← Chapters

အခန်း ၈၄၇

Vol. 41 Ch. 847

အခန်း ၈၄၇

Vol. 41 Ch. 847

အခန်း(၈၄၇)

ကြီးမားလှသော ပေါက်ကွဲမှုကြီးတစ်ခု ဟိန်းခနဲ မြည်ဟည်းသွားပြီး မီးလျှံများက ကောင်းကင်ယံသို့ ပျံတက်သွားကာ ချောက်ကမ်းပါး ဘေးတစ်ဖက်တစ်ချက်စီသည် ချက်ချင်းဆိုသလို ပြိုကျပျက်စီးသွားတော့၏။

ထိုပေါက်ကွဲမှု ဒဏ်ရာနှင့် နီးကပ်လွန်းလှသော ကျောက်ဆောင်ကြီးများသည် မှုန့်မှုန့်ညက်ညက် ကြေမွသွားရချေသည်။

အခြားသော ကျောက်တုံးကြီးများသည်လည်း ချောက်ကမ်းပါးထဲသို့ တိုက်ရိုက် ပြုတ်ကျသွားပြီး ချောက်ထဲမှနေ၍ ကောင်းကင်ယံဆီသို့ မီးတောက်မီးလျှံ တိုင်ကြီးတစ်ပြိုင်နက်တည်း ထိုးတက်သွားကာ ဧရာမ မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပေသည်။

မိစ္ဆာစစ်သည်တော် အားလုံးသည် ယင်းပေါက်ကွဲမှု၏ သက်ရောက်မှုကို ခံလိုက်ရသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ပြတ်တောက် ကွဲကြေသွားကြရ၏။

ဝေးကွာသော နေရာတွင် ရှိနေကြသည့် စစ်သည်တော်များပင်လျှင် ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြချေသည်။

ဤအချက်သည်ပင် ချင်ယွမ်ဖုန်းက မိုးကြိုးမီးလျှံ ဗုံးသီးကို သဘောကျရသည့် အကြောင်းရင်း ဖြစ်ပေသည်။ ယင်းသည် ခွဲခြားမှုမရှိဘဲ လွှတ်ကနဲ တိုက်ခိုက်ခြင်းမျိုး ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်မှု နယ်ပယ်အတွင်း ရှိနေသရွေ့ မည်သူမဆို ထိခိုက်ပျက်စီးမှုကို ခံစားရမည် ဖြစ်သည်။

ထို့ကြောင့် လူဦးရေ ပိုမိုများပြားလေလေ ချင်ယွမ်ဖုန်းအတွက် ပို၍ အကျိုးအမြတ် ရရှိလေလေ ဖြစ်တော့၏။

ခဏချင်းတွင်ပင် ချောက်ကမ်းပါးကြီး ပြိုကျသွားကာ ကျဉ်းမြောင်းသော လမ်းကြောင်းလေးသည် ကွယ်ပျောက်သွားပြီး ပျက်စီးယိုယွင်းနေသော ကွင်းပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေသည်။

မြေပြင်ကြီးမှာလည်း ပြင်းထန်လှသော မီးတောက်များဖြင့် လောင်ကျွမ်း ခံထားရသကဲ့သို့ ဖြစ်နေပြီး အချို့သော နေရာများမှာမူ ပြင်းထန်လှသော အပူရှိန်ကြောင့် ဖန်သားပြင်ကဲ့သို့ပင် အရည်ပျော်ကျနေခဲ့သည်။

လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသား နှစ်ဦးစလုံးသည် ကျောက်တုံးကြီးများအောက်တွင် ပိမိနေခဲ့ကြပြီး မိစ္ဆာများ၏ အနီးကပ် ယုံကြည်ရသူများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြချေသည်။

မီးတောက်များ ငြိမ်းသတ်သွားသည်နှင့်တစ်ပြိုင်နက် ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် ချက်ချင်း ပြန်လည် အပြေးရောက်ရှိလာကြသည်။ ဤမျှ သနားစဖွယ် ကောင်းလှသော မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ မေနှင့် ဂီလင်တို့မှာ ဆွံ့အလျက် စကားပင် မဆိုနိုင်တော့ချေ။

၎င်းတို့ ချင်ယွမ်ဖုန်းအား ကြည့်သည့် အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရှယ်လီမှာမူ ပို၍ပင် တုန်လှုပ်ခြောက်ခြား သွားခဲ့ရပြီး ထိုနေ့က ချင်ယွမ်ဖုန်းမှ သွေးဆာမိစ္ဆာမင်းသားထံ ပေးအပ်ခဲ့သော "လက်ဆောင်" မှာ ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု မည်သို့မျှ မျှော်လင့်မထားခဲ့ပေ။

သွေးဆာမိစ္ဆာမင်းသားသည် သေဆုံးခြင်း မရှိခဲ့လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားလိမ့်မည်ဟု ချင်ယွမ်ဖုန်း ပြောခဲ့သည်မှာ မဆန်းတော့ချေ။

မကြာမီ မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုမှာ လေထဲသို့ လွင့်စင်သွားပြီး လူရိပ်နှစ်ခုသည် တရွေ့ရွေ့ဖြင့် တွားသွားကာ ထွက်ပေါ်လာခဲ့ကြသည်။

ထိုလူရိပ်နှစ်ခုမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားကြသည့် ခွန်အားမင်းသားနှင့် လိမ်ညာခြင်းမင်းသားတို့ပင် ဖြစ်ချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုအခိုက်အတန့်တွင် မျက်မှောင်ကြုတ်လျက် မျက်လုံးများကို မှေးစိုက်လိုက်မိ၏။

အကြောင်းမူကား မင်းသား၏ ဒဏ်ရာများသည် သူ ထင်မှတ်ထားသကဲ့သို့ ပြင်းထန်ခြင်း မရှိသည်ကို ရိပ်မိလိုက်သောကြောင့် ဖြစ်ပေသည်။

အတိအကျ ပြောရလျှင် ခွန်အားမင်းသားသည် သူ ခန့်မှန်းထားသည်ထက် ပိုမို၍ ဒဏ်ရာပြင်းထန်နေသော်လည်း လိမ်ညာခြင်းမင်းသားမှာမူ ထိုမျှအထိ အထိအခိုက် မရှိလှချေ။

ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည့် အရှိန်အဟုန်အတွင်း ခွန်အားမင်းသားသည် လိမ်ညာခြင်းမင်းသားကို ချက်ချင်း ပွေ့ဖက် ကာကွယ်ပေးခဲ့ပြီး ပေါက်ကွဲမှု၏ သက်ရောက်မှု အရှိန်အဝါ အများစုကို ၎င်းကိုယ်တိုင် စုပ်ယူခံစားပေးခဲ့သောကြောင့် လိမ်ညာခြင်းမင်းသားမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခြင်းမှ ကင်းဝေးသွားခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးသည် မီးသွေးခဲများကဲ့သို့ မည်းမှောင်နေပြီး အကြေးခွံများမှာလည်း ကျိုးပဲ့ ကြွေလွင့်နေကာ အရေပြားများမှာ လောင်ကျွမ်း၍ မီးဒဏ်ကြောင့် စုတ်ပြတ်သတ်နေခဲ့ကြချေသည်။

"ကောင်းတယ်၊ သိပ်ကောင်းတာပေါ့။ မင်းတို့အားလုံး သေရမယ်၊ မင်းတို့ အားလုံး သေရမယ်"

လိမ်ညာခြင်းမင်းသားသည် လေထဲတွင် ပျံသန်းနေကြသည့် လူများကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

ချင်ယွမ်ဖုန်းသည်လည်း ခွန်အားမင်းသားနှင့် လိမ်ညာခြင်းမင်းသားတို့ထံမှ ယုံကြည်မှုတန်ဖိုးများကို လက်ခံရရှိလိုက်ပြီး ၎င်းတို့၏ အာဃာတတန်ဖိုးမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ချေသည်။

မေသည် ဖြည်းညှင်းစွာ ပျံသန်းထွက်လာခဲ့ပြီး သူမ၏ တရွေ့ရွေ့ ပြန်လည်ကောင်းမွန်လာသော အစွမ်းအစများကြောင့် ပိုမို၍ ခန့်ညားထည်ဝါလာခဲ့သည်။

သူမသည် ခွန်အားမင်းသားနှင့် သွေးဆာမိစ္ဆာမင်းသားတို့ကို ငုံ့ကြည့်ကာ သက်ပြင်းချရင်း မိန့်ဆိုလိုက်၏။

"မောင်လေးငါး၊ မောင်လေးခြောက်၊ မင်းတို့နှစ်ယောက်မှာ အဲဒီလို ရည်မှန်းချက်မျိုး မရှိဘူးဆိုတာ မမ သိပါတယ်။ အခုအချိန်မှာ နောက်ပြန်လှည့်ဖို့ မနှောင်းသေးပါဘူး"

"နောက်ပြန်လှည့်ဖို့ ဟုတ်လား" လိမ်ညာခြင်းမင်းသားသည် အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ လောင်ကျွမ်းနေသော အရေပြားများ ကွာကျလာကာ သွေးချင်းချင်းနီနေသော ဒဏ်ရာများ ထွက်ပေါ်လာခဲ့သည်။ "ငါတို့ နောက်ပြန်လှည့်လို့ မရတော့ဘူး မမ။ မမ ပြန်လာတာ သိပ်နောက်ကျသွားပြီ"

"မနှောင်းသေးပါဘူး။ ပြင်ဆင်ရမယ့် အရာတွေ အများကြီး ရှိပါသေးတယ်။ မမ မင်းတို့ကို မထိခိုက်စေချင်ဘူး" မေက တည်ငြိမ်စွာ ပြောလိုက်၏။

"ဟားဟားဟား၊ ငါတို့က မိစ္ဆာမျိုးနွယ်ရဲ့ မင်းသားတွေပဲ၊ မင်းရဲ့ သနားမှုကို မလိုချင်ဘူး" လိမ်ညာခြင်းမင်းသားသည် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အရေပြားများ ပိုမို၍ ကွာကျလာပြီး တစ်ကိုယ်လုံး အရေပြား အစိုခွာ ခံထားရသူတစ်ဦးကဲ့သို့ ဖြစ်နေတော့၏။

ယင်းမြင်ကွင်းက ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။

"စကြစို့" ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းတက်လာပြီး မေ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

မေက ခေါင်းညိတ်ပြလိုက်ပြီး "မင်းတို့ ဒီလောက်ကြာတဲ့ အချိန်အတောအတွင်းမှာ ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ မမကို ပြစမ်းပါဦး"

ကျိရန်သည် လေထဲမှ တိုက်ရိုက် ပျံသန်းဆင်းသွားပြီး ဒဏ်ရာ သိပ်မပြင်းထန်လှသော လိမ်ညာခြင်းမင်းသားကို ရင်ဆိုင်လိုက်ကာ ချင်ယွမ်ဖုန်းနှင့် အခြားသုံးဦးမှာမူ ခွန်အားမင်းသားကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

ဤအချက်သည်လည်း ၎င်းတို့၏ စီမံကိန်း အစိတ်အပိုင်းတစ်ခုပင် ဖြစ်ချေသည်။ ကျိရန်က မင်းသားတစ်ပါးကို ကိုင်တွယ်မည်ဖြစ်ပြီး ၎င်းတို့က ကျန်တစ်ပါးကို ဖြေရှင်းကြမည် ဖြစ်သည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် သွေးပေါက်ကွဲခြင်း ပညာရပ်ကို ဂီလင်နှင့် အခြားသူများအား သင်ကြားပေးခဲ့ခြင်း ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် ၎င်းတို့ လေးဦးစလုံးသည် သွေးပေါက်ကွဲခြင်း ပညာရပ်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်၏ အတိုင်းအတာသို့ ထိတွေ့နေပြီဖြစ်သော ဂီလင်သည် ခေတ္တမျှပင် နတ်ဘုရားတစ်ပိုင်းအဆင့်၏ အစွမ်းသတ္တိကို ပိုင်ဆိုင်သွားခဲ့ရချေသည်။

ရှယ်လီနှင့် မေတို့ပင်လျှင် နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်သွားကြ၏။

ချင်ယွမ်ဖုန်းမှာမူ အဆိုးရွားဆုံး ဖြစ်ပြီး သူသည် သွေးပေါက်ကွဲခြင်း ပညာရပ်ကို အသက်သွင်းလိုက်လျှင်ပင် ပဉ္စမအဆင့် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်ပေသည်။

၎င်းတို့ လေးဦးသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြရာ ခွန်အားမင်းသားသည် အမှန်တကယ်ပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပိုမို၍ သန်မာထွားကျိုင်းလာကာ အရပ်အမြင့် ငါးမီတာကျော်အထိပင် ထိုးတက်သွားတော့၏။

၎င်းတို့၏ လောင်ကျွမ်းနေသော အရေပြားများ စတင်ကွာကျလာခဲ့ပြီး ခွန်အားမင်းသားသည် မေနှင့် အခြားသူများထံသို့ ဒေါသတကြီး ပြေးဝင် တိုက်ခိုက်လေတော့သည်။

ခွန်အားမင်းသားသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း သူသည် မင်းသားတစ်ပါး ဖြစ်နေဆဲဖြစ်ကာ မိစ္ဆာမျိုးနွယ်စုတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပေသည်။

"ဝူး"

ခွန်အားမင်းသားသည် ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်ရာ နေမင်းကို ချက်ချင်း ဖုံးလွှမ်းသွားနိုင်လောက်သော မိစ္ဆာအရှိန်အဝါ လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ချင်ယွမ်ဖုန်းနှင့် အခြားသူများထံသို့ တိုးဝင် ရိုက်ခတ်သွားတော့၏။

ဂီလင်သည် မျက်လုံးများကို မှေးစိုက်လိုက်ပြီး မိမိ၏ ကိုယ်ပိုင် စွမ်းအားကိုလည်း ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် လေထဲမှနေ၍ အလျင်အမြန် ကျဆင်းသွားပြီး ကြီးမားလှသော အားမာန်များသည် သူ၏ ခြေထောက်များဆီသို့ စုစည်းသွားခဲ့ချေသည်။

ရှယ်လီသည် သူ၏ အလင်းမဲ့ဓားသွားကို ပြန်လည် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ယခုအခါ နတ်ဘုရားတစ်ပိုင်းနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ ငှက်မွေးတစ်ချောင်းကဲ့သို့ ပေါ့ပါးလှပြီး လေထဲတွင် ရှောင်တိမ်းကာ မိစ္ဆာအရှိန်အဝါများ၏ တိုက်ခိုက်မှုကို လျှို့ဝှက်စွာ ကျော်ဖြတ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် သူသည် ခွန်အားမင်းသားထံသို့ ဆက်လက် ချဉ်းကပ်သွားပြီး သူ၏ လက်ထဲရှိ အလင်းမဲ့ဓားသွားပေါ်တွင် ထက်မြက်လှသော မိစ္ဆာစွမ်းအင် အလွှာတစ်ခု စုစည်းလာခဲ့ပေသည်။

မေမှာမူ ကြီးမားလှသော ဖိအားများကို ထုတ်လွှတ်နေပြီး သူမ၏ မျက်နှာထက်တွင် ဒေါသမပါဘဲ ခန့်ညားထည်ဝါသော အရှိန်အဝါများ တောက်ပနေကာ သူမအနီးသို့ ရောက်ရှိလာသမျှသော မိစ္ဆာအရှိန်အဝါမှန်သမျှသည် ချက်ချင်းပင် ကြေမွ ပျက်စီးသွားရချေသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဒုန်းခနဲ ကျဆင်းသွားပြီး ချက်ချင်းဆိုသလို အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။

သူသည် မြေပြင်ပေါ်တွင် တွားသွားလျက် ခွန်အားမင်းသားထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး သူ၏ နောက်ကွယ်ရှိ ကျောက်ခဲများကို တစ်ဖန် မှုန့်မှုန့်ညက်ညက် ကြေမွသွားစေသည့် မိစ္ဆာစွမ်းအင် လှိုင်းလုံးများကို ထုတ်လွှတ်လိုက်ချေသည်။

ခွန်အားမင်းသားမှာမူ အနည်းငယ် ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မိမိ၏ ဒဏ်ရာများကို ဂရုမစိုက်ဘဲ အစွမ်းအစများကို အဆင်အခြင်မဲ့စွာ အသုံးပြုနေသဖြင့် ဒဏ်ရာများမှာ ပိုမို၍ ဆိုးရွားလာခဲ့ရချေသည်။

ရှယ်လီသည် ခွန်အားမင်းသားထံသို့ ပထမဆုံး ဆုံတွေ့ ချဉ်းကပ်နိုင်ခဲ့ပြီး သူ၏ အလင်းမဲ့ဓားသွားကို ခွန်အားမင်းသား၏ မျက်လုံးထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့၏။

ခွန်အားမင်းသား၏ မျက်လုံးများသည် နီမြန်းသော အရောင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဧရာမ လက်ဝါးကြီးက ဝူးခနဲ မြည်သံနှင့်အတူ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်ပြီး ရှယ်လီကို လက်တစ်ချက်တည်းဖြင့် ဖမ်းဆွဲလိုက်ချေသည်။

ရှယ်လီမှာ လန့်ဖျန့်သွားခဲ့ရ၏။ သူသည် သွေးပေါက်ကွဲခြင်း ပညာရပ်ကို ခုတင်တင်မှသာ သင်ယူထားရခြင်း ဖြစ်သဖြင့် အရှိန်အဟုန်ဖြင့် တက်ကြွလာသော စွမ်းအားများကို ထိန်းချုပ်ရန် အနည်းငယ် အခက်အခဲ ရှိနေခဲ့ခြင်း ဖြစ်ပေသည်

ဤသို့သော အရေးကြုံနေသည့် အခိုက်အတန့်တွင် ဂီလင်သည်လည်း မြေပြင်သို့ သက်ဆင်းလာခဲ့ပြီး သူ၏ ကြီးမားလှသော မိစ္ဆာအရှိန်အဝါများက ခွန်အားမင်းသား၏ လက်ကောက်ဝတ်ကို ရိုက်ခတ်သွားရာ သူ၏ လက်မောင်းတစ်ပြင်လုံး ချက်ချင်းပင် ထုံကျင်သွားရချေသည်။

ရှယ်လီသည် လွတ်မြောက်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ခွန်အားမင်းသား၏ လက်ကို နင်းခြေလျက် အပေါ်သို့ ခုန်တက်ကာ သူ၏ အလင်းမဲ့ဓားသွားကို ခွန်အားမင်းသား၏ ဘယ်ဘက် မျက်လုံးထဲသို့ ထိုးစိုက်လိုက်တော့၏။

ခွန်အားမင်းသား၏ ခန္ဓာကိုယ်ကြီးမှာ ဧရာမ အရွယ်အစားသို့ ကြီးထွားနေခဲ့ရာ သူ၏ မျက်လုံးများသည်လည်း လှည်းဘီးကြီးများကဲ့သို့ ကြီးမားနေခဲ့ချေသည်။ သွေးများ ပန်းထွက်လာပြီး နာကျင်မှုကြောင့် သူ၏ လက်များကို အရူးအမူး ရိုက်ချလေတော့သည်။

ဂီလင်သည် တိုက်ရိုက် ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ကြီးမားလှသော မိစ္ဆာအရှိန်အဝါများကို စုစည်းကာ သူ၏ လက်သီးတွင် ပတ်သတ်စေလျက် ခွန်အားမင်းသား၏ နံရိုးများကို ပြင်းထန်စွာ ထိုးနှက်လိုက်ပြီး သူ၏ ဦးချိုနှစ်ခုကြားတွင် မဟူရာ အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ချေသည်။

"ဂလွတ်"

ဂီလင်သည် ခွန်အားမင်းသား၏ နံရိုးများကို ထိုးနှက်လိုက်ရာ ချက်ချင်းပင် ကျိုးပဲ့သွားရတော့သတည်း။

All Chapters