← Chapters

ရင်ကိုခွဲသော ဇနီးသည်

Vol. 21 Ch. 209

ရင်ကိုခွဲသော ဇနီးသည်

Vol. 21 Ch. 209

ဘယ်ကလာမှန်းမသိသော အသံတစ်ခုက စူးရှရင့်သည်းစွာ ဆက်ပြောနေဆဲဖြစ်သည်။

"ကျင့်ကြံရေးလမ်းအစစ်အမှန်ဆိုတာ ဒါပါပဲ။ ဒါက မိုးနီရေရဲ့ တာအိုလမ်းစဥ်ပဲ။ ရှင်တို့အားလုံးသာ လမ်းမှားနေခဲ့ကြတာ။ နတ်ဘုရားတစ်ပါးဖြစ်ဖို့အတွက် မိစ္ဆာတစ်ကောင် အရင်ဖြစ်ပေးရမယ်လေ"

"မင်း မင်း... မင်းဘယ်သူလဲ"

လီနန်ခယ့် စိတ်ပျက်အားလျော့စွာဖြင့် ထိုင်ခုံလက်ရန်းကို တင်းတင်းဆုပ်ထားကာ အသိစိတ်တို့ တဖြည်းဖြည်းလွင့်ပျယ်ပျောက်ဆုံးကုန်သည်အား ခံစားမိနေ၏။ သူ အံတင်းတင်းကြိတ်ကာ မေးလိုက်မိသည်။

တစ်ဖက်လူက သူ့မေးခွန်းကိုပြန်မဖြေဘဲ အေးတိအေးစက်လှောင်ရယ်လာသည်။

"ရှင်သူတို့ကို မကယ်နိုင်ပါဘူး... ရှင်ချစ်တဲ့မိန်းမတွေအားလုံး နောက်ဆုံးတော့ အခေါင်းထဲမှာလှဲအိပ်သွားရမှာချည်းပဲ"

ရုတ်ချည်းပင် လက်တစ်ဖက်က လီနန်ခယ့်ပုခုံးပေါ်သို့အသာတင်လာသည်။

"မင်းရဲ့နှလုံးသားအစစ်ကို သေချာကာကွယ်ထားစမ်းပါ"

သက်ကြီးရွယ်အိုတစ်ဦး၏ စကားသံတုန်တုန်က သူ့နားဆီသို့ရိုက်ခတ်လာသည်။

ချက်ချင်းပင် လီနန်ခယ့်သည် တာအိုဝတ်ရုံအားဆင်မြန်းထားသော သက်ကြီးရွယ်အိုတစ်ဦးသည် လက်သင်္ကေတများပြုလုပ်ကာ ဂါထာမန္တန်များရွတ်ဖတ်နေသည်အား ဝိုးတဝါးလှမ်းမြင်လိုက်ရ၏။

"ယင်နှင့်ယန်၏ အတားအဆီး၊ အပြောင်းအလဲများက ပုံသဏ္ဌာန်ကို ခွဲခြားသည်။ ခန်နှင့်လီက ပြောင်းပြန်သဘောတရားသက်ရောက်ပြီး ဓာတ်ကြီးငါးပါးကို ဖြန့်ကျက်သည်... ပြည့်စုံခြင်းက ဝိဉာဉ်ကို မွေးဖွားစေပြီး၊ မပြည့်စုံခြင်းက သေခြင်းတရားကို သယ်ဆောင်လာသည်။ နတ်ဘုရားတာအိုကို မဖြစ်မနေ ကာကွယ်ရမည်၊ တစ္ဆေတာအိုက မကောင်းမှုဘက်သို့ လမ်းခင်းသည်... လူသားများသည် ကောင်းကင်တာအိုကို ရှာဖွေကြလော့၊ တစ္ဆေတံခါးကို အမြန်ရှောင်ရှားကြလော့..."

တောက်ပစူးရှလှသည့် အဖြူရောင်အလင်းတန်းတစ်ခုက တာအိုရသေ့ကြီး၏ပတ်ပတ်လည်တွင် နေမင်းတစ်စင်းကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တွင် တွားသွားစုဝေးကာ အန္တရာယ်ပြုဖို့ပြင်နေကြသော သွေးပိုးကောင်များနှင့် သွေးလက်တံကြီးများကို ချက်ချင်းပင် မီးလောင်ပြာကျသွားစေခဲ့သည်။

"ကောင်းကင်လှေကား"

တာအိုရသေ့ကြီး၏ ဒေါသတကြီး အော်ဟစ်အမိန့်ပေးသံနှင့်အတူ လီနန်ခယ့်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပေါ့ပါးလွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ကြောက်လန့်တကြား မှိတ်ချလိုက်မိသောမျက်လုံးကို ဇွတ်အတင်းဖွင့်ကြည့်လိုက်သည့်အခါ မိမိနှင့် တာအိုရသေ့အိုကြီးတို့သည် ကောင်းကင်ယံဆီသို့ တိုက်ရိုက်သွယ်တန်းနေသည့် လှေကားတစ်ခုဆီသို့ အမောတကောပြေးတက်နေကြသည်အား အံ့သြခြင်းကြီးစွာ တွေ့လိုက်ရလေသည်။

ကောင်းကင်ယံထက်တွင်မူ နတ်ဘုံနတ်နန်းမှ တံခါးကြီးတစ်ချပ်က ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့သည်။

ဂူထဲတွင်ရှိခဲ့စဥ်ကလို မှောင်မိုက်ပြီး စက်ဆုပ်ဖွယ်ရာလေထုအငွေ့အသက်နှင့် လားလားမှမဆိုင်စွာ ဤနတ်တံခါးကြီးသည် နွေးထွေးလုံခြုံပြီး သက်တောင့်သက်သာရှိလှသည့် အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေခဲ့၏။

ဤနတ်တံခါးကို ဖြတ်သန်းသွားနိုင်ရုံမျှဖြင့် ငြိမ်းချမ်းသာယာသည့် နတ်ဘုံပြည်ထောင်ဆီသို့ ရောက်ရှိသွားနိုင်မည့် ခံစားချက်မျိုးပင်။

"မကောင်းတော့ဘူး"

ရုတ်တရက် တာအိုရသေ့အိုကြီးက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

လီနန်ခယ့် သူ့ကိုပြန်တုံ့ပြန်ဖို့ အချိန်မရသေးခင်မှာပင် မူလက ကျက်သရေပြည့်ဝသည့်အလင်းတန်းများကို ထုတ်လွှင့်ဆီးကြိုနေသည့် နတ်တံခါးကြီးထဲမှ သွေးရေစီးကြောင်းကြီးများသည် ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ တရဟော လျှံကျလာခဲ့တော့သည်။

လီနန်ခယ့်သည် ချက်ချင်းပင် မူးမိုက်သွားခဲ့ရသည်။

ဝေဝါးဝါးအတွေးအာရုံများကြား သူသည် နတ်တံခါးကြီး၏အတွင်း၌ ဥက္ကာခဲများဝန်းရံလျက် တိတ်ဆိတ်စွာ လေပေါ်ပျံသန်းစံပယ်နေသည့် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူကို လှမ်းမြင်လိုက်ရသည်။

သို့သော်လည်း ထိုရုပ်ပွားတော်ကြီး၏မျက်နှာက တစ်ဝက်က ကရုဏာသက်ဟန်ရှိပြီး ကျန်တစ်ဝက်ကမူ ရက်စက်ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ စွန်းထင်းနေခဲ့၏။

၎င်းသည် ကမ္ဘာမြေပေါ်က အေးချမ်းသပ္ပာယ်လှသော ဗုဒ္ဓရုပ်ပွားတော်များနှင့်မျှ လုံးဝမတူချေ။ ဗုဒ္ဓ၏ပုံပန်းသဏ္ဌာန်ပင် ဖြစ်ပါသော်ငြား အစိတ်အပိုင်းအမျိုးမျိုးကို ဖာထေးစပ်ဆက်ထားသည့် ကျိန်စာမိရုပ်တုတစ်ခုလို့သာ ထင်ရစေသည်။

ထို့အပြင် ထိုရုပ်ပွားတော်ကြီး၏အနောက်တွင် အနန္တစကြဝဠာ၏ အနက်ရှိုင်းဆုံးတစ်နေရာမှ ရုပ်ပွားတော်ကို ပုန်းကွယ်စောင့်ကြပ်နေဟန်ရှိသည့် အလွန်တရာကြီးမားလှသော ရေဘဝဲပုံမိစ္ဆာကြီးတစ်ကောင် ရှိနေသေး၏။

ထိုရုပ်ပွားတော်ကြီးက ပန်းတစ်ပွင့်ကိုကိုင်ဆောင်ထားရင်း သွားများပေါ်အောင်ပြုံးလိုက်ပြီး ခြောက်ခြားဖွယ် တဂီးဂီးအသံကြီးကို ထုတ်လွှတ်လာလေသည်။

"သူ့ကိုသတ်လိုက်တော့"

တာအိုရသေ့ကြီး၏အသံက သူ့နားထဲသို့ ထပ်မံရောက်ရှိလာပြန်သည်။

လီနန်ခယ့်သည် အင်္ကျီကော်လာကို ဆောင့်ဆွဲဖြဲခံလိုက်ရသည်အား ခံစားလိုက်ရပြီး နူးညံ့လှသည့်လက်တစ်ဖက်က သူ၏ရင်ဘတ်သားပေါ်သို့ ကျရောက်ထိတွေ့လာခဲ့သည်။ အထိအတွေ့နှင့်အတူ အမျိုးသမီးတစ်ဦး၏ တိုးညင်းညင်းအသံပါ တွဲပါလာလျက်။

သို့သော်လည်း လီနန်ခယ့်သည် ခေါင်းတစ်ခုလုံး မူးမိုက်နာကျင်နေခဲ့သဖြင့် ထိုစကားလုံးများကို သေသေချာချာ နား‌ထောင်လိုက်နိုင်စွမ်းမရှိချေ။

ထိုအသံမှာ သူ့အတွက် အလွန်ရင်းနှီးနေသည်ကိုသာ သတိပြုလိုက်မိ၏။

နောက်တစ်စက္ကန့်တွင်မူ ထိုလက်သည် လက်ချောင်းငါးချောင်းကိုကွေးလိုက်ပြီး လက်သည်းများကို လီနန်ခယ့်၏ရင်ဘတ်ထဲသို့ ထိုးစိုက်ချလိုက်တော့သည်။

ထို့နောက် သွေးချင်းချင်းနီနေသည့် နှလုံးသားတစ်စုံကို အတင်းအကျပ် ဆွဲထုတ်လိုက်တော့၏။

လီနန်ခယ့် သတိပြန်လည်လာချိန်တွင်မင်္ဂလာခန်းမထဲ ပြန်လည်ရောက်ရှိနေသည်ကို သိလိုက်ရသည်။ မင်းသမီးရှန်းယွမ်က သူ့ဘေးတွင် စိုးရိမ်တကြီးရှိနေပြီး အနည်းငယ် အားနည်းဖျော့တော့နေဟန်လည်းရှိ၏။

"ယောက်ျား"

အမျိုးသားနိုးထလာသည်ကို မြင်သောအခါ မင်းသမီး၏ ခပ်ဖျော့ဖျော့ မျက်နှာလှလှမှာ ဝမ်းသာအားရ လင်းလက်လာလေသည်။

"ငါဘာဖြစ်သွားတာလဲ"

လီနန်ခယ့်က သူ့ခေါင်းသူ အသာပုတ်ကြည့်လိုက်သည်။ အစောလေးတင်ကမှ ပြင်းစွာခံစားခဲ့ရသော နာကျင်ကိုက်ခဲမှုများ လုံးဝလစ်ဟင်းကာ သူ့မှာ ဇဝေဇဝါကြီးမူးဝေနေလျက်ရှိသည်။

စိတ်အာရုံနှင့် ဝိညာဥ်စွမ်းအင်များကို အလွန်အမင်းအသုံးပြုထားရသည့် မင်းသမီးရှန်းယွမ်သည် ကုလားထိုင်တစ်လုံးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်၏။ အနည်းငယ် ဖြူဖျော့သွေးဆုတ်နေသည့် မျက်နှာနှင့်အတူ သူမက ခပ်ပြုံးပြုံးညည်းတွားလာသည်။

"ရေကန်သခင်မက ရှင့်ရဲ့စိတ်ဝိညာဥ်ကမ္ဘာကို ဖမ်းစားလိုက်တာလေ။ ရှင် မိုးနီတွေကြားပိတ်မိပြီး ပြန်လာလို့မရတော့မလိုဖြစ်သွားတာပဲ"

စိတ်ဝိညာဉ်ကမ္ဘာလား။

လီနန်ခယ့်သည် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို အသည်းအသန်ပြန်လည်စဉ်းစားရန် ကြိုးစားခဲ့သော်လည်း အံ့သြဖို့ကောင်းစွာပင် အိပ်မက်တစ်ခုကဲ့သို့ ပြန့်ကျဲနေသောမှတ်ဉာဏ်အချို့မှအပ ဘာမှမကျန်ရစ်ခဲ့။

သူလည်း အားစိုက်စဥ်းစားမနေတော့ဘဲ မျက်မှောင်ကြုတ်လိုက်ရင်း ဆိုသည်။

"ထူးဆန်းတယ်နော်။ အဲ့မိန်းကလေးနာမည်ကို ငါပီပီသသ အော်ခေါ်ခဲ့တာပဲ၊ ဘာလို့ အလုပ်မဖြစ်ခဲ့တာလဲ။ ဒီနည်းက ခေါင်းပြတ်သတို့သမီးနဲ့ပဲအလုပ်ဖြစ်ပြီး တခြားမိစ္ဆာတွေကို လုပ်လို့မရတာမျိုးလား။"

"ချူရှီနျန်က ပြည့်တန်ဆာအိမ်ကမိန်းကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတာ၊ ဒါကြောင့် ဖြစ်နိုင်တာက..."

မင်းသမီးရှန်းယွမ်က ရည်ရွယ်ချက်ရှိရှိဖြင့် သဲလွန်စပေးကာ စကားချန်လိုက်သည်။

လီနန်ခယ့်သည် ဆတ်ခနဲဖြစ်သွားပြီး တစ်စုံတစ်ရာကိုနားလည်သွားခဲ့ကာ ကိုယ့်နဖူးကိုယ်သာ ဖြန်းခနဲပိတ်ရိုက်မိလိုက်တော့၏။

"ဟုတ်သားပဲ။ ပြည့်တန်ဆာအိမ်ကလူမှန်းမေ့သွားတာ။ ချူရှီနျန်ဆိုတဲ့နာမည်က သူ ပြည့်တန်ဆာအိမ်ထဲကိုရောက်သွားပြီးတဲ့နောက်မှ ပြောင်းလိုက်တဲ့နာမည် ဖြစ်နေနိုင်တယ်။ ဒါဆို နာမည်ရင်းကို မသိနိုင်သေးဘူးပဲ"

"ငါတကယ်ပဲ အဲ့တစ်ချက်ကိုမစဥ်းစားမိလိုက်ဘူး၊ တုံးအလိုက်တာ"

"အဲ့အမျိုးသမီး ချူရှီနျန်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ အဲ့လောက်ဒေါသထွက်သွားတာ မဆန်းတော့ပါဘူး။ လူ့ဘဝမှာ သူ့ရဲ့အကြီးမားဆုံးစိတ်ဒဏ်ရာ ဖြစ်ခဲ့တာမဟုတ်လား။ ငါ‌တော့ သေတွင်းထဲကို ကိုယ်တိုင်ခုန်ဆင်းမိလိုက်တာပဲ"

လီနန်ခယ့် အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

သူ ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"ထားလိုက်ပါတော့၊ လောလောဆယ်တော့ အပြင်ကိုအရင်ပြန်ပြီး ထပ်စုံစမ်းကြည့်ဦးမယ်။ ရှောင်းရှောင်းပြန်လာတဲ့အခါ ခဏတော့ ဒီမှာပဲဘေးကင်းအောင် နေခိုင်းထားလိုက်။ နောက်တစ်ခေါက်အပြင်ထွက်ရင် သူပါရင် အကူအညီရလောက်မယ်ထင်တယ်"

"ဟုတ်ပြီ"

မင်းသမီးရှန်းယွမ်က ခေါင်းလေးကို အသာညိတ်ပြလိုက်သည်။

လီနန်ခယ့် ဘာမှထပ်မပြောတော့ဘဲ သေနတ်ကိုကောက်ကိုင်လိုက်ပြီး သူ့နဖူးသူချိန်ကာ မဆိုင်းမတွ ပစ်ခတ်လိုက်တော့၏။

သူ၏ပုံရိပ်သည် မင်္ဂလာခန်းမထဲကနေ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့သည်။

ထိုအမျိုးသား ထွက်ခွာသွားပြီးနောက်တွင်မှ မင်းသမီးရှန်းယွမ်သည် အင်္ကျီလက်စအောက်တွင် မသိမသာဝှက်ထား‌သောလက်ကို ထုတ်ယူလိုက်တော့၏။ နူးညံ့ချောမွတ်ကာ သန့်ရှင်းဖြူစင်လှပါသည့် ထိုလက်ဖဝါးလေးထက်တွင် ယခုအခါ သွေးများ ချင်းချင်းနီစွန်းထင်းလျက်ရှိလေပြီ။

All Chapters