← Chapters

မင်္ဂလာသေရည်

Vol. 21 Ch. 205

မင်္ဂလာသေရည်

Vol. 21 Ch. 205

ဌာနအဖွဲ့သားများနှင့် စနောက်ပျော်ပါးပြီးနောက် လီနန်ခယ့်သည် မိန်းကလေးချူ၏အမှုတွဲကို ရှာဖွေလေ့လာရန် ညကင်းလှည့်အဖွဲ့ချုပ်၏ မော်ကွန်းတိုက်ထဲသို့ ဝင်ရောက်ရန်စီစဉ်ခဲ့သည်။

ရွှေငွေရတနာများ ဖုံးလွှမ်းဆင်ယင်ထားသည့် ထိုရေကန်သခင်မသည် ချူရှီနန်နှင့် အမှန်တကယ်ဆက်စပ်မှု ရှိမရှိကို သူမသေချာပါသော်လည်း သဲလွန်စတစ်ခုရထားသဖြင့် အနည်းဆုံးတော့ စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်စုံတစ်ရာအံ့အားသင့်ဖွယ် ကြုံတွေ့နိုင်ချေရှိသည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ ချူရှီနန်သည် တစ်ချိန်က သင်္ချိုင်းလူသားဖြစ်ခဲ့ဖူးသည်။

သို့သော် သူမော်ကွန်းတိုက်သို့ ရောက်ရှိသွားချိန်တွင် အစောင့်အကြပ်တစ်ဦးထံမှ တားဆီးစစ်ဆေးခြင်းခံလိုက်ရ၏။

တုန်ချီခရိုင် ညကင်းလှည့်တပ်ဖွဲ့ဌာနခွဲ၏ မော်ကွန်းတိုက်နှင့်ယှဥ်လျှင် ယွင်ချန်မြို့ရှိ မော်ကွန်းတိုက်၏ လုံခြုံရေးအဆင့်အတန်းက အလွန်မြင့်မားလှသည်။ စုံစမ်းစစ်ဆေးရေးမှူးများနှင့် အချို့သော အရာရှိကြီးများမှလွဲ၍ သာမန်အဖွဲ့ဝင်များသည် ဝင်ခွင့်တံဆိပ်ပြားမရှိပါက မော်ကွန်းတိုက်ထဲ ဝင်ရောက်ခွင့်မရှိချေ။

အထက်လူကြီးထံမှ မည်မျှမျက်နှာသာပေးခံထားရသည့် လူချောလေးဖြစ်နေပါစေ ဝင်ခွင့်တော့ရလိမ့်မည်မဟုတ်။

ထို့ကြောင့် လီနန်ခယ့်သည် လိန်ရှင်းနန်ကို သွားရောက်ရှာဖွေခဲ့ရသည်။

ဌာနခြံဝင်းထဲမှ သူမ၏ ကိုယ်ပိုင်ရုံးခန်းသို့ ဝင်ရောက်ရှာဖွေခဲ့သော်လည်း လူကိုမတွေ့ခဲ့ရချေ။ ဆိုင်းယွဲ့ကိုမေးမြန်းကြည့်ရာ အရာရှိလိန်သည် အစ်ကိုဖြစ်သူ၏အိမ်တွင်ရှိနေကြောင်းသိရလေသည်။

အားကိုးရာမဲ့စွာဖြင့် လီနန်ခယ့်သည် စုံစမ်းဖို့ကိစ္စကိုလက်လျှော့ကာ အိမ်သို့သာ အရင်ပြန်ခဲ့ရတော့၏။ ဦးဦးဖျားဖျားအိမ်ကလေးတွင် အိမ်သစ်တက်ပွဲဆင်နွှဲသည့်အနေဖြင့် လီနန်ခယ့်သည် သေရည်ကောင်းကောင်းတစ်အိုးနှင့် အရေခွံက မွှေးကြိုင်ကြွပ်ရွကာ အသားက နူးညံ့ထွေးအိလှသည့်ဘဲကင်တစ်ကောင်ကို အမြည်းအဖြစ် အထူးတလည်ဝယ်ယူခဲ့သည်။

အိမ်တံခါးဝသို့ ဝင်လာသည့်အခါတွင် သူသည် စောင့်ကြပ်ရေးတာဝန် ထမ်းဆောင်နေရရှာသော လိပ်ဆရာကြီးအား စာနာထောက်ထားစွာဖြင့် ဘဲပေါင်တစ်ချောင်းပေးလိုက်သည်။

လိပ်ဆရာကြီးသည် ဘဲပေါင်ကို အနံ့မျှနမ်းရှိုက်ကြည့်ပြီးနောက် တိတ်ဆိတ်စွာဖြင့် လိပ်ခွံထဲသို့ ခေါင်းပြန်သွင်းကာ ပုန်းအောင်းနေလိုက်တော့၏။

ထမင်းစားပွဲတွင်။

မိမိအတွက် သေရည်ကို ခွက်အပြည့်ငှဲ့ပေးနေသည့် ခင်ပွန်းဖြစ်သူကိုကြည့်ရင်း လော့ချန်းချိုး မသင်္ကာစွာ စနောက်မေးမြန်းလိုက်သည်။

"ရှင်ကျွန်မကို သေရည်မူးအောင်တိုက်ဖို့ ကြံစည်နေတာလား"

"အကြံအစည်ကိုသိရင်လည်း ပါဝင်ပူးပေါင်းပေးတာ အကောင်းဆုံးပေါ့"

လီနန်ခယ့်က အရက်ခွက်ကိုမြှောက်ကာ ပြုံးလျက်ဆိုသည်။

"ကျွန်မကတော့ သေချာပေါက် ပါဝင်ပူးပေါင်းမှာပါ"

လော့ချန်းချိုးက ဟန်ပါပါပြုံးလိုက်ရင်း သေရည်ခွက်ကိုကိုင်ကာ ခင်ပွန်းသည်၏ခွက်နှင့် ညင်သာစွာတိုက်လိုက်ပြီးနောက် တစ်ကျိုက်တည်းသောက်ရန်အတွက် ဖြူဝင်းကျော့ရှင်းသောလည်တိုင်လေးကို မော့လိုက်စဥ် အမျိုးသားက သူမကို အမီလှမ်းတားလာသည်။

သူမ၏ စူးစမ်းနေဟန်အကြည့်အောက်တွင် လီနန်ခယ့်သည် အနားသို့ ရုတ်ခနဲတိုးကပ်လာကာ အရက်ခွက်ကိုင်ထားသည့် လက်မောင်းကို သူမ၏လက်မောင်းကြားထဲသို့ လျှိုသွင်းကပ်ချိတ်လိုက်ရင်း ဆို၏။

"မိန်းမ ကိုယ်တို့က ဇနီးမောင်နှံအဖြစ်ပေါင်းသင်းလာတာ အချိန်တစ်ခုရှိထားပြီဆိုပေမဲ့ တရားဝင် မင်္ဂလာပွဲအခမ်းအနားကို မကျင်းပခဲ့ရဘူးလေ။ အနည်းဆုံးတော့ ကိုယ့်အတွက် စိတ်ကျေနပ်မှုရအောင် လက်ချင်းချိတ်ပြီး မင်္ဂလာဦးသေရည် တူတူသောက်ရအောင်ပါ"

လက်ချင်းချိတ်ပြီး သောက်ရမည့် မင်္ဂလာသေရည်တဲ့လား။

လော့ချန်းချိုးသည် မမျှော်လင့်ထားသောစကားတွင် ခေတ္တမျှမှင်တက်သွားပြီးမှ တော်တော်လေးရယ်ချင်သွားဟန်ဖြင့် ဆိုသည်။

"ရှင် မရှက်ဘူးလား"

သို့သော် အမျိုးသား၏ တည်ကြည်ငြိမ်သက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မလွှဲမဖယ်သောအကြည့်ကို မြင်ရသည့်အခါ အမျိုးသမီးသည် ငြင်းပယ်ဖို့ရာ စိတ်မကောင်းဖြစ်သွားမိဟန်ဖြင့် ခင်ပွန်းသည်အလိုကျ အိမ်တွင်းမင်္ဂလာပွဲဆင်နွှဲရန် သွယ်လျသောခန္ဓာကိုယ်လေးကို ရှေ့သို့ငုံ့ကိုင်းပေးလိုက်တော့၏။

သို့သော် ချက်ချင်းဆိုသလိုပင် အမျိုးသား၏ ကျားချောင်းသနည်းချောင်းမြောင်းနေသော လက်ဖဝါးကြီးက အမျိုးသမီး၏ သွယ်လျနူးညံ့သည့် ခါးကျဥ်ကျဥ်လေးကို လက်လှမ်းဖက်တွယ်လာလေသည်။

လီနန်ခယ့်ခွက်ထဲက သေရည်များ တချို့တစ်ဝက် ဖိတ်စင်သွားခဲ့ရသည်။

ထိုသေရည်စက်တို့သည် အမျိုးသမီး၏ အကျီရင်ဘတ်ပေါ်သို့လည်း စင်ကျသွားခဲ့ရ၏။

အေးမြမြ သေရည်စက်တစ်စက်သည် အမျိုးသမီး၏ တင်းစေ့သောအင်္ကျီကော်လာကြားမှ ခိုးကြောင်ခိုးဝှက်လျှောကျသွားပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းချောမွတ်‌သော အသားအရေထက် လျှပ်ပြေးကာ ရင်သားအစုံ၏ကြားသို့ စီးဆင်းဝင်ရောက် ‌ပျောက်ကွယ်သွားလေသည်။

သို့သော်လည်း ခါးကိုအဆွဲခံလိုက်ရသော လော့ချန်းချိုးကတော့ လက်ထဲမှ ခွက်နှုတ်ခမ်းဝအထိ လျှံလုနီးပါးဖြစ်နေသည့် သေရည်များကို ဖိတ်စင်ဖို့နေနေသာသာ တစ်ချက်ပင်မလှုပ်ရှားသွားအောင် ကိုင်ထားနိုင်လေသည်။

"ယောက်ျား..."

အမျိုးသမီးက မျက်လုံးစူးစူးများကို အနည်းငယ်မှေးစိုက်လိုက်ပြီး အန္တရာယ်အငွေ့အသက်အား အချက်ပြလိုက်၏။

လီနန်ခယ့်သည် ရှားရှားပါးပါး ဇနီးသည်၏မကျေနပ်မှုကို လျစ်လျှူရှုကာ လက်မောင်းကိုအားစိုက်ပြီး သူမ၏ နူးညံ့မွှေးပျံ့သည့် ခန္ဓာကိုယ်အိအိလေးကို မိမိကိုယ်နှင့်ထိကပ်သည်အထိ တင်းကျပ်စွာဖက်တွယ်လိုက်ရင်း သူမကိုကြည့်လာသောအကြည့်က အင်မတန်ခေါင်းမာဆိုးသွမ်းသည့် ကလေးတစ်ယောက်နှင့်ပင် တူနေသေးတော့၏။

"ဒီတစ်ကြိမ်တော့ မင်းယောက်ျားကို စိတ်လွတ်ကိုယ်လွတ်ဆိုးခွင့်ပြုပေးပါ၊ ပြီးတော့ ဒီမင်္ဂလာဦးသေရည်တစ်ခွက်ကို သေသေချာချာ မြည်းစမ်းခွင့်ပေးပါဦး"

လော့ချန်းချိုးသည် ဘာတစ်ခွန်းမှမပြောဘဲ သူ့ကို ခပ်စူးစူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ ကြည်လင်သော မျက်ဝန်းများသည် လမင်းကို ထင်ဟပ်ပုံဖော်ထားသည့် ကန်ရေပြင်အလား နက်ရှိုင်းအေးစိမ့်ကာ တိတ်ဆိတ်နေခဲ့၏။

ဆယ်စက္ကန့်ခန့် စိုက်ကြည့်ပြီးနောက်တွင် အမျိုးသမီးသည် သူမ၏အပြည့်ကျန်နေသေးသောခွက်ထဲမှ သေရည်အချို့ကို ခင်ပွန်းဖြစ်သူ၏ခွက်ထဲသို့ လောင်းထည့်ပေးလိုက်သည်။

လီနန်ခယ့် မပြုံးဘဲ မနေနိုင်ခဲ့ချေ။

ဤသို့ဖြင့် အိမ်အသစ်စက်စက်လေးတွင် စားပွဲပေါ်ကဘဲကင်အား မျက်မြင်သက်သေပြုကာ ဇနီးမောင်နှံနှစ်ဦးသည် သူတို့၏ ပထမဆုံးသော လက်ချင်းချိတ်မင်္ဂလာဦးသေရည်တစ်ခွက်ကို အောင်မြင်စွာ သောက်သုံးခဲ့ကြပါသည်။

ပြင်းပြသောသေရည်များ လည်ချောင်းထဲသို့ စီးဆင်းသွားသည့်အခါ လီနန်ခယ့်၏ဝမ်းဗိုက်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာသကဲ့သို့ပင် ခံစားလိုက်ရ၏။

သူ့ရှေ့ရှိ သတို့သမီးလေး၏ မျက်ဝန်းများသည် ဆွဲဆောင်မှုများနှင့်ပြည့်နှက်နေပြီး ညှို့ယူဖမ်းစားနိုင်သည့် အလှတရားများ တလဲ့လဲ့ဖြာထွက်နေခဲ့သည်။

လီနန်ခယ့်သည် မိမိရှေ့မှ နွေနှောင်းရာသီကပန်းပွင့်ဖတ်လေးများနှင့် တူလှသည့် နှုတ်ခမ်းလွှာနုနုများကို အသိစိတ်ကင်းလွတ်စွာ စိုက်ကြည့်နေမိသည်။ သူ့နှလုံးသားမှာ တဖြည်းဖြည်းပူနွေးထုံကျင်ကာ စိတ်အလိုကိုလိုက်၍ ခေါင်းကို အနည်းငယ်နှိမ့်ချလိုက်မိသော်လည်း ကျောက်စိမ်းကဲ့သို့ သွယ်လျနူးညံ့ပေသော်ငြား ချိုးဖျက်ရန်ခက်ခဲလှပေသည့် လက်ညှိုးလေးတစ်ချောင်း၏ အချက်ပြတားဆီးခြင်းကို ခံလိုက်ရ၏။

လော့ချန်းချိုးက မိမိကို အလစ်အငိုက်ဖမ်း နမ်းရှိုက်ချင်နေသည့် ခင်ပွန်းဖြစ်သူကို မျက်ဝန်းလှလှများဖြင့် ခပ်ပြုံးပြုံးကြည့်ကာ တိုးတိုးကပ်ပြောသည်။

"ယောက်ျားရယ်၊ သင့်တော်တဲ့သြဇာအာဏာကို ထုတ်ဖော်ပြသတာက တစ်ဖက်အမျိုးသမီးအတွက် ဆန်းသစ်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ စည်းမကျော်ရဘူးလေနော်"

လီနန်ခယ့်က မကြည်မလင်ရယ်မောလိုက်ရင်း လက်နက်တိုက်မှရရှိလာသည့် ကျောက်စိမ်းဆံထိုးကို ထုတ်ယူကာ အမျိုးသမီး၏ ဆံထုံးလေးပေါ်တွင် ညင်သာစွာ ဆင်ယင်ပေးလိုက်သည်။

"ဘယ်နှစ်ခုရှိတာလဲ"

လော့ချန်းချိုးက ပြုံးလျက် မေးလိုက်သည်။

"ခန့်မှန်းကြည့်လေ"

လီနန်ခယ့်က မကွဲမပြားအဖြေကိုပေးကာ အမျိုးသမီးကို ကိုယ့်ဘာသာဆက်တွေးဖို့သာ လွှတ်ထားပေးလိုက်သည်။

လော့ချန်းချိုးလည်း ထိုအကြောင်း ထပ်မမေးတော့ဘဲ အမျိုးသား၏ရင်ခွင်ထဲကနေ ရုန်းထွက်ကာ ထမင်းစားပွဲသို့ပြန်သွားပြီး စကားဝိုင်းအကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"ညကင်းလှည့်အဖွဲ့ချုပ်မှာ အသားကျပြီလား"

"အဆင်ပြေပါတယ်၊ တော်တော်လေးလည်းအားလပ်နေသေးတယ်"

လီနန်ခယ့်က ခေါင်းတညိတ်ညိတ်ဖြင့်ဆိုရင်း ဖြည့်စွက်ပြောပြလာသည်။

"အနည်းဆုံးတော့ အခုလောလောဆယ်အရမ်းအားနေတာပဲ။ နောက်ပြီးဒီနေ့ အဓိကကျတဲ့လူတချို့နဲ့လည်း တွေ့ခဲ့ရသေးတယ်"

"ဘယ်သူတွေနဲ့တွေ့ခဲ့တာလဲ၊ ကျွန်မကို ပြောပြဦးလေ"

လော့ချန်းချိုးက သူတို့နှစ်ဦးလုံးအတွက် သေရည်ထပ်ငှဲ့ပေးလိုက်သည်။

လီနန်ခယ့်က ဆိုသည်။

"ကျားဖြူဌာနက အရာရှိလီတုန်းဟိုင်၊ သူကတော့ မျက်နှာကပြုံးပြီး အထဲက ယုတ်မာကောက်ကျစ်တဲ့လူပဲ၊ တော်တော်လေးလည်းလူလည်ကျပြီး ဟန်ဆောင်ကောင်းတယ်။ နောက်တစ်ယောက်က လိပ်နက်ဌာနက အရာရှိယွီရှန့်ထျန်း၊ သူကတော့ စိတ်ဆတ်ပြီး အစ်မလိန်နဲ့ ပြဿနာအများဆုံးရှိထားတဲ့လူလို့ ပြောရမှာပေါ့"

"ဒါပေမဲ့ အစ်မလိန်ရဲ့လေသံအရဆိုရင်တော့ အဲ့လူရဲ့ အမှုစုံစမ်းတဲ့စွမ်းဆောင်ရည်က လက်ခံချီးကျူးစရာဖြစ်လိမ့်မယ်"

"ပြီးတော့ လောင်ကျန်းလို့ခေါ်ကြတဲ့ အဖွဲ့ဝင်တစ်ယောက်ရှိသေးတယ်၊ သူက အစ်မလိန်ရဲ့ လက်အောက်ငယ်သားပဲ၊ ဒါပေမဲ့ သူ့စရိုက်ကြည့်ရတာ ဘာကိုမှသိပ်အလေးအနက်မထားသလိုနဲ့ ဆက်ဆံရေးပိုင်း အရမ်းအေးတိအေးစက်နိုင်တယ်။ ဒါပေမဲ့ လူတွေရဲ့စိတ်ကိုဖတ်တဲ့နေရာမှာ အလွန်ကျွမ်းကျင်တဲ့ပုံပဲ။ တခြားတော့ သူနဲ့အတူပါလာတဲ့ လူကောင်ကြီးကြီးတစ်ယောက်ကလွဲရင် မှတ်မိလောက်စရာ ထပ်မရှိတော့ပါဘူး"

အမျိုးသား၏ မျက်နှာအမူအရာကို မပြတ်တမ်းစောင့်ကြည့်နေသည့် လော့ချန်းချိုးက တိုးတိုးလေးရေရွတ်လိုက်သည်။

"ဒါဆိုရင်တော့ အစ်မလိန်နဲ့ယုန်မလေးမုန့်တို့ထက် ပိုလှတဲ့မိန်းကလေး မရှိဘူးပေါ့"

All Chapters