← Chapters

လူခေါင်းပူဖောင်း

Vol. 21 Ch. 208

လူခေါင်းပူဖောင်း

Vol. 21 Ch. 208

မျိုးသားများ၊ အမျိုးသမီးများ သက်ကြီးရွယ်အိုများသာမက ကလေးသူငယ်ခေါင်းများပါ ပါဝင်နေလေသည်။

ထိုခေါင်းအားလုံးမှာ မျက်လုံးများပွင့်ဟနေပြီး ထိုမျက်လုံးများထဲတွင် အနီရောင်အလင်းတန်းတစ်ခုစီရှိနေသည်။

လီနန်ခယ့် အသံမထွက်မိအောင် ပါးစပ်နှင့်နှာခေါင်းကို လက်နှင့်ဖိပိတ်ထားလိုက်ပြီး အရိပ်များထဲခိုကာ သူ့ခန္ဓာကိုယ်ကို မရရအောင် ဖုံးကွယ်ပုန်းအောင်းနေမိသည်။

ကံကောင်းထောက်မစွာဖြင့် ကလေးမလေးသည် ရေကန်ကိုကျော်ကာ အဝေးဆီသို့ဆက်လျှောက်သွားပြီး သူ့မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့၏။

လီနန်ခယ့်မှာ သူ့အာရုံကြောများ ပြတ်ထွက်လုနီးပါးပင် တင်းတောင့်နေမိသည်။

သူ စိတ်အေးလက်အေး သက်ပြင်းချမည်မှမကြံရသေး လက်ချောင်းကြားထဲက စေးကပ်ကပ်ခံစားချက်ကို သတိပြုလိုက်မိ၏။ ဘေးကိုလှည့်ကြည့်မိတော့ သူကွယ်ပုန်းနေခဲ့သောသစ်ပင်ကြီးမှာ မျက်စိရှေ့တွင်ပင် သူ၏ နီမြန်းစေးကပ်နေသော အနီရောင်ကိုယ်လုံးကြီးကို ဝှေ့ယမ်းသောင်းကျန်းကာ သစ်ကိုင်းများသည်လည်း လက်တံခြေတံများပမာ အသက်ဝင်လာပြီး တွန့်လိမ်လှုပ်ရှားလာသည်အား တွေ့လိုက်ရသည်။

"ချီး"

လီနန်ခယ့် အလန့်တကြားဖြင့် နောက်သို့အမြန်ဆုတ်ပြေးမိသည်။

ထိုစဥ် အုန်းခနဲ ပေါက်ကွဲသံကျယ်ကြီးအား ကြားလိုက်ရ၏။ သည်းသည်းမည်းမည်းရွာသွန်းနေသော မိုးနီများကြား အဝေးတစ်နေရာတွင် ဘောလုံးကွင်းတစ်ခုမျှ လုံးပတ်ကြီးမားလှသည့် ဧရာမ မိစ္ဆာသတ္တဝါကြီးတစ်ကောင် ဖြည်းဖြည်းချင်း ဖြတ်သန်းလျှောက်လှမ်းသွားသည်အား မြင်လိုက်ရပြန်သည်။

ထိုမိစ္ဆာကြီးတွင် လူတစ်ယောက်ကဲ့သို့ ခြေလက်လေးဖက်စုံလင်ပါသော်လည်း သူ့ခေါင်းမှာမူ အသံချဲ့စက်အသေးစားလေးတစ်လုံးနှင့် တူလှ၏။

အနီရောင် အမြှုပ်တစီစီများကလည်း ပါးစပ်ထဲမှ တသွင်သွင်စီးကျနေလျက်။

ထိုအနီရောင်အမြှုပ်များသည် လီနန်ခယ့်၏အကြည့်အား မှော်အစွမ်းသုံးထားသည့်အလား ဖမ်းစားနေခဲ့လေ၏။ သူ ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ထက်မော့ကြည့်မိပြန်တော့ ပို၍ပင်ထိတ်လန့်အံ့သြစရာမြင်ကွင်းတစ်ခုက စောင့်ကြိုနေခဲ့သည်။

အနီရင့်ရောင် မိုးတိမ်ထူထူများက ယခုတွင် ကျယ်ပြောလှသောသမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းသွားခဲ့လေပြီ။

လီနန်ခယ့်၏အမြင်မှကြည့်လျှင် ကောင်းကင်သမုဒ္ဒရာကြီးထဲတွင် ဧရာမလှိုင်းလုံးကြီးများ တရဟော ဆူပွက်နေခဲ့သည်။ အမျိုးအမည် သတ်မှတ်၍မရနိုင်သည့် မိစ္ဆာသတ္တဝါကြီးများသည် ပင်လယ်ပြင်ကြီးထဲမှ တစ်ကောင်ပြီးတစ်ကောင် ခုန်ထွက်လာခဲ့ကြပြီးနောက် ပြန်လည်နစ်မြုပ်သွားကြတတ်သည်။ လူကို အသက်ရှူစေရပ်မတတ် ထူးဆန်းကြောက်မက်ဖွယ်ကောင်းလှ၏။

လီနန်ခယ့်သည် ကမ္ဘာပျက်ကပ် သို့မဟုတ် ပြောင်မြောက်လှသောဖန်တီးချက်များဖြင့် မိစ္ဆာမကောင်းဆိုးဝါးရုပ်ရှင်များကို အမြောက်အများကြည့်ခဲ့ဖူးပါသည်။

သို့သော် ဤကြောက်စရာကမ္ဘာဆန်းကြီးတွင် လူကိုယ်တိုင်ရောက်ရှိနေချိန် ပုံမှန်မဟုတ်သော အင်အားကြီးအရာများက သူ့ပတ်ပတ်လည်တွင် မနားတမ်းပေါ်လာကြချိန်၌ အားကိုးရာမဲ့မှုမှလွဲ၍ ဘာကိုမှမခံစားနိုင်တော့ချေ။

တစ်ခုပြီးတစ်ခု ဆင့်ကဲထွက်ပေါ်လာသော ထိတ်လန့်အံ့သြစရာများက ဖိအားကြီးလွန်းလှကာ ကြည့်ဖူးသမျှရုပ်ရှင်များပင် အသုံးမဝင်လေတော့။

ပတ်ဝန်းကျင်ရှုခင်းများ ပိုမို၍ ထူးဆန်းဆိုးဝါးလာသည်ကို မြင်ရသောအခါ ပြင်းထန်လှသည့်အန္တရာယ် အငွေ့အသက်များသည် အမျိုးသား၏အာရုံကြောများအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး လီနန်ခယ့်သည် ဘာမှဆက်မတွေးနိုင်တော့ဘဲ မင်္ဂလာခန်းမဆီသို့ အမြန်ပြေးလွှားလေတော့၏။

သုံးလေးလှမ်းမျှသာ ပြေးရသေးချိန်တွင် တာအိုရသေ့ကြီးများပေါ်ထွက်လာကာ သူ့လမ်းကို ပိတ်ဆို့လာကြသည်။

ထိုတာအိုရသေ့များ၏ အဝတ်အစားများသည် စုတ်ပြဲနေခဲ့ပြီး ခန္ဓာကိုယ်များက ပုံမှန်အရွယ်အစားရှိနေသော်ငြား မျက်နှာများက ပုံပျက်ပန်းပျက် တွန့်လိမ်ရှုံ့တွနေကာ အင်းစာရွက်များနှင့် ဖြစ်သလိုစည်းပတ်ခြင်းခံထားရ၏။

လမ်းလျှောက်လာစဥ်တွင်လည်း ငွေစက္ကူများကို ဖြန့်ကျက်ကျဲပက်နေကြသေးသည်။

အဖြူရောင်ဝတ်စုံဝတ် တစ္ဆေသရဲများသည်လည်း ၎င်းတို့၏ပတ်ပတ်လည်တွင် လွင့်မြောနေကြပြီး ခိုကိုးရာမဲ့ လေလွင့်ဝိဉာဉ်များနှင့် တူလှ၏။

လီနန်ခယ့် ပါးစပ်နှင့်နှာခေါင်းကို တင်းတင်းဖိပိတ်ထားလိုက်မိပြန်သည်။ သူ့နှလုံးသားမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် အပြင်းအထန်တုန်ယင်နေလေပြီ။ ဤကိုယ်ပျောက်သင်္ကန်းမှာလည်း အချိန်ကန့်သတ်ချက်ရှိသောကြောင့် အချိန်ကုန်သွားပါက သူ့ဆီ အကုန်လုံးပြေးဝင်လာကြမလား မသိနိုင်ပေ။

ထိုရသေ့ကြီးများ အဝေးသို့ရောက်သွားချိန်မှ လီနန်ခယ့် ရူးသွပ်သွားသလို တရကြမ်းပြေးလွှားလေတော့၏။

ကံကောင်းထောက်မစွာဖြင့် အိမ်သို့အပြန်လမ်းတွင် မည်သည့်ထူးထူးဆန်းဆန်းအကောင်မှ ထပ်ပေါ်မလာခဲ့သောကြောင့် မကြာမီမှာပင် မင်္ဂလာခန်းမဆီသို့ သူပြန်ရောက်လာခဲ့သည်။ အံ့သြစရာတစ်ချက်မှာ အခန်းတံခါးပွင့်ဟနေခြင်းပင်။

လီနန်ခယ့်လည်း ကျိုးကြောင်းတွေးချိန်မရဘဲ တံခါးဆီသို့သာ ပစ်ဝင်လိုက်တော့၏။

စူးရှနီမြန်းသော အလင်းတန်းတစ်ခုသည် ချက်ချင်းပင် ဖြာထွက်လာခဲ့သည်။ လီနန်ခယ့်သည် စူးလွန်းသောအလင်းကြောင့် မျက်လုံးကိုမှိတ်ချလိုက်မိပြီး ပြန်လည်ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ နေရာတွင်ပင် ကြောင်အမ်းကာ အေးခဲသွားခဲ့ရသည်။

ဤနေရာသည် မင်္ဂလာခန်းမ မဟုတ်ချေ။

ဘယ်ကရောက်လာမှန်းမသိသော ဧရာမဂူကြီးတစ်ခုသာ ဖြစ်ပေ၏။

ရေတွက်၍မရနိုင်သည့် သွေးအသိုက်အမြုံများ၊ ဆင်နှာမောင်းများနှင့်တူသော သွေးရောင်လက်တံရှည်ကြီးများ ဧရာမပင့်ကူအိမ်ကြီးများဖြင့် ရှုပ်ထွေးယှက်တင်နေသည့် ဂူကြီးတစ်လုံသာ ဖြစ်ပေတော့သည်။

"ဒါက...."

လီနန်ခယ့်၏ခန္ဓာကိုယ်မှာ ထိန်းချုပ်မရစွာ တုန်ယင်သွားခဲ့သည်။

ဆန်တက်လာသောကြောက်စိတ်က သူ့မှတ်ဉာဏ် အနက်ရှိုင်းဆုံးတစ်နေရာမှ အဖြစ်အပျက်တချို့ကို ထူးထုတ်ပေးလိုက်သကဲ့သို့ သူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာစွဲထင်သွားသဖြင့် မည်သို့မျှ တွန်းလှန်၍မရနိုင်ခဲ့ချေ။

အဝေးတစ်နေရာတွင် အပြာဖျော့ရောင် အလင်းလုံးလေးတစ်ခုက ဖျော့တော့စွာတောက်ပနေခဲ့သည်။

လီနန်ခယ့် မသိလိုက်စွာပင် ထိုအလင်းလုံးရှိရာသို့ လျှောက်လှမ်းသွားမိခဲ့သည်။

သစ်ပင်ကြီးတစ်ပင်၏အရှေ့သို့ သူရောက်လာခဲ့၏။

ထိုဧရာမ သစ်ပင်မြစ်ကြီးများသည် စပါးအုန်းမြွေကြီးများကဲ့သို့ တွန့်လိမ်ယှက်တင်နေခဲ့ကြပြီး ၎င်းတို့ပေါ်တွင် အနီပုပ်ရောင်သွေးကွက်များ စွန်းထင်နေခဲ့သည်။

မြေပြင်ထက်တွင်လည်း သွေးကန်တစ်ခုကို တွေ့ရနိုင်ပြီး ပြင်းရှသော သွေးညှီနံ့ပုပ်ပုပ်ကို ခံစားရနိုင်သည်ပင်။

သစ်ပင်ကြီး၏အောက်တွင် မိန်းကလေးငယ်တစ်ဦး ထိုင်နေခဲ့သည်။

အမျိုးသမီးငယ်သည် သေးသွယ်ပိန်ပါးကာ အားနည်းချိနဲ့ဟန်ပေါ်ပြီး ဘယ်ဘက်ခြေထောက်ပေါ်သို့ ညာဘက်ခြေထောက်အား ချိတ်တင်ထားသည်။ ထိုဟန်ပန်မှာ အလွန်ကျော့ရှင်းသေသပ်ကာ အထက်တန်းဆန်လှပြီး ပင်တိုင်စံမင်းသမီးတစ်ပါးအလား ထင်မှတ်ရစေ၏။

လက်တစ်ဖက်ကို ပေါင်ပေါ်သာတင်ထားကာ တစ်ဖက်ကိုတော့ ဒူးပေါ်မှတစ်ဆင့် တွဲလောင်းချထား၏။

အနီးကပ်ကြည့်လိုက်မည်ဆိုလျှင်တော့ သူမတွင် အခြားလက်တစ်စုံ ထပ်ရှိနေသေးပြီး ထိုလက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်တွင် တွဲလောင်းချထားသည်အား မြင်တွေ့ရပေမည်။

ပို၍ အံ့သြထိတ်လန့်ဖွယ်ကောင်းသည်ကား သူမသည် လူအစစ်တစ်ယောက်နှင့် တူမနေခြင်းဖြစ်သည်။

သူမ၏ခန္ဓာကိုယ်မှ ပေါ်လွင်နေသောအစိတ်အပိုင်းများကို ကြည့်လိုက်လျှင် လျှော်ကြိုးအစုအဝေးများသည် တောက်ပသည့်အပြာရောင်အလင်းတန်းများ ဖြာထွက်နေခဲ့ကြပြီး သူမကို ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ချည်နှောင်ထားသည်အား တွေ့ရမည်ဖြစ်၏။

မျက်လုံးတစ်ဖက်က မသိမသာလေးပွင့်နေကာ အပြာဖျော့ဖျော့အလင်းလေး လျှံထွက်နေခဲ့သည်။ တစ်ဖက်ကတော့ ဒဏ်ရာရထားဟန်ဖြင့် လုံးလုံးပိတ်နေခဲ့ကာ မပြည့်စုံသောအလှတရားတစ်ခုကို တစ်မျိုးတောက်ပစေခဲ့၏။ ထို့အပြင် သူမခန္ဓာကိုယ်သည် လတ်လတ်ဆတ်ဆတ်ထွက်ထားသော သွေးစများဖြင့် ပေကျံစွန်းထင်းနေခဲ့သည်ပင်။

"ကျွန်မရဲ့ရှင်ဘုရင်လေး ရှင်ရောက်လာခဲ့ပြီပဲ"

အထီးကျန်ဆန်လှသော အသံတစ်သံသည် မိုးကုပ်စက်ဝိုင်းအစွန်းတစ်ဖက်မှ လွင့်ပျံလာသည့်အလား။

လီနန်ခယ့်၏ခေါင်းမှာ ပြင်းစွာသောနာကျင်မှုဖြင့် ထိုးကိုက်သွားရကာ သူ့ခေါင်းကို တစ်ယောက်ယောက်က အသီးခွာသည့်ဓားထက်ထက်ဖြင့် တစ်လွှာချင်းခွာချနေသည့်အလား ခံစားနေရသည်။ မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများက သံလက်သည်းထက်ထက်များအဖြစ် ပုံစံပြောင်းကာ သူ့ဦးနှောက်ကိုထိုးဖောက်နေသကဲ့သို့ရှိသောကြောင့် လက်ရှိတွင် ဘာတစ်ခုကိုမှစဥ်းစားလို့မရခဲ့။

ရုတ်တရတ် ထူးဆန်းသော စူးရှရှရယ်သံတစ်ခုသည် အခြားတစ်ဖက်ဆီမှ ထွက်ပေါ်လာပြန်၏။

လီနန်ခယ့် ကိုက်ခဲနေသောခေါင်းကို လက်ဖြင့်ဖိကိုင်ရင် အသံလာရာသို့လှမ်းကြည့်လိုက်သည်။

ဝေဝါးနေသောအမြင်တွင် တွန့်လိမ်ရှည်လျားသော ပုံရိပ်တစ်ခုသည် မဝေးသောတစ်နေရာတွင်ရပ်ကာ သူ့ကို လှောင်ပြောင်ဟားတိုက်နေသည်အား တွေ့လိုက်ရ၏။

ထိုရယ်မောသံသည် ဇီးကွက်တစ်ကောင်၏ရယ်သံအလား သူ့ကျောတစ်ပြင်လုံးအား ကြက်သီးဖြန်းဖြန်းထစေခဲ့၏။

"ရှင်က ကယ်တင်ရှင်မဖြစ်နိုင်ပါဘူး နန်ခယ့်ရယ်၊ အဲ့ဒီရသေ့အိုကြီး ပြောတဲ့စကားတွေကို နားမယောင်စမ်းပါနဲ့"

All Chapters