အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း ၁၃၇: ငါ တကယ် မယုံဘူး
ချင်ဝူယောင်းက လုရန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ထို့နောက် လုရန်၏ စကားများကြောင့် ဆွဲဆောင်ခံရသဖြင့် သူမ မော့ကြည့်လိုက်၏။မလှမ်းမကမ်းတွင် စမ်းရေကန်တစ်ခုရှိပြီး ထိုနေရာတွင် ကြည်လင်သော စမ်းရေများ တသွင်သွင် စီးဆင်းနေသည်။ရေကန်သည် လူများမှ ဖန်တီးထားပြီး ပြုပြင်မွမ်းမံထားပုံရသည်။ချင်ဝူယောင်း၏ ပုံပန်းသဏ္ဌာန်အတိုင်း ထွင်းထုထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော ရုပ်ထုတစ်ခုရှိပြီး ထိုအရာမှာ အလွန်မကြီးမားသော်လည်း သေးငယ်ခြင်းလည်း မရှိပေ။ချင်ဝူယောင်း၏အလှတရားသည် ရုပ်ထုတစ်ခုတွင်ပင် သိသာထင်ရှားလှသည်။ချင်ဝူယောင်းက ရှင်းပြလိုက်၏။"ဒါက ယောင်ချီထဲက စမ်းရေတွင်းတစ်ခုပါပဲ... ယောင်ချီ အင်မော်တယ် နယ်မြေမှာ ဒီလိုမျိုး စမ်းရေပေါက် နှစ်ဆယ့်ရှစ်ခု ရှိတယ်"အတိုချုပ်ပြောရလျှင် ဤနေရာတွင် ကြည့်စရာ သိပ်မရှိပေ။ထိုသို့ပြောပြီးနောက် သူမသည် သူတို့ ဖြတ်သန်းလာခဲ့သော ခန်းမဆောင်ကို ပြန်ကြည့်လိုက်ကာ ထိုအရာအပေါ် စွဲလန်းနေဆဲဖြစ်ပုံရသည်။လုရန်က အချိန်မီ အော်ပြောလိုက်သည်။"ငါ ဒါကို ပထမဆုံးအကြိမ် မြင်ဖူးတာဆိုတော့ တော်တော်လေး လှတယ်... ရှေ့ကို ဆက်သွားကြရအောင်"သူ ထိုသို့ပြောလိုက်သဖြင့် ချင်ဝူယောင်းသည် တခြားစကားများကို သိပ်မပြောနိုင်တော့ပေ။သူမက ချိုသာသော အပြုံးဖြင့် ပြောဆိုသည်။"ကောင်းပြီလေ"လုရန်က ထပ်မံ၍ သက်ပြင်းချလိုက်သည်။သူသည် ချင်ဝူယောင်းနှင့်အတူ ရှေ့သို့ ဆက်သွားခဲ့သည်။ ရှားယီယီသည် နောက်မှ လိုက်ပါလာပြီး လုရန်၏ ထူးဆန်းသော တုံ့ပြန်မှုများကို စောင့်ကြည့်နေစဉ် သူမ၏မျက်နှာအမူအရာတွင် သံသယများဖြင့် ပြည့်နှက်နေပေ၏။လုရန်သည် တစ်ခုခုကို တမင်သက်သက် ရှောင်လွှဲနေပုံရသည် မဟုတ်လော...ထို့ပြင် ဤသည်က သူမ၏အစ်မ ချင်ဝူယောင်းနှင့် ဆက်စပ်နေပုံရသည်။သို့ရာတွင် ချင်ဝူယောင်းသည် ဤကိစ္စကို သတိမထားမိချေ။နံဘေးမှ စောင့်ကြည့်နေသူ တစ်ဦးအနေဖြင့် ရှားယီယီကမူ ထိုကိစ္စကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။လုရန် မည်သည့်အရာကို ရှောင်လွှဲနေသည်အား ရှားယီယီ မသိသော်လည်း အကယ်၍ သူ အမှန်တကယ် လုပ်နေပါက သူသည် အချိန်နိယာမအား အသုံးပြုခဲ့သည်ဟု ဆိုလိုခြင်းပင်။သူမသည် ချင်ဝူယောင်း၏ကျောပြင်ကို ကြည့်ကာ တခဏကြာမျှ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် တစ်ဖက်လူကို သတိမပေးခဲ့သလို သူမ၏သံသယများကိုလည်း ဖွင့်မပြောခဲ့ချေ။သူမက ဆက်လက်၍စောင့်ကြည့်ရန် စီစဉ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လုရန်သည် ယောင်ချီအင်မော်တယ်နယ်မြေတလျှောက် လမ်းလျှောက်နေရုံသာ ဖြစ်သည်။သူတို့သည် ရှေ့သို့ အချိန်အတော်ကြာ လျှောက်လှမ်းသွားခဲ့ကြ၏။သူတို့၏ရှေ့တွင် သိုင်းပညာလေ့ကျင့်ရေးကွင်းတစ်ခုနှင့် တူညီသောနေရာ၌ ယောင်ချီတပည့် အများအပြား လေ့ကျင့်နေကြသည်။ကွာခြားချက်မှာ ဤနေရာရှိ လူတိုင်းသည် မိန်းကလေးများ ဖြစ်ကြခြင်းပင်။လုရန်နှင့်ချင်ဝူယောင်းတို့သည် သိုင်းပညာလေ့ကျင့်ရေးကွင်း၏ရှေ့ရှိ စင်မြင့်တစ်ခုပေါ်သို့ အမှုမဲ့အမှတ်မဲ့ဖြင့် ရောက်သွားသည်။အောက်ဘက်ရှိ အမျိုးသမီးတပည့်များကို ကြည့်ရင်း လုရန်က ညည်းတွားလိုက်သည်။"မဆိုးပါဘူး... တစ်ယောက်ပြီးတစ်ယောက် ပိုပိုပြီး လေးနက်လာတယ်... ကြီးကြပ်မှုမရှိဘဲနဲ့တောင် ဒီလိုဖြစ်နေတာဆိုတော့ သူတို့ရဲ့ အနာဂတ် အလားအလာ တွေက အတော်လေး ကောင်းတယ်"ချင်ဝူယောင်းက တပည့်များကိုကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။"အလားအလာ... ဘာအလားအလာလဲ"လုရန်က ပြန်ဖြေလိုက်၏။"ကျင့်ကြံခြင်းလမ်းကြောင်းက အင်မော်တယ်အဖြစ် တက်လှမ်းဖို့အတွက်လေ... ဒီတပည့်တွေ အားလုံးမှာ ကောင်းမွန်တဲ့ ပါရမီတွေ ရှိတယ်ဆိုတာ ငါ မြင်တယ်... အင်မော်တယ်နယ်ပယ်ကို ရောက်ဖို့က အရမ်းရိုးရှင်းမှာပါ"ချင်ဝူယောင်းက ဆက်မေးလိုက်သည်။"ဒါဆို အင်မော်တယ်တစ်ယောက် ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်ကရော..."လုရန် အနည်းငယ်ဆွံ့အသွားပြီး မည်ကဲ့သို့ ပြန်ဖြေရမည်ကို ရုတ်တရက် မသိတော့ချေ။"အင်မော်တယ်တစ်ယောက် ဖြစ်လာတာ..."ချင်ဝူယောင်းက ပြောလိုက်သည်။"ဒါက တာအိုနဲ့ ထာဝရအသက်ကို ရရှိဖို့အတွက် မဟုတ်လား"ထိုစကားကို ကြားသောအခါ လုရန်၏နှလုံးခုန်နှုန်း တစ်ချက်မှားသွားတော့သည်။သောက်ကျိုးနည်း... စကားဝိုင်းက ဒီအကြောင်းအရာကို ဘယ်လိုလုပ်ပြီး ပြန်ရောက်သွားတာလဲ...သူ မျှော်လင့်ထားသည့်အတိုင်းပင်...ချင်ဝူယောင်းက စကားပြောဆိုပြီးနောက် သူမဘာသာ ဆက်လက်၍ ပြောဆိုနေတော့သည်။"ထာဝရအသက်ဆိုတာမျိုးက မရှိဘူး... လူတစ်ယောက်ရဲ့ သက်တမ်းက နှစ်သောင်းချီ သိန်းချီ ဒါမှမဟုတ် သန်းချီ ရှိနေရင်တောင် နောက်ဆုံးမှာတော့ သေရမှာပဲ""စကြဝဠာထဲက အရာခပ်သိမ်းဟာ ဒီစည်းမျဉ်းတွေ အောက်မှာ ရှိနေပြီးတော့ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...""ကောင်းကင်တာအိုရဲ့ ရှေ့မှာဆိုရင် နှစ်တစ်သန်း ဒါမှမဟုတ် နှစ်ဆယ်သန်းဆိုတာ မျက်စိတစ်မှိတ်လောက်ပဲ ရှိတာ""နောက်ဆုံးမှာ သေရမှာဆိုမှတော့ တစ်ရက် အသက်ရှင်တာနဲ့ နှစ်တစ်သန်း အသက်ရှင်တာက ဘာကွာခြားလို့လဲ""ဘဝကို ပျော်မွေ့တယ်ဆိုတာ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ"ချင်ဝူယောင်းထံမှ ဤအငြင်းပွားမှု ဆက်တိုက်ထွက်ပေါ်လာပြီးနောက်....လုရန် တွေဝေသွားတော့သည်။မည်ကဲ့သို့ တုံ့ပြန်ရမည်ကို သူ မသိခဲ့ချေ။ချင်ဝူယောင်းက အပြုံးနှင့် ပြောဆိုသည်။"ဒါပေမဲ့ ကိစ္စမရှိဘူး... ကျွန်မမှာ နည်းလမ်းတစ်ခု ရှိတယ်... ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်တွေကနေ ရုန်းထွက်ဖို့အတွက် ကျွန်မမှာ နည်းလမ်းတစ်ခု ရှိတယ်"လုရန် ငိုချင်စိတ်ပေါက်သွားကာ သူ တွေးတောလိုက်သည်။'မင်းမှာ နည်းလမ်းတစ်ခု ရှိတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အဲ့ဒီအရာက ယုံကြည်ရတာ မဟုတ်ဘူးလေ'သို့သော် သူ ဆက်ပြောလိုက်သည်။"ဘာနည်းလမ်းလဲ..."ချင်ဝူယောင်းသည် ထူးဆန်းသောအရာဟူ၍ တစ်စုံတစ်ခုကိုမျှ မခံစားမိခဲ့ချေ။သူမက ဆက်လက်၍ ပြောဆိုနေသည်။"ရှင့်ရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးပုံဖော်ဖို့...ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်တစ်ခုကို ပြန်ပြီးပုံဖော်ဖို့ ကျွန်မ ကူညီပေးနိုင်တယ်... ရှင် နားလည်ချင်မှ နားလည်လိမ့်မယ်... ဒါပေမဲ့ တကယ့်ကို ကျွန်မမှာ နည်းလမ်းတစ်ခု ရှိတယ်... ကျွန်မက မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေ အများကြီးကို စုဆောင်းထားပြီးပြီ... ကျွန်မ ထုတ်ယူထားတဲ့ ကောင်းကင်တာအို အပိုင်းအစတွေကို ကောင်းကင်တာအို နတ်ဘုရားကျောက်တုံးတစ်ခုထဲကို ပေါင်းစပ်ထားပြီးပြီ... အရာအားလုံး... အရာအားလုံးကို ရှင့်အတွက် ပြင်ဆင်ထားပြီးပြီ"ထိုသို့ပြောပြီးနောက် ချင်ဝူယောင်းက ဖြည်းညှင်းစွာ နောက်ဆုတ်သွားတော့သည်။တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် လုရန်၏နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။သူ ပတ်ဝန်းကျင်ကို အလျှင်အမြန် ကြည့်လိုက်ရာ သူ၏ခြေထောက်အောက်ရှိ မြေကြီးသည် အမှန်တကယ်ပင် ဝင်္ကပါတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ထို့ပြင် ဝင်္ကပါသည် စတင်၍ လည်ပတ်နေလေပြီ။လုရန် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။သောက်ကျိုးနည်း... ဒီမှာလည်း ဝင်္ကပါ တစ်ခု ရှိနေတာပဲ...သို့သော် သူ၏ခန္ဓာကိုယ် လှုပ်ရှားနိုင်ဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအားများအပေါ် ထိခိုက်မှုမရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် လုရန် များစွာထိတ်လန့်မသွားခဲ့ချေ။ ဤဝင်္ကပါသည် သူ့အပေါ် များစွာအကျိုးသက်ရောက်မှု မရှိပုံရသည်။ထိုသို့မဟုတ်ပါက လုရန် မည်သို့မျှ မခံစားရသဖြင့် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိခြင်းလည်း ဖြစ်နိုင်ပေ၏။ထို့ပြင် သူ၏အထွတ်အထိပ်အဆင့် ဝင်္ကပါစွမ်းရည်များဖြင့် လုရန်သည် သူ၏ခြေထောက်အောက်ရှိ ဝင်္ကပါဖွဲ့စည်းပုံမှာ အလွန် ရိုးရှင်းကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။သူ၏မျက်လုံးများက ထိုအရာပေါ်သို့ ဝေ့ဝိုက်၍ကျရောက်သွားပြီး ဤဝင်္ကပါ၏ ရည်ရွယ်ချက်ကို ချက်ချင်းဆုံးဖြတ်လိုက်သည်။လေဟာနယ် ကူးပြောင်းခြင်း...ဤသည်မှာ အလွန်ရိုးရှင်းသော ဖွဲ့စည်းပုံရှိသည့် လေဟာနယ်ကူးပြောင်းခြင်း ဝင်္ကပါတစ်ခုပင်။လုရန် စဉ်းစားနေစဉ်မှာပင်...ဝှစ်...သူ၏မျက်စိရှေ့ရှိ မြင်ကွင်းသည် ချက်ချင်းပြောင်းလဲသွားပေ၏။ပတ်ဝန်းကျင်ရှိ အရာအားလုံး မှောင်မည်းနေသည်။ သေချာသည်မှာ လုရန်အတွက် ဤအမှောင်ထုသည် ဘာမျှ မဟုတ်ပေ။ဒါပေမဲ့... ဒီအမှောင်ထုက နည်းနည်းရင်းနှီးနေသလိုပဲ...ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လုရန်သည် မျက်ဖြူလန်မသွားဘဲ မနေနိုင်ခဲ့ချေ။ဒါက ပထမဆုံး ခန်းမဆောင်ကြီး မဟုတ်ဘူးလား...သောက်ကျိုးနည်း... ငါ ဒီကို ပြန်ရောက်လာပြန်ပြီ...လုရန် ငိုချင်စိတ်ပေါက်သွားပြီး ပြောဆိုသည်။"ကာကွယ်ဖို့က မဖြစ်နိုင်ဘူး"သူသည် ချင်ဝူယောင်းကို မော့ကြည့်ပြီး ပြောဆိုသည်။"ဇနီးလေး... မင်းရဲ့ အကြံအစည်က တကယ်ကို မယုံကြည်ရဘူး... ငါတို့ သေချာ စကားပြောကြမလား"ချင်ဝူယောင်းသည် လုရန်ကို ဇဝေဇဝါဖြင့် ကြည့်ပြီး သူမက ခေါင်းခါယမ်းလိုက်၏။"ရှင် ကျွန်မရဲ့စကားကို နားထောင်ရင် အဆင်ပြေသွားလိမ့်မယ်... စိတ်မပူပါနဲ့... အရာအားလုံးကို ကျွန်မ စီစဉ်ပြီးပြီ"မင်း ဘာမှ မစီစဉ်ရသေးဘူးလေ...ချင်ဝူယောင်း၏ လက်ရှိတွေးခေါ်ပုံမှာ အလွန်ရူးသွပ်နေပြီး သူမသည် လမ်းပိတ်နေပြီဖြစ်ကြောင်း လုရန် နားလည်သဘောပေါက်လိုက်သည်။သူမနှင့် အဓိပ္ပာယ်ရှိရှိ စကားပြောရန် မဖြစ်နိုင်သလို သူမကို အကြောင်းပြချက် ပေးရန်လည်း မဖြစ်နိုင်ပေ။သူ မည်သို့ ပြုလုပ်ရမည်နည်း...လုရန်က ပြောဆိုသည်။"မင်းရဲ့စကားတွေကို ငါ လျစ်လျူရှုထားတာ မဟုတ်ပါဘူး... စဉ်းစားကြည့်... ငါ ယောင်ချီကို ရောက်နေပြီ... ပြီးတော့ ငါ ထွက်သွားမှာ မဟုတ်ဘူး... ဒီနေရာမှာ ဒီအရာတွေ ရှိနေမှတော့ အသေးစိတ် အချက်အလက်တွေကို အရင်လေ့လာကြည့်ရအောင်... အရာအားလုံး အမှားအယွင်းကင်းတယ်ဆိုတာ သေချာပြီဆိုမှ ငါတို့ ဆက်လုပ်ကြမယ်... ဘယ်လိုလဲ"လုရန်၏ရည်ရွယ်ချက်မှာ သေချာပေါက် အချိန်ဆွဲရန်ပင်။အနည်းဆုံးတော့ ဤအရာ၏ ဖြစ်နိုင်ခြေကို သူ သေချာစွာ နားလည်ချင်ခဲ့သည်။ထို့ပြင် ချင်ဝူယောင်းတွင် ငြင်းဆိုရန် အကြောင်းပြချက် မရှိပုံရပေ၏။သူတို့နှစ်ဦးလုံးတွင် နှစ်ပေါင်း သောင်းနှင့်ချီသော သက်တမ်း ကျန်ရှိနေဆဲပင်။ ဤအချိန်အခိုက်အတန့်အတွက် အလျင်လိုရန် မလိုအပ်ချေ။သို့သော် လုရန်၏တွက်ချက်မှု ထပ်မံ၍ မှားယွင်းသွားခဲ့သည်။စက္ကန့်အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ချင်ဝူယောင်းက ခေါင်းခါယမ်းလိုက်သည်။"လေ့လာဖို့ မလိုဘူး... ရှင် ကျွန်မရဲ့စကားကို နားထောင်ရင် အဆင်ပြေသွားမှာပါ...ကျွန်မ အဲ့ဒါကို သေသေချာချာ စူးစမ်းစစ်ဆေးပြီးပြီ... ကျွန်မပြောတဲ့အတိုင်းသာ လုပ်ပါ"လုရန်က အံ့အားသင့်စွာဖြင့် တုံ့ပြန်လေသည်။"ဒီအချိန်အခိုက်အတန့်အတွက် လောစရာ မလိုပါဘူး... ငါ့ကို ရက်နည်းနည်းလောက် အနားယူခွင့်ပေးပါလား... ငါ့ရဲ့ အခြေအနေက အခု သိပ်မကောင်းဘူး... ဒီကိစ္စကိုလုပ်နေတုန်း တစ်ခုခု မှားယွင်းသွားရင် ဘယ်လိုလုပ်မလဲ"ချင်ဝူယောင်းက ခေါင်းခါယမ်းလိုက်၏။"ဘာမှ မှားယွင်းမှာ မဟုတ်ဘူး... ရှင့်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ် ရှိနေသရွေ့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"သူမ မည်သည်ကြောင့် ဤမျှထိ ခေါင်းမာနေရသနည်း။လုရန် တစ်ခုခုကို ထပ်ပြောချင်ခဲ့သည်။သို့သော် သူ၏ခြေထောက်အောက်ရှိ ဝင်္ကပါသည် စတင် လည်ပတ်နေပြီဖြစ်ပြီး လုရန်ကို နေရာတွင် ချည်နှောင်ထားခဲ့သည်။ချင်ဝူယောင်းသည် ထိုဝင်္ကပါကို စတင်၍ အသက်သွင်းလိုက်၏။လုရန် ယခင်က မြင်တွေ့ခဲ့ရသော ကောင်းကင်တာအို နတ်ဘုရားကျောက်တုံးဖြင့် ပြုလုပ်ထားသည့် သူ၏ရုပ်ထုသည်လည်း မလှမ်းမကမ်းတွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။လုရန်က သက်ပြင်းချပြီး ပြောဆိုသည်။"ငါ တကယ်ကို မယုံနိုင်ဘူး... ထပ်သွားကြစို့"ထိုသို့ပြောပြီးနောက် သူသည် အချိန်နောက်ပြန်ဆုတ်ခြင်းကို တိုက်ရိုက်အသုံးပြုကာ ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ပြန်ရောက်သွားတော့သည်။ဤတစ်ကြိမ်တွင် မည်သို့ပင်ဖြစ်စေကာမူ ခန်းမဆောင်ထဲသို့ သူ ဝင်မည် မဟုတ်ချေ။ ချင်ဝူယောင်း၏ လှည့်ကွက်ထဲသို့ သူ လုံးဝ ဝင်မည်မဟုတ်ပေ။