← Chapters

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် အနီးဆုံးနေရာ

Vol. 017 Ch. 843

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် အနီးဆုံးနေရာ

Vol. 017 Ch. 843

ဝမ်လင်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သည်ဆန်းကြယ်သောအဘိုးအို၏ မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မန္တန်များကို အသုံးပြုသည့်အခါ၌ ထိုအဘိုးအိုသည် သူ့ကိုယ်ပိုင် မူလစွမ်းအင်ကို အနည်းငယ်မျှသာ အသုံးပြုခဲ့ခြင်းပင်။ကျန်သည့်မူလစွမ်းအင်အမြောက်အမြားကို ကမ္ဘာလောကကနေ ရရှိနေခြင်း ဖြစ်၏။

သည်လိုမန္တန်မျိုးက အရာရာတိုင်းကနေ စိတ်ဝိညာဉ်များ ထုတ်ယူနိုင်သည့်မန္တန်မျိုးနှင့် အလားသဏ္ဌာန်တူသည်။သို့သော် ယခုမန္တန်က ပို၍ သိမ်မွေ့နက်နဲပေ၏။

သို့သော်လည်း သည်မန္တန်က ဝမ်လင်း၏ ခုလက်ရှိကျင့်ကြံမှုနှင့် အလှမ်းဝေးလှသေးသည်။သူက နားလည်မှုအချို့ ရရှိခဲ့သော်လည်း သူ့ရှေ့၌ ပိတ်ကာထားသည့် အလွှာပါးတစ်ခု ရှိနေဆဲသာ။

အဘိုးအိုသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လျင်မြန်စွာ ရွှေ့လျားနေရင်း ဝမ်လင်းသည် ထိုမန္တန်များအကြောင်း တွေးနေရန်ပင် အချိန်မရခဲ့ပေ။သူက ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ပျောက်ကွယ်နေသည်ကို ရှင်းရှင်းလင်းလင်း သိနေ၏။

အမွှေးတိုင်တစ်တိုင်ဝက်ခန့် ကြာမြင့်ပြီးနောက် အဘိုးအို၏မူလစိတ်ဝိညာဉ် တစ်ဝက်ကျော်သည် လွင့်ပါးသွားခဲ့ပြီ ဖြစ်၏။သူက သူ့မူလစိတ်ဝိညာဉ်ကို သုံးစွဲ၍ ပို၍ မြန်ဆန်အောင် လုပ်နေသည်မှာ ရှင်းလင်းပေသည်။

ဝမ်လင်းက မည်မျှမြန်ဆန်မှန်းပင် ရှင်းရှင်းလင်းလင်း မခံစားနိုင် ဖြစ်နေ၏။ သူက ကမ္ဘာလောကနှင့် တစ်သားတည်းပေါင်းစပ်ချိန်၌ အချိန်သည် သူ့ပတ်လည်၌ အဆုံးမရှိ ဆွဲဆန့်လိုက်သလို ဖြစ်နေ၏။သူက ဟင်းလင်းပြင်ထဲ၌ ရပ်တန့်သည်ဟူ၍ မရှိဘဲ အချိန်နှင့်အတူ ရွေ့လျားကာနေ၏။

ထိုမျှသိနေခြင်းကပင် ဝမ်လင်းက အကွာအဝေးကွေးညွတ်ခြင်း၏ အသိသညာကို ဖမ်းဆုပ်မိထားပြီး ဖြစ်သောကြောင့် ဖြစ်၏။ သူက အဘိုးအိုကဲ့သို့ စိတ်ရှိလက်ရှိ အသုံးမပြုနိုင်ဘဲ ထိုသို့လုပ်ဆောင်နိုင်ရန် လုံလောက်သောအချိန်တစ်ခုကို ကြိုပြင်ဆင်ရ၏။မည်သို့ပင် ဖြစ်စေ ဝမ်လင်းကိုယ်တိုင်လည်း လောကနှင့်တစ်သားတည်းပေါင်းစပ်ခြင်းကို ပြုလုပ်နိုင်သည်သာ ဖြစ်သည်။

သူက အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်လည်း အကွာအဝေးကွေးညွတ်ခြင်းကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိပါက အဘိုးအို၏ အခုလိုအရှိန်မျိုး သွားနေပုံဖြင့် ဆိုလျှင် သူ့မူလစိတ်ဝိညာဉ်သည် ၎င်းအရှိန်ကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက အကွာအဝေးကွေးညွတ်ခြင်းကို ဖမ်းဆုပ်ထားနိုင်ခဲ့တာတောင်မှ သူက သူ့မူလစိတ်ဝိညာဉ်သည် သည်လိုအခြေအနေမျိုးဖြင့် အချိန်အတန်ကြာကြာ သွားလာနိုင်လိမ့်မည် မဟုတ်ဟု ခံစားမိနေ၏။

သည်အဘိုးအို၏ထိန်းချုပ်မှုအောက်၌ သူ့ခန္ဓာကိုယ်သည် လုံးဝ မရပ်တန့်တော့သည့်အလား ကမ္ဘာလောကနှင့် တစ်သားတည်း ဖြစ်နေတော့၏။

ကမ္ဘာလောကနှင့် တစ်သားဖြစ်နေခြင်းက လူတစ်ယောက်သည် ချက်ချင်းလိုလို နေရာအားလုံးသို့ ရောက်ရှိနိုင်သည်ဟု ဆိုလို၏။ သို့သော် သည်မန္တာန်တွင်လည်း အကန့်အသတ်များ ရှိနေသည်သာ။ မဟုတ်လျှင် ထိုအဘိုးအိုသည် ခုလိုပြေးနေမည့်အစား သူ့ခန္ဓာကိုယ် ရှိနေသောနေရာတွင် ချက်ချင်း ပေါ်လာလိမ့်မည် မဟုတ်လား။

ဝမ်လင်းအဖို့ကတော့ အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန်က ရာစုနှစ်တစ်ခုကဲ့သို့ ခံစားနေရ၏။သည်အချိန်အတွင်း သူက ပြင်းထန်သောမုန်တိုင်းတစ်ခုက သူ့ကို တစ်စစီလုပ်ပစ်ချင်နေသလား ခံစားနေရသည်။

သည်အခြေအနေက အလွန်အမင်းနာကျင်မှုကို ခံစားရ၏။သို့သော် ဝမ်လင်းအတွက် အံ့မခန်း အကျိုးကျေးဇူးလည်း ရှိနေ၏။သူ့မူလစိတ်ဝိညာဉ်က သည်မုန်တိုင်းထဲ၌ ရုန်းကန်နေရင်း သူ့လောကနှင့်ပေါင်းစပ်သည့် ခံစားချက်လည်း ပို၍နက်နဲ သိမ်မွေ့လာတော့၏။ အဆုံးသတ်၌ သူက စိတ်နှလုံးထဲကနေကို ၎င်းခံစားချက်အား ရေးထွင်းမိနေတော့သည်။

အခြားကျင့်ကြံသူများကသာ ဝမ်လင်းခုလက်ရှိ အခြေအနေကို သိလျှင် ထိုလူများသည် အလွန်စိတ်လှုပ်ရှား မိကြပေလိမ့်မည်။ ဒုတိယအဆင့်ရှိ ကျင့်ကြံသူများအဖို့ မူလစွမ်းအင်အပြင် နောက်ထပ်အရေးကြီးသည့်အချက်က ဥပဒေသများကိုနားလည်ခြင်း၊ဥပေဒေသများကို ထိန်းချုပ်ခြင်းနှင့် ဥပဒေသများကိုကျွမ်းကျင်ခြင်းတို့ ဖြစ်လေ၏။ သို့သော် သည်အရာများက ရှင်းပြရန်ပင် ဝိုးတဝါးဆန်လွန်းလှသည်။ထို့အတွက်ကြောင့် လောကနှင့်တစ်သားတည်းဖြစ်ခြင်းက ဥပဒေသများကို ရှာဖွေဖော်ထုတ်သည် လမ်းကြောင်းတစ်ခု ဖြစ်လာခြင်း ဖြစ်တော့သည်။

လောကနှင့်ပို၍ နီးကပ်လာလေလေ လူတစ်ယောက်သည် လောက၏ဥပဒေသများကို ပို၍ ကောင်းမွန်စွာ ရှာဖွေတူးဖော်နိုင်လေ ဖြစ်၏။

သည်အခိုက်အတန့်၌ ဆန်းကြယ်သောအဘိုးအိုသည် ဝမ်လင်းကို တမင်မရည်ရွယ်ဘဲ ကူညီပေးနေသလို ဖြစ်နေ၏။

ဝမ်လင်းက အလွန်နာကျင်မှုကို ခံစားရ၏။သို့သော် တစ်ဖက်မှာလည်း အကျိုးကျေးဇူးများကို အမှန်ရရှိနေသည်။

သူ့မူလစိတ်ဝိညာဉ်က လောကနှင့်ပို၍ တစ်သားတည်း နီးကပ်လာနေခဲ့သည်။သူက ကမ္ဘာလောက၏ မူလအစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ပင်။ တစ်ချိန်တည်းမှာလည်း ဝမ်လင်း၏ နယ်ပယ်ကလည်း လောကနှင့်နစ်မြုပ်လာခဲ့၏။ သူ့ကံကြမ္မာနယ်ပယ်သည် ၎င်းကိုယ်တိုင် လောက၏ကံကြမ္မာတာအိုနှင့် စမ်းသပ်ကြည့်နေသည်ဟု ဆိုနိုင်သည်။

သူ့ခန္ဓာကိုယ်သည်လည်း အကျိုးကျေးဇူး ရရှိသည်သာ ဖြစ်၏။ သူ့မူလစွမ်းအင်များက သူ့ခန္ဓာကိုယ်နှင့် အပြည့်အဝ တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာခဲ့၏။

ထိုအရာများက အဓိကအချက်များ မဟုတ်သေးချေ။ အဓိကအချက်က ကမ္ဘာလောကထဲသို့ နစ်မြုပ်နေသည့်အချိန်အတွင်း သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်လာခဲ့ခြင်း ဖြစ်၏။ ထိုအရက သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ပျောက်ကွယ်သွားခြင်းမျိုးနှင့် ဆင်တူ၏။သို့သော် သူက သေဆုံးသွားခြင်းတော့ မဟုတ်ပေ။

သည်ဖြစ်စဉ်က အချိန်ပိုကြာလေလေ သူ့ခန္ဓာကိုယ်က ကမ္ဘာလောက၏မူလစွမ်းအင်၏ စွမ်းအားကို ပို၍ ရရှိလာလေ ဖြစ်နေ၏။သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်း၊သွေးစက်တိုင်းက ကမ္ဘာလောက၏ မူလစွမ်းအင် ပေါင်းစပ်သွားနေ၏။

တကယ်တော့ ထိုအရာများအားလုံးကို သည်ဆန်းကြယ်သောအဘိုးအိုက တမင်ရည်ရွယ်၍ လုပ်ဆောင်ပေးနေခြင်း မဟုတ်ပေ။ဝမ်လင်းတွင် သည်လိုအခြေအနေများကို တွေ့ဆုံမိခြင်း မရှိခဲ့ပါက ထိုအဘိုးအို သူ့ခန္ဓာကိုယ်ကို စွန့်ခွာသွားသည်နှင့် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ပျက်စီးကာ သေဆုံးသွားနိုင်ပေ၏။

ဝမ်လင်းနှင့်မကောင်းဆိုးဝါး လူငယ်တို့သည် ကမ္ဘာလောကကို ဖြတ်သန်း၍ တစ်ဟုန်ထိုး သွားနေကြ၏။ အချိန်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏ပုံရိပ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ မြောက်ဘက်ပိုင်းအစွန်းဆုံးရှိ အစိတ်အပိုင်းမြေတစ်ခုပေါ်တွင် ပေါ်လာခဲ့တော့သည်။

သူ့ခန္ဓာကိုယ်ပေါ်လာသည်နှင့် သူ့ကိုယ်ထဲရှိ အဘိုးအို၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ လုံးဝ ပျောက်ကွယ်သွားတော့၏။ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် ချက်ချင်း ပြန်ထိန်းချုပ်နိုင်သွားသည်။

သူ့ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီးသည့်နောက် ဝမ်လင်းသည် သူ့ကိုယ်ထဲရှိ မူလစွမ်းအင်များကို သူ့ဒွါရပေါက်များထဲကနေ ချက်ချင်း စွန့်ထုတ်လိုက်၏။မူလစွမ်းအင်သည် ဝဲကတော့တစ်ခုအဖြစ်သို့ ဖြစ်ပေါ်ကာ ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။

သူက ထိုပေါက်ကွဲအားကို ငှားယမ်းကာ နောက်သို့ မြန်ဆန်စွာ ဆုတ်သွား၏။သူက ထိုးထွက်သွားသည့်အခိုက်မှာပင် မကောင်းဆိုးဝါးလူငယ်သည် ပေါ်လာခဲ့တော့သည်။ သူ့လက်က ဝမ်လင်းရှိနှင့်ခဲ့သော နေရာသို့ ချက်ချင်း ဖမ်းဆုပ်လာခဲ့လေ၏။

ဝမ်လင်းက ထိုးထွက်လိုက်ပြီးနောက် အကွာအဝေးတစ်ခုသို တုံ့ဆိုင်းခြင်းမရှိ ပျံသန်းသွား၏။တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ဘုံဓားကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်ပတ်လည်၌ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ရှစ်ချက်ကို ပစ်သွင်းထားလိုက်သည်။

များစွာသောအက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီးနောက် ဝမ်လင်းပတ်လည်၌ အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့လေ၏။သူ့ကို ချုပ်နှောင်ရန် တိုးဝင်လာသည် မမြင်ရသောအားက ဝမ်လင်း၏ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်နှင့် ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။

ဝမ်လင်းအသွင်က သုန်မှုန်နေသည်။သူက မြန်နိုင်သမျှ မြန်မြန် တစ်ဟုန်ထိုး ထွက်သွားနေ၏။ သူက သူ့ပတ်လည်၌ ပိတ်ဆို့ထားမှုများကို အရင်တစ်ကြိမ်လည်း ခံစားခဲ့ဖူးပြီး ဖြစ်ကာ ခုချိန်၌ သူက ထိုသို့ ထပ်မံ၍ မခံစားလိုတော့ပေ။

မကောင်းဆိုးဝါးဆန်သော လူငယ်၏ မျက်လုံးများသည် အစိတ်အပိုင်းမြေများ၏ ပတ်ဝန်းကျင်ကို ကြည့်နေရင်း အေးစက်လာ၏။ သူက မျက်မှောင်ကြုတ်လိုက်သည်။

“ဒီနေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အင်ပါယာမြို့တော် ဖြစ်ခဲ့တဲ့နေရာပဲ။ ဒါက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ ပင်မနေရာ ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေ မပြိုကျမပျက်စီးခင်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနဲ့ အနီးဆုံးနေရာလည်း ဖြစ်တယ်။ ပြောကြတာကတော့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ တည်ရှိခဲ့ချိန်က ဒီနေရာဟာ ရှေးဟောင်းကောင်းကင်ဘုံသားတွေ ဆင်းသက်လာခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဆိုတယ်။ ကောင်းကင်ဘုံအရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားမျိုး ရှိနေတဲ့ ဒီလူရဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်နေမလဲ…”

***

All Chapters