ရေကန်သခင်မ၏ အငြှိုး
Vol. 21 Ch. 207
ပျစ်ချွဲပြီး ချိုအီအီနိုင်လှသည့် အနံ့ဆိုးတစ်ခုသည် ငါးညှီနံ့များနှင့်ရောနှောလျက် လီနန်ခယ့်၏နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် ဝမ်းဗိုက်ထဲတွင် အကြောင်းရင်းမရှိစွာ မအီမသာဖြစ်လာခဲ့ရသည်။
သို့သော် တစ်ချိန်တည်းမှာပင် ရင်းနှီးနေသောအပူဒဏ်သည် သူ့ဝမ်းဗိုက်အောက်ပိုင်းဆီမှ ဟုတ်ခနဲ ဖြာတက်လာတော့၏။
အထိန်းအကွပ်ကင်းမဲ့သည့် ကာမရာဂနှင့် ပုထုဇဥ်လူသားတို့၏ လောဘတရားသည် မမြင်နိုင်သည့် ကြိုးတစ်ချောင်းကဲ့သို့ သူ့ကို တင်းကျပ်စွာတုတ်နှောင်ကာ အနက်ဆုံးသော ချောက်ကမ်းပါးဆီသို့ ဆွဲခေါ်နေသကဲ့သို့ပင်။
ရန်သူ၏ စိန်ကဲ့သို့ မာကျောထက်ရှလှသောသွားများက သူ့လည်ပင်းဆီဖိကပ်လာသည်အား ခံစားမိလိုက်ချိန်တွင် လီနန်ခယ့် တုံ့ဆိုင်းမနေတော့ဘဲ လည်ချောင်းဆီမှ နာမည်သုံးလုံးကို ချက်ချင်းအော်ဟစ်လိုက်မိတော့၏။
"ချူရှီနျန်"
သူ့ပါးစပ်မှ ထိုနာမည်ထွက်သွားသည်နှင့် နောက်ဘက်မှရေကန်သခင်မလည်း လှုပ်ရှားမှုအလုံးစုံ ရပ်တန့်သွားခဲ့လေသည်။
အလုပ်ဖြစ်သွားတာလား။
လီနန်ခယ့် ဝမ်းသာအားရဖြင့် အနောက်သို့လှည့်လိုက်သည်။
ရေကန်သခင်မသည် နေရာတွင်ပင် ကြောင်တက်တက်ရပ်တန့်နေခဲ့ကာ သူမ၏ ကျောက်မျက်ရတနာလိုတောက်ပသော မျက်ဝန်းများထက် ရှုပ်ထွေးသောခံစားချက်တို့ စွန်းထင်နေခဲ့၏။
"ချူရှီနျန်"
လီနန်ခယ့် နောက်သို့အမြန်ဆုတ်လိုက်ရင်း သူမနာမည်ကို တောက်လျှောက်အော်ခေါ်နေလိုက်သည်။
ရေကန်သခင်မ၏ မျက်နှာသည် တဖြည်းဖြည်းနှင့် ကြောက်မက်ဖွယ်ကောင်းလာခဲ့၏။
ယခင်ကမြင်နေကျ ညှို့ယူဖမ်းစားနိုင်သောအလှတရားများ အလိုလိုပျောက်ကွယ်ကုန်သကဲ့သို့။ ယခုအခါ သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သွေးရောင်မြူခိုးများ ရစ်ခွေလာခဲ့ပြီး ကိုယ်ပေါ်က ရွှေငွေရတနာများပင်လျှင် နီမြန်းမြန်းအရောင်များ ဖုံးလွှမ်းသွားခဲ့သည်။
ကျယ်ပြောလှသည့် ရေကန်ကြီးသည်လည်း အောက်ခြေတွင် မီးတောက်တစ်ခု ပြင်းပြင်းပြပြလောင်ကျွမ်းနေသကဲ့သို့ ဒလဟောဆူပွက်လာခဲ့၏။
ကန်မျက်နှာပြင်မှာ သွေးဖြင့်ဖြန်းပက်လိုက်သကဲ့သို့ ရဲရဲနီစွေးလာခဲ့လေသည်။
လီနန်ခယ့်ကတော့ သူမ၏အမည်ကို အဆက်မပြတ်အော်ဟစ်နေဆဲပင်။
သို့သော်လည်း မိမိရှေ့မှရေကန်သခင်မသည် သူမ၏အမည်ရင်းကို ကြားရသည့်အခါတွင် ယခင်က ခေါင်းပြတ်သတို့သမီးကဲ့သို့ နာကျင်စွာဖြင့် မီးမြှိုက်လောင်ကျွမ်းခံရခြင်း မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် လီနန်ခယ့်သည် သူမ၏ အထိမခံသည့်အကြေးခွံကိုမှ သွားရောက်ထိုးဆွထိပါးမိသကဲ့သို့ ဖြစ်သွားပြီး ထိန်းကွပ်ထားသောဒေါသကို အပြည့်အဝလောင်ကျွမ်းစေခဲ့ပုံရသည်။
အခြေအနေကတော့ တစ်ခုခု မှားယွင်းနေပြီ။
လီနန်ခယ့်လည်း ဤအချိန်တွင်မှ ပုံမှန်မဟုတ်သောအခြေအနေကို သတိပြုမိသွားခဲ့ခြင်းဖြစ်သည်။
ရေကန်သခင်မသည် သူမ၏ နူးညံ့နွဲ့ပျောင်းပြီး မြွေတစ်ကောင်နှင့်တူလှသည့် ခန္ဓာကိုယ်ကို ရုတ်ချည်းတွန့်လိမ်ကာ အလွန်ထူးဆန်းသည့်အနေအထားဖြင့် မိမိအနားသို့ တရကြမ်းတိုးကပ်လာသည်ကို ကြည့်ရင်း လီနန်ခယ့် အကြီးအကျယ်ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အသားကုန်အော်ဟစ်လေတော့၏။
"ငါ့ကိုပြန်ခေါ်တော့"
ရှူး...
မမြင်နိုင်သည့်စွမ်းအားတစ်ခုက လီနန်ခယ့်၏ကော်လာကို ချက်ချင်းဖမ်းဆွဲလိုက်ပြီး သူ့ကို မင်္ဂလာခန်းမဆီသို့ ဆွဲခေါ်သွားခဲ့သည်။
"အား..."
တစ်ချိန်တည်းမှာပင် ရေကန်သခင်မသည် ရုတ်တရက် အလွန်စူးရှတုန်ခါသည့် အသံတစ်ခုကို ထုတ်လွှင့်လိုက်တော့၏။
ပြင်းထန်သည့်အသံလှိုင်းသည် လီနန်ခယ့်၏နားစည်ထဲသို့ တိုက်ရိုက်ထိခတ်တိုးဝင်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲမှ အိပ်ပျော်နေသောဆဲလ်တိုင်းကို လှုံ့ဆော်နှိုးဆွလိုက်သကဲ့သို့ ထိုးဖောက်ဝင်ရောက်လာကာမျက်လုံးများကိုပါ ချင်းချင်းနီလာစေသည်။
လေထဲသို့ ဆွဲတင်ခံရခါစရှိသေးသည့် သူ့ကိုယ်သည် ထိုအော်သံအဆုံးတွင် မြေပြင်ပေါ် ဘုတ်ခနဲပြန်ပြုတ်ကျသွားရ၏။
သေချာသည်မှာ ရေကန်ထဲကအမျိုးသမီးသည် သူ့ကို ဘယ်လိုနည်းနှင့်မှ ပြန်သွားခွင့်ပေးတော့မည့်ဟန်မရှိပေ။
"နားပိတ်ထား"
မင်းသမီးရှန်းယွမ်၏ စိုးရိမ်တကြီးအသံက လွင့်ပျံရောက်ရှိလာသည်။
သေနတ်ဖြင့်ချိန်ရွယ်ကာ ပစ်ဖို့ကြံနေသောလီနန်ခယ့်မှာ မသိလိုက်စွာဖြင့် လက်နှစ်ဖက်နှင့် နားကိုဖိအုပ်ထားလိုက်သော်လည်း ရေကန်ထဲမှအမျိုးသမီးကတော့ ထိုအခွင့်အရေးကိုအသုံးချကာ သူ့နားသို့အရောက်လာပြီးနေလေပြီ။ ရွှေရောင်သံကြိုးနှစ်ကြိုးက လီနန်ခယ့်၏လက်နှစ်ဖက်ကိုပူးချည်ကာ အထက်သို့ဆွဲမြှောက်လိုက်သည်။
"အား..."
စူးရှသောအော်ဟစ်သံက ထပ်မံထွက်ပေါ်လာပြန်၏။
လီနန်ခယ့်၏ စိတ်အာရုံသည် ပြင်းထန်သည့်လှုံ့ဆော်မှုတစ်ခုဖြင့် ကူးစက်လွှမ်းမိုးခြင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး စိတ်ဆန္ဒပြင်းပြစွာပင် ရေကန်သခင်မဆီသို့ အတင်းတိုးဝင်သွားမိသည်။
"ယောက်ျား"
မင်းသမီးရှန်းယွမ်၏ သူမ၏ဝိညာဥ်စွမ်းအားနှင့် စိတ်အာရုံကိုအသုံးပြုကာ လီနန်ခယ့်ကို မင်္ဂလာခန်းမဆီသို့ အတင်းအကျပ်ပြန်လည်ဆွဲခေါ်ဖို့ ကြိုးစားပါသော်ငြား ရေကန်သခင်မဆီမှ ပိတ်ဆို့မောင်းထုတ်ခံနေရသောကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်နေရ၏။
နှစ်ဖက်စလုံးအကျပ်ရိုက်နေသည့် အချိန်တွင်ပင် ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု အုန်းအုန်းကျွက်ကျွက် မြည်ဟည်းသွားခဲ့သည်။
အနီရင့်ရောင်တိမ်တိုက်များသည် မြင်းရိုင်းတစ်သောင်း အရှိန်ပြင်းစွာပြေးလွှားလာသကဲ့သို့ မြန်ဆန်ထူထပ်စွာ စုဝေးအုပ်မိုးလာပြီး ကြက်သီးထဖွယ်ဖိအားကို ပေးစွမ်းလျက်ရှိသည်။
မိုးနီရွာသွန်းတော့မည့် အကြိုလက္ခဏာတစ်ခုပင်။
ဒေါသတမြိုက်မြိုက်လောင်ကျွမ်းနေသော ရေကန်သခင်မသည် မိုးကောင်းကင်ကိုတစ်ချက်မော့ကြည့်ကာ ကြောက်မက်ဖွယ်မျက်နှာထက် စိုးရိမ်ထိတ်လန့်ဟန်အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမသည် လီနန်ခယ့်ကို မုန်းတီးရွံရှာစွာ စူးစိုက်ကြည့်နေလိုက်ပြီးမှ ရေကန်ထဲသို့ ပြန်လည်ငုပ်လျှိုးပျောက်ကွယ်သွားတော့၏။
လီနန်ခယ့် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း မြေပြင်ပေါ်သို့ ခွေကျသွားခဲ့သည်။
သူ့လက်မောင်းများအထိ ရစ်ပတ်ချုပ်နှောင်ထားသော ရွှေကြိုးပါးပါးခိုင်ခိုင်လေးများလည်း ပျောက်ကွယ်သွားပြီဖြစ်သော်ငြား လက်မောင်းထက်တွင် ပွန်းရာပဲ့ရာအချို့တော့ ချန်ထားရစ်လေသည်။
နာကျင်မှုနှင့် စိတ်ရှုပ်ထွေးထိတ်လန့်မှုများ လွင့်ပြယ်သွားပြီးနောက် လီနန်ခယ့် တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်ကာ ငြိမ်သက်နေသောကန်ရေပြင်ကို အကြောက်မပြယ်သေးစွာ စိုက်ကြည့်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် မိုးနီက အချိန်ကိုက်ရောက်ရှိလာခဲ့၍သာပင်။ မဟုတ်လျှင် သူ ကိစ္စတုံးနေပေရော့မည်။
သို့သော် တစ်စုံတစ်ခုသော မူမမှန်မှုအား လီနန်ခယ့် သတိပြုသွားမိ၏။ ဤတစ်ကြိမ်တွင် မိုးနီရွာသွန်းခါနီးဆဲဆဲ တိမ်နီများအုံ့ဆိုင်းလာချိန်တွင်ပင် သူသည် မင်္ဂလာခန်းမသို့ ပြန်လည်တွန်းပို့ခြင်းမခံရသေးချေ။
"မင်းသမီး"
လီနန်ခယ့် အသံထွက်ခေါ်လိုက်ပေသည့် မည်သည့်တုံ့ပြန်မှုမှရှိမလာ။
ဘာကြောင့်မှန်းမသိ သူ့ဘေးတွင်လည်း မမြင်ရသောအရံအတားတစ်ခုက လေပေါ်တွင်ပေါလောမျောကာ ပိတ်ဆို့နေသကဲ့သို့ခံစားရပြီး သူရှိနေသောနေရာတစ်ဝိုက်အား ကောင်းကင်နှင့်မြေကြီးဆီမှ ခွဲထုတ်ထားသလိုခံစားရ၏။
ပလောက်
မိုးနီရေတစ်စက်က သူ့ဘေးရှိကျောက်တုံးပေါ်သို့ ကျဆင်းလာသည်။
လီနန်ခယ့် အံ့သြတကြီး ပြူးကြောင်ကြည့်နေမိသည်။
ဘာတွေဖြစ်နေတာလဲ၊ ငါ့ကိုပြန်မလွှတ်တော့ဖို့ စီစဥ်ထားကြတာလား။
မိုးနီရေစက်များက တဖြည်းဖြည်းပိုမိုများပြားလာကာ မြူဖြူများလွင့်ပြယ်သွားပြီး အနီရောင်မြူမှိုင်းများ အစားထိုးဝင်ရောက်လာကြ၏။
လေထုထဲတွင် ပျံ့နှံ့နေသည့် ခြောက်ခြားဖွယ်ရာ ထူးထူးဆန်းဆန်း အငွေ့အသက်များသည်လည်း ပိုမိုလေးလံလာခဲ့ရသည်။
အေးစက်စက် မိုးနီရေစက်များသည် လီနန်ခယ့်၏ကိုယ်ပေါ်သို့ကျရောက်လာကာ သူ့အသားနှင့်ထိသည်နှင့် ချက်ချင်းအငွေ့ပျံတက်ကုန်ကြသကဲ့သို့ အစအနရှာမရအောင် ပျောက်ဆုံးသွားကြလေသည်။
မိုးသည်းသည်းကြား ရောက်နေပါသော်ငြား မိုးစိုခြင်းကို လုံးဝမခံစားရ။
လီနန်ခယ့် အလိုအလျောက်ပင် ပါးစပ်ကိုဟကာ မိုးပေါ်သို့မော့လိုက်ပြီး မိုးနီရေများကိုသောက်သုံးဖို့ ပြင်လိုက်သည်။
မိုးနီရေစက်များ သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာကြပေသည့် မည်သည့်မိုးနီစွမ်းအင်ကိုမှ သူမခံစားရပေ။
သူ့မျက်စိရှေ့တွင် ရွာသွန်းနေသောမိုးစက်နီများကို ထင်းထင်းကြီးမြင်တွေ့နေရပေသည့် တကယ်ဖြစ်နေခြင်းမဟုတ်ဘဲ သူကသာ ထင်ယောင်ထင်မှားဖြစ်နေခြင်းလားဟု ခံစားရစေ၏။
"မဟုတ်မှ ဒီကမ္ဘာကမိုးနီကြီးက အတုများလား"
လီနန်ခယ့် တိတ်ဆိတ်စွာတွေးတောမိသည်။
ထိုစဥ် သူ့ထံသို့ နှေးကွေးလေးလံစွာ ဦးတည်လျှောက်လှမ်းလာသော ပုံရိပ်တစ်ခုကို အဝေးတစ်နေရာဆီမှ လှမ်းမြင်လိုက်ရ၏။
ထိုပုံရိပ်သည် အရပ်ကတော့အတော်လေးပုသည်။
ဗီဇစိတ်မှသတိပေးလာသော အန္တရာယ်အငွေ့အသက်ကြောင့် လီနန်ခယ့်သည် ကိုယ်ပျောက်သင်္ကန်းကို လူပေါ်ခြုံလွှမ်းလိုက်ကာ သစ်ပင်တစ်ပင်၏နောက်တွင် ပုန်းကွယ်နေလိုက်၏။
အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ပိုသည်းလာသောမိုးစက်များကြား ထိုပုံရိပ်ကို တဖြည်းဖြည်းကွဲပြားစွာမြင်လာရသည်။ ကလေးမငယ်လေးတစ်ဦးပင်။
ကလေးမလေးသည် အဖြူရောင်ဂွမ်းအင်္ကျီတစ်ထည်အား ဝတ်ဆင်ထားခဲ့၏။
သူမသည် လိုက်ကာကြီးတစ်ခုချထားသကဲ့သို့ မစဲနိုင်စွာရွာသွန်းနေသည့် မိုးနီစက်များအလယ်တွင် လွန်စွာထင်ရှားပေါ်လွင်နေခဲ့သည်။
သူမလက်ထဲတွင်တော့ ကြိုးမျှင်တချို့ကို စုလျက်ဆုပ်ကိုင်ထား၏။ ထိုကြိုးမျှင်များအဆုံးတွင် မိုးပျံပူဖောင်းအချို့ ပျံသန်းလိုက်ပါနေခဲ့သည်။
သို့သော် ထိုပျံသန်းနေသည့်ပူဖောင်းများကို လီနန်ခယ့် သေချာမြင်လိုက်ရချိန်တွင် နှလုံးသားကြီးပေါက်ကွဲထွက်တော့မတတ် ကြောက်လန့်သွားခဲ့ရသည်။ ထိုပူဖောင်းများမှာ လူသားခေါင်းများဖြစ်နေသည်ပင်။