အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း ၁၃၅: ကောင်းကင်တာအို ဖြစ်လာအောင် ရှင့်ကို ကျွန်မ ကူညီမယ်
ချင်ဝူယောင်းက လုရန်၏လက်ကို လွှတ်လိုက်သည်။ထို့နောက် သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားလိုက်၏။ထို့နောက် သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။မှောင်မည်းနေသော ခန်းမဆောင်ပတ်လည်တွင် အပြာရောင် အလင်းတန်းများ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ခန်းမဆောင်တစ်ခုလုံး၏ ကြမ်းပြင်ပေါ်တွင် ဧရာမ ဝင်္ကပါတစ်ခု ပေါ်လာပြီး ဖြည်းညှင်းစွာ စတင်၍ လည်ပတ်လာတော့သည်။လုရန်က အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်၏။ဤဝင်္ကပါသည် အလွန်ကြီးမားပြီး ဝင်္ကပါ၏ တည်ဆောက်ပုံမှာလည်း အလွန်ရှုပ်ထွေးလှသည်။အချိန်တိုအတွင်း ဤဝင်္ကပါ၏ရည်ရွယ်ချက်ကို သူပင်လျှင် မခွဲခြားနိုင်ချေ။ သူ၏ အထွတ်အထိပ်အဆင့် ဝင်္ကပါ စွမ်းရည်များဖြင့်ပင် မည်သည့်နေရာက စတင်ရမည်ကို မသိဘဲ အနည်းငယ် တွေဝေသွားသကဲ့သို့ ခံစားလိုက်ရသည်။သို့သော် ဤဝင်္ကပါကို ဖျက်ဆီးရန် သူ့အတွက် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သူ အချိန်ပို၍ယူရရုံသာ ဖြစ်ပေ၏။တစ်ချိန်တည်းမှာပင်...ဝင်္ကပါ၏ရှေ့တွင် လူသားပုံစံ ရုပ်ထုတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။လုရန်က ထိုအရာကို တစ်ချက်ကြည့်ပြီးနောက် သူ၏ ဦးရေပြား ချက်ချင်းထုံကျင်သွားသည်။ရုပ်ထု၏အသွင်အပြင်မှာ အမှန်တကယ်ကို လုရန်နှင့် အတိအကျ တူညီနေသည်။သို့သော် ထိုရုပ်ထု၏ကိုယ်ထည့်တစ်ခုလုံးကို သက်တန့်ရောင် လင်းလက်နေသော ကြည်လင်သည့် ကျောက်တုံးတစ်ခုဖြင့် ဖန်တီးထားပေ၏။ဤအချိန်တွင် လုရန်သည်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ရရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်၌ ကြက်သီးမွေးညှင်းထနေကာ သူ၏နှလုံးသား ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။ချင်ဝူယောင်း၏ မျက်နှာအမူအရာသည်လည်း ထူးဆန်းလာသည်။သူမက လုရန်ကို လှည့်ကြည့်ပြီး ပြောဆိုသည်။"အချစ်... မကြောက်ပါနဲ့... ဒီလုပ်ငန်းစဉ်က အရမ်း မြန်ပါလိမ့်မယ်"ဘာ....လုရန် အံ့အားသင့်သွားပြီး မေးလိုက်သည်။"ဘာအဓိပ္ပာယ်လဲ... မင်း ဘာလုပ်မလို့လဲ"သူ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းရန် ဟန်ပြင်လိုက်သည်နှင့် တပြိုင်နက် သူ၏ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် လုရန် ထိတ်လန့်သွားသည်။လုရန်ကို ဗဟိုပြု၍ သူ၏ခြေထောက်အောက်ရှိ ဧရာမ ဝင်္ကပါသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးအပေါ် ကြောက်မက်ဖွယ်ကောင်းသော ထိန်းချုပ်မှုတစ်ခုကို သက်ရောက်စေပြီး လေဟာနယ်ကိုပင် အေးခဲတောင့်တင်းသွားစေသည့်အလား ဖြစ်နေပေ၏။လုရန်သည် သူ၏စိတ်ဝိညာဥ်စွမ်းအားကိုလည်း အသုံးပြု၍ မရတော့ချေ။ သူ၏ဒန်တျန်တစ်ခုလုံးသည် မာကျောပြီး အရည်မပျော်နိုင်သော ရေခဲတုံးကြီးတစ်တုံးအလား ဖြစ်သွားတော့သည်။သူက ချင်ဝူယောင်းကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ချင်ဝူယောင်းက ပြောဆိုသည်။"ကျွန်မ စိတ်ဝိညာဉ်နယ်မြေကို ပထမဆုံး တက်လှမ်းလာတုန်းက နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ရှင့်ကို စောင့်နေခဲ့တယ်... ကျွန်မရဲ့ နယ်ပယ်က အဆက်မပြတ် မြင့်တက်လာပေမဲ့ စိတ်ဝိညာဉ်နယ်မြေနဲ့ အောက်ဘုံက တကယ်တော့ မကွာခြားဘူးဆိုတာကို ကျွန်မ တွေ့ရှိခဲ့တယ်"လုရန်လည်း ထိုအတွေးမျိုး တွေးခဲ့ဖူးပေ၏။အားနည်းသူက သန်မာအားကောင်သူ၏ သားကောင်ဖြစ်ရသော တူညီသာ သဘောတရား...တူညီသော ရက်စက်မှု...တူညီသော ကျင့်ကြံခြင်းများ....သို့သော် ကွာခြားချက်မှာ စိတ်ဝိညာဉ်နယ်မြေ တွင် လူတစ်ဦးသည် အဆုံးသတ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ ကျင့်ကြံသူတိုင်းအတွက် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သည် အမြင့်ဆုံး ကန့်သတ်ချက်ပင်။မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာပြီးနောက်တွင်မူ...ရှေ့ဆက်ရမည့်လမ်းမှာ ပိတ်ဆို့နေပြီး နောက်ထပ် ရည်မှန်းချက် မရှိတော့ဘဲ သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။ချင်ဝူယောင်းက ပြောဆိုသည်။"နှစ်ပေါင်းသောင်းနဲ့ချီ ရှိနေရင်တောင် နောက်ဆုံးမှာတော့ ဖုန်မှုန့်က ဖုန်မှုန့် ပြာက ပြာပဲ... ကျွန်မက ရှင်သန်ခြင်းနှင့်သေခြင်းတရားကို ထိန်းချုပ်ထားတယ်... ဘယ်သက်ရှိကိုမဆို ကျွန်မ ဖျက်ဆီးပစ်နိုင်တယ်... ဒါပေမဲ့ သက်ရှိတွေရဲ့ အနာဂတ် သက်တမ်း ကို ကျွန်မ မဆုံးဖြတ်နိုင်ဘူး... လူတိုင်းရဲ့ ခေါင်းပေါ်မှာ ချိတ်ဆွဲနေတာက ကောင်းကင်တာအိုပဲ"လုရန်သည် ထိုစကားများကို သိပ်နားမလည်ခဲ့ချေ။ချင်ဝူယောင်းက ဆက်ပြောသည်။"နဂါးတံခါး သဲကန္တာရကနေ ကောင်းကင်တာအို နတ်ဘုရားကျောက်တုံး အပိုင်းအစကို ရှင် ရပြီးလောက်ပြီ... အဲ့ဒါက အပိုင်းအစ သေးသေးလေး တစ်ခုပဲ...အဲ့ဒါကို အင်မော်တယ်ဧကရာဇ်သုံးရာကျော်ရဲ့ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေကို အသုံးပြုပြီးတော့ ကျွန်မ သန့်စင်ထားတာ..."ချင်ဝူယောင်း၏ နားလည်သဘောပေါက်မှုအရ ကောင်းကင်တာအိုကို ကျော်လွန်ပြီး ထိုအရာ၏ ထိန်းချုပ်မှုနှင့် စည်းမျဉ်းများမှ လွတ်မြောက်လိုပါက တစ်စုံတစ်ဦးသည် ကောင်းကင်တာအို ဖြစ်လာပြီး စွမ်းအားကို လုယူရပေမည်။ဤသည်မှာ နိယာမ တစ်ခုမျှသာ မဟုတ်ချေ။ နိယာမ တစ်ခုတည်း၏ စွမ်းအားဖြင့် ဤကောင်းကင်တာအို လှောင်အိမ်မှ မလွတ်မြောက်နိုင်ချေ။ချင်ဝူယောင်းက ပြောဆိုသည်။"ကံကောင်းတာက ကျွန်မရဲ့ စမ်းသပ်မှု အောင်မြင်ခဲ့တယ်... ရှင်ရခဲ့တဲ့ အပိုင်းအစလေးက မလိုအပ်တော့ဘူး... ဘာလို့လဲဆိုတော့ ဒီနှစ်တွေ တလျှောက်လုံးမှာ အင်မော်တယ်ဧကရာဇ်တွေ အများကြီးကို ကျွန်မ ထပ်ရှာတွေ့ခဲ့လို့ပဲ"ချင်ဝူယောင်းက တိကျသော အရေအတွက်ကို မပြောခဲ့သော်လည်း နှစ်ပေါင်းသောင်းနှင့်ချီကာလအတွင်း သူမ အင်မော်တယ်ဧကရာဇ် မည်မျှထိများများကို သတ်ခဲ့သည်အား မည်သူ သိနိုင်မည်နည်း..ဤသည်မှာ ရှားယီယီ ရှပြည်နယ်သို့ သွားခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ သူမ၏တာဝန်မှာ အင်မော်တယ်ဧကရာဇ်များကို လိုက်လံသတ်ဖြတ်ရန်နှင့် တစ်ယောက်မျှ အသက်ရှင်လျက် ချန်မထားခဲ့ရန်ပင်။သူမသည် သူတို့၏ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများအားလုံးကို ထုတ်ယူခဲ့သည်။ထိုအရာသည် အင်မော်တယ်များအားလုံးနှင့် ကောင်းကင်တာအိုအကြား ရင်းနှီးမှုကို စုစည်းထားခြင်းပင်။ သူမသည် သူတို့ထံမှ ကောင်းကင်တာအို အပိုင်းအစများကို ထုတ်ယူကာ ကောင်းကင်တာအို နတ်ဘုရားကျောက်တုံးကို သွန်းလုပ်ခဲ့ပေ၏။မည်သည့်ကိစ္စများ ဖြစ်နေသည်ကို လုရန် ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။ထိုကောင်းကင်တာအို နတ်ဘုရားကျောက်တုံး ရုပ်ထုကို ကြည့်ရင်း သူ ငိုချင်သော်လည်း မျက်ရည်မကျနိုင်ခဲ့ပေ။ ဤအစီအစဉ်သည် ရူးနှမ်းလွန်းလှသည်။ချင်ဝူယောင်း၏ စိတ်နေသဘောထား ကွာခြားချက်ကို သူ ခံစားနိုင်ပေ၏။သူမသည် အောက်ဘုံမှ ချင်ဝူယောင်းနှင့် တူညီသောလူ မဟုတ်တော့ပေ။လုရန်က မေးလိုက်သည်။"ငါ့ရဲ့ခန္ဓာကိုယ်ကို ကောင်းကင်တာအို နတ်ဘုရားကျောက်တုံးနဲ့ အစားထိုးချင်တာလား... ဒီနည်းနဲ့ ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့လား"ချင်ဝူယောင်းက လေသံတိုးတိုးဖြင့် တုံ့ပြန်အဖြေပေးသည်။"အဲ့ဒါက အမှန်ပဲ... ကံမကောင်းစွာနဲ့ ကျွန်မက ခန္ဓာကိုယ် တစ်ခုတည်းပဲ သွန်းလုပ်နိုင်ခဲ့တယ်... ရှင့်အတွက် နှစ်ပေါင်းရှစ်သောင်းကြာအောင် ကျွန်မ ပြင်ဆင်ခဲ့တာ..."လုရန် စိတ်ဝိညာဉ်နယ်မြေသို့ တက်လှမ်းနိုင်မည့်နေ့ကိုသာ သူမ စောင့်ဆိုင်းနေခဲ့ခြင်းပင်။ ထိုသို့ဖြစ်လာမှသာ သူမသည် သူ့ကို ကောင်းကင်တာအို ဖြစ်လာစေနိုင်ပေမည်။ချင်ဝူယောင်းက သူမကိုယ်သူမအတွက်မူ များစွာမတွေးတောခဲ့ချေ။လုရန် ဆွံ့အသွားတော့သည်။ သူမ၏တွေးခေါ်ပုံတွင် ပြဿနာ ရှိနေသည်။လုရန် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤနည်းလမ်း ယုံကြည်ရမှု ရှိမရှိကိုပင် မသိရပေ။အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားပါက သူ ချက်ချင်းသေဆုံးသွားမည် မဟုတ်လော...ချင်ဝူယောင်းသည် သက်ရှိများ၏သေဆုံးမှုကို ထိန်းချုပ်နိုင်ကြောင်း ယခုလေးတင် ရှင်းလင်းစွာ ပြောခဲ့သော်လည်း သူတို့၏သက်တမ်းကိုမူ သူမ တိုးချဲ့မပေးနိုင်ချေ။သူ သေသွားလျှင် အစစ်အမှန် သေသွားခြင်းသာဖြစ်ပြီး ချင်ဝူယောင်းထံ၌ပင် ဖြေရှင်းနည်း ရှိမည်မဟုတ်ချေ။ထို့ကြောင့် သူမ၏နိယာမသည် ရှင်သန်ခြင်းနှင့်သေခြင်းတရားကို ထိန်းချုပ်ခြင်းထက် သေခြင်းတရားကို ထိန်းချုပ်ခြင်း ပို၍ဖြစ်နေသည်။ဤသည်မှာ သက်ရှိအားလုံး၏ သေခြင်းတရားကို ထိန်းချုပ်ခြင်းပင်။လုရန်က ပြောဆိုသည်။"ဇနီးလေး... ဒီလိုလုပ်ဖို့ မလိုပါဘူး... တစ်ခုခု မှားသွားရင် ဘယ်လိုလုပ်မလဲ... ငါ သေသွားရင် ဘယ်လိုလုပ်မလဲ"ချင်ဝူယောင်းက ပြောဆိုလိုက်၏။"ဘာမှ အမှားအယွင်းမနိုင်ဘူး... ကျွန်မ ယုံကြည်မှု ရှိတယ်... ဒါပေမဲ့ ရှင်က အလွယ်တကူ စွန့်စားမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်. .. ဒါကြောင့် ရှင့်ကိုယ်စား ကျွန်မက ဆုံးဖြတ်ချက်ချပေးရမှာပဲ"ထို့နောက်....သူမသည် သူမ၏လက်များကို ဖြည်းညင်းစွာ ဖြန့်လိုက်ရာ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဇာမဏီဝတ်ရုံသည် ဖြည်းညှင်းစွာ စတင်၍ လူးလွန့်လာသည်။ဝင်္ကပါတစ်ခုလုံး၏ လည်ပတ်မှုအမြန်နှုန်းမှာ ပို၍ပို၍ မြန်ဆန်လာတော့သည်။ပတ်ဝန်းကျင်ရှိ ဖိအားများ ပို၍ပို၍အားကောင်းလာသည်ကို လုရန် ခံစားနိုင်ပေ၏။ချင်ဝူယောင်းက ပြောဆိုသည်။"အချစ်... ရှင့်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ကျွန်မက ဖြည်းဖြည်းချင်း ဖယ်ရှားပေးမယ်...ရှင့်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ထိန်းသိမ်းထားပြီးတော့ ရှင့်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ကောင်းကင်တာအို နတ်ဘုရားကျောက်တုံးထဲကို ပို့ဆောင်ပေးမယ်... ဒီလုပ်ငန်းစဉ်က နည်းနည်းနာကျင်ကောင်း နာကျင်နိုင်ပေမဲ့ ရှင့်ရဲ့ ကောင်းကျိုးအတွက် ကျွန်မ ဒါကို လုပ်နေတာလို့ ရှင် ယုံကြည်ရမယ်... ကျွန်မ လုပ်ဆောင်ပြီးသွားတာနဲ့ ဒီစကြဝဠာထဲက ဘယ်အရာကမှ ရှင့်ကို ထပ်ပြီး ကန့်သတ်နိုင်မှာ မဟုတ်တော့ဘူး"ဤအချိန်တွင် ချင်ဝူယောင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြောက်ရွံဖွယ်ကောင်းကာ ရူးသွပ်နေပုံရသည်။သို့သော် လုရန်သည် ဒေါသထွက်ရမည့်အစား ဝမ်းနည်းကာ နှလုံးကြေကွဲနေခဲ့သည်။သူမ၏စရိုက် ဤကဲ့သို့ ဖြစ်လာစေရန် စိတ်ဝိညာဉ်နယ်မြေတွင် ချင်ဝူယောင်း မည်သည့်အရာများအား ကြုံတွေ့ခဲ့ရသည်ကို သူ မသိချေ။သို့သော် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးနှင့် အတွေးများကို ပြင်းထန်စွာ ပြောင်းလဲသွားစေရန်မှာ အကြွင်းမဲ့ မျှော်လင့်ချက်မဲ့မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရမည်ဖြစ်ကြောင်း သူ သိထားသည်။သူ့ကို စိတ်ဝိညာဉ်နယ်မြေတွင် သူမတစ်ယောက်တည်း စောင့်ဆိုင်းနေရသည်မှာ အလွန် နာကျင်ရဖွယ် ရှိကြောင်း သူ တွေးတောကြည့်နိုင်သည်။ထို့ပြင် သူတို့နှစ်ယောက်ကို ခွဲထားသည်က ကောင်းကင်တာအိုက သတ်မှတ်ထားသော သောက်ရေးမပါသည့် အထက်ဘုံတက်လှမ်းခြင်း စည်းမျဉ်းပင်။ချင်ဝူယောင်းထံ၌ ထိုစည်းမျဥ်းကို ပြောင်းလဲရန် နည်းလမ်းမရှိခဲ့ချေ။အင်မော်တယ်တစ်ယောက် ဖြစ်လာပြီးနောက်တွင်ပင် သူမသည် ကောင်းကင်တာအို၏ စည်းမျဉ်းများဖြင့် တင်းကျပ်စွာ ဖိနှိပ်ခံထားရပြီး ထိုကိစ္စကို တွန်းလှန်နိုင်ခြင်း မရှိသည့်အပြင် ဖြေရှင်းနိုင်ခြင်းလည်း မရှိခဲ့ပေ။တဖြည်းဖြည်းနှင့် ကောင်းကင်တာအိုနေရာတွင် အစားထိုးရန် အတွေးတစ်ခု သူမထံတွင် ပေါက်ဖွားလာခဲ့သည်။သို့သော် ထိုကိစ္စမှာ သူမကိုယ်တိုင်အတွက် မဟုတ်ဘဲ လုရန်အတွက်ပင်။လုရန်က ချင်ဝူယောင်းကို နူးညံ့ညင်သာသော အကြည့်ဖြင့် ကြည့်ပြီး ပြောဆိုသည်။"စိတ်ဝိညာဉ်နယ်မြေမှာ ဒီနှစ်တွေ တလျှောက်လုံး... မင်း ပင်ပန်းခဲ့ပြီ..."ချင်ဝူယောင်း အချိန်တခဏမျှ ဆွံ့အသွားသည်။ သူမ၏ မျက်လုံးများတွင် တွေဝေမှုတစ်ချက် ထွက်ပေါ်လာသော်လည်း သူမသည် ပြတ်သားစွာ ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။"မပင်ပန်းပါဘူး... ဒါကို လုပ်ရတာ တန်ပါတယ်"ထိုသို့ပြောပြီးနောက် သူမ၏လက်များသည် ဝင်္ကပါ၏ အလယ်ဗဟိုဆီသို့ ဖြည်းညင်းစွာ စုစည်းလာတော့သည်။ဝင်္ကပါ တစ်ခုလုံး၏ ဖိအားသည် ထိုအခိုက်အတန့်တွင် အမှတ်တစ်ခုတည်းသို့ စုစည်းသွားကာ လုရန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။လုရန်၏ အရေပြားနှင့်အသားများ တစ်စစီ စတင်၍ ကွာကျလာပေ၏။ချင်ဝူယောင်း ပြောတာ အမှန်ပဲ... အဲ့ဒါက တကယ်ကို သောက်ရမ်းနာတယ်...လုရန်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး အတွေးတစ်ချက်ဖြင့် သူ၏ နိယာမစွမ်းအား စတင်၍ အသက်ဝင်လာသည်။အချိန်နိယာမ...အချိန်တခဏ အကြာတွင်...လုရန် သတိပြန်ဝင်လာတော့သည်။ဤအချိန်တွင် ချင်ဝူယောင်းသည် သူ၏လက်ကို ကိုင်ထားပြီး ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားနေပေ၏။မလှမ်းမကမ်းတွင် လင်းဝူယွဲ့သည် သေဆုံးနေပြီဖြစ်ပြီး သူ သေဆုံးသွားသည်မှာ မကြာသေးချေ။ရှားယီယီသည်လည်း သူတို့၏နံဘေးတွင် လိုက်ပါလာသည်။သူတို့ ခန်းမဆောင်ထဲသို့ ဝင်တော့မည့်အချိန်တွင် လုရန် ရုတ်တရက် ရပ်တန့်သွားသည်။သူက ပြောဆိုသည်။"နေအုံး... ငါ့မှာ ပြောစရာ တစ်ခုရှိတယ်"