အခန်း ၈၄၈
Vol. 41 Ch. 848
အခန်း(၈၄၈) ကျဆုံးခြင်း
"အား..."
ခွန်အားမင်းသားသည် နာကျင်လွန်းသဖြင့် ခါးကြီးညွတ်ခွေသွားရရှာပေရာ ရှယ်လီသည်လည်း သူ၏တိုက်ကွက်ကို သီသီလေး ရှောင်တိမ်းလိုက်နိုင်ချေသည်။
ထိုစဉ် ဂီလင်သည် ကောင်းကင်ထက်သို့ တစ်ဖန်ပြန်၍ ပျံတက်သွားပြီးလျှင် သူ၏ဦးချိုနှစ်ခုကြားမှ မဟူရာအလင်းတန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခွန်အားမင်းသား၏ ကျောပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ယင်းမဟူရာအလင်းတန်းသည် ခွန်အားမင်းသား၏ ခန္ဓာကိုယ်ကို မည်သည့်အတားအဆီးမျှမရှိဘဲ တစ်ပါတည်း ဖောက်ထွင်းသွားခဲ့ပြီး လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ပေါက် ဖြစ်ကျန်ရစ်စေချေသည်။
သွေးများသည် မြစ်ငယ်တစ်ခုကဲ့သို့ စီးဆင်းလာပြီးလျှင် မြေပြင်ပေါ်ရှိ ကျောက်ခဲအကျိုးအပဲ့များကို ရဲရဲနီအောင် စွန်းထင်စေတော့သည်။
ရှယ်လီသည်လည်း မဟူရာအလင်းတန်းကို အသုံးပြု၍ တိုက်ခိုက်လိုက်ရာ ခွန်အားမင်းသား၏ လက်မောင်းကို တိုက်ရိုက်ဖောက်ထွင်းသွားခဲ့သည်။
ဒဏ်ရာအပြင်းအထန် ရရှိထားသော ခွန်အားမင်းသားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အံ့ဩဖွယ်ကောင်းလောက်အောင် အတွဲညီလှသော ပူးပေါင်းမှုကို ပြသခဲ့ကြချေသည်။
ဤအခိုက်အတန့်တွင် ခွန်အားမင်းသား၏ ခန္ဓာကိုယ်အတွင်း စုဆောင်းနေခဲ့သော ဒဏ်ရာဟောင်းများသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏အခြေအနေကို ပိုမိုဆိုးရွားသွားစေတော့သည်။ သူ၏ခန္ဓာကိုယ်သည် ထိုဒဏ်ရာဒဏ်ချက်များကို မခံမရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲပြိုကျသွားရရှာသည်။
အတန်ကြာအောင် ပုန်းကွယ်နေခဲ့သော ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် မြေပြင်ပေါ်ရှိ အရိပ်အောက်မှ ဝုန်းကနဲ ခုန်ထွက်လာပြီးလျှင် ခွန်အားမင်းသား၏ မျက်ခုံးအလယ်ဗဟိုဆီသို့ သူ၏လက်ညှိုးဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။
ကြီးမားလှသော နတ်ဘုရားဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာချေသည်။ အနည်းငယ် စိတ်ရူးပေါက်နေပြီဖြစ်သော ခွန်အားမင်းသားသည် သူ၏နတ်ဘုရားဝိညာဉ်စွမ်းအားအပေါ် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ပိုမို၍ အားနည်းသွားရတော့သည်။
မေသည် ခွန်အားမင်းသား၏ ဦးခေါင်းထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်ပြီး သူမ၏မျက်ဝန်းထဲတွင် နူးညံ့မှုအငွေ့အသက် အနည်းငယ် ထင်ဟပ်နေချေသည်။
ခွန်အားမင်းသား၏ တစ်ကိုယ်လုံးတွင် သွေးများဖြင့် စွန်းထင်နေခဲ့ပြီး သူ၏ကျန်ရှိသော မျက်လုံးတစ်ဖက်တည်းဖြင့် မေအား ကြည့်လိုက်ရာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုပုံရိပ်ကို တစ်ဖန်ပြန်၍ မြင်တွေ့လိုက်ရသကဲ့သို့ ရှိတော့သည်။
"အစ်မ..." ခွန်အားမင်းသား၏ အသံသည် တိုးညင်းစွာ ထွက်ပေါ်လာချေသည်။
မေ၏မျက်နှာတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသည် လူကြီးမိဘတစ်ဦးကဲ့သို့ ခွန်အားမင်းသား၏ မျက်နှာကို သာသာယာယာ ပွတ်သပ်ပေးလိုက်ပြီးနောက် ခွန်အားမင်းသား၏ ဦးခေါင်းထိပ်ကို ဖြည်းညင်းစွာ ကိုင်တွယ်လိုက်တော့သည်။
"အခုတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး..." ခွန်အားမင်းသားသည် ဤအခိုက်အတန့်တွင် အနည်းငယ်မျှသော အပြုံးတစ်ခုကိုပင် ဖော်ပြလိုက်ချေသည်။
"ငါနားလည်ပါတယ်" မေသည် ခေါင်းညိတ်လိုက်ရာ သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်နှစ်စက်သည် တလိမ့်လိမ့် စီးကျလာတော့သည်။
သူမ၏လက်ဝါးပြင်မှ ကြီးမားလှသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ခွန်အားမင်းသား၏ စိတ်အာရုံထဲသို့ တိုက်ရိုက်တိုးဝင်ကာ အတွင်းရှိ အရာခပ်သိမ်းကို ချေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ချကာ ရှေ့သို့လှမ်း၍ မေ၏ပုခုံးကို သာသာယာယာ ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
မေသည် မျက်နှာလွှဲလိုက်ပြီး ဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားတော့သည်။
ခွန်အားမင်းသား၏ ခန္ဓာကိုယ်သည် ဖြည်းညင်းစွာ ကျုံ့ဝင်သွားပြီး ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားချေသည်။ ဤမျှပြင်းထန်သော ဒဏ်ရာဒဏ်ချက်ကို ခံစားရသော်လည်း ခွန်အားမင်းသားသည် ချက်ချင်း သေဆုံးမသွားသေးပေ။
ချင်ယွမ်ဖုန်းသည် ရှေ့သို့လှမ်းခဲ့ပြီး ဦးခေါင်းထက်သို့ သူ၏လက်ကို ဖြည်းညင်းစွာ တင်လိုက်တော့သည်။
ဤသည်မှာလည်း သူတို့၏အစီအစဉ်ထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်ချေသည်။
အကယ်၍ မင်းသားတစ်ပါးကို အောင်နိုင်ခဲ့ပါက ချင်ယွမ်ဖုန်းက ရှေ့သို့လှမ်း၍ စွမ်းအားများကို စုပ်ယူပြီး သူ၏ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန် ဖြစ်ပေသည်။
စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်သည် ယခုအခါ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီဖြစ်ရာ ချင်ယွမ်ဖုန်း၏ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်စဉ်သည် စိတ်ကျေနပ်မှုကို မကြုံစဖူး ခံစားရစေတော့သည်။
ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်သည် ပထမအဆင့် ဘုရင်နယ်ပယ်ကို တိုက်ရိုက်ကျော်ဖြတ်သွားခဲ့ပြီး ဒုတိယအဆင့်သို့ အဆင့်တက်သွားခဲ့ချေသည်။
သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်သည် ရဟတ်ယာဉ်စီးထားသည့်အလား တစ်ဖန်ပြန်၍ အရှိန်အဟုန်ဖြင့် မြင့်တက်သွားပြန်သည်။
တတိယအဆင့်ကို ကျော်ဖြတ်ပြီးနောက် စတုတ္ထအဆင့် ဘုရင်နယ်ပယ်တွင်မှ ရပ်တန့်သွားတော့သည်။
ဤအခိုက်အတန့်တွင် ခွန်အားမင်းသားသည် နောက်ဆုံး၌ လုံးဝသေဆုံးသွားခဲ့ပြီး ဇီဝအသက်စွမ်းအားများ ကွယ်ပျောက်သွားရချေသည်။
ချင်ယွမ်ဖုန်းသည် ခွန်အားမင်းသား၏ ခန္ဓာကိုယ်အနှစ်သာရကို ဆက်လက်စုပ်ယူခြင်း မပြုတော့ပေ။ သူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မိစ္ဆာမျိုးနွယ်စု၏ မင်းသားတစ်ပါး ဖြစ်ခဲ့ပေရာ သူ၏နောက်ဆုံးအချိန်တွင် အနည်းငယ်မျှသော ဂုဏ်သိက္ခာကိုတော့ ချန်ထားပေးသင့်သည် မဟုတ်လော။
စတုတ္ထအဆင့် ဘုရင်နယ်ပယ်သို့ အဆင့်တက်လှမ်းသွားခဲ့သော ချင်ယွမ်ဖုန်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ဤသည်မှာ ချင်ယွမ်ဖုန်းအတွက် တစ်ပြိုင်နက်တည်း ဤမျှများပြားသော ကျင့်စဉ်အဆင့်များကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ပထမဆုံးအကြိမ် ဖြစ်ချေသည်။
သို့သော် စွမ်းအားများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းသည် ချင်ယွမ်ဖုန်းအတွက် ကောင်းသောအချက်တော့ မဟုတ်ပေရာ သူ၏အခြေခံကို အားနည်းသွားစေနိုင်ပေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် သူ၏ကျင့်စဉ်နယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်ရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
မိစ္ဆာမင်းသားများထဲမှ တစ်ပါးဖြစ်သော ခွန်အားမင်းသားသည် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ချေသည်။
ဤသည်မှာ မိစ္ဆာမျိုးနွယ်စုတွင် ဒုတိယမြောက် ကျဆုံးသွားသော မင်းသားဖြစ်ပြီး ပထမတစ်ပါးမှာ ချင်ယွမ်ဖုန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ပျော်ရွှင်ခြင်း မင်းသား ဖြစ်ပေသည်။
သူတို့သည် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်ကြရာ ထိုနေရာတွင် ကျိရန်နှင့် လိမ်ညာခြင်းမင်းသားတို့သည် ပြင်းထန်စွာ တိုက်ပွဲဝင်နေကြပြီး သူတို့၏ တည်ရှိမှုကပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အစိတ်စိတ်အမွှာမွှာ ပျက်စီးစေကာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေချေသည်။
သို့သော် လိမ်ညာခြင်းမင်းသားသည် ဦးစွာပထမ ချင်ယွမ်ဖုန်း၏ မိုးကြိုးမီးလျှံ ဗုံးသီးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဒဏ်ရာရရှိထားခဲ့သည်။ ထို့အပြင် သူ၏စွမ်းအားသည်လည်း အခြားသူများလောက် မကြီးမားပေရာ သူ၏ရှုံးနိမ့်မှုသည် အချိန်တစ်ခုသာ လိုအပ်တော့ချေသည်။
"ငါသွားကူလိုက်ဦးမယ်" ဂီလင်က တည်ငြိမ်စွာ ပြောလိုက်ပြီးလျှင် သွေးတက်ကြွမှု အရှိန်အဟုန် မကျဆင်းမီ ကျိရန်အား လျင်မြန်စွာ အောင်ပွဲရရှိစေရန် ကူညီပေးလိုနေချေသည်။
ရှယ်လီသည် ခေါင်းညိတ်လိုက်ပြီး ဂီလင်၏နောက်သို့ လိုက်ပါကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ဤနှစ်ယောက် တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ အောင်ပွဲ၏ချိန်ခွင်လျှာသည် စတင်၍ တိမ်းစောင်းလာခဲ့ချေသည်။
မေသည် ဘေးတစ်ဖက်တွင် ရပ်နေရင်း ဝေးလံသောဆီသို့ မျှော်ငေးကြည့်ကာ အတွေးကမ္ဘာထဲတွင် နစ်မြောနေတော့သည်။
မေသည် ပျော်ရွှင်ခြင်း မင်းသား အသတ်ခံရမှုကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရပေရာ ထိုစဉ်က မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။
ယခုအခါ သူမ၏မှတ်ဉာဏ်များ ပြန်လည်ရရှိလာချိန်တွင် သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသော ကလေးငယ်တစ်ဦးသည် သူမ၏မျက်စိရှေ့မှောက်တွင် သေဆုံးသွားရသည်ကို မြင်တွေ့ရသဖြင့် မေ၏စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့လှမ်းခဲ့ပြီး ခွန်အားမင်းသား၏ လက်မှ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။ ခွန်အားမင်းသားသည် သေဆုံးသွားခဲ့ပြီ ဖြစ်ပေရာ ဤသိုလှောင်လက်စွပ်သည် ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်သွားခဲ့ပြီ မဟုတ်လော။
မင်းသားတစ်ပါးပီပီ ခွန်အားမင်းသားသည် အလွန်ဉာဏ်ကောင်းသူ မဟုတ်သော်လည်း သူ၏သိုလှောင်လက်စွပ်ထဲတွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင် များပြားလှသော ရတနာပစ္စည်းများ ရှိနေချေသည်။
ချင်ယွမ်ဖုန်းသည် အတွင်း၌ လိုက်လံရှာဖွေပြီးနောက် နောက်ဆုံးတွင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ရှာဖွေတွေ့ရှိသွားတော့သည်။
"ဝမ်းမနည်းပါနဲ့... မင်းတို့ဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက လမ်းစဉ်ချင်း မတူညီခဲ့ကြဘူးလေ။ သူတို့ဟာ မင်းကို သစ္စာမဖောက်ခင်ကတည်းက ဒီလိုရလဒ်မျိုး ဖြစ်လာမယ်ဆိုတာကို တွေးထားခဲ့ကြမှာပါ"
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
မေသည် သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်များကို တိုးတိုးတိတ်တိတ် သုတ်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ "ငါနားလည်ပါတယ်... ကျေးဇူးပါပဲ ဖုန်း"
"ကျေးဇူးတင်ဖို့ မလိုပါဘူး... ငါတို့က အချင်းချင်း ဒီလောက်တောင် ရင်းနှီးနေကြတာပဲကို" ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီးလျှင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို မေ၏လက်ထဲသို့ ကမ်းပေးလိုက်တော့သည်။
သို့သော် မေသည် ရယ်မောခြင်းမရှိပေရာ ဤသည်က ချင်ယွမ်ဖုန်းအား အနည်းငယ် စိတ်အကျပ်ရိုက်သွားစေချေသည်။
မေ၏ကျင့်စဉ်အဆင့်သည် ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် သူနှင့်မေတို့ကြားတွင် ယခင်ကကဲ့သို့ ပြန်လည်ဖြစ်တည်၍ မရနိုင်တော့ကြောင်းကို သတိပြုမိလာခဲ့ပြီး သူတို့ကြားတွင် စိမ်းသက်မှုအငွေ့အသက်တစ်ခု ရှိနေသကဲ့သို့ ခံစားနေရတော့သည်။
"စုပ်ယူလိုက်ပါတော့" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
မေသည် ခေါင်းညိတ်လိုက်ပြီး နေရာတွင် ထိုင်ကာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးအတွင်းရှိ စွမ်းအားများကို စတင်၍ စုပ်ယူနေတော့သည်။
ကောင်းကင်ထက်မှ တိုက်ပွဲသည် ပြင်းထန်လှသော်လည်း ချင်ယွမ်ဖုန်းသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိပေ။
အမှန်တကယ်ပင် ဂီလင်နှင့် ရှယ်လီတို့ ပူးပေါင်းသွားပြီးနောက် သူတို့သည် လျင်မြန်စွာပင် အောင်ပွဲကို ရရှိခဲ့ကြချေသည်။
ကျိရန်၏ သက်တံရောင်အရှိန်အဝါသည် ချိတ်ကောက်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး လိမ်ညာခြင်းမင်းသား၏ ပုခုံးရိုးကို တိုက်ရိုက်ဖောက်ထွင်းကာ သူ၏ကျင့်စဉ်ကို ပိတ်ဆို့လိုက်ပြီးလျှင် မေ၏ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့တော့သည်။
"ငါတို့ သူ့ကို ဖမ်းမိပြီ... ဒီကောင်လေးက တကယ့်ကို ကိုင်တွယ်ရခက်တာပဲ" ကျိရန်က သူ၏လက်နှစ်ဖက်ကို ပုတ်ရင်း ပြောလိုက်ချေသည်။
မေသည် သူမ၏မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူမ၏လက်ထဲမှ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးသည် သာမန်ကြည်လင်သော ကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေရာ သူမသည် ယင်းကို မြေပြင်ပေါ်သို့ အမှတ်မထင် လွှင့်ပစ်လိုက်တော့သည်။
"ရှောင်ဝူ... မင်း ကိုယ့်အမှားကိုယ် သိပြီလား" မေက မေးလိုက်သည်။
ဤအကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး၏ စွမ်းအားကို စုပ်ယူပြီးနောက် မေ၏စွမ်းအားသည် နဝမအဆင့် ဘုရင်နယ်ပယ်သို့ မြင့်တက်သွားခဲ့ပြီဖြစ်ရာ နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ချေသည်။
မေသည် နောက်ဆုံးကျောက်တုံးကို စုပ်ယူပြီးနောက် ယခင်က နတ်ဘုရားအဆင့်တွင် ရှိခဲ့သော မိစ္ဆာဘုရင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ကို မည်သူမျှ သံသယမရှိကြပေ။
"အမှား ဟုတ်လား... ဘာအမှားလဲ... ငါတို့က မိစ္ဆာနယ်မြေအတွက် အခြားထွက်ပေါက်တစ်ခုကို ရှာဖွေဖို့ ကြိုးစားခဲ့ကြတာပဲ... ဒါပေမဲ့ မင်းက ငါတို့ကို တားဆီးခဲ့တယ်... မင်းသာလျှင် မှားတာ" လိမ်ညာခြင်းမင်းသားသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် သနားစရာကောင်းလောက်အောင် ဖြစ်နေသော်လည်း သူ၏အမှားကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်နေဆဲပင် ဖြစ်ချေသည်။
"အခြားကမ္ဘာတွေဆီ စစ်မီးတောက်တွေ ယူဆောင်သွားတာက မင်းတို့အလိုရှိတဲ့ အရာလား... အကယ်၍ ငါတို့မိစ္ဆာနယ်မြေထက် ပိုပြီးစွမ်းအားကြီးတဲ့ ကမ္ဘာတစ်ခုက ငါတို့မိစ္ဆာနယ်မြေကို လာရောက်ကျူးကျော်ရင်ကော... မင်းက သူတို့လုပ်တာ မှန်တယ်လို့ ပြောဦးမှာလား" မေက ပြန်လည်ချေပလိုက်တော့သည်။