← Chapters

အခန်း ၁၄၁

Vol. 14 Ch. 141

အခန်း ၁၄၁

Vol. 14 Ch. 141

အခန်း ၁၄၁: ကောင်းကင်တာအို အဖြစ် ဝင်စားခြင်း (ဇာတ်သိမ်းပိုင်း)

အချက်တစ်ချက်တွင်မူ ချင်ဝူယောင်း၏စကားများ မှန်ကန်ခဲ့သည်။ဤလုပ်ငန်းစဉ်သည် အမှန်တကယ်ကို အလွန်အမင်း နာကျင်ပေ၏။လုရန်သည် အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်နေသော်လည်း ဤနာကျင်မှုသည် သူ၏ရုပ်ခန္ဓာကိုယ်မှ သီးသန့်ထွက်ပေါ်လာခြင်း မဟုတ်ချေ။ထိုအစား ဤသည်က သူ၏နတ်ဘုရားစိတ်ဝိညာဉ်မှ သူ၏ရုပ်ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖယ်ရှားခြင်းဖြစ်ပြီး ဓားဖြင့် အကြိမ်တစ်ထောင် ဖြတ်တောက်ခံရသကဲ့သို့ ခံစားရသည်။အသားတစ်စစီ၊ အရိုးတစ်ချောင်းစီနှင့် သွေးကြောတစ်​ချောင်းစီ...ဤသည်က လုရန်ကို အလွန်အမင်း ညှဉ်းပန်းနှိပ်စက်နေခဲ့သည်။သို့သော် သူ၏ခန္ဓာကိုယ်သည် ဆက်လက်၍ မလှုပ်ရှားနိုင်တော့သည့်အပြင် စကားလည်း မပြောနိုင်တော့ပေ။ သူသည် တိတ်ဆိတ်စွာဖြင့် သည်းခံရုံသာ တတ်နိုင်တော့သည်။သူ၏နိယာမ စွမ်းအားကို အသုံးပြုနိုင်သေးသော်လည်း လုရန်သည် အချိန်ကို နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။အချိန်မည်မျှ ကုန်လွန်သွားမှန်း သူ မသိသော်လည်း လုရန်၏သတိသည် တဖြည်းဖြည်း ဝေဝါးလာပေ၏။သူ၏နာကျင်မှု ခံစားချက်များ ဖြည်းညှင်းစွာ လျော့ကျသွားသည်။သူ၏နတ်ဘုရားစိတ်ဝိညာဉ်မှ အာရုံခံစားမှု ပို၍ပို၍ရှင်းလင်းလာသည်။ဤသည်မှာ လုရန် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော အံ့အားသင့်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခုပင်။သူ၏ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုနေသကဲ့သို့ ဖြစ်သော်လည်း ထိုဖြစ်စဉ်သည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်မှ အာရုံခံစားမှုအပေါ် လုံးလုံးလျားလျား မှီခိုနေသည်။ သူ၏စိတ်ဝိညာဉ်သည် လောကကြီးနှင့် ပေါင်းစပ်တော့မည့်အလား ခံစားရပြီး သူ၏အတွေးများသည် လေဟာနယ်ကဲ့သို့ ဗလာဟင်းလင်းဖြစ်လာသည်။အရေးကြီးသော အခိုက်အတန့်တွင် လုရန်၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သော ချင်ဝူယောင်းသည် သူမ၏လက်များကို ဆန့်တန်းကာ တီးတိုးရွတ်ဆိုလိုက်သည်။ဝီ...ဝင်္ကပါ၏အပြင်ဘက်တွင် နောက်ထပ်ဝင်္ကပါတစ်ခုသည် တုန်ခါသံနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာပြီး လုရန်ကို အတွင်း၌ လွှမ်းခြုံထားသည့် အလင်းလွှာတစ်လွှာကို ဖွဲ့စည်းလိုက်၏။လုရန်၏ပြန့်ကျဲနေသော နတ်ဘုရားစိတ်ဝိညာဉ် ပြန်လည်၍ စုစည်းလာတော့သည်။လောကကြီးထဲသို့ သူ ပေါင်းစပ်သွားလုနီးပါး ခံစားချက်သည်လည်း ပျောက်ကွယ်သွားသည်။တဖြည်းဖြည်းနှင့် မြေပြင်ပေါ်သို့ ခြေချလာနိုင်သည့် ခံစားချက်က လုရန်ကို သက်ပြင်းတစ်ချက် ချနိုင်စေခဲ့သည်။သူ အောက်သို့ ငုံ့ကြည့်ပြီး ထိတ်လန့်တကြား ဖြစ်သွားပေ၏။သူ့ထံ၌ အာရုံခံစားမှု ရှိနေသေးသော်လည်း သူ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားလေပြီ။အသား၊ အရိုးနှင့် သွေးကြောအပိုင်းအစများ သူ၏ မှော်ရတနာများနှင့် တခြားပစ္စည်းများ အားလုံးသည် ဖယ်ရှားခံလိုက်ရပြီး ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေကာ သူ၏ ထိန်းချုပ်မှုမှ လုံးလုံးလျားလျား ကင်းလွတ်သွသည်။လုရန်ကိုယ်တိုင်ကမူ ဤလောကကြီးတွင် မရှိတော့သည့်အလား လုံးလုံးလျားလျား မမြင်ရသော အခြေအနေတွင် ရှိနေသည်။သူ အသက်ရှင်နေသည်ဟု မခံစားရသော်လည်း သေဆုံးနေခြင်းလည်း မဟုတ်ဘဲ ယင်နှင့်ယန် လောကနှစ်ခုကြားတွင် ပိတ်မိနေသည့်အလားပင်။ချင်ဝူယောင်း၏မျက်လုံးများ တောက်ပသွားသည်။ သူမ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူမ၏လက်များကို လှုပ်ခတ်ကာ ဝင်္ကပါကို စတင်၍ ကြိုးကိုင်ခြယ်လှယ်တော့သည်။မူလက ဖိနှိပ်ရန်အတွက်သာ ဆောင်ရွက်ခဲ့သော ဝင်္ကပါသည် လုရန်၏နတ်ဘုရားစိတ်ဝိညာဉ်ကို သယ်ဆောင်နေသည့်အလား မတူညီသော နည်းလမ်းဖြင့် စတင်၍လည်ပတ်လာပြီး အနီးအနားရှိ ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်ထဲသို့ အမျှင်တစ်မျှင်ချင်းစီ အဆက်မပြတ် ထိုးသွင်းနေသည်။ရုတ်ချည်းဆိုသလိုပင် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာပေ၏။ထိုကြည်လင်သော သက်တန့်ရောင် ကောင်းကင်တာအို နတ်ဘုရားကျောက်တုံးသည် လုရန်၏နတ်ဘုရားစိတ်ဝိညာဉ်ကို အဆက်မပြတ် ထိုးသွင်းလိုက်သည်နှင့်အမျှ အသားများ၊ သွေးကြောများ၊ ဆံပင်နှင့် အရေပြားများ အမှန်တကယ်ကို စတင်၍ ထွက်ပေါ်လာတော့သည်။ဤသည်မှာ ရုပ်ခန္ဓာကိုယ်တစ်ခုကို အသက်ဝင်အောင် ဖန်တီးနေသည့်အလားပင်။သို့သော် ဤခန္ဓာကိုယ်သည် လူသားခန္ဓာကိုယ် သက်သက် မဟုတ်ပေ။ ထိုအရာကို ကောင်းကင်တာအိုရုပ်ခန္ဓာကိုယ်မှ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပေ၏။လုရန်သည် ဤလုပ်ငန်းစဉ်ကို အာရုံခံစားသိရှိနိုင်ပြီး အသားနှင့် သွေးများ ဖြစ်လာသည့် ခံစားချက်ပင်လျှင် အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းလှသည်။ချင်ဝူယောင်း၏ အစီအစဉ် အမှန်တကယ် အောင်မြင်နိုင်သည်ဟု သူ၏စိတ်နှလုံးသားထဲတွင် တွေးတောမိသည်။အချိန်များ စက္ကန့်နှင့်အမျှ ကုန်လွန်သွားခဲ့သည်။ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်၏ အသွင်ပြောင်းလဲမှု အမြန်နှုန်းမှာ ပို၍မြန်ဆန်လာပြီး လုရန်၏ နတ်ဘုရားစိတ်ဝိညာဉ် ထည့်သွင်းမှုသည်လည်း အရှိန်မြန်လာပေ၏။အချိန်မည်မျှ ကုန်လွန်သွားမှန်း သူ မသိခဲ့ပေ။လုရန်သည် ပတ်ဝန်းကျင်ရှိ လောကကြီးကို နောက်တစ်ကြိမ် အာရုံခံသိရှိနိုင်လာချိန်တွင် သူ၏အာရုံများ အားနည်းသွားသကဲ့သို့ ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။ သူ မမြင်နိုင်၊ မကြားနိုင်၊ အနံ့မခံနိုင်တော့ပေ။ဤလုပ်ငန်းစဥ် ကျရှုံးသွားပြီဟု ထင်မှတ်ကာ သူ၏ နှလုံးခုန်နှုန်း တစ်ချက်မှားသည်။သို့သော် လုရန် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏အာရုံခံနိုင်မှုများအားလုံး ပြန်လည်၍ ရောက်ရှိလာသည်။သူ၏မျက်လုံးများအတွင်း၌ မျက်စိတစ်မှိတ်အတွင်းမှာပင် ထာဝရကြယ်များ လင်းလက်နေသည့်အလားပင်။သူ၏နတ်ဘုရားစိတ်အာရုံ ထွက်ပေါ်သွားပြီး ပြည်နယ်ကိုးခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။မည်သည့်ကြိုးစားအားထုတ်မှုမျှ မရှိဘဲ အတွေးတစ်ချက်တည်းဖြင့် သူသည် စကြဝဠာကြီးကို ဖြတ်ကျော်နိုင်ပေ၏။အတွေးတစ်ချက်တည်းဖြင့် သူသည် မူလဘူတစွမ်းအားကို စုစည်းနိုင်သည်။ပန်းတစ်ပွင့် သို့မဟုတ် မြက်ပင်တစ်ပင်ကို အင်မော်တယ်အဖြစ် အထက်ဘုံတက်လှမ်းခြင်းသို့ ရောက်ရှိရန် သူ ဆုံးဖြတ်နိုင်သည်။ ထိုသို့မဟုတ်ပါက ကမ္ဘာမြေ၏အဆုံးစွန်ရှိ မည်သည့် မဟာအင်မော်တယ်ဧကရာဇ်ကိုမဆို ချက်ချင်းသေဆုံးသွားစေနိုင်ပေ၏။သူသည် သေသူများကို အသက်ပြန်ရှင်စေနိုင်ပြီး အရိုးများပေါ်တွင် အသားများကို ပြန်လည်ပေါက်ဖွားစေနိုင်သည်။သူသည် သူ၏ခန္ဓာကိုယ်ကို လောကကြီးနှင့် ပေါင်းစပ်နိုင်ပြီး သဘာတလွန်ဖြစ်စဉ်များကို စောင့်ကြည့်နိုင်သည်။ဤအရာများအားလုံးသည် သူ့အတွက် ရိုးရှင်းသော အတွေးတစ်ချက်သာ လိုအပ်သည်နှင့် တူညီသည်။ ဤအချိန်တွင် လုရန်သည် အရာအားလုံးကို တတ်စွမ်းနိုင်သည်ဟု ခံစားမိပေ၏။သူ လှည့်ကြည့်လိုက်ရာ အနီးအနားတွင်ရှိနေသော ချင်ဝူယောင်းကို မြင်တွေ့လိုက်ရသည်။နှစ်ပေါင်းတစ်သိန်းကြာ အသက်ရှင်နေထိုင်ခဲ့သော ချင်ဝူယောင်းသည် ဤအချိန်တွင် မယုံနိုင်လောက်အောင် စိုးရိမ်နေပုံရသည်။သူ့ထံမှ ထွက်ပေါ်လာသော မရင်းနှီးသည့် အရှိန်အဝါကို ခံစားရင်း သူမ အမှန်တကယ် အောင်မြင်ခဲ့ခြင်း ရှိမရှိကို မသိခဲ့ချေ။ သူမက စိုးရိမ်စွာဖြင့် လုရန်ကို သတိထား၍ စောင့်ကြည့်နေခဲ့သည်။အကယ်၍ သူမ မအောင်မြင်ခဲ့ပါက ယခုချိန်၌ လုရန်၏ ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်ကို ထိန်းချုပ်နေသော အသိဉာဏ်မှာ မည်သူ၏အသိဉာဏ် ဖြစ်သနည်း။အကယ်၍ ကျရှုံးခဲ့ပါက လုရန်သည် အမှန်တကယ် သေဆုံးသွားပြီး ဖြစ်ပေမည်။ထိုအချိန်မှစ၍ နှစ်ထောင်ပေါင်းများစွာ သောင်းနှင့်ချီ၍ သို့မဟုတ် သန်းနှင့်ချီ၍ ကြာမြင့်သည့်တိုင် လုရန်ဟုခေါ်သော လူသည် ဆက်လက်၍ တည်ရှိနေတော့မည် မဟုတ်ပေ။ထိုအတွေးကြောင့် ချင်ဝူယောင်း၏မျက်နှာ သေလုမတတ် ဖြူရော်သွားသည်။သူမသည် လုရန်ကို ငေးမောကြည့်နေပြီး မေးမြန်းရန် သို့မဟုတ် အတည်ပြုရန် စကားမပြောရဲခဲ့ပေ။လုရန်က အရင်စကားစလိုက်သည်။"ဇနီးလေး... အောင်မြင်သွားပြီ"ရုတ်ချည်းဆိုသလိုပင် ချင်ဝူယောင်း၏မျက်လုံးများ တောက်ပသွားပေ၏။သူမက လုရန်ကို စိတ်လှုပ်ရှားစွာကြည့်ကာ ပြောဆိုလိုက်သည်။"တကယ်လား... ဒါဆို ရှင်က အခု... အခု..."လုရန်က ချင်ဝူယောင်း၏ အတွေးများကို ချက်ချင်းထွင်းဖောက်မြင်လိုက်သည်။"ငါက ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားပြီလားလို့ မင်း မေးမလို့မဟုတ်လား"သူသည် သူမ၏အတွေးများကို ထွင်းဖောက်မြင်ခြင်း သက်သက် မဟုတ်ချေ။ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ မြင်တွေ့ချင်သည့် မည်သည့်အရာကိုမဆို သူ မြင်နိုင်ပေ၏။သူသည် အရာအားလုံးကို တတ်စွမ်းနိုင်သော အုပ်စိုးသူအရှင်တစ်ယောက်ပင်။လုရန်၏အတွေးတစ်ချက်ဖြင့် သူနှင့်ချင်ဝူယောင်းတို့ ပင်မခန်းမကြီးမှ ပျောက်ကွယ်သွားကြသည်။သူတို့ နှစ်ဦးသည် လေဟာနယ်တွင် ရှိနေကာ တိမ်များအထက်တွင် မြင့်မားစွာ မတ်တတ်ရပ်နေကြသည်။လုရန်သည် အောက်ဘက်ရှိ စိတ်ဝိညာဉ်နယ်မြေကို ငုံ့ကြည့်ပြီး ပြောလိုက်၏။"ဒီစိတ်ဝိညာဉ်နယ်မြေက ကောင်းကင်တာအိုရဲ့ မဟာကမ္ဘာတစ်ထောင်ကြီးထဲက ကမ္ဘာငယ်လေးတစ်ခုပဲ... အဲ့ဒါက အဆုံးသတ် အစစ်အမှန် မဟုတ်ဘူး... ဒါပေမဲ့ သာမန် ကျင့်ကြံသူတွေအတွက်တော့ အဲ့ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်း တကယ့်ကို မရှိဘူး... မင်း ပြောတာတွေက အမှန်ပဲ... ဒါတွေက ကောင်းကင်တာအိုရဲ့ ချုပ်နှောင်မှုတွေနဲ့ စည်းမျဉ်းတွေပဲ... လူတိုင်းက ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေနဲ့အညီ နေထိုင်ရမယ်"ထိုအရာသည် အင်မော်တယ်များကို ကန့်သတ်ထားသော ကောင်းကင်တာအို စည်းမျဉ်းများသာမက ကျင့်ကြံခြင်း စိတ်ဝိညာဉ်ချီရယူခြင်းနှင့် အသွင်ပြောင်းလဲခြင်း စသည်တို့လည်း ပါဝင်သည်။ဤလောကကြီး အပါအဝင် အရာအားလုံးကို ကောင်းကင်တာအိုက ပုံစံထုတ်ကာ ဆင့်ကဲပြောင်းလဲစေခဲ့ခြင်းဖြစ်ပေ၏။လုရန်သည် စကားလုံးကြွယ်ဝစွာ ပြောဆိုခဲ့သော်လည်း ချင်ဝူယောင်းက သူမ သိပ်နားမလည်တော့ကြောင်း တွေ့ရှိလိုက်ရသည်။သူမသည် ယခုအချိန်၌ အချက်တစ်ချက်ကိုသာ ဂရုစိုက်တော့သည်။"ကောင်းကင်တာအို ရဲ့ ထိန်းချုပ်မှုကနေ ရှင် လုံးဝ လွတ်မြောက်သွားပြီလား... ပြီးတော့... ရှင် သေနိုင်သေးလား"လုရန်က ရယ်မောပြီး ပြောဆိုလိုက်၏။"ငါက ကောင်းကင်တာအို မဟုတ်ဘူး... 'ကောင်းကင်တာအို' ဆိုတာက လူတွေ ဖန်တီးထားတဲ့ နာမည်တစ်ခု ခေါင်းစဉ်တစ်ခု သက်သက်ပါ... ငါက ငါကိုယ်တိုင်ပဲ... ဒါပေမဲ့ ငါက လူတွေ နားလည်ထားတဲ့ ကောင်းကင်တာအိုနဲ့တော့ တူညီတယ်..."ထိုသို့ပြောဆိုပြီးနောက် လုရန်က မိုးကုတ်စက်ဝိုင်းဆီသို့ ညွှန်ပြလိုက်သည်။နောက်တစ်စက္ကန့်တွင် ကောင်းကင်ကိုးထပ်မှ တွဲလောင်းကျနေသော အထက်ဘုံတက်လှမ်းခြင်း စာရင်းသည် တုန်ခါသံကြီးနှင့်အတူ ပျက်စီးပြီး ပေါက်ကွဲသွားပေ၏။ ထိုအရာသည် အရောင်ခုနစ်မျိုးရှိသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ချင်ဝူယောင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ လုရန်သည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။သူ၏လက်ညှိုးတစ်ချက် ညွှန်ပြရုံဖြင့် သူသည် ကောင်းကင်တာအို၏ အထက်ဘုံတက်လှမ်းခြင်း စာရင်းကို ဖျက်ဆီးနိုင်သည်။လုရန်က ပြုံးကာ တည်ကြည်လေးနက်သောအကြည့်ဖြင့် ပြောဆိုသည်။"ငါ လုပ်နိုင်တဲ့အရာက ဒီလောက်တင် ကန့်သတ်ထားတာ မဟုတ်ဘူး"ထိုသို့ပြောပြီးနောက် သူ ဆိုလိုသည်ကို ချင်ဝူယောင်း နားမလည်မီ လုရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။အဝေးတွင် မြေပြင်သည် စတင်၍ ပြိုကျလာပြီး ကောင်းကင်ယံသည် တွန့်လိမ်ကာ ဆုတ်ဖြဲခြင်းခံလိုက်ရသည်။ပြည်နယ်ကိုးခုဟုခေါ်သော အရာများသည် စက္ကူကဲ့သို့ ဆုတ်ဖြဲခံရပြီး လုရန်၏အတွေးတစ်ချက်ဖြင့် ပျောက်ကွယ်သွားသည်။ထိုနယ်မြေများအတွင်းရှိ အင်မော်တယ်များ၊ သာမန်လူများ၊ ယောင်သားရဲများနှင့် အပြာရောင်ဂိုဏ်း တပည့်များပင်လျှင် ထိုလောကနှင့်အတူ သုတ်သင်ခံရကာ ပျောက်ကွယ်သွားကြ၏။မြင့်မြတ်သူတော်စင်တောင်၏ အမြင့်မားဆုံး ကောင်းကင်ကို ဗဟိုပြု၍ ထိုအရာ၏နံဘေးပတ်လည်ရှိ ကမ္ဘာတစ်ခုလုံး ပျောက်ကွယ်သွားတော့သည်။ချင်ဝူယောင်း၏မျက်နှာ ဖြူရော်သွားပြီး လုရန်ကို ဇဝေဇဝါဖြင့် ကြည့်နေခဲ့သည်။လုရန်၏ စွမ်းအားက သူမကို အံ့အားသင့်စေသည့်အပြင် သူမ ထိတ်လန့်မှုကိုပင် ခံစားနေရသည်။လုရန် ဘာလုပ်နေတာလဲ...သူ စိတ်ဝိညာဉ်နယ်မြေကို ဖျက်ဆီးနေတာလား...သူသည် စိတ်ဝိညာဉ်နယ်မြေကို အတွေးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ပေ၏။လုရန်က ပခုံးတွန့်ကာ ပြောဆိုသည်။"အခု စိတ်ဝိညာဉ်နယ်မြေ မရှိတော့ဘူးဆိုတော့ အောက်ဘုံက ဘယ်သူမှ အထက်ဘုံကို တက်လှမ်း နိုင်တော့မှာ မဟုတ်ဘူး... ဒါက ငါ စမ်းသပ်မှုတစ်ခု လုပ်နေရုံပါ"ထို့နောက် သူသည် ချင်ဝူယောင်း၏ လက်ကို ကိုင်လိုက်ပြီး သူတို့၏ပတ်ဝန်းကျင်ရှိ လောကကြီး ပြိုကျမှုသည် သူတို့ဆီသို့ လျင်မြန်စွာ ပျံ့နှံ့လာသည်ကို စောင့်ကြည့်နေခဲ့သည်။အဆုံးသတ်တွင် လုရန်နှင့် ချင်ဝူယောင်းတို့သည်လည်း လောကကြီးအတွင်း ဆုတ်ဖြဲခံလိုက်ရပြီး စိတ်ဝိညာဉ်နယ်မြေ ပြိုကျသွားသည်နှင့်အမျှ ပျောက်ကွယ်သွားတော့သည်။မိန်းမောတွေဝေမှုကြားတွင် လုရန်က သူ၏ မျက်လုံးများကို နောက်တစ်ကြိမ် ဖွင့်လိုက်သည်။ချင်ဝူယောင်းသည် သူ၏နံဘေးတွင် မရှိတော့ပေ။လတ်လတ်လတ်လတ် ထုပ်ပိုးထားသော ကွေ့ဟွားပန်းမုန့်တစ်ထုပ်ကို ကိုင်ထားသည့် သူ၏လက်ကို သူ ကြည့်လိုက်၏။သူ၏ရှေ့ရှိ လမ်းဘေးဈေးသည်လေးက သူ၏ ဆိုင်ကို သိမ်းဆည်းနေပြီး အပြုံးနှင့် ပြောဆိုသည်။"ကံကောင်းတဲ့ လူငယ်လေး... ဒီနေ့ရဲ့ နောက်ဆုံးအထုပ်ကို မင်းဆီ ငါ ရောင်းလိုက်တာပဲ... ငါအခု ဆိုင်သိမ်းတော့မယ်... ဇနီးနဲ့ ကလေးတွေရှိတဲ့ နွေးထွေးတဲ့ အိပ်ရာမှာ ရှိနေတာက ဘဝရဲ့ အနှစ်သာရပဲ..."လုရန် အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။"ဟုတ်တယ်... အဲ့ဒါက တကယ့်ကို ဘဝပဲ"ထိုအချိန်လေးမှာပင် သူ၏နောက်မှ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။"ဟေး... အဲ့ဒီနောက်ဆုံးအထုပ်ကို ငါ့ကို ရောင်းပေးလို့ရမလား"သူ လှည့်ကြည့်လိုက်ရာ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဆယ်ကျော်သက်အရွယ် ချင်ဝူယောင်း မတ်တတ်ရပ်နေသည်အား သူ မြင်လိုက်ရသည်။သူမ၏ အနည်းငယ် ငယ်ရွယ်သော မျက်နှာနှင့် ရွှန်းစိုနေသော လှပသည့် မျက်လုံးများသည် လုရန်၏လက်ထဲရှိ ကွေ့ဟွားပန်းမုန့်ကို စိုက်ကြည့်နေပေ၏။ဤသည်မှာ လုရန်နှင့်ချင်ဝူယောင်းတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က အချိန်ပင်။လုရန်က ရယ်မောပြီး သူ၏ လက်ကောက်ဝတ်ကို တစ်ချက်ဝှေ့ယမ်းမှုနှင့်အတူ ကွေ့ဟွားပန်းမုန့်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ထို့နောက် သူက ရန်စသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။"မင်း ငါ့ကို တိုက်ပွဲမှာ အနိုင်ယူနိုင်ရင် မင်းကို ငါ ရောင်းပေးမယ်"ဆိုရိုးစကားရှိသည့်အတိုင်း 'ရန်မဖြစ်ဘဲ မိတ်ဆွေမဖြစ်နိုင်' ချေ။ ယခင်က ဖြစ်ပျက်ခဲ့ဖူးသောအရာများသည် တဖန်ပြန်၍ ဖြစ်ပေါ်နေပေ၏။နေမင်းကြီး အနောက်ဘက် တောင်တန်းများနောက်သို့ ဝင်သွားချိန်တွင် သူတို့နှစ်ဦးသား တောင်ကုန်းတစ်ခုပေါ်တွင် ထိုင်နေခဲ့ကြသည်။လုရန်သည် တက်ရောက်စာရင်းသွင်းရန် လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ထိုအစား သူသည် သူ၏နံဘေးရှိ ချင်ဝူယောင်းကို ကြည့်ကာ မေးမြန်းလေသည်။"မင်းရဲ့ အိပ်မက်က ဘာလဲ"ချင်ဝူယောင်း၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး သူမက အော်ဟစ်လိုက်သည်။"ကျင့်ကြံတာပေါ့... ငါက အထက်ဘုံတက်လှမ်း ပြီး အင်မော်တယ်တစ်ယောက် ဖြစ်ချင်တယ်"လုရန် နှုတ်ခမ်းတွန့်လိုက်ပြီး သူ၏သွားများကြားတွင် မြက်ပင်တစ်ပင်ကို ကိုက်ကာ သက်တောင့်သက်သာ လှဲချပြီး တီးတိုးရေရွတ်လိုက်၏။"စိတ်ဝိညာဉ်နယ်မြေ မှ မရှိတော့တာ... အထက်ဘုံတက်လှမ်းတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ... အောက်ဘုံက ကြီးကျယ်ခမ်းနားတယ်... ဒါကပဲ ဘဝရဲ့ အနှစ်သာရလေ"

Book 14 end.

ဤမှာတင်ပဲ လုရန်ဇာတ်လမ်း တစ်ခန်းရပ်လို့ ပြီးဆုံးပါပီခင်ဗျာ အားပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပါခင်ဗျာ ကျန်းမာချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

All Chapters