အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း ၁၃၃: အချစ်... ရှင့်ကို ကျွန်မ ပြချင်တာ တစ်ခုရှိတယ်
လင်းဝူယွဲ့က အပြာရောင်ဂိုဏ်းဘိုးဘေး၏ ဂုဏ်သတင်းကိုလည်း သိရှိထားသည်။တိတိကျကျပြောရလျှင် ဤစိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ်ကိုးခုတွင် နှစ်ပေါင်းသောင်းနှင့်ချီအတွင်း၌ အပြာရောင်ဂိုဏ်းဘိုးဘေး လုရန်၏နာမည်ကို မသိသူဟူ၍ မရှိသလောက်နီးပါးပင်။သူသည် မရေမတွက်နိုင်သော အပြာရောင်ဂိုဏ်း တပည့်များက နေ့ရောညပါ လွမ်းဆွတ်နေရသော ဆရာဖြစ်သည့် ဘိုးဘေးအိုကြီးပင်။အစွမ်းထက်သော အင်မော်တယ်များစွာကမူ ဤဘိုးဘေးအိုကြီးကို အထင်မကြီးကြချေ။မည်သို့ပင်ဆိုစေကာမူ ထိုဘိုးဘေးအိုကြီးသည် အောက်ဘုံတွင် ရှိနေဆဲပင်။ သူ အထက်ဘုံသို့ တက်လှမ်းလာလျှင်တောင် သူသည် ဖြည်းညှင်းစွာနှင့်ရိုးသားစွာ ကျင့်ကြံရန် လိုအပ်သည့် အသေးအဖွဲလေး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။တစ်နည်းအားဖြင့် သူ့ထံတွင် နာမည်ကြီးပြီး အစစ်အမှန်စွမ်းရည် ရှိမည်မဟုတ်သဖြင့် မည်သူကမျှ ဂရုမစိုက်ကြချေ။လွန်ခဲ့သော နှစ်လကျော်က လုရန် အထက်ဘုံတက်လှမ်းလာစဉ် လင်းဝူယွဲ့သည်လည်း သတင်းကြားခဲ့ပြီး အထက်ဘုံတက်လှမ်းခြင်းစာရင်းတွင် လုရန်၏ နာမည်ကို အမှန်တကယ် တွေ့ခဲ့ရသည်။သို့သော် သူ တစ်ချက်သာကြည့်ပြီး လျစ်လျူရှုလိုက်၏။သို့သော် တိုတောင်းသော နှစ်လတာအချိန်ကာလအတွင်းတွင် အထက်ဘုံသို့တက်လှမ်းခဲ့သော ဤအပြာရောင်ဂိုဏ်းဘိုးဘေးသည် မည်သည်ကြောင့် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်သနည်း။ဤသည်မှာ တခြားအင်မော်တယ်များကို ရန်စစော်ကားခြင်းပင်။မည်သို့ပင်ဆိုစေကာမူ မဟာအင်မော်တယ်ဧကရာဇ် ဖြစ်လာနိုင်သူများအားလုံးသည် ငယ်စဉ်ကတည်းက ထူးခြားသော ပါရမီရှိပြီး ပြိုင်ဘက်ကင်း ပါရမီရှင်အဆင့်တွင် ရှိကြသည်။သို့သော် အားအကောင်းဆုံးပါရမီနှင့် အမြန်ဆုံး ကျင့်ကြံခြင်း အမြန်နှုန်းရှိသူများပင်လျှင် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်ပေါင်းငါးသောင်းခန့် ကြာမြင့်ပေလိမ့်မည်။သို့သော် အပြာရောင်ဂိုဏ်းဘိုးဘေးသည် အချိန်နှစ်လကျော်လေးအတွင်း မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်လာခဲ့သည်။ဤအချိန်တွင် လင်းဝူယွဲ့၏နှလုံးသားထဲတွင် စွမ်းအားကင်းမဲ့မှု ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။သူ အထင်သေးပြီး တစ်ကြိမ်တစ်ခါမျှ ဂရုမစိုက်ခဲ့သော အပြာရောင်ဂိုဏ်းဘိုးဘေး၏ပါရမီသည် အမှန်တကယ်ပင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းနေသလော။မဟုတ်ပေ ဤသည်ကို ပါရမီဟု ခေါ်၍ မရတော့ချေ။နှစ်လအတွင်း မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်လာခြင်း....ထိုအရာသည် မည်ကဲ့သို့ ပါရမီမျိုးနည်း။ သူသည် ကောင်းကင်တာအို၏သားအရင်းသာ ဖြစ်ပေမည်။ချင်ဝူယောင်းက သူ့ကို တခြားလူတစ်ယောက်နှင့် မှားယွင်းနေသလောဟုပင် လင်းဝူယွဲ့က တွေးတောလိုက်မိသည်။ချင်ဝူယောင်းကလည်း အပြာရောင်ကြယ်မှ အထက်ဘုံတက်လှမ်းလာသူ ဖြစ်ပြီး အပြာရောင်ဂိုဏ်း ဘိုးဘေး၏ဇနီးပင် ဖြစ်နေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ထို့အပြင် သူမသည် အလွန်သစ္စာရှိပေ၏။ နှစ်ပေါင်း တစ်သိန်းခန့်စော၍ အထက်ဘုံသို့ တက်လှမ်းခဲ့သော်လည်း စိတ်ဝိညာဉ်နယ်မြေတွင် ခါးသီးစွာ စောင့်ဆိုင်းရန်ဆန္ဒရှိကာ အထီးကျန်စွာ နေထိုင်ခဲ့သည်။လင်းဝူယွဲ့က ချင်ဝူယောင်းကိုကြည့်ပြီး ပြောဆိုသည်။"ချင်ဝူယောင်း... မင်း သူ့ကို တခြားလူတစ်ယောက်နဲ့ မှားနေတာ ဖြစ်ရမယ်... အပြာရောင်ဂိုဏ်းဘိုးဘေးက လွန်ခဲ့တဲ့ နှစ်လကျော်ကမှ အထက်ဘုံတက်လှမ်းလာတာ... သူက ဘယ်လိုလုပ်ပြီး မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နိုင်မှာလဲ... ဒီကောင်လေးက သေချာပေါက် လူလိမ်ပဲ"သူ ထိုစကားကို ပြောဆိုပြီးနောက် ချင်ဝူယောင်းသည် ရုတ်တရက် ရယ်မောလိုက်၏။လုရန်သည်လည်း ရယ်ချင်စိတ်ပေါက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ရှားယီယီက ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။"နင်က ငါ့ကို ရယ်ရလွန်းလို့ သေအောင် လုပ်နေတာပဲ... ကောင်းကင်စံအိမ်ရဲ့ ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ တုံးအနေတာလဲ... ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ရှပြည်နယ်မှာတုန်းက လုရန် သူ့ရဲ့ နယ်ပယ်ကို မဟာအင်မော်တယ်ဧကရာဇ်အထိ ခြေတစ်လှမ်းချင်း တက်သွားတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ... ဒီအမြန်နှုန်းက အရမ်းမြန်လွန်းလို့ ငါ ကိုယ်တိုင် မမြင်ခဲ့ရရင် ငါတောင် ယုံမှာမဟုတ်ဘူး... နင်က ပိုဆိုးတာပေါ့"ထိုစကားကို ကြားသောအခါ...လင်းဝူယွဲ့၏နှလုံးသား တုန်ယင်သွားတော့သည်။သူသည် လုရန်ကို မယုံနိုင်စွာ ကြည့်လိုက်၏။ ထိုလူငယ်သည် အမှန်တကယ်ကို အပြာရောင်ဂိုဏ်းဘိုးဘေး ဖြစ်နေသလော။ထို့ပြင် သူသည် နှစ်လကျော်လေးအတွင်း မဟာအင်မော်တယ်ဧကရာဇ်အဖြစ် အမှန်တကယ် တက်လှမ်းသွားခဲ့သလော...သို့သော် ယခုအချိန်၌ သူသည် လုရန်အကြောင်း တွေးတောလိုစိတ် မရှိတော့ချေ။ ရှားယီယီ၏ လှောင်ပြောင်မှုက လင်းဝူယွဲ့၏မျက်နှာကို ပူထူသွားစေခဲ့သည်။သူက လှောင်ပြောင်လိုက်သည်။"ငါက ဘာကို တုံးအရမှာလဲ... ဒီလောကကြီးထဲက လှပတဲ့ နတ်မိမယ်လေးတွေက ငါ့လက်လှမ်းမီတဲ့ နေရာမှာ ရှိနေတာပဲ... ငါက သိချင်ရုံသက်သက်ပဲ... ပြီးတော့ လုရန်က နှစ်လအတွင်း မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်ကို ရောက်သွားရင်တောင် ဘာဖြစ်လဲ... သူ့ရဲ့ နယ်ပယ်က အခြေမခိုင်တဲ့အပြင် သူ့ရဲ့စွမ်းအားက လုံလောက်မှာ မဟုတ်ဘူး... သူ့ကို လက်တစ်ချောင်းတည်းနဲ့ ငါက ချေမှုန်းနိုင်တယ်"ချင်ဝူယောင်း၏ အလှကို သူ မတပ်မက်ကြောင်း ပြောဆိုနေစဉ် လုရန်ကို အထင်သေးသည့်အချက်အား ဖော်ပြရန်လည်း သူ အစွမ်းကုန် ကြိုးစားနေခဲ့သည်။မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ အတွေးများက ဤမျှထိ တိမ်နေသည်ဟု တွေးမိခြင်းက အမှန်တကယ်ပင် အနည်းငယ် ရယ်စရာကောင်းလှသည်။ထိုသို့ပြောဆိုပြီးနောက်...လင်းဝူယွဲ့သည် ချင်ဝူယောင်း၏နောက်ရှိ နတ်မိမယ်လေးများကို ကြည့်လိုက်၏။သူက ပြောဆိုသည်။"ငါတို့ စကားပြောရုံနဲ့ ဘာမှ ထူးခြားမလာမှတော့ ဘယ်သူက ပိုပြီးစွမ်းဆောင်နိုင်လဲဆိုတာ ကြည့်ကြရအောင်... မင်းတို့ရဲ့ ယောင်ချီကို ငါ့ရဲ့ ကောင်းကင်စံအိမ်က ဖျက်ဆီးပစ်လိုက်ရင် မင်းတို့ ဘယ်လောက်ထိ မာနကြီးနိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်"ချင်ဝူယောင်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြောဆိုသည်။"နင့်ရဲ့ သဘောပါပဲ"သူမသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။ရှားယီယီလည်း စိုးရိမ်ပူပန်မှု မရှိချေ။ရှားယီယီ၏နိယာမသည် လေဟာနယ် ဖြစ်ပြီး ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော်လည်း သူမ၏ယုံကြည်မှုသည် သူမ၏ နိယာမစွမ်းအားမှ လာသည့်ပုံ မပေါ်ချေ။ထိုအစား သူမ၏ယုံကြည်မှုမှာ ချင်ဝူယောင်းထံမှ လာခြင်းပင်။လုရန်သည် သူ၏ဇနီးကို လှည့်ကြည့်လိုက်၏။ သူမကို သူ အမှန်တကယ်ပင် ကြည့်၍မဝနိုင်အောင် ဖြစ်နေခဲ့သည်။ချင်ဝူယောင်း၏နိယာမက မည်သည့်အရာဖြစ်သည်ကို သူ ယခုထိ မသိသေးပေ။တစ်ချိန်တည်းမှာပင်...လင်းဝူယွဲ့က အော်ဟစ်လိုက်သည်။"ဒီအမြင့်မားဆုံး ကောင်းကင်မှာ ငါက သိုသိုသိပ်သိပ် နေတယ်လို့ မပြောပါဘူး... ဒါပေမဲ့ ဒီနေ့အထိ ငါ့ရဲ့ နိယာမက ဘာလဲဆိုတာကို ဘယ်သူမှ မသိဘူး... မင်းတို့ ကံကောင်းတယ်... ဘာလို့လဲဆိုတော့ မင်းတို့ အဲ့ဒါကို မြင်ရတော့မယ်..."ထိုသို့ပြောဆိုပြီးနောက်...သူသည် သူ၏နောက်ရှိ မဟာအင်မော်တယ်ဧကရာဇ် များကိုကြည့်ကာ ထပ်မံ၍ ပြောဆိုသည်။"ငါ့ရဲ့ ကောင်းကင်စံအိမ်မှာ မဟာအင်မော်တယ်ဧကရာဇ်တွေ အများကြီးဆိုတော့ ယောင်ချီက နတ်မိမယ်လေးတွေထဲက... ဘက်ပြောင်းချင်တဲ့သူတွေ အခုချက်ချင်း ယောင်ချီကနေ ထွက်လာလို့ရတယ်... ငါတို့ ကောင်းကင်စံအိမ်က ပြီးခဲ့တာတွေကို သေချာပေါက် မေ့ထားပေးမယ်"ယောင်ချီ၏ မဟာအင်မော်တယ်ဧကရာဇ်တချို့ကို ခွဲထုတ်ရန်အတွက် တိုက်ပွဲမစမီ စကားစစ်ထိုး၍ စည်းရုံးရန် သူ ရည်ရွယ်ထားသည်။ထိုအချက်က သူ အရေးယူဆောင်ရွက်ရန် များစွာပို၍လွယ်ကူစေပေမည်။မမျှော်လင့်ဘဲ ချင်ဝူယောင်း၏နောက်ရှိ မဟာအင်မော်တယ်ဧကရာဇ်များထဲမှ အမျိုးသမီးတချို့သည် စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာအမူအရာများဖြင့် လူအုပ်ထဲမှ အမှန်တကယ် ထွက်လာခဲ့ကြသည်။သူမတို့သည် ဘာမျှမပြောရဲသလို ချင်ဝူယောင်း၏ မျက်နှာအမူအရာကိုလည်း မကြည့်ရဲကြပေ။သူမတို့သည် တိုက်ပွဲကို နံဘေးမှနေ၍ စောင့်ကြည့်ရန် အဝေးသို့ ထွက်ပြေးသွားကြသည်။ထွက်ပြေးသွားသူများမှာ အနည်းဆုံး ဆယ်ယောက်ကျော်ခန့်ရှိပြီး သူမတို့အားလုံးသည် မဟာအင်မော်တယ်ဧကရာဇ်များပင်။ရုတ်ချည်းဆိုသလိုပင် ယောင်ချီတွင် မဟာအင်မော်တယ်ဧကရာဇ် ဆယ်ယောက်ကျော် လျော့နည်းသွားပေ၏။လွန်ခဲ့သော အချိန်အခိုက်အတန့်ကပင် ယောင်ချီ သည် ကောင်းကင်စံအိမ်၏ ဖိနှိပ်ခြင်းကို ခံနေရသည်။ယခုအချိန်၌ မဟာအင်မော်တယ်ဧကရာဇ် ဆယ်ယောက်ကျော် လျော့နည်းသွားသဖြင့် သူမတို့၏ အခြေအနေမှာ ပို၍ပင် ခန့်မှန်းရလွယ်ကူလာသည်။ထိုနတ်မိမယ်ဆယ်ယောက်ကျော်သည် ရှောင်လွှဲ၍မရသော ရလဒ်ကို မြင်တွေ့ခဲ့ရသောကြောင့် ထွက်ခွာသွားကြခြင်း ဖြစ်နိုင်သည်။မဟာအင်မော်တယ်ဧကရာဇ်များ၏ တိုက်ပွဲတွင် ယောင်ချီ၏ အားနည်းချက်မှာ အလွန်သိသာထင်ရှားလွန်းလှသည်။အကယ်၍ သူမတို့ မထွက်သွားပါက သေခြင်းတရားကို စောင့်ဆိုင်းရန်သာ ရှိပေမည်။သူမတို့၏ ထူးချွန်သော ပါရမီဖြင့် မဟာအင်မော်တယ်ဧကရာဇ်များ ဖြစ်လာရန် ရုန်းကန်ခဲ့ရသော အမျိုးသမီးများအနေဖြင့် ဤကဲ့သို့ ရှုပ်ထွေးသည့် တိုက်ပွဲတွင် မသေဆုံးလိုကြချေ။သူမတို့၏ရွေးချယ်မှုမှာ နားလည်ပေးနိုင်ဖွယ်ရှိသည်။ ချင်ဝူယောင်းသည် ထိုမြင်ကွင်းကို မြင်တွေ့ခဲ့သော်လည်း သူမ၏မျက်နှာအမူအရာ အနည်းငယ်မျှ ပြောင်းလဲမသွားပေ။ သူမသည် တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေပေ၏။လင်းဝူယွဲ့က ပြောဆိုသည်။"ယောင်ချီမှာ ထက်မြက်တဲ့လူ တော်တော်များများ ရှိပုံရတယ်... စိတ်ချပါ နတ်မိမယ်လေးတို့... ငါ ယောင်ချီ ကို ဖျက်ဆီးပြီးတာနဲ့ စိတ်ဝိညာဉ်နယ်မြေကို အတူတကွ ကြီးစိုးဖို့ မင်းတို့ကို ငါတို့ရဲ့ ကောင်းကင်စံအိမ်ထဲကို သေချာပေါက် ကြိုဆိုပါ့မယ်"ထိုသို့ပြောဆိုပြီးနောက် သူက ချင်ဝူယောင်းကို ကြည့်လိုက်သည်။သူ၏ယပ်တောင်ကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းကာ သူက ပြောဆိုသည်။"သေချာတာပေါ့... နတ်မိမယ်ချင်သာ အညံ့ခံဖို့ ဆန္ဒရှိရင် ငါက လိုက်လျောမပေးနိုင်တာမျိုး မရှိပါဘူး..."သူ၏စကား မဆုံးခင်မှာပင်..ချင်ဝူယောင်းသည် သူမ၏အကြည့်ကို လင်းဝူယွဲ့ထံမှ ရုတ်သိမ်းကာ လုရန်ကို ကြည့်ပြီး ပြောလိုက်သည်။"အချစ်... ရှင်ကို ကျွန်မ ပြစရာ တစ်ခုရှိတယ်...ကျွန်မနဲ့အတူ လိုက်ခဲ့ပါ"ဟင်...လင်းဝူယွဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။မဟာအင်မော်တယ်ဧကရာဇ်များ၏ တိုက်ပွဲတစ်ခု ဖြစ်တော့မည်ဖြစ်ကာ လင်းဝူယွဲ့သည် ဟန်ရေးပြနေသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။ ထိုသို့ဆိုသည့်တိုင်အောင် ချင်ဝူယောင်းသည် သူ့ကို မည်သည်ကြောင့် အသိအမှတ် မပြုခဲ့သနည်း။ဤသည်က မည်သည့် အဓိပ္ပာယ်မျိုး သက်ရောက်နေသနည်း။ယောင်ချီ ပျောက်ကွယ်တော့မည် ဖြစ်သော်လည်း သူမက သူမ၏ခင်ပွန်းနှင့် တစ်ခုခု လုပ်ရန် အလုပ်များနေဆဲ ဖြစ်သလော။လင်းဝူယွဲ့၏နောက်ရှိ မဟာအင်မော်တယ်ဧကရာဇ် များအားလုံး အပါအဝင် လူတိုင်း ဆွံ့အသွားကြသည်။လင်းဝူယွဲ့၏မျက်နှာသည် အနည်းငယ် ရှုံ့မဲ့ကာ တွန့်လိမ်နေလေပြီ။ သူသည် လေးလံသော လက်သီးတစ်ချက်ဖြင့် ထိုးလိုက်သော်လည်း ဝါဂွမ်းပေါ်သို့သာ ကျသွားရသည့် ခံစားချက်သည် အလွန်စိတ်ပျက်စရာကောင်းလှသဖြင့် သူ သွေးအန်ချင်စိတ်ပင် ပေါက်လာပေ၏။ဤကိစ္စ၌ ပါဝင်ပတ်သက်သူ လုရန်ပင်လျှင် အနည်းငယ် ဆွံ့အသွားသည်။လုရန်က ပြောဆိုသည်။"ဇနီးလေး... ဒါဆိုရင် ဒီလူတွေက..."လုရန်သည်လည်း ချင်ဝူယောင်းနှင့် သေချာ စကားပြောလိုသော်လည်း ယခုအချိန်တွင် ကောင်းကင်စံအိမ်မှ ဤလူများကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရပေမည်။ချင်ဝူယောင်းက ပြောဆိုသည်။"ကျွန်မ ကိုင်တွယ်လိုက်ပါ့မယ်... အထဲဝင်ကြစို့"ထိုသို့ပြောဆိုပြီးနောက် သူမက အနီးအနားရှိ ခန်းမဆောင်ကို ညွှန်ပြလိုက်သည်။သူမသည် လင်းဝူယွဲ့နှင့်တခြားသူများကို တစ်ချက်လေးမျှပင် မကြည့်သေးချေ။လင်းဝူယွဲ့သည် ဒေါသထွက်လွန်းသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... သတ်...ယောင်ချီက လူတိုင်းကို သတ်... ချင်ဝူယောင်းကို ငါ့အတွက်ထားခဲ့... ငါ..."သို့သော် သူ စကားပြောဆိုပြီးနောက်...သူ၏နောက်ရှိ မဟာအင်မော်တယ်ဧကရာဇ်များသည် မလှုပ်ရှားခဲ့ကြပေ။လင်းဝူယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နောက်သို့ လှည့်ကြည့်ကာ တွေးတောလိုက်သည်။ထိုလူများသည် တိုက်ပွဲရူးများ မဟုတ်လော။ သူတို့သည် တိုက်ပွဲကို စတင်သင့်ပေ၏။ သူ တိုက်ခိုက်ခိုင်းနေသော်လည်း မည်သည်ကြောင့် လှုပ်ရှားမှု မရှိရသနည်း။