← Chapters

ဌာနတွင်းရန်ပွဲ

Vol. 21 Ch. 201

ဌာနတွင်းရန်ပွဲ

Vol. 21 Ch. 201

ခြံဝင်းငယ်လေးအတွင်းရှိ လေထုမှာ တင်းမာခက်ထန်နေသည်။

လူနှစ်စုသည် တစ်ဖက်ကိုတစ်ဖက် ဒေါသတကြီးစိုက်ကြည့်နေကြပြီး ထိုနှစ်စုမှာ ညကင်းလှည့်အဖွဲ့ချုပ်၏ ငှက်နီဌာနနှင့် လိပ်နက်ဌာနမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ယွီရှန့်ထျန်းသည် ယွင်ချန်ညကင်းလှည့်အဖွဲ့ချုပ် လိပ်နက်ဌာန၏ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦး ဖြစ်၏။

ဝါရင့်မှုအရပြောရလျှင် သူက လိန်ရှင်းနန်ထက် ပို၍စီနီယာကျပေသည်။

သူသည် ညကင်းလှည့်အဖွဲ့ချုပ်တွင် တစ်ဆယ့်ခြောက်နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့်အရာရှိတစ်ဦးဖြစ်ပြီး အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း အလွန်ထူးချွန်သူဖြစ်သည်။

လိန်ရှင်းနန် ညကင်းလှည့်အဖွဲ့ချုပ်သို့ မရောက်ရှိမီအချိန်က သူဦးဆောင်သော လိပ်နက်ဌာနသည် နဂါးပြာဌာနမှလွဲလျှင် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့ပြီး အထက်လူကြီးများ၏ အထူးတလည်မြှောက်စားခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း အလုပ်ကြိုးစားကာ ထက်မြက်သွက်လက်သည့် ခေါင်းဆောင်သစ်လိန်ရှင်းနန် ရောက်ရှိလာပြီးနောက်ပိုင်းတွင် သူသည် တဖြည်းဖြည်းနှင့်နောက်ရောက်သွားရကာ မျက်နှာသာပေးမခံရတော့ချေ။

ထို့ကြောင့် ညကင်းလှည့်အဖွဲ့ချုပ်တွင် အပေါ်ယံအားဖြင့် ခြုံကြည့်ရလျှင် ထိုသူသည် လိန်ရှင်းနန်အပေါ် အငြှိုးအတေးအထားဆုံးဖြစ်မည်ဟု သတ်မှတ်လို့ရသည်ပင်။

လိပ်နက်ဌာနနှင့် ငှက်နီဌာနတို့သည် အမှုအခင်းကိစ္စများကြောင့် မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိသည်။

ထို့ကြောင့် ယခုမြင်ကွင်းမျိုးမှာ သူတို့အတွက် အထူးအဆန်းမဟုတ်တော့ချေ။

"အရာရှိယွီ မနက်စောစောစီးစီး အားအင်တွေသိပ်ပြည့်ဝနေပါလား" လိန်ရှင်းနန်က အထဲသို့ လျှောက်လှမ်းဝင်ရောက်လာရင်း တစ်ဖက်လူထက် မလျော့သောလေသံဖြင့် အေးစက်စွာဆိုလိုက်သည်။

ယခင်က ဆူညံပွက်လောရိုက်နေခဲ့သော ခြံဝင်းငယ်လေးသည် လိန်ရှင်းနန်ပေါ်လာသည်နှင့် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။

လိပ်နက်ဌာနက လူများပင်လျှင် အသံတစ်ချက်မျှ မထွက်ရဲကြတော့ချေ။

ယွီရှန့်ထျန်းက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးရင်း ဆိုသည်။

"အဓိကလူရောက်လာတော့ ကောင်းတာပေါ့။ ကျွန်တော်ကတော့ အရာရှိလိန်တစ်ယောက် အပြင်မထွက်ရဲလို့ အထဲမှာဝင်ပုန်းနေပြီး လက်အောက်ငယ်သားတွေကို ကိုယ်စားလွှတ် မောင်းထုတ်ခိုင်းနေတယ်ထင်လို့"

လိန်ရှင်းနန်က စော်ကားမော်ကားစကားများကို လျစ်လျူရှုလိုက်ပြီး ယုန်မလေးမုန့်နှင့် သူ့အဖွဲ့သားများဘက်သို့သာ လှည့်မေးလိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ"

"အစ်မလိန်"

ယုန်မလေးမုန့်၏ ချစ်စရာမျက်နှာလေးမှာ မခံမရပ်နိုင်မှုများဖြင့် နီရဲတင်းမာလျက် ရှေ့သို့တိုးလာကာ တိုင်တည်ဖွင့်ဟလေ‌တော့သည်။

"လွန်ခဲ့တဲ့နှစ်ရက်က လျှို့ဝှက်ရတနာတိုက်ထဲက မိုးနီခိုးယူခံရတဲ့အမှုကို ကျွန်မတို့လက်ချက်ပါဆိုပြီး သူတို့က အတင်းစွပ်စွဲနေကြတာ။ ဒါက သက်သေမရှိဘဲ တမင်သက်သက်အနိုင်ကျင့်နေတာ မဟုတ်ဘူးလား"

လျှို့ဝှက်ရတနာတိုက် ဖောက်ထွင်းခံရသည့်အမှု။

လိန်ရှင်းနန်၏စိတ်ထဲ လှိုင်းတချို့ လှုပ်ခတ်သွားသည်။

သူမ မနေ့ကတည်းက ဤသို့ပြန်ရောက်လာစတွင်ပင် ထိုအမှုအကြောင်းကို ကြားသိခဲ့ရသည်။

လွန်ခဲ့သောနှစ်ရက်က ယွင်ချန်ညကင်းလှည့်အဖွဲ့ချုပ်၏ လျှို့ဝှက်ရတနာတိုက်တွင် ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး မကြာသေးမီကမှ အသစ်သိမ်းယူမိထားသော မိုးနီရေသန့်သေတ္တာတစ်လုံး ခိုးယူခံခဲ့ရလေသည်။

လွန်ခဲ့သောနှစ်တစ်ခုတွင် မိုးနီခိုးယူခံရခြင်းအမှုကြီးတစ်ခု အကြီးအကျယ်ဖြစ်ပွားပြီးနောက် အထက်လူကြီးများ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး နောင်တွင် သိမ်းယူရမိုးနီများ သိုလှောင်ထားသည့် လျှို့ဝှက်ရတနာတိုက်ကို ငှက်နီဌာန၊ လိပ်နက်ဌာနနှင့် ကျားဖြူဌာနတို့မှ အဖွဲ့ဝင်များ တလှည့်စီပူးတွဲစောင့်ကြပ်ရန် ဆုံးဖြတ်ခဲ့ကြ၏။

တာဝန်ကျအဖွဲ့ဝင်များသည် သိုလှောင်ခန်းတွင်းမှ မိုးနီအရေအတွက်ကို နေ့စဥ်မပျက်မကွက် သေသေချာချာရေတွက်ရပြီး အပြန်ပြန်အလှန်လှန် စစ်ဆေးရသည်။

လွန်ခဲ့သောနှစ်ရက်က နောက်ဆုံးအကြိမ် စာရင်းစစ်ဆေးပြီး ရေတွက်ခဲ့သူများမှာ ငှက်နီဌာနမှအဖွဲ့ဝင်များဖြစ်ကြ၏။

"အရာရှိယွီ ကျွန်မက တုန်းချီခရိုင်မှာ အမှုသွားစစ်ဆေးပြီး အခုမှပြန်ရောက်တာဆိုတော့ ဒီခိုးမှုအကြောင်း အသေးစိတ် သိပ်မသိသေးဘူးလေ"

လိန်ရှင်းနန်က တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။

"ဒါပေမဲ့ အရာရှိချုပ်က ဒီခိုးမှုကို နဂါးပြာဌာနကလူတွေ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ ပြောထားပြီးသားပဲ။ ရှင့်တို့လိပ်နက်ဌာနက ကိုယ်နဲ့မဆိုင်တဲ့အမှုကို ဘာကြောင့်စည်းကျော်ပြီး ဒီအထိလာရောက်စုံစမ်းနေရတာလဲဆိုတာ ရှင်းစမ်းပါဦး။ ကျွန်မနားမလည်နိုင်ဘူး"

"ပထမအချက်အနေနဲ့ ကျွန်တော် အမှုကိုစုံစမ်းနေတာမဟုတ်ဘူး။ ဒုတိယအချက်အနေနဲ့ ခင်ဗျားတို့ရဲ့ ငှက်နီဌာနကလူတွေက ကျွန်တော်တို့လူတွေကို အရင်စတင်စွပ်စွဲခဲ့တာ။ စာရင်းရေတွက်တဲ့အချိန်တုန်းက ကျွန်တော်တို့လိပ်နက်ဌာနကလူတွေက စာရင်းထဲမှာ ပစ္စည်းတစ်ခုကို တမင်ချန်ထားခဲ့ပါတယ်ဆိုပြီး စွပ်စွဲခဲ့ကြတာလေ"

ယွီရှန့်ထျန်း၏ အကြည့်များက မကျေမချမ်းတောက်လောင်လျက်။

"အခုတော့ နဂါးပြာဌာနက အခြေအမြစ်မရှိတဲ့ အဲ့ဒီစွပ်စွဲချက်ကြောင့် ကျွန်တော်တို့ရဲ့အတွင်းရေးကိစ္စတွေကို စုံစမ်းစစ်ဆေးနေပြီဆိုတော့ အရာရှိလိန်အနေနဲ့ ရှင်းလင်းချက်တစ်ခု မပေးသင့်ဘူးလား"

လိန်ရှင်းနန်၏ လှပသောမျက်ခုံးအစုံက အနည်းငယ်တွန့်ချိုးသွားပြီး နှုတ်ခမ်းလွှာကို တင်းတင်းစေ့ကာ အေးစက်မာကျောသောအသံဖြင့် ခပ်ပြတ်ပြတ်ဆိုသည်။

"ဒါက အခြေအမြစ်မရှိတဲ့စွပ်စွဲချက် ဟုတ်မဟုတ်ဆိုတာ ကျွန်မလည်းမသိဘူး။ ဒါပေမဲ့ ရှင်တို့လိပ်နက်ဌာနကလူတွေသာ အပြစ်တစ်စုံတစ်ရာမလုပ်ထားဘူးဆိုရင် စုံစမ်းစစ်ဆေးခံရလည်း ဘာလို့ကြောက်နေရမှာလဲ။ အမှန်တရားကို နဂါးပြာဌာနက သေသေချာချာ စုံစမ်းဖော်ထုတ်ပေးလိမ့်မယ်။ အရာရှိယွီအနေနဲ့ ကျွန်မဆီလာပြီး မကျေမနပ် စော်ကားပြောဆိုနေလည်း ဘာမှထူးလာမှာမဟုတ်ဘူး"

"ကောင်းပြီ အရာရှိလိန်ဘက်က ဒီလိုသဘောထားရှိမှတော့ ကျွန်တော်တို့လည်း စည်းမျဥ်းစည်းကမ်းတွေ သိမနေနိုင်တော့ပါဘူး။ ဒဏ်ရာရထားတဲ့ကျားမှာ ရန်သူကိုပြန်ခဲထားဖို့ အားတော့ကျန်ပါသေးတယ်"

ယွီရှန့်ထျန်းက မကောင်းဆိုးဝါးဆန်ဆန်ရယ်မောရင်း ဆိုသည်။

"ကျွန်တော့်တို့လိပ်နက်ဌာနက မသန့်ရှင်းဘူးဆိုရင် ခင်ဗျားတို့ငှက်နီဌာနကရော အရမ်းသန့်စင်အပြစ်ကင်းနေမှာတဲ့လား"

ထို့နောက် ယွီရှန့်ထျန်းသည် သူ့လူများကိုခေါ်ဆောင်ကာ ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့တော့သည်။

ထိုအခါမှသာ ရုတ်ရုတ်သဲသဲဖြစ်နေသော ခြံဝင်းငယ်လေးသည် ပြန်လည်တိတ်ဆိတ်သွားခဲ့၏။

လိန်ရှင်းနန်က အဖွဲ့ကို ကိုယ့်နေကိုယ်ပြန်ကြရန် လူစုခွဲခိုင်းလိုက်ပြီး သံမဏိကိုအနားခေါ်ကာ မေးမြန်းသည်။

"လွန်ခဲ့တဲ့နှစ်ရက်က လျှို့ဝှက်ရတနာတိုက်မှာ တာဝန်ကျတဲ့သူတွေက ဘယ်သူတွေလဲ"

"အဘိုးကြီးကျန်းနဲ့ တာ့ကျူးဇီလေ"

သံမဏိက ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြန်ဖြေသည်။

"အဘိုးကြီးကျန်း ဟုတ်လား"

လိန်ရှင်းနန် အံ့ဩသွားရသည်။

"သူက ခွင့်ရက်ရထားတာ မဟုတ်ဘူးလား"

သံမဏိက သက်ပြင်းချရင်း အားကိုးရာမဲ့စွာဆိုသည်။

"အစ်မလိန်လည်း သိတာပဲ၊ အဲဒီလူက ဘယ်တုန်းကဖင်ငြိမ်ခဲ့ဖူးလို့လဲ။ ဒီလိုကိစ္စမျိုး ကြုံတွေ့ခဲ့ရပြီးမှ အိမ်မှာပဲထိုင်နေရင် ပိုပြီး စိတ်ဆင်းရဲစရာမကောင်းဘူးလား။ အလုပ်တွေရှုပ်ပြီး မအားမလပ်ဖြစ်နေတာမှ နေလို့ပိုကောင်းဦးမယ်"

လိန်ရှင်းနန်၏မျက်နှာပြင်ထက်တွင် အဓိပ္ပာယ်ဖော်ရခက်သော အမူအရာတစ်ခုပေါ်လာပြီး သက်ပြင်းချကာဆိုသည်။

"သူတို့နှစ်ယောက်စလုံးကို ငါ့ဆီခေါ်ခဲ့လိုက်"

"ဟုတ်ကဲ့"

သံမဏိ ခေါင်းညိတ်ပြကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

လိန်ရှင်းနန်သည် လီနန်ခယ့်ကို ဌာနအတွင်းဆောင်ထဲသို့ ခေါ်ဆောင်လာပြီး သူမဆုံဖူးသေးသော ဌာနတွင်း လုပ်ဖော်ကိုင်ဖက်အချို့နှင့် မိတ်ဆက်ပေးခဲ့သည်။ ၎င်းတို့အနက် အများစုမှာ စာရေးစာချီ လက်တိုလက်တောင်းများသာ ဖြစ်ကြ၏။

ညကင်းလှည့်အဖွဲ့ချုပ်၏ အမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်မှာ အတော်လေး ရှုပ်ထွေးလှပေသည်။

အမှုတစ်ခုစီ ပြီးဆုံးသွားသည့်အခါ အကျဉ်းချုပ်အစည်းအဝေး မပျက်မကွက်ပြုလုပ်ရုံသာမက မှတ်တမ်းတင်ထားသော အချက်အလက်အားလုံးကို ပြန်လည်စီစစ်၊ ခွဲခြမ်းစိတ်ဖြာပြီး အထက်သို့ အသေးစိတ်အစီရင်ခံစာ တင်ပြရသည်။

မိစ္ဆာသတ္တဝါများ၊ သင်္ချိုင်းလူသားများနှင့် အိပ်မက်ဆိုးများ၏ ဝိသေသလက္ခဏာများကို လွယ်ကူစွာ အမျိုးအစားခွဲခြားနိုင်ရန် သတ်မှတ်ပေးထားရသည်။

ရှိရှိသမျှလူတိုင်း၏ စွမ်းဆောင်ရည်အဆင့်အတန်းကိုလည်း တစ်ဦးချင်းစီအလိုက် မှတ်တမ်းတင်ပေးထားကာ အချိန်နှင့်တပြေးညီ အဆင့်မြှင့်တင်ပေးရသည်။

"ညကင်းလှည့်အဖွဲ့ချုပ်ကလက်ခံရရှိတဲ့ ဘယ်အမှုကိုမဆို အထက်လူကြီးတွေက သေသေချာချာလေ့လာပြီးမှ သက်ဆိုင်ရာဌာနအသီးသီးကို ခွဲဝေပေးတာ။ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီမြို့အပြင်မှာ မိုးနီနဲ့ပတ်သက်တဲ့ အမှုကိစ္စတစ်ခုကို မတော်တဆကြုံတွေ့ရရင် ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့ရပေမယ့် ချက်ချင်းအစီရင်ခံစာတင်ပေးဖို့တော့ လိုတယ်။"

လိန်ရှင်းနန်သည် လီနန်ခယ့်ကို သူမ၏ သီးသန့်ရုံးခန်းငယ်လေးဆီသို့ ခေါ်ဆောင်လာပြီး ညကင်းလှည့်တပ်ဖွဲ့၏ ထုံးတမ်းလုပ်ငန်းစဉ်များနှင့် ရင်းနှီးကျွမ်းဝင်အောင် အစွမ်းကုန် ရှင်းပြနေခဲ့သည်။

"အကယ်၍ အဲ့ဒီမိုးနီအမှုက တိမ်တိုက်မြို့တော်တွင်းကပဲဖြစ်နေရင်တော့ တခြားဌာနတွေနဲ့ အငြင်းမပွားရလေအောင် ဘာတစ်ခုမှမလုပ်ခင် အရင်ဆုံး အစီရင်ခံစာတင်ရမယ်"

"နားလည်ပါပြီ"

လီနန်ခယ့်က သူမပြောသမျှကို သေသေချာချာ နားစိုက်ထောင်နေခဲ့သည်။

All Chapters