အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း ၁၄၀: ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်
ယနေ့တွင်...သူတို့ကို မည်သူမျှ လာရောက်၍ မနှောင့်ယှက်ခဲ့ပေ။လုရန်နှင့် ချင်ဝူယောင်းတို့သည်လည်း လောကကြီးကို တုန်လှုပ်စေမည့် မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြပေ။သူတို့နှစ်ဦးသည် ယောင်ချီ အင်မော်တယ်နယ်မြေတလျှောက် လမ်းလျှောက်ခဲ့ကြပြီး တစ်ခါတစ်ရံ အနားယူရန် ရပ်တန့်ကာ မိုးကုတ်စက်ဝိုင်းရှိ တိမ်ပင်လယ်ကြီးကို ငေးမောကြည့်နေခဲ့ကြသည်။တစ်ခါတစ်ရံတွင် သူတို့သည် ကောင်းကင်ကိုးထပ်၏ အလွန်သို့ ပျံသန်းသွားကာ လွင့်မျောနေသော တိမ်တိုက်များနှင့် ပန်းရောင်မြူခိုးများ ဖြတ်သန်းသွားသည်ကို စောင့်ကြည့်နေခဲ့ကြ၏။လုရန်သည် ပျင်းစရာကောင်းသည်ဟု လုံးဝမခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ အလွန်သက်တောင့်သက်သာ ရှိသည်ဟု ခံစားခဲ့ရသည်။ဤအရာမှာ အောက်ဘုံတွင် တက်ရောက်စာရင်းသွင်းခြင်း ပြုလုပ်ခဲ့သော နှစ်ပေါင်း တစ်သိန်းအတွင်း သူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသောအရာပင်။အမြင့်မားဆုံး ကောင်းကင်၏ ချောက်ကမ်းပါးတစ်ခုဘေးတွင်...သူတို့နှစ်ဦးသား ဘေးချင်းယှဉ်၍ထိုင်ကာ အောက်ဘက်ရှိ အလယ်ပိုင်းနယ်မြေ၏ လှပသော ရှုခင်းများကို ငေးမောကြည့်နေခဲ့ကြသည်။ချင်ဝူယောင်းက ရုတ်တရက် မေးမြန်းသည်။"အောက်ဘုံမှာ အဲ့ဒီနှစ်ပေါင်း တစ်သိန်းကို ရှင် ဘယ်လို ဖြတ်သန်းခဲ့တာလဲ"လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။"အထက်ဘုံတက်လှမ်းဖို့ စောင့်မျှော်နေရတာ အရမ်း ဝေးကွာလွန်းလို့ မျှော်လင့်ချက်တောင် မရှိတော့ဘူးလို့ ငါ ခံစားခဲ့ရတယ်... ဘာမှလုပ်စရာမရှိတော့ အချိန်ဖြုန်းဖို့ တပည့်တချို့ကို ငါ လက်ခံခဲ့တာ..."သို့သော် သူ တပည့်များ လက်ခံသည်ကို ချင်ဝူယောင်း မကြိုက်ကြောင်း သတိပြုမိသဖြင့် သူ ပြန်လည်၍ တိတ်ဆိတ်သွားပေ၏။ချင်ဝူယောင်းသည် ရှုခင်းများကို ငေးမောကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။အချိန်အနည်းငယ် ကြာပြီးနောက်...လုရန်ကလည်း မေးမြန်းလိုက်သည်။"မင်းကရော ဘယ်လိုလဲ... မင်း အထက်ဘုံတက်လှမ်း ပြီးတဲ့နောက်မှာ တော်တော်လေး ခက်ခဲခဲ့မှာပဲ..."ချင်ဝူယောင်း အထက်ဘုံတက်လှမ်းခဲ့စဉ်က လုရန်တွင် တပည့်များ မရှိသေးချေ။ သူမသည် စိတ်ဝိညာဉ်နယ်မြေသို့ တစ်ယောက်တည်း အထက်ဘုံတက်လှမ်းခဲ့ပြီး အထီးကျန်နေကာ မည်သည့်အထောက်အပံ့မျှ မရှိခဲ့ပေ။ဤှသည်က တခြား အပြာရောင်ဂိုဏ်းတပည့်များ၏ အထက်ဘုံတက်လှမ်းခြင်းထက် များစွာပို၍ ခက်ခဲလှသည်။တခြား အပြာရောင်ဂိုဏ်းတပည့် အများစုတွင် စီနီယာအစ်ကိုများနှင့် စီနီယာအစ်မများ၏ အထောက်အပံ့များ ရှိခဲ့ပေ၏။ သူတို့သည် ပြည်နယ်ကိုးခုတလျှောက် ပြန့်ကျဲနေသော်လည်း တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးခဲ့ကြသဖြင့် အလွန်အမင်း အန္တရာယ် မများခဲ့ပေ။အားနည်းသူများက သန်မာအားကောင်းသူ၏ သားကောင်ဖြစ်ရသော ဤကမ္ဘာတွင် ထိုစဉ်က ချင်ဝူယောင်းအတွက် သေချာပေါက် လွယ်ကူခဲ့မည် မဟုတ်ပေ။လုရန်၏ မေးခွန်းကို ကြားသောအခါ ချင်ဝူယောင်း အချိန်တခဏမျှ ဆွံ့အသွားသည်။သူမက ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။"တကယ်တော့ ကျွန်မအတွက် ခက်ခဲခဲ့တယ်... နေ့တိုင်း အဆုံးမရှိတဲ့ အနှောင့်အယှက်တွေနဲ့ အန္တရာယ်တွေကို ကျွန်မ သတိထားနေခဲ့ရတယ်... ဒါပေမဲ့ ကျွန်မရဲ့ ပါရမီက တော်တော်လေး ကောင်းမွန်ပြီးတော့ ကျွန်မရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းက နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဆင်ပြေချောမွေ့ခဲ့တယ်...ဒါကြောင့် ကျွန်မက အမှားအယွင်း ကြီးကြီးမားမား မရှိဘဲနဲ့ မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်လာခဲ့တယ်"ချင်ဝူယောင်းက အလွန်ရိုးရှင်းစွာ ပြောပြခဲ့သည်။သို့သော် သူမ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်မလာမီ နှစ်ပေါင်းသောင်းနှင့်ချီသော အချိန်များသည် သူမအတွက် မလွယ်ကူခဲ့ကြောင်း သူ တွေးတောကြည့်နိုင်သည်။လုရန်သည် သူမကို နှစ်သိမ့်ချင်ခဲ့သော်လည်း အချိန်တခဏကြာမျှ ဘာပြောရမှန်းမသိဖြစ်ကာ အခြေအနေသည် နေရခက်သော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပေ၏။ဤအချိန်အခိုက်အတန့်မှာပင် လုရန်သည် ချင်ဝူယောင်း၏ နာကျင်မှုကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ထိုအချိန်က ချင်ဝူယောင်းသည် စိတ်အားထက်သန်နေပြီး သူမဘဝ၏ အကောင်းဆုံးအချိန်ဖြစ်သော ငယ်ရွယ်စဉ်မှာပင် အထက်ဘုံသို့ တက်လှမ်းခဲ့သည်။ ထိုသို့ဆိုသည့်တိုင် လုရန်သည် သူမနှင့်အတူ လိုက်ပါမလာခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ဤစိတ်ဝိညာဉ်နယ်မြေတွင် သူမတစ်ယောက်တည်း ကျင့်ကြံခဲ့ရပြီး သေရေးရှင်ရေးအခြေအနေများကို ရင်ဆိုင်ခဲ့ရသည်။နှစ်ပေါင်းတစ်သိန်းနီးပါး ကုန်လွန်သွားခဲ့လေပြီ။ချင်ဝူယောင်းသည် ယခင်က ချင်ဝူယောင်း မဟုတ်တော့ပေ။သူမ၏အတွေးများ ပြောင်းလဲသွားသည်ကို လုရန် နားလည်နိုင်သည်။ ချင်ဝူယောင်း၏စိတ်နှလုံးသားထဲတွင် နာကြည်းမှုတချို့ ရှိနေနိုင်ပေ၏။သို့သော် ထိုနာကြည်းမှုမှာ လုရန်ကို ဦးတည်နေခြင်း မဟုတ်ဘဲ ကောင်းကင်တာအိုကို ဦးတည်နေခြင်းပင်။ထိုသေသင့်သော ကောင်းကင်တာအိုသည် လုရန်ကို နှစ်ပေါင်းတစ်သိန်းနီးပါးကြာအောင် ဖိနှိပ်ထားခဲ့သည်။မိန်းကလေးတစ်ယောက်အနေဖြင့် ချင်ဝူယောင်းသည် သူမ၏ အကောင်းဆုံး နှစ်များနှင့် အန္တရာယ်အများဆုံး အချိန်များကို သူမ ချစ်သောသူ မပါဘဲ ဖြတ်သန်းခဲ့ရသည်။ဤကဲ့သို့ နာကျင်မှုမျိုးကို သူ နားလည်နိုင်ပေ၏။လုရန် သူမအတွက် အလွန်စိတ်မကောင်းဖြစ်မိသည်။ တခြားမိန်းကလေးသာဆိုလျှင် သူမတို့၏စိတ်များ မရေမတွက်နိုင်အောင် ပြောင်းလဲခဲ့လောက်ပြီဖြစ်ပြီး လုရန်ကို မေ့သွားမည်မှာ သေချာသလောက်နီးပါးပင်။သို့သော် ချင်ဝူယောင်းသည် သစ္စာရှိနေရုံသာမက လုရန် အထက်ဘုံတက်လှမ်းခြင်း မတိုင်မီကတည်းက သူ့အတွက် အရာအားလုံးကို ပြင်ဆင်ထားခဲ့သည်။ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်အတွက် အစီအစဉ်မှာ အနည်းငယ် ရူးသွပ်မှုဆန်သော်လည်း ချင်ဝူယောင်း၏ကြိုးစားအားထုတ်မှုများကို မြင်တွေ့နိုင်သည်။လုရန်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။"ငါ့ရဲ့ ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်ကို အောင်မြင်အောင် အစားထိုးပြီးသွားရင်... ငါက ကောင်းကင်တာအို ဖြစ်လာတာပဲဖြစ်ဖြစ် အဲ့ဒီအရာရဲ့အချူပ်အနှောင်တွေကနေ လွတ်မြောက်သွားတာပဲဖြစ်ဖြစ် ငါ အသက်ရှင်နေသရွေ့ မဟာမြေပြင်အနှံ့မှာ ခရီးသွားပြီးတော့ ဒီစိတ်ဝိညာဉ်နယ်မြေရဲ့ ရှုခင်းတွေကို ကြည့်ဖို့ မင်းကို ငါ ခေါ်သွားမယ်"ထိုစကားကို ကြားသောအခါ...ချင်ဝူယောင်းက လုရန်ကို လှည့်ကြည့်ပြီး သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးမြန်းသည်။"ရှင်က ကျွန်မကို လျော်ကြေးပေးဖို့ ကြိုးစားနေတာလား..."လျော်ကြေးပေးဖို့လား...လုရန်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။"အဲ့ဒီလိုတော့ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ အဲ့ဒါက အောက်ဘုံမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အရာတစ်ခု ဖြစ်နေလို့ပဲ... အဲ့ဒါက ကျင့်ကြံခြင်း လမ်းကြောင်းရဲ့ အဆုံးသတ်မှာ ငါ သက်တောင့်သက်သာအရှိဆုံးလို့ ခံစားရတဲ့ ဘဝပုံစံပဲ"ချင်ဝူယောင်းက ခါးသီးစွာ ရယ်မောပြီး သူမက ပြောဆိုသည်။"ကျွန်မ ဆန္ဒရှိတယ်လို့ ရှင့်ကို တကယ် ပြောပြချင်ပါတယ်... ဒါပေမဲ့ နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ ရှင်ကလည်း အရင်တုန်းက ရှင် မဟုတ်တော့သလို ကံမကောင်းစွာနဲ့ ကျွန်မကလည်း အရင်တုန်းက ကျွန်မ မဟုတ်တော့ဘူး..."အဆုံးသတ်တွင် သူမသည် နာကြည်းမှုတချို့ကို ခံစားနေရဆဲပင်။ဤကဲ့သို့ ဘဝပုံစံသည် ယခုအချိန်တွင် အနည်းငယ် နောက်ကျလွန်းနေပြီဟု တွေးထင်ရပေ၏။သူသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရုံဖြင့် ပြည်နယ်ကိုးခု၏ တောင်များနှင့်မြစ်များ၏ အဆုံးသတ်သို့ သူမ ရောက်ရှိသွားနိုင်သည်။ထို့နောက် သူမ ဘာဆက်ဖြစ်မည်နည်း...ဤလောကကြီးတွင် သူမသည် ချည်နှောင်ခံထားရဆဲ ဤစိတ်ဝိညာဉ်နယ်မြေတွင် ချည်နှောင်ခံထားရဆဲဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ချက် လုံးဝမရှိတော့ပေ။ထို့ကြောင့်...ချင်ဝူယောင်းသည် ဤအရာများအားလုံးကို တွေးတောခဲ့ပြီးဖြစ်သည်။ သူမသည် အဆုံးတိုင်အောင် ဤနေရာတွင် လှောင်ပိတ်မိနေရန် ဆန္ဒမရှိခဲ့ပေ။သူမသည် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိခဲ့ပေ၏။ ထိုအရာမှာ ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်ပင် ဖြစ်သော်လည်း လုရန်အတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ သူမကိုယ်တိုင်နှင့် ပတ်သက်၍မူ သူမ များစွာဂရုမစိုက်တော့ချေ။လုရန် သူ၏နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။အတိတ်က ချင်ဝူယောင်းသည် ဤကဲ့သို့ မဟုတ်ခဲ့သည်မှာ သေချာပေါက်ပင်။မည်သည့်အရာကိုမျှ အရှုံးမပေးလိုဘဲ အရာအားလုံးအပေါ် သိချင်စိတ်များဖြင့် ပြည့်နှက်နေပြီး ကျင့်ကြံခြင်းလမ်းကြောင်းကို အဆုံးအစမရှိ တောင့်တခဲ့သော ထိုထူးဆန်းသည့် ကောင်မလေးသည် အဆုံးသတ်တွင် ပျောက်ကွယ်သွားခဲ့လေပြီ။အကယ်၍ သူတို့ အစကနေသာ ပြန်သွား၍ရလျှင်...ကံမကောင်းစွာဖြင့်...ထိုအချက်ကို တွေးတောမိချိန်၌ လုရန် ရုတ်တရက် အံ့အားသင့်သွားတော့သည်။ တခြားသူများ မလုပ်နိုင်သော်လည်း သူ လုပ်နိုင်ပေ၏။သူ ပိုင်ဆိုင်ထားသည်မှာ အချိန်နိယာမပင်။သို့သော် အချိန်နောက်ပြန်ဆုတ်ခြင်းသည် အလွန်ဝေးကွာသော အတိတ်သို့ ပြန်မသွားနိုင်ပေ။လုရန် အကြမ်းဖျင်း စမ်းသပ်ကြည့်ခဲ့ဖူးသည်။ သူသည် အလွန်ဆုံး ရက်အနည်းငယ်သာ နောက်ပြန်ဆုတ်နိုင်သည်။အချိန်သည် အလွန်တိုတောင်းလွန်းပြီး လုံးဝမလုံလောက်ချေ။ သူ လိုအပ်သောအရာနှင့် ဝေးကွာလွန်းလှသည်။'ဟူး...'ထိုအချက်ကို တွေးတောမိရင်း လုရန် သူ၏စိတ်နှလုံးသားထဲတွင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်၏။မကြာမီ နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ထိုညတွင် သူတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ဖက်၍ အိပ်ပျော်သွားကြသည်။အောက်ဘုံတွင် ရှိစဉ်ကတည်းက သူတို့သည် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ကြာမြင့်နေလေပြီ။ ထို့နောက် အောက်ဘုံတွင် နေထိုင်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်း လုရန်သည် တခြားမည်သည့် အမျိုးသမီးကိုမျှ မထိတွေ့ခဲ့ဖူးပေ။ချင်ဝူယောင်းသည်လည်း ထပ်တူထပ်မျှပင်။သူတို့နှစ်ဦးလုံးသည် မဟာအင်မော်တယ်ဧကရာဇ် များဖြစ်ကြပြီး အသက်တစ်သိန်း ရှိပြီဖြစ်သော်လည်း...ထိုသို့ဆိုသည့်တိုင် ထိုကဲ့သို့ ကိစ္စမျိုးတွင် သူတို့သည် အမှန်အားဖြင့် အနည်းငယ် ကယောင်ကတမ်း ဖြစ်နေခဲ့သည်။သို့သော် ကြာချိန်အရဆိုလျှင် ထိုကြာချိန်မှာ အလွန် ရှည်ကြာနေဆဲပင်။မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးလုံးသည် မဟာအင်မော်တယ်ဧကရာဇ်များ ဖြစ်ကြ၏။လုရန်သည် မလုံလောက်ဟုပင် ခံစားခဲ့ရပြီး အချိန်ကို အကြိမ်ကြိမ် နောက်ပြန်ဆုတ်ခဲ့သည်။သေချာသည်မှာ ချင်ဝူယောင်းသည် ထိုကိစ္စကို လုံးဝသတိမထားမိခဲ့ခြင်းပင်။လုရန်က အကြိမ်အနည်းငယ် ပြုလုပ်ခဲ့သည်။နောက်ဆုံးတွင် သူ စိတ်ကျေနပ်သွားတော့သည်။နေမင်းကြီး ကောင်းကင်ယံတွင် မြင့်တက်လာပြီး သူတို့ အိပ်ရာမှ ထလာသောအခါ လုရန်သည် ချင်ဝူယောင်းကို ကြည့်လိုက်၏။ချင်ဝူယောင်းကလည်း လုရန်ကို ကြည့်နေခဲ့သည်။ဤအချိန်တွင် ချင်ဝူယောင်းသည် အနည်းငယ် ပြောင်းလဲသွားပုံရသည်။ သူမက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။"ရှင် တကယ် ဆန္ဒမရှိဘူးဆိုရင် ကျွန်မတို့ နောက်ထပ်နည်းနည်းလောက် စောင့်လို့ရပါတယ်... အခုချက်ချင်းဖြစ်ဖို့ မလိုပါဘူး"လုရန်က ချက်ချင်းခေါင်းခါယမ်းလိုက်သည်။သူက ပြောဆိုသည်။"ဒီနေ့ပဲ စကြရအောင်"ချင်ဝူယောင်း နှစ်ပေါင်းသောင်းနှင့်ချီအောင် မျှော်မှန်းခဲ့သော အရာသည် ယုံကြည်ရမှု့ ရှိမရှိ သို့မဟုတ် အောင်မြင်နိုင်ခြေ မည်မျှရှိသည်ကို လုရန် ဂရုမစိုက်တော့ပေ။သူ ဆုံးဖြတ်ပြီးပြီဖြစ်ရာ သူ ရှေ့ဆက်သွားရပေမည်။ချင်ဝူယောင်းက အံ့ကြိတ်ပြီး တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။"ကောင်းပြီလေ... ဒါဆိုရင် စကြရအောင်"သူတို့၏ပုံရိပ်များ ရိပ်ခနဲ ဖြစ်သွားပြီးနောက် သူတို့နှစ်ဦးလုံး ပင်မခန်းမကြီး၏အပြင်ဘက်တွင် ထွက်ပေါ်လာတော့သည်။ရင်းနှီးသော ပင်မခန်းမကြီး၏အပြင်ဘက်တွင် ဤတစ်ကြိမ်၌ လုရန်သည် ဆက်လက်၍ မငြင်းဆန်တော့ပေ။ချင်ဝူယောင်းနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။လုရန်သည် ဝင်္ကပါ၏ဗဟိုသို့ လျှောက်လှမ်းသွားပြီး မတ်တတ်ရပ်လိုက်၏။ချင်ဝူယောင်း၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမသည် လုရန်ကိုကြည့်ရန် နောက်သို့ပြန်လှည့်တော့မည့်အလား ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။သူမက ဝင်္ကပါ၏အပြင်ဘက်သို့ လျှောက်လှမ်းသွားသည်။ဝင်္ကပါကို အသက်သွင်းလိုက်သည် လုရန်၏ ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ် ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။သူ ယခင်က မြင်ဖူးခဲ့သော်လည်း ထိုရုပ်ထုကို ထပ်မံ၍ မြင်တွေ့ရခြင်းက လုရန်ကို ထိတ်လန့်တကြား ဖြစ်စေဆဲပင်။သူသည် ချင်ဝူယောင်းကို တစ်ချက်ကြည့်ကာ သူမကို ခေါင်းညိတ်ပြလိုက်၏။ချင်ဝူယောင်းက အသက်ပြင်းပြင်းရှူသွင်းပြီး ပြောဆိုသည်။"ရှင့်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ကျွန်မ စတင်ပြီး ဖယ်ရှားပေးမယ်... ဒီလုပ်ငန်းစဉ်က နည်းနည်းနာကျင်ကောင်း နာကျင်နိုင်တယ်ဆိုတော့ ရှင် သည်းခံရမယ်... မကြာခင် ပြီးသွားပါလိမ့်မယ်... အဲ့ဒီနောက်မှာ ရှင့်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်ထဲကို ကျွန်မက လမ်းညွှန်ပေးမယ်"လုရန်က ခေါင်းညိတ်လိုက်သည်။ဝင်္ကပါမှ ပေါက်ကွဲထွက်လာသော ဖိအားကို ခံစားရင်း သူ အံ့ကြိတ်ကာ တောင့်ခံထားလိုက်၏။