အခန်း ၈၃၉
Vol. 41 Ch. 839
အခန်း(၈၃၉)
မိစ္ဆာအရှိန်အဝါဖြင့် ဖွဲ့စည်းထားသော သံချပ်ကာဝတ်ရုံမှာ ဖန်ကွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားချေသည်။ သို့သော်လည်း ချင်ယွမ်ဖုန်း ကြာမြင့်စွာ စုဆောင်းထားသော တိုက်ကွက်မှာမူ အိုဝင်၏ ခန္ဓာကိုယ်အပေါ် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရစေခြင်း မရှိခဲ့ပေ။
ချင်ယွမ်ဖုန်း၏ စိတ်လုံးလုံး ကျဆင်းသွားကာ နောက်သို့ ခုန်ဆုတ်ရန် ပြင်လိုက်သော်လည်း အိုဝင်က သူ၏ လက်ဝါးကြီးကို ဆန့်ထုတ်၍ ချင်ယွမ်ဖုန်းအား ဖမ်းဆွဲလိုက်လေသည်။ သူ၏ မျက်နှာထက်တွင်မူ ယုတ်မာကောက်ကျစ်သော အပြုံးများဖြင့် ပြည့်နှက်နေချေပြီ။
"မင်းကို ငါမမြင်ဘူးလို့ ထင်နေတာလား။ မင်းလို ပိုးကောင်စုတ်... သေပေတော့။"
အိုဝင်သည် ချင်ယွမ်ဖုန်းအား ခွေးငယ်တစ်ကောင်ကဲ့သို့ ဆွဲမြှောက်ထားပြီး သူ၏ လက်ဖဝါးအတွင်းမှ ဖိအားကို တရွေ့ရွေ့ တိုးမြှင့်နေသည်။ ယင်းက ချင်ယွမ်ဖုန်းအား တိုက်ရိုက် ညှစ်ခြေပစ်တော့မည့်အတိုင်း ဖြစ်ချေသည်။
သို့သော် ထိုသို့သော အခြေအနေတွင် ချင်ယွမ်ဖုန်းက လှောင်ပြုံးတစ်ခုကို ဖော်ပြလိုက်ကာ "ဒါက ငါ စောင့်နေတဲ့ အခွင့်အရေးပဲ" ဟု ရေရွတ်လိုက်သည်။
သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး အိုဝင်၏ နဖူးဆီသို့ တိုက်ရိုက် ထိတွေ့လိုက်လေသည်။
"ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး..."
အိုဝင်၏ မျက်ခုံးနှစ်ခုကြားမှ ကြီးမားလှသော နတ်ဘုရားဝိညာဉ်စွမ်းအားများ အပြင်းအထန် ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားစေသည်။
"အာ..."
အိုဝင်သည် ချင်ယွမ်ဖုန်းအား လွှင့်ပစ်လိုက်ပြီး သူ၏ ဦးခေါင်းကို အသည်းအသန် ဆုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်တော့သည်။ ထိုသို့သော ဝိညာဉ်အတွင်းပိုင်းမှ မြစ်ဖျားခံလာသည့် နာကျင်မှုကိုမူ မည်မျှပင် ခိုင်မာသော စိတ်ဓာတ်စွမ်းအား ရှိစေကာမူ တောင့်ခံနိုင်ခြင်း မရှိပေ။
စင်စစ် ချင်ယွမ်ဖုန်းအနေဖြင့် ဤတိုက်ကွက်ကို အစောကြီးကတည်းက အသုံးပြုနိုင်ပေသည်။ သို့သော် အိုဝင်သည် သူ့ကို မမြင်ရသော်လည်း မြေပြင်ကို အမြဲမပြတ် စောင့်ကြည့်နေကြောင်း သူ သိရှိသည်။ ချင်ယွမ်ဖုန်း၏ အရိပ်ထဲသို့ ရောနှောဝင်ရောက်နိုင်သော စွမ်းရည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။
ထို့ကြောင့် သူသည် အိုဝင် စိတ်လျော့သွားသည့် အချိန်အခြေအနေအထိ စောင့်ဆိုင်းနေခဲ့ပြီးမှ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ချေသည်။
အရိပ်ဆိုးသတ်ဖြတ်ခြင်း တိုက်ကွက်က အိုဝင်အား မထိခိုက်နိုင်ခြင်းမှာလည်း ချင်ယွမ်ဖုန်း၏ အစီအစဉ်ထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အကယ်၍ အိုဝင်သည် ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် ဤမျှ လွယ်လွယ်ကူကူ ဒဏ်ရာရသွားပါက သူသည် မသေမျိုးဘုရင်၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား ဖြစ်လာစရာ အကြောင်းမရှိပေ။
မျှော်လင့်ထားသည့်အတိုင်းပင် အိုဝင်သည် ချင်ယွမ်ဖုန်း၏ အကြံအစည်ကို ဖောက်ထွင်းမြင်သွားပြီဟု ထင်မှတ်ကာ ချင်ယွမ်ဖုန်းအား သူ၏ အနီးသို့ ဆွဲခေါ်လာခဲ့ရာ ယင်းက ချင်ယွမ်ဖုန်းအတွက် အဆုံးသတ် တိုက်ကွက်ကို ဖော်ဆောင်ရန် အခွင့်ကောင်း ဖြစ်သွားချေသည်။
"နေဝင်ချိန်တစ်ချက်ခုတ်..."
ချင်ယွမ်ဖုန်းသည် မျက်တောင်တစ်ခတ်အတွင်း ဓားချက်ဆယ်ချက်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ရာ ဓားသွားဖျားများမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ငယ်ရွယ်သော နေမင်းတစ်စင်း တရွေ့ရွေ့ နိမ့်ဆင်းလာသကဲ့သို့ ထင်မှတ်ရချေသည်။
ဓားချက်ဆယ်ချက်၏ စွမ်းအားမှာ အိုဝင်၏ လည်ပင်းဆီသို့ ရုတ်ချည်း ပေါက်ကွဲကျရောက်သွားသည်။ အိုဝင်သည် သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးပိုင်းမှ လာသော ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရစဉ်မှာပင် ချင်ယွမ်ဖုန်းက သူ၏ ဦးခေါင်းကို ဖြတ်တောက်လိုက်ချေပြီ။
သူ၏ ဦးခေါင်း ပြတ်တောက်သွားသည့်တိုင်အောင် အိုဝင်၏ မျက်လုံးများမှာ ပြူးကျယ်နေဆဲ ဖြစ်ပြီး ပါးစပ်မှလည်း တစ်စုံတစ်ခုကို တတွတ်တွတ် မြည်တမ်းနေသေးသည်။
ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လျက် ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို အသုံးပြုကာ အိုဝင်၏ ကျင့်စဉ်အဆင့်ကို ခိုးယူစုပ်ယူလိုက်လေသည်။
ခဏအကြာတွင် အိုဝင် သေဆုံးသွားခဲ့သည်။ ထိုမျှတိုတောင်းလှသော အချိန်အတွင်း ချင်ယွမ်ဖုန်း စုပ်ယူလိုက်ရသည့် ကျင့်စဉ်စွမ်းအားမှာ မများပြားသော်လည်း လုံလောက်မှု ရှိပေသည်။
"နောက်ဆုံးတော့... ငါ ဘုရင်နယ်ပယ်ကို ရောက်ပြီ..."
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာပြီး သူ၏ သွေးသားပြောင်းလဲခြင်းမှာ ပြီးပြည့်စုံသွားသည့်အလား ဖြစ်ချေသည်။
သူသည် အရပ်အမောင်း ပိုမိုမြင့်မားလာကာ ပို၍ ယုံကြည်အားကိုးထိုက်သော ပုံစံသို့ ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပေါ်မှလည်း နက်ရှိုင်းလှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
"ဟူး... ဒါက ဘုရင်နယ်ပယ်လား။ တကယ်ကို အစွမ်းထက်တာပဲ။"
ချင်ယွမ်ဖုန်းသည် အဝေးရှိ မိစ္ဆာစစ်သည်တော်များကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာချေသည်။
သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ၏ မျက်ဝန်းထောင့်မှ မှိန်ဖျော့သော အနီရောင်အလင်းတန်းတစ်ခုမှာ တိတ်တဆိတ် ကူးစက်ပြန့်ပွားလာနေသည်။
ချင်ယွမ်ဖုန်းအတွက် ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းမှာ သတ်မှတ်ပြီးသား ဖြစ်သော်လည်း သတိမထားမိခင်မှာပင် သူ၏ အတွင်းပိုင်း၌ ဖုံးကွယ်ထားသော ကြမ်းကြုတ်မှုများမှာ ပြန်လည် နိုးထလာခဲ့ချေပြီ။
သူ ယခု အလိုရှိသည်မှာ သွေးချောင်းစီး သတ်ဖြတ်မှုများကို ပြုလုပ်ရန်နှင့် သူ့ကို ပိတ်ဆို့တားဆီးဝံ့သည့် မိစ္ဆာစစ်သည်အားလုံးကို ရှင်းလင်းချေမှုန်းပစ်ရန်သာ ဖြစ်သည်။
"ဖုန်း... နင် အဆင်ပြေရဲ့လား။"
မေသည် ချင်ယွမ်ဖုန်း၏ အခြေအနေမှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း သတိပြုမိသွားသဖြင့် အမြန် လျှောက်လှမ်းလာကာ ချင်ယွမ်ဖုန်း၏ လက်မောင်ကို ဆွဲကိုင်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်ရောက်လာသည်။ သူသည် မေ့ကို ငေးငိုင်စွာ ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
"ငါ့ရဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ပြန်ပွင့်ထွက်လာတာပဲ။ မင်းသာ ငါ့ကို မခေါ်ခဲ့ရင် ငါ နောက်တစ်ကြိမ် ဒုက္ခရောက်ဦးမှာ သေချာတယ်" ဟု ချင်ယွမ်ဖုန်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူသည် သူ၏ ကြမ်းကြုတ်သော စိတ်အာဃာတများကို ဖိနှိပ်ထားနိုင်ပြီဟု အစဉ်အမြဲ ထင်မှတ်ထားခဲ့သော်လည်း ကျင့်စဉ်အဆင့် တက်လှမ်းသည့် အချိန်တွင် မိမိကိုယ်ကိုယ် စိတ်လျှော့လိုက်သည်နှင့် ယင်းက ပြန်လည်ပေါ်ပေါက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ကောင်းပါပြီ၊ အခု နင်လည်း ဘုရင်နယ်ပယ်ကို ရောက်သွားပြီဆိုတော့ ငါတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြရအောင်" ဟု မေက ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ သူသည် အန္တရာယ်များကို စိုးရိမ်ပူပန်မိသော်လည်း ဤနေရာမှ ထွက်ခွာနိုင်ရန်မှာ အရေးကြီးဆုံး ကိစ္စရပ် ဖြစ်ပေသည်။
တပ်မှူးအိုဝင်ကို သတ်ဖြတ်ပြီးနောက် ချင်ယွမ်ဖုန်းသည် မေကို ဆွဲခေါ်ကာ အဝေးသို့ ပျံသန်းထွက်ခွာတော့သည်။
မိစ္ဆာစစ်သည်တော်များမှာ ပျံသန်းနိုင်စွမ်း မရှိကြသေးသဖြင့် ချင်ယွမ်ဖုန်းက သူတို့၏ ခေါင်းပေါ်မှ ဖြတ်ပျံသွားသည်ကို အကြံအဖန်မရှိ ငေးကြည့်နေရုံသာ တတ်နိုင်ကြချေသည်။
"ကဲ... ကောင်လေး၊ ငါ မင်းနဲ့ ဆော့ရတာ တော်တော်လေး ငြီးငွေ့လာပြီ။ ဒီနေ့အတွက် ဒီလောက်ဆို တော်လောက်ပြီ။ နောက်တစ်ခါ ငါ လာတဲ့အခါ မင်းရဲ့ ခွေးအသက်ကို နှုတ်ယူပစ်မယ်။"
ချင်ယွမ်ဖုန်းနှင့် မေ ထွက်ခွာသွားသည်ကို မြင်သောအခါ ကျိရန်သည်လည်း တိုက်ပွဲနယ်မြေမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ချေသည်။
မသေမျိုးဘုရင်က ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလာကာ "ထွက်သွားချင်တာလား။ နောက်ကျသွားပြီ။ ဒီနေ့ မင်း ဒီမှာပဲ အသက်ချပစ်ရမယ်" ဟု ဟိန်းဟောက်လိုက်သည်။
"ငါ့ကို ဒီမှာ ထိန်းသိမ်းထားချင်တာလား။ မင်းက နုနယ်လွန်းပါသေးတယ်။ နောက်ထပ် နှစ်ပေါင်း သောင်းချီလောက် ကျင့်ကြံဦးမှ ရမယ်။"
ကျိရန်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းပင် အသွင်မဲ့ လွင့်မျောသွားတော့သည်။
မသေမျိုးဘုရင်သည် ရှေသို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး မိစ္ဆာအရှိန်အဝါများကို ထုတ်ဖော်ကာ ကျိရန်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းတိုက်ခိုက်လိုက်ချေသည်။
သို့သော်လည်း ကျိရန်၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ရာ ဤတိုက်ကွက်မှာ ကျိရန်အား အမှန်တကယ် ထိမှန်ခြင်း မရှိခဲ့ပေ။
နောက်တစ်ကိုယ်တွင် ကျိရန်သည် မီတာရာဂဏန်းအကွာ၌ ပေါ်လာပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
"သူတို့ တကယ်ပဲ ထွက်သွားကြတာလား။ ဒီတစ်ခါ သူတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ။"
မသေမျိုးဘုရင်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ခုံးများမှာ ရုတ်ချည်း တွန့်ချိုးသွားချေသည်။
သူသည် သူ၏ နန်းတော်အတွင်းသို့ ချက်ချင်း တိုးဝင်သွားခဲ့ရာ အတွင်းပိုင်း၌ သူ၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား နှစ်ဦး သေဆုံးနေသည်ကို တွေ့မြင်လိုက်ရသည်။
ထို့ပြင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးမှာလည်း ပျောက်ဆုံးသွားခဲ့ချေပြီ။
"မဖြစ်နိုင်တာ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။"
မသေမျိုးဘုရင်သည် ရူးသွပ်စွာ အော်ဟစ်တော့သည်။
"အပြင်မှာ သူတို့ သုံးယောက်ပဲ ရှိတာလေ၊ ငါလည်း သူတို့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာပဲ။ ဘယ်လိုလုပ်ပြီး အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးက အခိုးခံလိုက်ရတာလဲ။"
မကြာမီမှာပင် မသေမျိုးဘုရင်သည် အလားအလာရှိသော အချက်တစ်ခုကို တွေးတောမိသွားပြီး ယင်းအတွေးက သူ့အား အတိုင်းအဆမဲ့ ဒေါသမျက်မာန် ထွက်ပေါ်စေသည်။
ချင်ယွမ်ဖုန်းနှင့် သူ၏ အပေါင်းအဖော်များတွင် အခြားသော အလိုတူအလိုပါတစ်ဦး ရှိနေခြင်းပင် ဖြစ်ချေသည်။
မသေမျိုးဘုရင်၏ နန်းတော်မှ ထွက်ခွာလာပြီးနောက် ချင်ယွမ်ဖုန်းနှင့် မေသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ရှေသို့ အရှိန်အဟုန်ဖြင့် ပျံသန်းခဲ့ကြသည်။
သူတို့သည် တစ်နာရီခန့် ပျံသန်းပြီးနောက် နောက်ဆုံးတွင် ကတိပြုထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ဤအချိန်အတွင်း ကျိရန်သည်လည်း သူတို့နောက်သို့ မှီအောင် လိုက်ပါလာခဲ့ပြီ ဖြစ်သည်။
"ကဲ... အောင်မြင်ခဲ့ရဲ့လား" ဟု ကျိရန်က ပြုံးစိစိဖြင့် မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ကာ "ငါတို့လည်း အသေအချာ မသိသေးဘူး။ ငါတို့ရဲ့ ရည်ရွယ်ချက်က မသေမျိုးဘုရင်နဲ့ အခြားလူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ပဲလေ။ ကျန်တဲ့ ကိစ္စကတော့ ထိုလူအပေါ်မှာပဲ မူတည်လိမ့်မယ်" ဟု ဆိုသည်။
"စိတ်မပူပါနဲ့၊ ငါ စစ်ဆေးခဲ့ပြီးပါပြီ။ မသေမျိုးဘုရင်က နန်းတော်ထဲမှာ ပဉ္စမအဆင့် ဘုရင်နယ်ပယ် နှစ်ယောက်ပဲ ချန်ထားခဲ့တာ။ ထိုလူရဲ့ ကျင့်စဉ်အဆင့်က နဝမအဆင့် ဘုရင်နယ်ပယ် ဖြစ်တာကြောင့် သူ ဘယ်လိုမှ မကျရှုံးနိုင်ပါဘူး" ဟု ကျိရန်က တည်ငြိမ်စွာ ပြောကြားလိုက်သည်။
သူတို့ သုံးဦးစလုံး ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိသွားချိန်တွင် ထိုနေရာ၌ လူရိပ်တစ်ခုက ကြိုတင် စောင့်ဆိုင်းနေချေပြီ။
ချင်ယွမ်ဖုန်းနှင့် အခြားလူများ ရောက်ရှိလာပြီးနောက် ထိုလူသည် တရွေ့ရွေ့ လှည့်ပြောင်းကြည့်ရှုလာသည်။
ယင်းက ဂီလင် ဖြစ်ချေသည်။
နတ်ဆိုးဘုရင်၏ လက်အောက်ငယ်သား ဖြစ်သော ဤသူသည် ယခင်က ချင်ယွမ်ဖုန်းအား ဖမ်းဆီးခဲ့ဖူးပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကာ နတ်ဆိုးဘုရင်ထံတွင် ချင်ယွမ်ဖုန်းအား လိုက်လံနှိမ်နင်းမည်ဟု လျှောက်တင်ပြီး နတ်ဆိုးဘုရင်၏ နယ်မြေမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့သည် မသေမျိုးဘုရင်၏ နယ်မြေ၌ ဆုံစည်းခဲ့ကြသဖြင့် ဤအစီအစဉ်ကို ပုံဖော်ဖြစ်ခဲ့ကြခြင်း ဖြစ်ပေသည်။
ယခုအကြိမ်တွင်မူ ချင်ယွမ်ဖုန်းနှင့် မေတို့ကို အာရုံလွှဲရန် အစာအဖြစ် အသုံးပြုခဲ့ပြီး ဂီလင်ကမူ သူ၏ ရာထူးအဆင့်အတန်းကို အသုံးချလျက် မသေမျိုးဘုရင်၏ နန်းတော်အတွင်းသို့ လွယ်လင့်တကူ ဝင်ရောက်ကာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ချေတော့သည်။