အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း ၁၃၆: ကာကွယ်ဖို့ မဖြစ်နိုင်ဘူး
ထိုစကားကို ကြားသောအခါ ချင်ဝူယောင်းသည် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။သူမက လုရန်ကို လှည့်ကြည့်လိုက်သည်။သူတို့ အကြည့်ချင်း ဆုံတွေ့ချိန်၌ ချင်ဝူယောင်းသည် ပုံမှန်မဟုတ်သောအရာ တစ်စုံတစ်ခုကို သတိမပြုမိခဲ့ပေ။သူမက ပြောဆိုသည်။"အထဲဝင်ပြီးမှ စကားပြောကြရအောင်..."ချင်ဝူယောင်း၏ မျက်နှာအမူအရာမှာ သဘာဝကျသော်လည်း သူမ၏အလျင်လိုမှုသည် သိသာထင်ရှားနေဆဲပင်။အထူးသဖြင့် လုရန်သည် တစ်ကြိမ်ပြန်လည်စတင်ခဲ့ပြီးဖြစ်ရာ သူ့ကို အထဲသို့ ခေါ်သွားရန် သူမ မည်သည်ကြောင့် ဤမျှထိ စိတ်အားထက်သန်နေသည်ကို သူ သိထားပြီးဖြစ်သည်။ခန်းမဆောင်အတွင်းရှိ ဝင်္ကပါသည် လုရန်ကို နှစ်ပေါင်း သောင်းနှင့်ချီ စောင့်ဆိုင်းရင်း ချင်ဝူယောင်း ကြာမြင့်စွာကတည်းက စီစဉ်ထားခဲ့သောအရာ ဖြစ်နိုင်သည်။လုရန် အချိန်တခဏကြာမျှ ပြန်စဉ်းစားလိုက်၏။ သူ၏ ဝင်္ကပါစွမ်းရည်များသည် အထွတ်အထိပ်အဆင့်တွင် ရှိသော်လည်း ဤအရာကို ဖြေရှင်းရန် နည်းလမ်းကောင်း သူထံ၌ အမှန်တကယ်ကို မရှိခဲ့ချေ။ထို့ကြောင့် သူသည် ခန်းမထဲသို့ ထပ်မံ၍ ဝင်ရောက်မည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက သူ ထပ်မံ၍ အစက ပြန်စရပေလိမ့်မည်။လုရန်က စဉ်းစားရင်း ပြောဆိုသည်။"ငါတို့ အထဲကို အရင်ဆုံး မဝင်ဘဲ နေကြရအောင်... ဒါက ငါ ယောင်ချီကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ... ငါတို့ စကားပြောဖို့ အလျင်မလိုပါဘူး... ယောင်ချီ ကို လှည့်ပတ်ကြည့်ရင်ရော ဘယ်လိုလဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒါက နှစ်ပေါင်းများစွာကြာအောင် မင်း စီမံခန့်ခွဲခဲ့တဲ့ ဂိုဏ်းလေ"လုရန်သည် မူလက ချင်ဝူယောင်းကို တိုက်ရိုက် ရင်ဆိုင်လိုခဲ့သည်။သို့သော် စကားလုံးများ သူ၏နှုတ်ခမ်းဖျားသို့ ရောက်လာချိန်၌ သူမ၏အကြံအစည်ကို မည်သို့ ဖော်ထုတ်ရမည်အား သူ မသိတော့ပေ။ ထိုကိစ္စက အလွန်နေရခက်မည်ဟု သူ ခံစားခဲ့ရသည်။ချင်ဝူယောင်းက မျက်မှောင်အနည်းငယ် ကြုတ်ကာ သူမ၏နောက်ရှိ ခန်းမဆောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမ အတင်းအကြပ် မလုပ်ခဲ့ချေ။ထိုအစား သူမက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။"ကောင်းပြီလေ... ဒီအတိုင်း လမ်းလျှောက်ကြတာပေါ့... ယောင်ချီ အင်မော်တယ် နယ်မြေကို ရှင့်ကို ကျွန်မ လိုက်ပြမယ်"လုရန် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ အနည်းဆုံးအနေဖြင့် ချင်ဝူယောင်းသည် ယခုလောလောဆယ်တွင် အတင်းအကြပ် မလုပ်တော့ချေ။လုရန်သည် ညင်သာသိမ်မွေ့သော လွှမ်းမိုးမှုမှတစ်ဆင့် ချင်ဝူယောင်း၏စိတ်ကို တဖြည်းဖြည်း ပြောင်းလဲရန် စီစဉ်ထားသည်။ယောင်ချီ အင်မော်တယ်နယ်မြေသည် ကြီးမားကျယ်ပြန့်ပေ၏။ နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် စီမံခန့်ခွဲပြီးနောက် တပည့်အများအပြား ရှိနေပြီး ယောင်ချီ၏ လမ်းများတလျှောက် သူတို့ လမ်းလျှောက်လာစဉ် သူမတို့ကို နေရာတိုင်းတွင် တွေ့နိုင်သည်။ယောင်ချီတပည့်များအားလုံး လုရန်ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ယောင်ချီ အင်မော်တယ်နယ်မြေအတွင်း၌ အမျိုးသားတစ်ဦး ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့်ပင်။အမှန်အားဖြင့် ဤနေရာသည် အမျိုးသမီး တပည့်များကိုသာ လက်ခံခြင်းဖြစ်ရုံသာမက မည်သည့် အမျိုးသားကိုမျှလည်း ဝင်ရောက်ခွင့် မပြုပေ။ယောင်ချီ အင်မော်တယ် နယ်မြေ အတွင်းသို့ အတင်းအကြပ် ဝင်ရောက်ရဲသော မည်သူမဆို ထိူလူ၏ ကံကြမ္မာကို စိတ်ကူးယဥ်တွေးတောကြည့်နိုင်သည်။ သူတို့သည် အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးပင် မရလိုက်မီ ဖိနှိပ်ခံရပြီး သတ်ဖြတ်ခံရပေမည်။ရုတ်တရက် ထွက်ပေါ်လာသော လုရန်သည် အမျိုးသမီးတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာတော့သည်။လမ်းတလျှောက် လျှောက်လှမ်းသွားရင်း မျက်နှာပြောင်သော လုရန်ပင်လျှင် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိပေ၏။ခန်းမဆောင်တစ်ခုကို ဖြတ်သန်းသွားချိန်၌ လုရန်နှင့် ချင်ဝူယောင်းတို့ ထိုင်လိုက်ကြသည်။ရှားယီယီက သူတို့ကို ဝန်ဆောင်မှု ပေးရန် နံဘေးတွင် မတ်တတ်ရပ်နေသည်။ချင်ဝူယောင်းက သူမ၏လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ စားပွဲပေါ်တွင် မုန့်တစ်ပန်းကန်ကို တင်လိုက်၏။သူမက ပြောဆိုသည်။"ဒီမုန့်တွေကို ရှင် မှတ်မိသေးလား... အခု ဒါတွေကို ဖုတ်တဲ့နေရာမှာ ကျွန်မ အရမ်းကျွမ်းကျင်နေပြီ"လုရန် ထိုမုန့်များကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းအံ့အားသင့်သွားသည်။သူတို့ နှစ်ဦး ပထမဆုံး တွေ့ဆုံခဲ့စဉ်က ဤမုန့်များကြောင့်ပင်။ ထိုအချိန်မှစ၍ သူတို့၏ တွေ့ဆုံမှုကို ပြန်လည်အမှတ်ရတိုင်း သူတို့သည် တစ်ခါတစ်ရံ ထိုမုန့်များကိုစားကာ အမှတ်တရများကို တဖန်ပြန်၍ ခံစားကြသည်။ဤသည်မှာ ထိုမုန့်များသည် အထူးအရသာရှိသောကြောင့်မဟုတ်ဘဲ သူတို့နှစ်ဦး၏ အမှတ်တရများကို သယ်ဆောင်ထားသောကြောင့်ပင်။လုရန် ထိုမုန့်ကို တစ်ခုကောက်ယူပြီး ကြည့်လိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် ထိုမုန့်များကို လှပစွာ ပြုလုပ်ထားပေ၏။ထိုမုန့်များကို မည်သည့်အချိန်က ပြုလုပ်ထားသည်အား သူ မသိချေ။ မည်သို့ပင်ဆိုစေကာမူ သိုလှောင်အိတ်များထဲတွင် သိမ်းဆည်းထားသောအရာများသည် အချိန်အယူအဆ မရှိသလို ပုပ်သိုးသွားခြင်းလည်း မရှိပေ။ထိုမုန့်ကို တစ်ကိုက်ကိုက်ပြီးနောက် လုရန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားတော့သည်။အဲ့ဒါက အတိအကျ ဒီအရသာပဲ...လုရန်က စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ပြောလိုက်သည်။"မင်းက ဒါတွေကိုတောင် လုပ်နိုင်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... မင်းလည်း နည်းနည်းစားသင့်တယ်... အဲ့ဒီအချိန်တုန်းက အရသာအတိုင်းပဲ"ချင်ဝူယောင်းက သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။ထို့နောက် သူမက မိုးကုတ်စက်ဝိုင်းဆီသို့ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။"ကျွန်မ ဒီနေရာမှာ ခဏခဏထိုင်ပြီးတော့ ညကောင်းကင်ယံကို ငေးကြည့်ရင်းနဲ့ စကြဝဠာထဲက အရာခပ်သိမ်းရဲ့ အမှန်တရားကို ထွင်းဖောက်မြင်နိုင်ဖို့ မျှော်လင့်ခဲ့တယ်... အခု ရှင် ဒီကို ရောက်လာပြီဆိုတော့ ကျွန်မက ဆက်ပြီးတော့ အထီးကျန်နေပြီး သနားစရာကောင်းနေဖို့ မလိုတော့ဘူး"ထိုစကားကို ကြားသောအခါ လုရန် ဇဝေဇဝါ ဖြစ်သွားသည်။ချင်ဝူယောင်း၏ အထီးကျန်ဆန်သော ကျောပြင်ကို ကြည့်ရင်း သူက ခေါင်းညိတ်ပြကာ ပြောဆိုသည်။"အနာဂတ်မှာ ငါတို့ ဘယ်တော့မှ ထပ်မခွဲတော့ဘူး"သို့သော် ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့် တပြိုင်နက်...ချင်ဝူယောင်းက ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။"ကျွန်မတို့ ကွဲကွာရအုံးမှာပဲ...."ဟင်...လုရန် အံ့အားသင့်သွားသည်။ချင်ဝူယောင်းက ဆက်ပြောသည်။"ကောင်းကင်တာအို... ကောင်းကင်တာအို ရှိနေသရွေ့ ကျွန်မတို့နောက်ဆုံးမှာ ကွဲကွာရမှာပဲ... လူသားတွေက အိုနာသေဘေးနဲ့နာကျင်မှုတွေကို ရင်ဆိုင်ရမယ်... မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာရင်တောင် နှစ်ပေါင်းသောင်းနဲ့ချီတဲ့ သက်တမ်းက ကြီးမားကျယ်ပြန့်တဲ့ စကြဝဠာ အချိန်အတိုင်းအတာ ရှေ့မှာ မျက်စိတစ်မှိတ်လောက်ပဲရှိတာ... အဆုံးမှာတော့ ကျွန်မတို့ လမ်းခွဲရမှာပဲ"လုရန် အနည်းငယ် ဆွံ့အသွားသည်။ဒါက ဆွေးနွေးလို့ မရဘူးလေ... နှစ်ပေါင်း သောင်းနဲ့ချီဆိုတာ မလုံလောက်ဘူးလား...လုရန်က ဤအချိန်အတိုင်းအတာကို အလွန်ကောင်းနေပြီဟု ခံစားရသည်။ထို့ကြောင့် သူက ပြောဆိုသည်။"ဒီလောက်ဝေးဝေး ကြည့်ဖို့ မလိုပါဘူး... နှစ်ပေါင်း သောင်းနဲ့ချီတဲ့ အချိန်အတွင်းမှာ ငါတို့ နည်းလမ်းရှာနိုင်ပါတယ်... ဖြည်းဖြည်းချင်း နည်းလမ်းရှာတာပေါ့... ငါတို့ရဲ့ သက်တမ်းကို တိုးမြှင့်တာဖြစ်ဖြစ် ကောင်းကင်တာအိုရဲ့ ဖိနှိပ်မှုနဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်တာဖြစ်ဖြစ် ကြိုးစားလို့ရတယ်... လောဖို့ မလိုပါဘူး"သူ့စကားများ၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ ချင်ဝူယောင်း၏ အတွေးများကို တည်ငြိမ်စေရန်နှင့် သူ့ကို သတ်ပြီး ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးရန် အလွန်အမင်း စိတ်အားထက်သန်မနေစေရန်ပင်။ချင်ဝူယောင်းသည် လုရန် ဆိုလိုသည့် အဓိပ္ပာယ်ကို မသိခဲ့ချေ။သူမသည် လုရန်၏ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်မှုများကို တန်ဖိုးထားပုံ မပေါ်ပေ။သူမက ခေါင်းခါယမ်းပြပြီး ပြောလိုက်သည်။"ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး... နည်းလမ်းကို ကျွန်မ ရှာတွေ့ပြီးပြီ... အကောင်အထည်ဖော်ဖို့ပဲ လိုတော့တာ... ရှင့်ရဲ့ ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ် ကို ပြန်တည်ဆောက်ပေးဖို့ ကျွန်မ ကူညီပေးပြီးတာနဲ့ ရှင်က ကောင်းကင်တာအို ဖြစ်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ကျွန်မအတွက် လုံလောက်တဲ့ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေကို စုဆောင်းပေးဖို့ နည်းလမ်းတစ်ခုလည်း ရှင့်မှာ ရှိလာလိမ့်မယ်"ချင်ဝူယောင်းသည် စကားပြောလေလေ ပို၍စိတ်လှုပ်ရှားလာလေလေပင်။လုရန်၏ခန္ဓာကိုယ်တွင်မူ ချွေးစေးများ ထွက်လာတော့သည်။ သူမ မည်သည်ကြောင့် ဤအကြံအစည်ကို စွဲလန်းနေသနည်း။သူမ၏စကား တစ်ဝက်တစ်ပျက်သို့ အရောက်တွင် ချင်ဝူယောင်းက ရုတ်တရက် ထပ်မံ၍ ရပ်တန့်သွားသည်။ထို့နောက် သူမက တည်ကြည်လေးနက်စွာ ပြောဆိုသည်။"အခုချိန်မှာ ကျွန်မ ဆိုလိုတာကို ရှင် နားလည်ချင်မှ နားလည်လိမ့်မယ်... ဒါပေမဲ့ ကိစ္စမရှိဘူး... ကျွန်မ ရှင့်ကို အဲ့ဒီနေရာဆီ ပို့ပေးမယ်... အဲ့ဒီကိုရောက်ရင် ရှင် သိလိမ့်မယ်"လုရန် ဆွံ့အသွားသည်။ သူ၏ဖျောင်းဖျမှုကို ဆက်လက်၍ ပြုလုပ်တော့မည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်သည် သူ၏အမိန့်ကို မနာခံတော့ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများသည်လည်း ဗြောင်းဆန်ပြီး ပရမ်းပတာ ဖြစ်လာပေ၏။မူးဝေမှုလှိုင်းလုံးများသည် လုရန်၏နတ်ဘုရားစိတ်ဝိညာဉ်ကို အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်လာတော့သည်။မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အနေဖြင့် လုရန်၏နတ်ဘုရားစိတ်ဝိညာဉ်ကို သက်ရောက်နိုင်သောအရာ အမှန်တကယ် ရှိနေသည်။လုရန် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။သူ ရုတ်တရက် နားလည်သဘောပေါက်သွားပြီး တုန်ယင်စွာ မတ်တတ်ရပ်ကာ စားပွဲပေါ်ရှိ မုန့်များကို ကြည့်ပြီး ပြောဆိုသည်။"ဒီအရာကို... မင်းက လှည့်စားထားတာပဲ"အစောပိုင်းက ချင်ဝူယောင်းသည် မုန့်တစ်ခုလေးပင် မစားခဲ့သည်မှာ မဆန်းတော့ချေ။လုရန် တစ်ယောက်တည်းသာ စားခဲ့ခြင်း ဖြစ်ပေ၏။ချင်ဝူယောင်းက နူးညံ့ညင်သာစွာ ပြောဆိုသည်။"ကိစ္စမရှိပါဘူး... အဲ့ဒါက ရှင့်ကို အိပ်ပျော်သွားစေဖို့ သက်သက်ပါ... ကျွန်မ ရှင့်ကို အဲ့ဒီနေရာဆီ ခေါ်သွားမယ်... ပြီးတော့ ရှင်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ကျွန်မ ဖယ်ရှားနေရင်းနဲ့ ရှင့်ကို ရှင်းပြပေးမယ်"လုရန်က သူ၏လျှာကို အလျင်အမြန် ကိုက်လိုက်သည်။သူ သတိရှိနေဆဲ အချိန်တွင် နောက်တစ်ကြိမ် နောက်ပြန်လှည့်ရန် အချိန်နိယာမကို သူ တိုက်ရိုက် အသုံးပြုလိုက်တော့သည်။တူညီသော အချိန်၊ တူညီသော နေရာ၊ ပင်မခန်းမကြီး၏ တူညီသော အဝင်ဝ...သေဆုံးနေပြီးဖြစ်သော လင်းဝူယွဲ့...ထို့ပြင် သူ၏ရှေ့၌ သူ၏လက်ကို ကိုင်ထားသော ချင်ဝူယောင်း...လုရန် သက်ပြင်းချကာ သူ၏နဖူးကို ရိုက်ချလိုက်ပြီးဆွံ့အစွာဖြင့် ပြောလိုက်သည်။"ဟူး... ကာကွယ်ဖို့က မဖြစ်နိုင်ဘူး..."ချင်ဝူယောင်း၏မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းသွားပြီး သူမက မေးမြန်းသည်။"အချစ်... ဘာဖြစ်လို့လဲ"လုရန်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။"ထားလိုက်ပါ... ဘာမှမဟုတ်ပါဘူး"ချင်ဝူယောင်းက ပြောလိုက်၏။"ဒါဆိုရင် အထဲဝင်ကြစို့...ရှင့်ကို ကျွန်မ ပြစရာ တစ်ခုရှိတယ်"ထိုသို့ပြောဆိုပြီးနောက် သူမသည် လုရန်ကို အတွင်းသို့ ဆွဲခေါ်ရန် ဟန်ပြင်လိုက်သည်။လုရန်က အလျှင်အမြန် ပြောဆိုသည်။"ဟေး... နေဦး... အလျင်မလိုပါဘူး... ငါ ယောင်ချီ ကို အခုမှ ရောက်ဖူးတာလေ... ယောင်ချီကို မင်း စီမံခန့်ခွဲလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ ငါ ကြည့်ချင်တယ်... အရင်ဆုံး လမ်းလျှောက်ကြရအောင်... မင်း ငါ့ကို မိတ်ဆက်ပေးမလား"အမ်...ချင်ဝူယောင်းက လုရန်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ဤတစ်ကြိမ်တွင် သူမက မငြင်းဆန်ဘဲ ခေါင်းညိတ်ပြပြီး ပြောဆိုသည်။"ကောင်းပြီလေ... ဒါဆိုရင် လမ်းလျှောက်ကြတာပေါ့"လုရန် သက်သာရာရသွားသကဲ့သို့ ခံစားမိကာ သူ၏စိတ်နှလုံးသားထဲ၌ စတင်၍ တွက်ချက်နေတော့သည်။ ချင်ဝူယောင်းကို ထိုအကြံအစည် စွန့်လွှတ်အောင် သူ မည်သို့ လုပ်နိုင်မည်နည်း။စကားလုံးအနည်းငယ်မျှကို အားကိုးရုံဖြင့် အလုပ်ဖြစ်မည် မထင်ပေ။မည်သို့ပင်ဆိုစေကာမူ ချင်ဝူယောင်းသည် သူမ၏ ထိုအကြံအစည်အတွက် နှစ်ပေါင်းသောင်းနှင့်ချီ အချိန်ယူ၍ ပြင်ဆင်ထားခဲ့ခြင်းပင်။ယခင်ကကဲ့သို့ပင် လုရန် လျှောက်လှမ်းသွားချိန်၌ ယောင်ချီတပည့်အားလုံးက သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။သို့သော် ဤတစ်ကြိမ်တွင် လုရန်သည် သူမတို့ကို ဂရုစိုက်ရန် အားမထုတ်နိုင်တော့သလို ထိုအရာနှင့် ပတ်သက်၍ တခြားခံစားချက်လည်း မရှိတော့ပေ။သူတို့သည် ပြီးခဲ့သည့်အကြိမ်က ခန်းမဆောင်ကို ဖြတ်သွားတော့မည့်အချိန်တွင် ချင်ဝူယောင်းက အတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်လိုက်သည်။လုရန်က အော်ဟစ်လိုက်၏။"ဟေး... ဟိုးအရှေ့က ရေပန်းက တော်တော် စိတ်ဝင်စားစရာကောင်းတယ်... အဲ့ဒါ ဘာရုပ်ထုလဲ... မင်းလား... သွားကြည့်ကြရအောင်"ငါ့ကို သတ်ရင်တောင် အဲ့ဒီခန်းမဆောင်ထဲကို ငါ ဝင်မှာ မဟုတ်ဘူး...