အခန်း ၈၃၄
Vol. 41 Ch. 834
အခန်း(၈၃၄) အကြံအစည်
ဘာရီနှင့် အခြားသော တပ်မှူးနှစ်ဦးတို့သည် အလွန်အစွမ်းထက်ကြသော်လည်း သူတို့အားလုံးသည် အဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ်မျှသာ ဖြစ်ပေရာ ချင်ယွမ်ဖုန်းအတွက်မူ အစွမ်းတိုးတက်ရန် များစွာ အထောက်အကူ မပြုချေ။
"ကျွန်မတို့ ဒီမှာပဲ ထိုင်စောင့်နေကြမှာလား" မေက မေးမြန်းလိုက်သည်။ "အဲဒီနောက်ရော ဘာဆက်လုပ်ကြမလဲ"
"ငါ့ရဲ့ ဘိုးဘေး ရောက်လာတဲ့အခါ နင့်ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို သွားလုကြတာပေါ့၊ အဲဒီအထဲမှာ နင့်ရဲ့ အစွမ်းတွေ ရှိနေတာ မဟုတ်ဘူးလား" ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ငါတို့ ဘိုးဘေးရဲ့ အကာအကွယ် ရှိနေရင် ဘာမှ စိုးရိမ်စရာ မရှိဘူး"
မေက ခေါင်းညိတ်၍ "ကောင်းပြီလေ... ကျွန်မ နင့်စကားကို နားထောင်ပါ့မယ်" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိ၏။
မေသည် မိစ္ဆာလူမျိုးစု၏ ဘုရင်တစ်ပါး ဖြစ်ပါလျက် မည်သို့လုပ်ဆောင်ရမည်ကို ဘာမျှ မသိရှိချေ။ ယင်းက ချင်ယွမ်ဖုန်းကို အတော်လေး စိတ်ပျက်အားလျော့ စေသည်။
မိစ္ဆာဘုရင် ဆိုသည်မှာ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲရမည် မဟုတ်ပါလားသို့သော်လည်း မေသည် အနည်းငယ် ရိုးအံ့အံ့နှင့် အပြစ်ကင်းစင်လွန်း နေသည်ဟု ထင်ရသည်။
ထိုသို့ဖြစ်ရခြင်းမှာ မေ၏ နှစ်ပေါင်းသောင်းချီသော အတွေ့အကြုံများကြောင့် ဖြစ်တန်ရာသည်၊ သူမ၏ မှတ်ဉာဏ်များသည် အကြိမ်ကြိမ် အဖျက်ဆီးခံခဲ့ရပြီး ဦးချိုကျိုး ဘဝသို့ ရောက်ရှိသွားခဲ့ကာ တစ်ချိန်က မိစ္ဆာဘုရင်မကြီးအဖြစ် ရှိခဲ့သော အရှိန်အဝါများ ကွယ်ပျောက်သွားခဲ့ရပေပြီ။
သူတို့သည် ထိုနေရာတွင် တစ်ရက်တိတိ စောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ကျိရန် ရောက်ရှိလာခဲ့တော့သည်။
ချင်ယွမ်ဖုန်းသည်လည်း လောလောလောလောနှင့် ရှေ့သို့ထွက်၍ ကြိုဆိုလိုက်၏။
"မင်းလို ကောင်စုတ်လေး... ငါ မင်းကို နေရာအနှံ့ လိုက်ရှာနေတာ" ကျိရန်က ရယ်မောလျက် ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး ကျိရန်၊ မေတို့နှင့်အတူ အီးချန်မြို့မှ အမြန်ဆုံး ထွက်ခွာခဲ့ကြသည်။ တပ်မှူးသုံးဦး သေဆုံးသွားခဲ့သဖြင့် မြို့၏ ကာကွယ်ရေးများကို ပိုမို တိုးမြှင့်ထားသောကြောင့် ဖြစ်သည်။
"မင်းလို ကောင်လေးကို ငါ ဒီနေရာကနေ ခေါ်သွားပေးမယ်" နှစ်ပေါင်းသောင်းချီအောင် ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ မပြန်နိုင်ခဲ့သော ကျိရန်သည် သဘာဝအတိုင်းပင် နေရပ်သို့ ပြန်ချင်စိတ် ပြင်းပြနေရှာသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ "မဖြစ်သေးဘူး... ကျွန်တော်တို့ ဒီမှာ နေပြီး လုပ်စရာ အချို့ ရှိသေးတယ်" ဟု ဆို၏။
သူတို့သည် မြို့ပြင်သို့ ရောက်ရှိလာပြီးနောက် တောင်ထိပ်တစ်ခုကို ရှာဖွေကာ တောင်ခါးပန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့ကြသည်။
ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် ကျိရန်ကို အသေအချာ ကြည့်ရှုရန် အချိန်ရတော့သည်။
ကျိရန်၏ ကိုယ်ပေါ်တွင် အပိုသိုလှောင်အိတ်တစ်ခု ရှိနေသည်ကို သူ သတိပြုမိသွား၏။
သိုလှောင်အိတ်၏ ပုံစံကို ကြည့်ခြင်းအားဖြင့် ယင်းသည် မိစ္ဆာနယ်မြေမှ ပြုလုပ်ထားသော အရာမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
"ဘိုးဘေး... အရေးကြီးတဲ့ အရာတစ်ခုကို ပြန်သွားယူမယ်ဆိုတာ ကိုယ်ပိုင် သိုလှောင်အိတ်ကို ပြောတာလား" ချင်ယွမ်ဖုန်းက အံ့ဩတကြီး မေးလိုက်သည်။
ကျိရန်က ခေါင်းညိတ်လျက် "ဒါပေါ့... ငါ မိစ္ဆာနယ်မြေထဲ ဝင်လာတုန်းက အကြိုပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့တာ၊ ငါ့သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ အများကြီး ရှိတာပေါ့၊ ဒါပေမဲ့ နတ်ဆိုးဘုရင်က အဲဒါကို လုသွားခဲ့တာ၊ အခုတော့ ငါ ပြန်လုလာနိုင်ခဲ့ပြီ"
ချင်ယွမ်ဖုန်းက လက်မထောင်ပြလိုက်ရင်း "သိုလှောင်အိတ်တစ်ခုတည်းအတွက်နဲ့ နတ်ဆိုးဘုရင်ကို သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက်ရဲတယ်၊ ဘိုးဘေး... ကျွန်တော် တကယ်ပဲ ခင်ဗျားကို အာဇာနည်တစ်ယောက်အနေနဲ့ ကြည်ညိုမိပါတယ်"
လောဘကြီးသည့် နေရာတွင်မူ ချင်ယွမ်ဖုန်းကို မည်သူမျှ မယှဉ်နိုင်ချေ။
"ကဲ... တော်ပြီ၊ မင်း ဒီမှာနေပြီး လုပ်စရာ ရှိသေးတယ်ဆိုတာ ဘာလဲ" ကျိရန်က မေးလိုက်၏။
"ဒါပေါ့... အဲဒါကတော့ ရှေးယခင်က ကတိအတိုင်း မိစ္ဆာဘုရင်ကို ကူညီဖို့ပဲ" ချင်ယွမ်ဖုန်းက မေကို လက်ညှိုးထိုးပြရင်း ပြုံး၍ ပြောလိုက်သည်။
ကျိရန်က သက်ပြင်းချကာ "ငါ အိုနေပါပြီ... မင်းကို အများကြီး မကူညီနိုင်တော့ဘူး ထင်တယ်"
"မဟုတ်တာ... ဘိုးဘေးက အရမ်း နုပျိုနေတုန်းပဲ၊ ခုနတင်ပဲ နတ်ဆိုးဘုရင်နဲ့ သုံးရက်သုံးည တိုက်ခိုက်လာတာ မဟုတ်ဘူးလား" ချင်ယွမ်ဖုန်းက အလျင်အမြန် ဆိုသည်။
ကျိရန်က ချင်ယွမ်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီးနောက် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းကာ "ကောင်းပြီလေ... ဒါပေမဲ့ မင်းရဲ့ အစွမ်းက အခုလောလောဆယ် အရမ်း နိမ့်လွန်းနေသေးတယ်၊ ပြီးတော့ မင်းသားတွေကလည်း အရမ်း အစွမ်းထက်နေကြပြီ၊ ငါတို့ ဘာလုပ်နိုင်မှာလဲ"
မေက ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်မိပြီး "ဒါက ခက်ခဲမှန်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မ ကြိုးစားကြည့်ချင်သေးတယ်၊ မိစ္ဆာလူမျိုးစုတွေ ဒီလောက် ကြာမြင့်တဲ့အချိန်အထိ မှားယွင်းခဲ့တဲ့ အမှားတွေကို ပြန်ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်"
ချင်ယွမ်ဖုန်းက ချက်ချင်း ခေါင်းညိတ်ကာ "ဟုတ်တယ် ဘိုးဘေး... မေရဲ့ စွမ်းအားတွေအားလုံးက အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးထဲမှာ ရှိနေတာ၊ အဲဒီကျောက်တုံးကို ပြန်ရရုံနဲ့ မေက သူ့ရဲ့ စွမ်းအားတွေကို ပြန်ရပြီး မိစ္ဆာဘုရင် ပြန်ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် မေရဲ့ ဦးဆောင်မှုအောက်မှာ မိစ္ဆာလူမျိုးစုတွေလည်း စစ်ပွဲတွေ ဆင်နွှဲမှာ မဟုတ်တော့ဘူး"
ကျိရန်က ခေတ္တမျှ စဉ်းစားလိုက်ရာ ယင်းသည် ကျိမိသားစု၏ ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်မည့် လမ်းစတစ်ခု ဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။ "ကောင်းပြီ... ငါ နားလည်ပြီ၊ ငါ မင်းတို့ကို အစွမ်းကုန် ကူညီပေးပါ့မယ်"
ချင်ယွမ်ဖုန်းက ပြုံးလိုက်၏၊ ကျိရန် သဘောတူမည်ကို သူ သေချာပေါက် သိနေသည်။
"ဒါကို ငါတို့ ထပ်ပြီး တိုင်ပင်ကြသေးတာပေါ့" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်ဆိုးဘုရင်သည် လတ်တလောတွင် အလွန် ဒေါသထွက်နေရသည်။ သူ၏ နန်းတော် ဖျက်ဆီးခံခဲ့ရပြီး မေ လွတ်မြောက်သွားရုံသာမက ယာဘိုပါ ထွက်ပြေးသွားခဲ့သဖြင့် သူ အလွန်အမင်း အမျက်ဒေါသ ထွက်နေရခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ တပ်မှူးသုံးဦးပါ မကြာသေးမီက အသတ်ခံခဲ့ရသဖြင့် သူ ပို၍ပင် စိတ်ဆိုးဒေါသထွက်ကာ ချင်ယွမ်ဖုန်းနှင့် အခြားသူများကို ဖမ်းဆီး၍ နှိပ်စက်ညှဉ်းပန်းကာ အသေ သတ်ပစ်ချင်နေပေပြီ။
သို့သော်လည်း သူတို့သည် ချောမွတ်နေသော ငါးရှဉ့်များကဲ့သို့ ဖမ်းရဆိုးလွန်းလှသည်။
"မင်းတို့ ဘာလိုချင်လဲဆိုတာ ငါသိတယ်၊ လာပြီး ယူကြည့်ကြစမ်းပေါ့" နတ်ဆိုးဘုရင်က ဟင်းလင်းပြင်ကို ကြည့်ရင်း တစ်ကိုယ်တော် ရေရွတ်လိုက်သည်။
ယခုအခါ မေနှင့် ချင်ယွမ်ဖုန်းတို့ နှစ်ဦးစလုံး ထွက်ပြေးသွားကြပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော ယာဘိုပါ ပါသွားခဲ့ရာ သူတို့၏ နောက်ထပ် ရည်မှန်းချက်မှာ ရှင်းလင်းလှသည်၊ အဲဒါကတော့ မေကို စွမ်းအားများ ပြန်လည်ရရှိအောင် ကူညီပေးရန်ပင် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံကျောက်တုံးကို ကာကွယ်ခြင်းသည် မင်းသားများ၏ အဓိက တာဝန်ဖြစ်လာသည်၊ အကြောင်းမှာ သူတို့သည် ယခင် မိစ္ဆာဘုရင်မကြီး ပြန်လည် နိုးထလာပြီး သူတို့၏ အကြီးမားဆုံး ရန်သူ ဖြစ်လာမည်ကို မလိုလားကြသောကြောင့် ဖြစ်၏။
သို့သော်လည်း ကောင်းကင်ဘုံကျောက်တုံးသည် အထူးကျောက်စင်တစ်ခုပေါ်တွင် တင်ထားမှသာ စွမ်းအားများကို ထုတ်လွှတ်နိုင်ပေရာ မင်းသားများသည် ယင်းကို ပြင်ပတွင် ထားရှိရန် မည်သို့မျှ စိတ်ချမည် မဟုတ်ချေ။
အဖြစ်နိုင်ဆုံး အခြေအနေမှာ သူတို့သည် ထိုအကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ပြန်လည်ယူဆောင်လာပြီး ကိုယ်ပိုင် အကာအကွယ်အောက်တွင် ထားရှိခြင်းပင် ဖြစ်လိမ့်မည်။
ဒါကတော့ ချင်ယွမ်ဖုန်းနှင့် ကျိရန်တို့ တိုင်ပင်ဆွေးနွေးထားသော ရလဒ် ဖြစ်သည်။ ထို့ကြောင့် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ရယူလိုပါက သူတို့သည် နောက်ထပ်တစ်ကြိမ် စွန့်စားရဲရုံသာမက မင်းသားထံသို့ပါ သွားရောက်ရပေလိမ့်မည်။
နန်းတော် ဖျက်ဆီးခံရပြီးနောက် နတ်ဆိုးဘုရင်သည် သူ၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦး၏ အိမ်တော်တွင် ယာယီ နေထိုင်လျက်ရှိသည်၊ ထိုသူမှာ အခြားသူမဟုတ်ဘဲ ချင်ယွမ်ဖုန်းနှင့် မေတို့ကို ကယ်တင်ပေးခဲ့ဖူးသော ဂီလင် ပင် ဖြစ်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ဖုန်းနဲ့ မေတို့ကို သွားရောက် ဖမ်းဆီးလိုပါတယ်" ဂီလင်က နတ်ဆိုးဘုရင်၏ ရှေ့တွင် ဦးညွှတ်ရင်း လျှောက်တင်လိုက်သည်။
နတ်ဆိုးဘုရင်က ဂီလင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ "ကောင်းပြီ... သွား သူတို့ကို ငါ့ဆီ အသက်ရှင်လျက် ခေါ်လာနိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင်လည်း သူတို့ရဲ့ ဦးခေါင်းတွေကိုပဲ ယူလာခဲ့"
"အမိန့်အတိုင်းပါ အရှင်" ဂီလင်က လေးနက်စွာ ဆိုသည်။ ယခုအချိန်အထိ နတ်ဆိုးဘုရင်သည် သူ့အပေါ် မည်သည့် သံသယမျှ မရှိသေးချေ။
ဂီလင်သည် သူ၏ အိမ်တော်မှ ထွက်ခွာသွားခဲ့သည်၊ ယင်းမှာ အခြေအနေများနှင့် ဝေးရာသို့ ရှောင်တိမ်းရန်နှင့် နောက်ဆက်တွဲ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရန်အတွက် ဖြစ်သည်။
ဤအရာမတိုင်မီကပင် ချင်ယွမ်ဖုန်းနှင့် မေတို့သည် သတင်းရရှိထားပြီးဖြစ်သဖြင့် ဂီလင်ထံသို့ ချဉ်းကပ်ကာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို လုယူရန် ရည်ရွယ်ချက်ကို ပြောပြခဲ့ပြီး ဖြစ်သည်။
ဂီလင်က ချင်ယွမ်ဖုန်းကို မည်သူ့အား သတိထားရမည်ကို ပြောပြခဲ့ပြီးနောက် နတ်ဆိုးဘုရင်အား နှုတ်ဆက်၍ အိမ်တော်မှ ထွက်ခွာသွားခြင်း ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဆိုးဘုရင်သည် ကောင်းကင်ဘုံကျောက်တုံးကို သူ၏ နံဘေးသို့ ယူဆောင်လာခဲ့ပြီး သူ၏ မျက်စိအောက်တွင် ထားရှိထားသည်။
ကြီးမားသော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကြီးသည် ကျောက်စင်ပေါ်တွင် မှိန်ဖျော့သော အနီရောင် အလင်းတန်းများကို ထုတ်လွှတ်နေပြီး ထိုအနီရောင် အလင်းတန်းများသည် မေ၏ စွမ်းအားများမှ လာခြင်း ဖြစ်သည်။
ရုတ်တရက်ပင် အိမ်တော်၏ ပြင်ပ၌ ရုန်းရင်းဆန်ခတ် ဖြစ်သံများ ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြစ်ပေါ်လာ၏။
"ဘယ်သူတွေ ဆူညံနေတာလဲ" နတ်ဆိုးဘုရင်၏ မကျေမနပ် ဖြစ်နေသော အသံသည် ဟိန်းထွက်သွားခဲ့သည်။
"ဒါပေါ့... ငါပဲလေ" ကျိရန်သည် လမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ရာ သူ၏ နောက်ကွယ်တွင် လဲကျနေသော စစ်သည်တော်များ ရှိနေပြီး ထိုအထဲတွင် နတ်ဆိုးဘုရင်၏ ယုံကြည်စိတ်ချရသော လူယုံနှစ်ဦးပင် သွေးအိုင်ထဲတွင် လဲကျနေကြပြီ ဖြစ်သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ရှိနေသော ကျိရန်အတွက်မူ ထိုအဆင့်သို့ မရောက်ရှိသေးသူ မည်သူမဆိုသည် သူ၏ ပြိုင်ဘက် မဟုတ်ကြချေ။
ဝုန်းခနဲ အသံနှင့်အတူ တံခါးကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ပြီး သစ်သားစများ နေရာအနှံ့ လွင့်စင်သွားကာ ကျိရန်၏ ပုံရိပ်သည် နတ်ဆိုးဘုရင်၏ ရှေ့မှောက်၌ ပေါ်လာတော့သည်။
နတ်ဆိုးဘုရင်၏ နဖူးပေါ်တွင် အကြောများ ထောင်တက်လာခဲ့၏၊ ကျိရန်၏ အကြိမ်ကြိမ် လာရောက် ရန်စမှုများကြောင့် သူ အလွန်အမင်း ဒေါသထွက်နေရပေပြီ။ ထို့အပြင် ကျိရန်က ယခုကဲ့သို့ ပြန်လာရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
"ဒီနေ့တော့ ငါ မင်းကို သတ်ပစ်မယ်... အဘိုးအိုစုတ်"