝမ်းဗိုက်ကို အသာပွတ်သပ်ပေးရင်း ပြုံးလျက်ဆို၏။
"သူတို့ပြန်ရောက်လာကြပြီ။ ကောင်မလေးက လူသစ်တစ်ယောက်ပါခေါ်လာခဲ့သေးတယ်။ ရုပ်ရည်တော်တော်ကြည့်ကောင်းပြီး ဉာဏ်လည်းကောင်းတယ်ကြားတယ်။ ယုန်မလေးမုန့်တို့ အမှုကြီးတစ်ခုနဲ့ကြုံနေရတုန်းက သူကဝင်ကူညီဖြေရှင်းပေးခဲ့တာတဲ့"
"အဲ့လိုလား၊ နန်နန်ကရော သူ့ကိုသဘောကျသလား"
အမျိုးသမီး၏မေးခွန်းတွင် အဓိပ္ပာယ်တစ်မျိုးပါဝင်သည်။
လောင်ကျန်းက ဇနီးသည်၏ဝမ်းဗိုက်ထက် နားကပ်ထားရင်း အထဲမှသန္ဓေသားလေး၏လှုပ်ရှားမှုများကို နားထောင်နေဟန်ရှိ၏။
"သူကတော့အတတ်နိုင်ဆုံးဖုံးကွယ်ဖို့ကြိုးစားပေမဲ့ အဲ့ကောင်လေးကိုသူတကယ်သဘောကျနေတာ ငါသိတယ်"
"သတင်းကောင်းပဲ။ ကျွန်မတို့နန်နန် နောက်ဆုံးတော့ အချစ်ကိုခံစားနိုင်ခဲ့ပြီပေါ့"
အမျိုးသမီး၏ လက်နုနုလေးက ခင်ပွန်း၏ ပါးပြင်ကြမ်းကြမ်းကို ပွတ်သပ်ပေးနေရင်း ဆိုသည်။
"လောင်လိန်တို့တော့ ထပ်ပြီးဆူပူနေစရာ မလိုတော့ဘူးထင်ပါ့။"
လောင်ကျန်းက ပြုံးရုံသာပြုံးနေပြီး ဘာမှပြန်မပြော။
ခင်ပွန်းသည်၏ သိသိသာသာ အိုမင်းကျသွားသောမျက်နှာကို ကြည့်ရင်း အမျိုးသမီးက လွမ်းဆွတ်တမ်းတစွာဖြင့် ဆိုသည်။
"နန်နန်တို့ ထာဝရပျော်ပျော်ရွှင်ရွှင် အတူရှိသွားနိုင်ဖို့မျှော်လင့်တယ်။ ကျွန်မတို့နှစ်ယောက်လိုမဖြစ်ရဘဲပေါ့လေ"
—
လက်ဖက်ရည်နားနေဆောင်တွင်တော့ အလွန်စည်ကားဆူညံနေခဲ့သည်။
လူစုလူဝေး အနည်းငယ်ငြိမ်သက်သွားသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လီနန်ခယ့်က စပ်စုလိုက်သည်။
"လောင်ကျန်းက အတော်လေးစိတ်ဓာတ်ကျနေတဲ့ပုံစံပဲ။ သူက ပုံမှန်ဆိုရင်လည်း ဒီလိုပဲလား"
ယုန်မလေးမုန့်၏ အပြုံးမှာ တဖြည်းဖြည်းမှေးမှိန်သွားခဲ့ရသည်။
သူမက မျက်လွှာကိုအသာချကာ ဝမ်းနည်းနာကျင်သောလေသံလေးဖြင့် ဆိုလာ၏။
"လွန်ခဲ့တဲ့သုံးလက လောင်ကျန်းနဲ့ သူ့အမျိုးသမီးတို့ မိုးနီအမှုတစ်ခုကိုစုံစမ်းနေတုန်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ သူလည်း မသေရုံတမယ် ဒဏ်ရာတွေရခဲ့ပေမဲ့ ကိုယ်ဝန်လေးလရှိနေတဲ့ သူ့အမျိုးသမီးကတော့ အသက်ဆုံးသွားခဲ့ရတယ်လေ"