← Chapters

ရေကန်သခင်မဆီသို့

Vol. 21 Ch. 206

ရေကန်သခင်မဆီသို့

Vol. 21 Ch. 206

အဆင်ပြေခဲ့လား ဆိုသောမေးခွန်း၏ ကနဦးရည်ရွယ်ချက်ကား ဤ‌နောက်ဆုံးဘူတာသာ ဖြစ်လိမ့်မည်ဟု သူထင်ထားသည်ပင်။

လီနန်ခယ့်က တဟဲဟဲရယ်မောလိုက်ရင်း ဆိုသည်။

"မိန်းမရယ်၊ ကိုယ်တို့နှစ်ယောက်လုံး တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေပြီပဲ၊ စကားလုံးတွေကို ကွေ့ဝိုက်ပြောနေဖို့ မလိုတော့ပါဘူး။"

"ပြီးတော့ ကိုယ့်ရဲ့ အကြိုက်ကိုလည်း သံသယမဝင်ပါနဲ့။ အကောင်းဆုံးတွေပဲ ရွေးခေါ်လာမှာပါ၊ အိမ်ကကုတင်ကြီးကလည်း တော်တော်ခိုင်ခံ့ပြီး ကျယ်ပြောပါတယ်၊ လူကျပ်စရာအကြောင်းမရှိပါဘူး"

လော့ချန်းချိုး၏ နှုတ်ခမ်းလွှာထက်တွင် ရှားရှားပါးပါး ခပ်ညှို့ညို့အပြုံးတစ်ခုပေါ်လာပြီး တိုးတိုးသာသာဆိုလေသည်။

"ကျွန်မက ကုတင်ကျပ်တာမကျပ်တာကို စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့ ယောက်ျားတကယ်ပဲ တစ်ကုတင်လုံးစာ စွမ်းဆောင်နိုင်ပါ့မလားတော့ စိုးရိမ်မိသားပဲ"

ဇနီးဖြစ်သူထံမှ မိမိ၏ ယောက်ျားစွမ်းဆောင်ရည်ကို သံသယဝင်ခြင်းခံလိုက်ရသည့် လီနန်ခယ့်သည် နောက်ဆုံးတွင်တော့ မိမိကိုယ်ကိုယ် သက်သေပြဖို့အခွင့်အရေးမရှိခဲ့ဘဲ ကုတင်ကြီးပေါ်တွင် တစ်ယောက်တည်း လူးလှိမ့်အိပ်စက်ခဲ့ရတော့၏။

စိတ်ပျက်လက်ပျက်ဖြစ်လွန်းလှသဖြင့် အခြားဇနီးတစ်ဦးဆီမှ ပျော်စရာရှာရန် မိုးနီအိမ်မက်ကမ္ဘာထဲသို့ ချက်ချင်းဝင်ရောက်ခဲ့လိုက်သည်။

မင်္ဂလာခန်းမဆီသို့ ရောက်ရှိသည့်အခါ သူ ပထမဆုံးပြောလိုက်သည့် စကားမှာ...

"ဒယ်ဒီလို့ခေါ်စမ်း"

"ဒယ်ဒီ"

မင်းသမီးရှန်းယွမ်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးပြီး သူ၏ယောက်ျားမာနကို စိတ်ကျေနပ်မှုပေးခဲ့လေသည်။

လီနန်ခယ့်၏ မျက်နှာအမူအရာက ထိုအခါမှ ပြေလျော့သွားခဲ့သည်။ ထိုစဥ် အခန်းထဲတွင် ဟယ့်လန်ရှောင်း၏ပုံရိပ်ကို ထပ်မတွေ့ရတော့ပြန်သဖြင့် သူမကြည်မသာမေးလိုက်သည်။

"အဲ့မိန်းကလေး ဘယ်အချိန်ကထွက်သွားပြန်တာလဲ"

"လွန်ခဲ့တဲ့ နှစ်နာရီလောက်ကမှ"

မင်းသမီးရှန်းယွမ်သည် စာပွဲရှေ့တွင် မတ်မတ်ထိုင်နေပြီး သူမ၏ ဆွေးဆွေးမြေ့မြေ့နိုင်ကာ လက်ရာမြောက်သော သွေးရောင်မင်္ဂလာဝတ်စုံသည် မင်္ဂလာခန်းမကို ထူးခြားသောအရောင်အသွေးတစ်မျိုးဖြင့် ပိုလို့အသက်ဝင်လှပစေလေသည်။

သေးငယ်လှပသည့် ခြေဖဝါးတစ်စုံသည် ယခုတိုင် ဖိနပ်မရှိ ဗလာဖြစ်နေဆဲဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်ကာ ထုဆစ်ပုံသွင်းထားသလို လက်ရာမြောက်လှ၏။

လီနန်ခယ့်က အပြင်ဘက်တွင် ရပ်တန့်သွားပြီဖြစ်သောမိုးနီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မေးလိုက်သည။

"အရင် ငါသွားကြည့်ခဲ့တဲ့မိုးနီနှလုံးသား အခုလှုပ်ရှားနေတုန်းပဲလား"

"မလှုပ်ရှားတော့ပါဘူး၊ ကျွန်မအာရုံနဲ့ မခံစားရတော့ဘူး"

မင်းသမီးရှန်းယွမ်က ခေါင်းခါပြလိုက်သည်။

အမျိုးသား မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ မင်းသမီးရှန်းယွမ်က ဆိုသည်။

"ယောက်ျား၊ နေရာတော်တော်များများက မြူခိုးတွေနဲ့ဖုံးလွှမ်းနေပြီး ဝင်ရောက်လို့မဖြစ်တော့တာကို ရှင်သတိမထားမိဘူးလား။ ရှင်ရော ကျွန်မရဲ့စိတ်အာရုံစွမ်းအင်ရော အဲ့မြူခိုးတွေကိုဖောက်ပြီး ဝင်လို့မရဘူး"

"မင်းဘာပြောချင်တာလဲ"

လီနန်ခယ့်က အမျိုးသမီး၏ မျက်နှာလှလှကိုစိုက်ကြည့်ကာ သေချာမေးလိုက်သည်။

မင်းသမီးရှန်းယွမ်က ရှင်းပြလာသည်။

"အရင်တစ်ခေါက် ရှင်အပြင်ထွက်တုန်း ခေါင်းပြတ်သတို့သမီးကို သတ်လိုက်တဲ့အချိန်တုန်းက မြူခိုးတချို့ လွင့်ပြယ်သွားခဲ့သေးတယ်။ နောက်ပိုင်း ကျွန်မရဲ့ စိတ်အာရုံစွမ်းအင်ပမာဏ တိုးတက်လာတဲ့အခါ လျှောက်စမ်းသပ်ကြည့်ရင်း တစ်ခါမှမမြင်ဖူးတဲ့နေရာတွေကိုပါ တွေ့ခဲ့ရတယ်။ အဲ့ဒီမိုးနီနှလုံးသားကို တွေ့ခဲ့တဲ့နေရာက နေရာအသစ်တွေထဲကတစ်ခုပဲ"

လီနန်ခယ့် ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

သူတို့သည် ဤနယ်မြေ၏ အကြီးအကဲဟုသတ်မှတ်နိုင်သော စွမ်းအားမြင့်မိစ္ဆာသတ္တဝါတစ်ကောင်ကို သတ်လိုက်နိုင်တိုင်း ရှာဖွေစူးစမ်းနိုင်သည့်နယ်မြေက ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်သည်။

"ဒါကို ငါနားလည်တယ်၊ ဒါပေမဲ့ ပြဿနာက အရင်တစ်ခေါက် အဲ့ဒီမိုးနီနှလုံးသားဆီသွားတော့ ငါနဲ့ရှောင်းရှောင်းတို့ နှစ်ယောက်လုံး ဘာမှန်းမသိတဲ့သင်္ဘောကြီးပေါ်ကို ရောက်သွားခဲ့တာလေ၊ အဲ့ဒီမှာလည်း အချိန်တွေ ထပ်ခါတလဲလဲထပ်နေတာကလွဲရင် ဘာကိုဖြေရှင်းရမလဲမသိသလို ဘာလုပ်လုပ် အကျိုးသက်ရောက်မှုလည်းမရှိဘူး"

လီနန်ခယ့်က မတတ်သာစွာ လက်ဖြန့်ပြလိုက်ကာ ပြောလိုက်သည်။

"အဲ့နှလုံးသားက မင်းကို ပုံမှန်အတိုင်းပြန်ရှင်သန်စေမယ် ဒါမှမဟုတ် လက်တွေ့ကမ္ဘာကို ပြန်ခေါ်သွားနိုင်မယ်လို့ ငါတော့မထင်ဘူး။ ပြီးတော့ ငါ့အတွက်လည်း တစ်ခုခုအကူအညီဖြစ်မယ့်ကိစ္စလို့မထင်ဘူး။ အန္တရာယ်များတာပဲရှိမယ်"

မင်းသမီးရှန်းယွမ်၏အကြည့်က တည်ငြိမ်နေပြီး ညင်သာသောအသံဖြင့် ဆိုသည်။

"ကျွန်မအမြင်အရဆိုရင်တော့ မိုးနီနှလုံးသားက ရှင့်ကို အန္တရာယ်လို့မြင်လို့ လက်ဦးအောင်တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်၊ သူ့ဘက်ကလက်နှေးသွားရင် သူ့ဟာကွက်ကို ရှင်သိသွားမှာလည်း ကြောက်နေတဲ့ပုံမပေါ်ဘူးလား။ ကျွန်မကတော့ ကျွန်မရဲ့အာရုံနဲ့ ခံစားချက်ကို ယုံကြည်တယ်၊ ပြီးတော့ ရှင်လည်း ကျွန်မကို ဒီတစ်ကြိမ်တော့ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ်"

"လက်တွေ့မှာတော့ ငါတို့နှစ်ယောက်ကြား ယုံကြည်မှုအကြောင်းပြောဖို့က ခက်တယ်လေ"

လီနန်ခယ့်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

အမျိုးသားပြောသည်မှာလည်း တည့်တိုးဆန်ရာကျပေသည့် မမှားချေ။ သူနှင့် မင်းသမီးရှန်းယွမ်သည် အမည်ခံ ဇနီးမောင်နှံဖြစ်ကြသော်လည်း သူတို့ကြားတွင် မည်သည့်သံယောဇဉ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာရင်းနှီးမှုမျိုး တကူးတကတည်ဆောက်ထားခြင်း မရှိသေးချေ။

အခြေခံ မိတ်ဆွေဆက်ဆံရေးမျှပင် သန့်သန့်စင်စင်မရှိထားပါလျက် မည်သို့ယုံကြည်ရမည်နည်း။

မင်းသမီးရှန်းယွမ်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေးဆိုသည။

"ကျွန်မက ရှင့်အထဲမှာရှိနေပြီး ရှင်က ကျွန်မအထဲမှာရှိနေတာ။ ဇနီးမောင်နှံသံယောဇဉ် မရှိရင်တောင် ဘဝချင်းတူညီတဲ့ ဆက်နွှယ်မှုတစ်ခုတော့ သေချာပေါက်ရှိနေတာပဲ။ ရှင် ကျွန်မကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ အရေးမကြီးပါဘူး၊ ကျွန်မတို့နှစ်ယောက်က ဖြတ်လို့မရတဲ့ကြမ္မာကြိုးနဲ့ အတူတူချည်နှောင်ထားပြီးသားပဲ"

"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လက်တွေ့ကမ္ဘာမှာ ရှင့်အတွက် တည်ငြိမ်အေးဆေးနေပေမယ့် ဒါက အန္တရာယ်ကင်းပြီလို့ မဆိုလိုသေးဘူး။ မုန်တိုင်းမတိုက်ခင် လေပြေသွေးတတ်တာကိုး ရှင်သိတယ်မလား။ အဲ့ဒါက ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ နှင်းခါးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ချေရှိတယ်"

"ကဲပါ ကဲပါ၊ ကြောက်စရာစကား‌တွေ ထပ်ပြောလာပြန်ပြီ"

လီနန်ခယ့်က ခါးကသေနတ်ကိုလှမ်းဆွဲကာ ပြေလာသည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ဒီနေ့ ငါ သဲလွန်စတစ်ခုရထားတယ်။ အခု ရေကန်သခင်မရှိတဲ့နေရာကို သွားပြီး စမ်းသပ်မှုတစ်ခုလုပ်မလို့။ ငါ့နောက်ကနေ သေသေချာချာ စောင့်ကြည့်ပေးထားပါဦး။ တစ်ခုခု မသင်္ကာစရာရှိရင် ဒီအခန်းထဲကို ချက်ချင်းပြန်ပို့ပေး"

"ကောင်းပါပြီ၊ ကျွန်မရှင့်ကို ကာကွယ်ပေးထားပါ့မယ်"

မင်းသမီးရှန်းယွမ်က တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။

လီနန်ခယ့် ဘာမှထပ်မပြောတော့ဘဲ တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်ခွာခဲ့လိုက်၏။

အပြင်ဘက်တွင် မြူဖြူများ ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းနေခဲ့သည်။

ယခင်က မယ်မယ်ကြီးနှင့်အတူ လှည့်လည်ရှာဖွေခဲ့သည့် အတွေ့အကြုံအရ လီနန်ခယ့်သည် မြူငွေ့များရှိနေသည့်နေရာများတဝိုက် အခြား သူမသွားဖူးသောနေရာများစွာလည်း ဆင့်ပွားတည်ရှိနေကြောင်း သိခဲ့ရသည်။

မှတ်ဉာဏ်ထဲကလမ်းကြောင်းအတိုင်း စမ်းတဝါးဝါး ဆက်လျှောက်လာပြီးနောက် လီနန်ခယ့်သည် မကြာမီမှာပင် ရေကန်ကြီးဆီသို့ ရောက်ရှိလာခဲ့၏။

လခြမ်းပုံသဏ္ဌာန်ရှိသည့် ဧရာမရေကန်ကြီးသည် ကြီးမားလှသည့် မှန်ချပ်ကြီးတစ်ခုကဲ့သို့ ကြည်လင် တိတ်ဆိတ်နေပြီး မည်သည့် လှိုင်းကြက်ခွပ်မျှမရှိ။

လီနန်ခယ့်သည် လက်ထဲကသေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ရေကန်ဘေးသို့ သတိကြီးစွာချဉ်းကပ်ရန် ကြိုးစားလိုက်သည်။

မည်သည့် လှုပ်ရှားမှုမျှ မမြင်ရချေ။

ဟိုကောင်မလေး အိပ်များပျော်နေတာလား။

လီနန်ခယ့်က စိတ်ထဲကနေ ရောက်တတ်ရာရာခန့်မှန်းလိုက်ပြီးနောက် ရေကန်မျက်နှာပြင်ဆီသို့ သတ္တိရှိရှိချိန်ရွယ်ကာ သေနတ်တစ်ချက် ပစ်ဖောက်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပင်။

ရေကန်မျက်နှာပြင်သည် သေနတ်ဒဏ်ကို လုံးဝမမှုသည့်အလား အသစ်စက်စက်ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ ငြိမ်သက်နေဆဲဖြစ်သည်။

"မဟုတ်မှ ဒီရေကန်ထဲမှာ ဆက်မနေတော့တာများလား"

ဤအတွေးသည် လီနန်ခယ့်၏စိတ်ထဲသို့ ရုတ်တရက်ဝင်ရောက်လာပြီး ချက်ချင်းဆိုသလိုပင် ကျောရိုးတစ်ခုလုံး အေးစိမ့်တုန်ယင်သွားစေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုက ပတ်ဝန်းကျင်တကြောသို့ ဖုံးလွှမ်းရစ်ပတ်လာခဲ့၏။

အကြောင်းမှာ ရွှေရောင်လက်ဖဝါးတစ်ဖက်သည် သူ၏လည်ပင်းကို ညင်သာစွာ ပွတ်တိုက်ဖြတ်သန်းလျက် ရင်ဘတ်ပေါ်သို့ ခပ်သာသာကျရောက်လာခြင်းကြောင့် ဖြစ်သည်။

ထို့နောက် နီမြန်းတောက်ပပြီး စိန်ပွင့်များစီခြယ်ထားသည့် နှုတ်ခမ်းလွှာများက သူ၏နားရွက်ဖျားကို ညင်သာစွာ ကိုက်ခဲလိုက်တော့၏။

မိန်းကလေး... ဒီယောက်ျားက မထိတထိကျီစယ်တာမျိုး သည်းမခံနိုင်ဘူးနော်။

ဖြည်းဖြည်းချင်းပဲသွားရအောင်ပါ။

All Chapters