အခန်း ၈၄၁
Vol. 41 Ch. 841
အခန်း(၈၄၁) အကြွင်းမဲ့
ကောင်းကင်ဘုံကျောက်တုံးအား ခိုးယူခြင်း
သွေးဆာမိစ္ဆာမင်းသားသည် တည်ခင်းဧည့်ခံပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့လေသည်။ ယာဘိုနှင့် သူ၏လူစုအပေါ် အစဉ်တစိုက် သတိကြီးစွာ ထားရှိနေရခြင်းက သူ့အား စိတ်အနည်းငယ် တင်းကျပ်နောက်ကျိနေစေခဲ့ချေသည်။
သူမျှသာမကဘဲ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးက သူတို့အား ပစ်မှတ်ထားနေကြောင်း သိရှိရပြီးနောက် မှူးမတ်မျိုးနွယ်များပင်လျှင် များစွာ စိတ်အနှောင့်အယှက် ဖြစ်နေကြရလေသည်။
ထိုသို့သော အခြေအနေမျိုးအောက်တွင် သွေးဆာမိစ္ဆာမင်းသားအနေဖြင့် ရှေ့ကနေ ဦးဆောင်ပြသရန်မှာ သဘာဝပင် ဖြစ်ပေရာသည်။
သူသည် ဤတည်ခင်းဧည့်ခံပွဲကို ကျင်းပ၍ နတ်ဘုရားဝိညာဉ်ဘုရင်ထံတွင် ယာဘို ရှုံးနိမ့်သွားခဲ့သည့် အခြင်းအရာကို အခြေခံကာ ထိုမှူးမတ်များအား မင်းသားဖြစ်သူအနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို ကောင်းစွာ ဖြေရှင်းနိုင်စွမ်းရှိကြောင်း အသိပေးလိုခြင်း ဖြစ်ချေသည်။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာနယ်မြေအတွင်း၌ မင်းသားများကိုယ်တိုင် တိုက်ရိုက်လုပ်ဆောင်၍မရသော အရာများစွာ ရှိနေပြီး ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဆင့်မြင့်မှူးမတ်မျိုးနွယ်များကိုသာ အားကိုးအားထားပြုရလေသည်။
ထိုည၌ သွေးဆာမိစ္ဆာမင်းသား၏ နန်းတော်ကြီးတစ်ခုလုံးမှာ မီးရောင်စုံများဖြင့် ထိန်ထိန်လင်းနေပြီး တစ်စုံတခုသော မင်္ဂလာပွဲတော် ကျင်းပနေသည့်အလား ထင်မှတ်ရပေသည်။
မှူးမတ်မျိုးနွယ် အမြောက်အမြားသည် သွေးဆာမိစ္ဆာမင်းသား၏ တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ရန် ရောက်ရှိလာကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် နတ်ဘုရားဝိညာဉ်ဘုရင်ကို ရင်ဆိုင်ရာ၌ ယာဘိုတို့လူစု ရှုံးနိမ့်သွားခဲ့သည့် သတင်းကို ကြားသိလိုက်ရသဖြင့် စိတ်ထဲ၌ စိုးရိမ်မကင်းဖြစ်နေမှုများမှာ အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားခဲ့ရချေသည်။
တည်ခင်းဧည့်ခံပွဲအတွင်း၌ ရယ်မောသံများနှင့် စကားပြောဆိုသံများ ဆူညံလျက်ရှိသည်။ စားပွဲ၏ အဦးအဖျားတွင် ထိုင်နေသော သွေးဆာမိစ္ဆာမင်းသားသည်လည်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
ဤသည်ကား သူတို့မင်းသား အလိုရှိသော ဘဝမျိုးပင် ဖြစ်သည်။ ထိုသာမန်အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို သူတို့က ဘာကြောင့် ဂရုစိုက်နေရမည်နည်း။
အခြားသော ကမ္ဘာများကို အောင်မြင်စွာ သိမ်းပိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် ထိုအရပ်သားများအား စွန့်ပစ်ရန် ဝန်လေးကြမည်မဟုတ်ဘဲ ကိုယ့်ဖတ်ကိုယ်ဖယ် ရှင်သန်ကြစေရန်သာ ထားရစ်ခဲ့ကြမည် ဖြစ်သည်။
သွေးဆာမိစ္ဆာမင်းသားသည် ရယ်မောပျော်ရွှင်နေကြသော မှူးမတ်များကို ကြည့်ရင်း စိတ်ထဲမှနေ၍ အေးစက်စွာ ပြုံးလိုက်လေသည်။
မည်သူမျှ သတိမထားမိခင်မှာပင် ရှယ်လီသည် တည်ခင်းဧည့်ခံပွဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သူ၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်ပေရာ သူ ဘာလုပ်နေသည်ကို မည်သူမျှ မသိရှိကြချေ။
ရှယ်လီသည် တံခါးဝသို့ လျှောက်လှမ်းသွားပြီး ကင်းစောင့်နေကြသော စစ်သည်တော်များ တာဝန်လစ်ဟင်းနေခြင်း ရှိမရှိ စစ်ဆေးနေသည့်အလား ပြုမူလိုက်သည်။
စစ်သည်တော်များအားလုံး မိမိတို့စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေကြသည်ကို မြင်တွေ့ရသောအခါမှ ရှယ်လီက ခေါင်းညိတ်ပြလိုက်လေသည်။
ပင်မတံခါးကြီးကို စစ်ဆေးပြီးနောက် ရှယ်လီသည် နန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ရိပ်ကနဲ အရိပ်တစ်ခုက ရှယ်လီ၏နောက်သို့ တိတ်တဆိတ် လိုက်ပါလာပြီး ရှယ်လီ၏ အရိပ်နှင့် တစ်သားတည်း ပေါင်းစည်းသွားသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပေ။
တည်ခင်းဧည့်ခံပွဲသို့ ပြန်ရောက်သောအခါ သွေးဆာမိစ္ဆာမင်းသားက ရှယ်လီအား ရုတ်တရက် လှမ်း၍ တားလိုက်လေသည်။
"ရှယ်လီ... မင်းလည်း နားသင့်ပြီ။ ဒီအတောအတွင်း မင်းလည်း လုံခြုံရေးတာဝန်တွေကို တစိုက်မတ်မတ် တာဝန်ယူပေးခဲ့တာဆိုတော့ ပင်ပန်းနေရော့မယ်" သွေးဆာမိစ္ဆာမင်းသားက တည်ငြိမ်စွာ ပြောလိုက်သည်။
ရှယ်လီက လက်နှစ်ဖက်ကို ပူးယှက်ကာ အရိုအသေပြုရင်း "အရှင်မင်းသား... ဒါက ကျွန်တော့်တာဝန်ပဲဥစ္စာ။ အခု တခြားနေရာတွေကိုပါ စစ်ဆေးပြီးမှပဲ ကျွန်တော် စိတ်အေးလက်အေး နားနိုင်မှာပါ" ဟု ပြန်လည်တင်ပြလိုက်သည်။
"မင်းရဲ့ အားနည်းချက်က တာဝန်အလေးထားလွန်းတာပဲ" သွေးဆာမိစ္ဆာမင်းသားက သက်ပြင်းချလိုက်လေသည်။
အခြားသော မှူးမတ်များကလည်း ရှယ်လီအပေါ် ချီးကျူးအံ့သြရိုသေကြောင်း ဖော်ပြကြလေသည်။
ရှယ်လီသည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့အပေါ် ဂရုမထားဘဲ ခေါင်းညိတ်ပြလိုက်ကာ နန်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ဤနေရာတွင် စစ်သည်တော် အစုအဖွဲ့များက ကင်းလှည့်နေကြပြီး ရှယ်လီအား မြင်တွေ့ရသောအခါ ဦးညွှတ်၍ အရိုအသေပြု နှုတ်ဆက်ကြလေသည်။
ရှယ်လီသည် သွေးဆာမိစ္ဆာမင်းသား အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို သိမ်းဆည်းထားရာ နေရာသို့ ရောက်ရှိလာခဲ့သည်။ စစ်သည်တော် ဆယ်ဂဏန်းခန့်က ထိုအခန်းအား တင်းကျပ်စွာ ဝိုင်းရံစောင့်ကြပ်နေကြချေသည်။
အမိုးပေါ်တွင်ပင် စစ်သည်တော်များကို ဖြန့်ကြက်ချထားလေသည်။
"ထူးခြားတာ ဘာမဆို ရှိသလား" ရှယ်လီက အေးစက်စွာ မေးမြန်းလိုက်သည်။
"အစီရင်ခံပါတယ်ဆရာ... ဘာထူးခြားမှုမှ မရှိပါဘူးဗျာ" ကာကွယ်ရေးအစောင့်တစ်ဦးက ရှေ့သို့ လှမ်းထွက်၍ တင်ပြလာသည်။
ရှယ်လီက ခေါင်းညိတ်လိုက်ပြီး "ငါတို့တွေ အထူးသဖြင့် အခုလိုအချိန်မှာ ပိုပြီး သတိထားရမယ်။ သတိလက်လွတ် မဖြစ်စေနဲ့" ဟု မှာကြားလိုက်သည်။
"ဟုတ်ကဲ့ပါဆရာ" အစောင့်များအားလုံးက ညီညီညာညာ ပြန်လည်ဖြေကြားကြလေသည်။
ရှယ်လီက ခေါင်းညိတ်ပြလိုက်ကာ မှောင်ရိပ်ခိုရာဘက်သို့ လျှောက်သွားလိုက်သည်။
"ဟေ့... မင်းကတော့ တကယ်ပဲ တာဝန်ကျေလွန်းလို့ အဆိုးအကောင်းကို မသိတော့ဘူးပဲ" အသံတစ်သံက ရှယ်လီ၏ နားထဲသို့ တိုးဝင်လာခဲ့သည်
"ဒါက ငါ့တာဝန်မို့လို့ပါ။ နတ်ဆိုးဘုရင်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို ကူညီမှာမဟုတ်ဘူး" ရှယ်လီက တိုးညင်းစွာ ပြောလိုက်သည်။
"ကောင်းပြီ... ငါ အခုသွားတော့မယ်။ မင်း ဒီမှာပဲ စောင့်နေပါ"
ထိုသို့ ပြောကြားပြီးနောက် ရှယ်လီ၏ အရိပ်ထဲမှ အရိပ်တစ်ခုသည် လျင်မြန်စွာ ရုန်းထွက်သွားပြီး မှောင်ရိပ်များထဲ၌ ပုန်းကွယ်လျက် အစောင့်များ၏ အကြည့်ကို အောင်မြင်စွာ ရှောင်လွှဲကာ သွေးဆာမိစ္ဆာမင်းသား၏ အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
သွေးဆာမိစ္ဆာမင်းသား၏ အခန်းမှာ အလွန်ကျယ်ဝန်းလှပြီး အခန်းထဲ၌ အိပ်ရာမရှိဘဲ ဖျာထိုင်ခုံ အနည်းငယ်သာ ရှိပေသည်။ သွေးဆာမိစ္ဆာမင်းသားသည် အိပ်စက်ခြင်းမရှိဘဲ တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိကြောင်း ထင်ရှားပေသည်။
ယခုအချိန်တွင် သွေးဆာမိစ္ဆာမင်းသား ပိုင်ဆိုင်ထားသော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးမှာ အခန်း၏ အလယ်ဗဟို၌ ရှိနေသည်။ အခန်းအလယ်တွင် ကျောက်စင်မြင့်တစ်ခုကိုလည်း တည်ဆောက်ထားပြီး ချင်ယွမ်ဖုန်းအနေဖြင့် ယင်းအပေါ်ရှိ အစီအရင်ပုံရိပ်များကို အလွန်ပင် ရင်းနှီးကျွမ်းဝင်နေချေသည်။
ဤကဲ့သို့သော ကျောက်စင်မြင့်မျိုးသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးအတွင်းရှိ စွမ်းအားများကို တဖြည်းဖြည်းချင်း ဖိအားပေးကာ ထုတ်လွှတ်ပေးနိုင်စွမ်း ရှိလေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျောက်စင်မြင့်ပေါ်မှ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို တိုက်ရိုက် ကောက်ယူလိုက်ချေသည်။
အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးသည် စွမ်းအားများ ထုတ်လွှတ်နေခြင်းကို ချက်ချင်းပင် ရပ်တန့်သွားစေခဲ့သဖြင့် သိသာထင်ရှားသော စွမ်းအင်လှိုင်းထန်မှုတစ်ခု ဖြစ်ပေါ်လာစေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းက ခေတ္တမျှ စောင့်ဆိုင်းကြည့်ရာ အပြင်ဘက်ရှိ အစောင့်များမှာ မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်မလာကြချေ။
"ဟူး... ဒီအစောင့်တွေအားလုံးက အားနည်းလွန်းတော့ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုကို မသိနိုင်ကြဘူးပဲ" ချင်ယွမ်ဖုန်းသည် အနည်းငယ် စိတ်သက်သာရာရသွားကာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို သူ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်ရင်း ပြောလိုက်သည်။
ထို့နောက် ချင်ယွမ်ဖုန်းသည် တစ်ဖန် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အခန်းအတွင်းမှနေ၍ တဖြည်းဖြည်းချင်း ပြန်လည် ထွက်ခွာလာခဲ့လေသည်။
ရှယ်လီသည် ကျောက်ရုပ်ထုတစ်ခုအလား မှောင်ရိပ်ထဲတွင် ဆက်လက် မတ်တပ်ရပ်နေသဖြင့် အစောင့်များမှာ အံ့သြမိကြသော်လည်း မည်သူမျှ အနီးသို့ ချဉ်းကပ်၍ စကားလှမ်းပြောရန် မရဲဝံ့ကြပေ။
"ရပြီ" အသံတစ်သံက ရှယ်လီ၏ နားထဲသို့ ရောက်ရှိလာသည်။
ရှယ်လီသည် မသိသာလှသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။
တည်ခင်းဧည့်ခံပွဲ၌ မှူးမတ်များသည် ဆက်လက်၍ ပျော်ပါးသောက်စားနေကြသော်လည်း သွေးဆာမိစ္ဆာမင်းသားမှာမူ မျက်မှောင်ကြုတ်သွားခဲ့ချေသည်။
သူသည် မတ်တပ်ထရပ်လိုက်ရာ အောက်ဘက်ရှိ မှူးမတ်များမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ ယခုအချိန်တွင် သွေးဆာမိစ္ဆာမင်းသား စိတ်အလိုမကျဖြစ်နေသည်ကို မည်သူမဆို မြင်တွေ့နိုင်ပေသည်။
"တစ်ယောက်ယောက်က ဒီနေရာကို တိတ်တဆိတ် ဝင်ရောက်လာပြီး အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ယူသွားပြီ" သွေးဆာမိစ္ဆာမင်းသားက ဒေါသတကြီး ပြောဆိုလိုက်လေသည်။
မှူးမတ်များသည် ချက်ချင်းပင် စိတ်လှုပ်ရှား တင်းကျပ်သွားကြပြီး မည်သူက ဤမျှအခြေအနေအထိ သတ္တိကောင်းလှသဖြင့် သွေးဆာမိစ္ဆာမင်းသား၏ နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းခိုးယူဝံ့သနည်းဟု တွေးတောနေကြရချေသည်။
ရှယ်လီသည် တည်ခင်းဧည့်ခံပွဲသို့ ပြန်လည်ရောက်ရှိလာပြီး သွေးဆာမိစ္ဆာမင်းသား၏ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် တံခါးဝဆီသို့ ပြေးထွက်ရန် ပြင်လိုက်သည်။
သူသည် သွေးဆာမိစ္ဆာမင်းသား၏ နန်းတော်လုံခြုံရေးကို တာဝန်ယူထားရသူ ဖြစ်ပေရာ သွားရောက်၍ အခြေအနေကို စစ်ဆေးရန်မှာ လုံးဝ ကျိုးကြောင်းဆီလျော်လှပေသည်။
"ရှယ်လီ" သွေးဆာမိစ္ဆာမင်းသားက ရှယ်လီအား ရုတ်တရက် လှမ်းခေါ်လိုက်သည်။
ရှယ်လီ၏ ခန္ဓာကိုယ်မှာ ရုတ်ချည်း တင်းမာသွားပြီး သေတ္ပွဲနွှဲရန် စဉ်းစားလျက် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်လေသည်။
"စိတ်မလောနဲ့... သူ ငါ့ကို သတိမပြုမိသေးဘူး" ချင်ယွမ်ဖုန်း၏ အသံက ရှယ်လီ၏ နားထဲသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။
"ဘယ်သူလဲဆိုတာ သွားပြီး စုံစမ်းစမ်း။ ကြည့်ရတာ ယာဘိုတို့လူစုအပြင် သူတို့နဲ့ ပူးပေါင်းနေတဲ့ တခြားလူတွေလည်း ရှိနေသေးတယ် ထင်တယ်"
သွေးဆာမိစ္ဆာမင်းသားက အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်မင်းသား"
ရှယ်လီသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားခဲ့လေသည်။
မကြာမီ အချိန်အတွင်းမှာပင် နန်းတော်တွင်းရှိ ကာကွယ်ရေးအစောင့်အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြချေသည်။
ရှယ်လီသည် အပြင်ဘက်သို့ ပြေးထွက်လာပြီး မိစ္ဆာတပ်မတော် တပ်မှူးအား ထိုအကြောင်းကို ပြောပြလိုက်သည်။
"အရှင်မင်းသားက နန်းတော်ကြီးတစ်ခုလုံးကို ချက်ချင်း ဝိုင်းရံပိတ်ဆို့ဖို့ အမိန့်ပေးလိုက်တယ်။ ယင်ကောင်တစ်ကောင်တောင် အပြင်ကို မလွတ်စေနဲ့" ရှယ်လီက တည်တင်းစွာ ပြောဆိုလိုက်သည်။
တပ်မှူးများအားလုံးက ရှယ်လီအပေါ် မည်သည့်သံသယမျှ မရှိဘဲ ခေါင်းညိတ် လက်ခံကြလေသည်။
ပျံသန်းနိုင်သော မိစ္ဆာခေါင်းဆောင်များအားလုံးသည် မည်သူမျှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိစေရန်အတွက် ကောင်းကင်ယံသို့ ပျံတက်သွားကြတော့သည်။
မိစ္ဆာတပ်မတော်သည် ထွက်ပေါက်မရှိစေရန် နန်းတော်ကြီးကို ချက်ချင်းပင် ဝိုင်းရံပိတ်ဆို့လိုက်ကြချေသည်။
ယခုအခါ နန်းတော်ကြီးမှာ သံမဏိစည်ပိုင်းတစ်ခုကဲ့သို့ လုံခြုံစိတ်ချရပြီး လေပင် မပေါက်နိုင်တော့ပေ။
ရှယ်လီသည် ဤအခွင့်အရေးကို အသုံးချ၍ နန်းတော်ထဲမှ ထွက်ခွာသွားခဲ့သည်။
ဤကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းလှသော အခြေအနေမျိုးတွင် မည်သူမျှ ရှယ်လီအား တားဆီးခြင်း မပြုကြပေ။ ထို့ပြင် ရှယ်လီ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကလည်း မည်သည့် သံသယကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။
"ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ချင်ယွမ်ဖုန်းသည် ရှယ်လီ၏ အရိပ်ထဲတွင် ပုန်းကွယ်လျက် ပြုံး၍ ပြောလိုက်လေတော့သည်။