အခန်း ၈၄၉
Vol. 41 Ch. 849
အခန်း(၈၄၉) ပြန်လည်ရောက်ရှိခြင်း
လိမ်ညာခြင်းမင်းသားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ ဆိုလေသည်။
"အမကြီး၊ နင်က သိပ်ပြီး စကားများလာတာပဲလား။ နောင်တရချင်နေတာလား။ ဟားဟားဟားဟား... ငါကတော့ ဘယ်တော့မှ နောင်တမရဘူး။ အစကနေ ပြန်စရမယ်ဆိုရင်တောင် ငါကတော့ ဒါကိုပဲ ထပ်လုပ်မှာပဲ"
"အဆုံးအထိ ခေါင်းမာနေတုန်းပဲကိုး။ နင်က အလွန်ဉာဏ်ကောင်းမှန်း ငါသိပါတယ်၊ ဒါပေမဲ့ နင့်ဉာဏ်ကို ကောင်းတဲ့နေရာမှာ ဘယ်တုန်းကမှ မသုံးခဲ့ဘူး"
မေက ခေါင်းကို ခါယမ်းလိုက်ပြီး ကျောခိုင်းလှည့်ထွက်သွားခဲ့ချေသည်။
ချင်ယွမ်ဖုန်းက ရှေ့သို့ ဖြည်းညှင်းစွာ လှမ်းလျှောက်လာခဲ့၏။ ထိုလူ့အမှိုက်ကောင်အား သူ့ထံသို့သာ လွှဲပြောင်းပေးရမည်မှာ သေချာပေသည်။
ကျင့်စဉ်အဆင့် သုံးဆင့်မျှ တိုးတက်အောင်မြင်ထားပြီးဖြစ်သော ချင်ယွမ်ဖုန်းသည် ယင်းမျှဖြင့် အားရတင်းတိမ်ခြင်း မရှိသေးပေရာ ကျင့်စဉ်စွမ်းအင်များကို ဆက်လက်စုပ်ယူရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် လိမ်ညာခြင်းမင်းသား၏ ကျင့်စဉ်စွမ်းအင်အားလုံးကို တိုက်ရိုက်စုပ်ယူပစ်လိုက်ပြီး ပြင်းထန်သော တိုက်ကွက်တစ်ခုဖြင့် လိမ်ညာခြင်းမင်းသား၏ ဇီဝအသက်စွမ်းအားကို တစ်ပါတည်း ချေမှုန်းသုတ်သင်ပစ်လိုက်လေသည်။
ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်သည် ထပ်မံ၍ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဆဋ္ဌမအဆင့် ဘုရင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်မှသာ ရပ်တန့်သွားခဲ့ချေသည်။
သို့သော် ယင်းကလည်း ချင်ယွမ်ဖုန်းကို အတိုင်းထက်အလွန် ဝမ်းမြောက်ကြည်နူးစေခဲ့သည်။
တစ်ရက်တည်းအတွင်းမှာပင် သူသည် ပထမအဆင့် ဘုရင်နယ်ပယ်မှသည် ဆဋ္ဌမအဆင့် ဘုရင်နယ်ပယ်အထိ တိုးတက်အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော မင်းသားနှစ်ပါးကြောင့် ဖြစ်တန်ရာ၏။
နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်နှစ်ဦး၏ ကျင့်စဉ်စွမ်းအင်များကို တိုက်ရိုက်လုယူပစ်လိုက်သည့် ချင်ယွမ်ဖုန်းကဲ့သို့ သုံးဖြုန်းနိုင်စွမ်းရှိသူမျိုး လောကတွင် ရှိနိုင်မည်မဟုတ်ချေ။
မိစ္ဆာနယ်မြေ၏ တတိယမြောက် မင်းသားသည် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
တစ်ရက်တည်းအတွင်း မင်းသားနှစ်ပါး ဆက်တိုက်ကွယ်လွန်သွားခဲ့သည်ဟူသော သတင်းသည် အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာဘုရင် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းကိုလည်း လူတိုင်း သဘောပေါက်နားလည်သွားကြရတော့မည် ဖြစ်သည်။
သွေးပေါက်ကွဲခြင်း ပညာရပ်၏ အချိန်ကန့်သတ်ချက် ကျော်လွန်သွားခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်း၊ ဂီလင်နှင့် အခြားသူနှစ်ဦးတို့သည် အလွန်ပင် အားအင်ချိနဲ့ နွမ်းလျနေကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် ပြင်းထန်သော ဒဏ်ရာအနာတရ မရရှိခဲ့ကြပေရာ ကျင့်စဉ်အဆင့် ကျဆင်းသွားခြင်းမျိုးတော့ မရှိခဲ့ချေ။
ဂီလင်သည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည့် ခံစားချက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသဖြင့် နောင်တစ်ချိန်တွင် ကျင့်စဉ်တိုးတက်မှုအတွက် များစွာအထောက်အကူ ဖြစ်စေပေလိမ့်မည်။
မကြာမီအချိန်အတွင်း မိစ္ဆာနယ်မြေ၌ အခြားသော နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ဦး ထပ်မံပေါ်ထွက်လာနိုင်ပေသည်။
ချင်ယွမ်ဖုန်းက လိမ်ညာခြင်းမင်းသား၏ သိုလှောင်လက်စွပ်ကို ထုတ်ယူကာ မေထံသို့ ကမ်းပေးလိုက်၏။
ခွန်အားမင်းသားနှင့် လိမ်ညာခြင်းမင်းသား နှစ်ဦးစလုံး၏ သိုလှောင်လက်စွပ်များထဲတွင် အတိုင်းအဆမရှိသော ရတနာပစ္စည်းများ ရှိနေသော်လည်း ချင်ယွမ်ဖုန်းက တစ်ခုမျှ သိမ်းဆည်းခြင်းမပြုဘဲ မေထံသို့သာ အကုန်အစင် ပေးအပ်ခဲ့သည်။
အမှန်စင်စစ် မေသည် စစ်သည်ဗိုလ်ပါများကို ပြန်လည်စုဆောင်းရန်အတွက် ရတနာပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်နေပေသည်။
မေက နောက်ဆုံးကျန်ရှိနေသော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ထုတ်ယူလိုက်သည့်အခါ လူတိုင်းက အသက်ရှူရန်ပင် မေ့လျော့နေကြတော့သည်။
မိမိတို့မျက်စိရှေ့မှောက်တွင် နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ဦး ပေါ်ထွက်လာတော့မည်ဟူသော အတွေးက လူတိုင်းကို စိတ်လှုပ်ရှားတက်ကြွစေခဲ့၏။
မေက နောက်ဆုံးကျန်ရှိသော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး၏ စွမ်းအားကို စတင်စုပ်ယူနေစဉ်အတွင်း ချင်ယွမ်ဖုန်းက နဂါးဖမ်းဆေးမီးဖိုကို ထုတ်ယူကာ ဂီလင်တို့အဖွဲ့ အမြန်ဆုံးပြန်လည်ကျန်းမာလာစေရန် ဆေးလုံးများကို စတင်ဖော်စပ်လေတော့သည်။
ချင်ယွမ်ဖုန်းက ဆေးလုံးများ ဖော်စပ်ပြီးစီးသွားသည့် အချိန်၌ မေသည်လည်း အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးထံမှ စွမ်းအားအားလုံးကို စုပ်ယူပြီးသွားခဲ့ပြီ ဖြစ်သော်လည်း မေမျက်နှာတွင် အံ့အားသင့်တုန်လှုပ်မှုများ ထင်ဟပ်နေချေသည်။
အကြောင်းမူကား သူမသည် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
နောက်ဆုံးကျန်ရှိသော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို စုပ်ယူပြီးနောက်တွင် မေသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့သာ ရောက်ရှိခဲ့ပြီး ၎င်းတို့မျှော်လင့်ထားသကဲ့သို့ နတ်ဘုရားအဆင့်သို့ တိုက်ရိုက်ကူးပြောင်းနိုင်ခြင်း မရှိခဲ့ပေ။
"ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ"
မေက အနည်းငယ် ဝေခွဲမရဖြစ်နေသော မျက်နှာပေးဖြင့် အခြားသူများကို ကြည့်ကာ မေးလိုက်သည်။
"ပြန်မရသေးတဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးတွေ ကျန်နေသေးလို့လား"
ချင်ယွမ်ဖုန်းက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိကာ မေးလိုက်၏။
မေက ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး... ဒါ ငါတို့ဆီမှာရှိတဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးတွေ အကုန်ပဲ။ ငါ ဒါကို အာရုံခံလို့ရတယ်"
"ဒါဆိုရင်တော့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့တယ်"
ကျိရန်က ဖြည်းည်းစွာ ချဉ်းကပ်လာရင်း ဆိုလေသည်။
"မင်းမရှိတဲ့ နှစ်တွေအတွင်းမှာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးက စွမ်းအားတွေ အများကြီး ပျံ့လွင့်ထွက်သွားခဲ့တယ်။ အဲဒီစွမ်းအားတွေက မင်းရဲ့ အင်အားအပြည့်အဝကို ပြန်ရဖို့အတွက် အဓိကသော့ချက်ပဲ"
"ဒါဆိုရင်... နတ်ဆိုးဘုရင်နဲ့ သူ့လူတွေက အဲဒီစွမ်းအားတွေကို စုပ်ယူလိုက်ကြလို့ မေက နတ်ဘုရားအဆင့်ကို တိုက်ရိုက်မတက်လှမ်းနိုင်တာပေါ့ ဟုတ်လား"
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
ကျိရန်က ခေါင်းညိတ်လိုက်၏။
"နှမြောစရာကောင်းတယ်ဆိုပေမဲ့ မင်းရဲ့ အခုလက်ရှိအင်အားက နတ်ဘုရားတစ်ပိုင်းအဆင့်တွေထဲမှာ ထိပ်ဆုံးပဲ။ နောက်ထပ် ခဏလောက် ကျင့်ကြံလိုက်မယ်ဆိုရင်တော့ နတ်ဘုရားအဆင့်ကို ပြန်တက်လှမ်းနိုင်လိမ့်မယ်လို့ ငါထင်တယ်"
မေက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ ဆိုသည်။
"ဟုတ်တယ်... ဒါပေမဲ့ ငါတို့က နတ်ဆိုးဘုရင်နဲ့ သူ့လူတွေထက် ပိုပြီး မြန်ဆန်ရလိမ့်မယ်"
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘိုးဘေး... ဒါက ဘာကိုဆိုလိုတာလဲ။ ပြီးတော့ ကျွန်တော် ရုတ်တရက် မေးခွန်းတစ်ခု သတိရလာလို့... မိစ္ဆာနယ်မြေထဲမှာ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစ ရှိလား"
မေက နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဆိုလျှင် မိစ္ဆာနယ်မြေအတွင်း၌ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစ ရှိနေရမည် ဖြစ်ပေသည်။ သို့ဆိုလျှင် ၎င်းတို့သည်လည်း မိစ္ဆာနယ်မြေအတွင်းမှာပင် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ကြမည် မဟုတ်လော။
သို့သော် ကျိရန်က ခေါင်းခါယမ်းလိုက်၏။
"မရှိဘူး... မိစ္ဆာနယ်မြေထဲမှာ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစ မရှိဘူး။ ပြီးတော့ မိစ္ဆာနယ်မြေမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ရှိခွင့်ရှိတယ်"
"ဘာဖြစ်လို့လဲ"
ချင်ယွမ်ဖုန်းက အံ့ဩတကြီး မေးလိုက်သည်။
"ငါလည်း မသိဘူး။ ဒါက ဒီလောကရဲ့ နိယာမစည်းမျဉ်း ဖြစ်လိမ့်မယ်။ ရှေ့က နတ်ဘုရားအဆင့် ကျင့်ကြံသူ ပျက်သုဉ်းသွားတဲ့ အချိန်ကျမှသာ နတ်ဘုရားတစ်ပိုင်းအဆင့်ကနေ နတ်ဘုရားအဆင့်ကို တက်လှမ်းခွင့်ရှိတာ။ ဒါက မိစ္ဆာနယ်မြေရဲ့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့ နိယာမပဲ"
"နတ်ဆိုးဘုရင်တို့ထက် ပိုပြီးမြန်ဆန်ရမယ်လို့ မေက ဘာဖြစ်လို့ ပြောခဲ့တာလဲဆိုတာ မဆန်းတော့ပါဘူး"
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
နှမြောစရာကောင်းလှသော်လည်း မျှော်လင့်ချက် လုံးဝမရှိသည်တော့ မဟုတ်ပေ။
နတ်ဆိုးဘုရင်နှင့် သူ့နောက်လိုက်များသည် နှစ်ပေါင်းသောင်းချီ အချိန်ကုန်လွန်ခဲ့သော်လည်း နတ်ဘုရားအဆင့်သို့ မရောက်ရှိနိုင်ခဲ့ကြခြင်းကို ကြည့်ခြင်းဖြင့် မိစ္ဆာနယ်မြေအတွင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ကြောင်း သိသာထင်ရှားပေသည်။
ထို့ပြင် ချင်ယွမ်ဖုန်း၏ စိတ်ကူးယဉ်တွေးတောမှုမှာလည်း ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။ ဤနေရာတွင် ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစ မရှိသဖြင့် သူသည် မိစ္ဆာနယ်မြေကို အသုံးချကာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်တော့ချေ။
သို့သော် ကံကောင်းသည်မှာ သူ့ခန္ဓာကိုယ်အတွင်း၌ ပြည့်စုံသော ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစ ရှိနေပြီးဖြစ်ရာ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်၏ ကန့်သတ်ချက်များအောက်တွင် ပိတ်မိနေမည် မဟုတ်ပေ။
ထိုနယ်ပယ်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူသည် နတ်ဘုရားအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်မည် ဖြစ်သည်။
"နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ"
ချင်ယွမ်ဖုန်းက မေးလိုက်၏။
မေက အဝေးတစ်နေရာသို့ စူးစိုက်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများထဲတွင် ပြတ်သားသော သန္နိဋ္ဌာန်များ ပြည့်နှက်နေချေသည်
"ငါ စံမြန်းဖို့ နေရာတစ်ခုကို အရင်ရှာမယ်။ အဲဒီနောက်မှာတော့ သတင်းလွှင့်ပြီး အင်အားစုတွေကို စုစည်းကာ တခြားမင်းသားတွေကို ပြန်လည်တိုက်ခိုက်ရမယ်"
မေက တည်ငြိမ်စွာ ဆိုလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ထောက်ခံလိုက်၏။ ၎င်းတို့သည် နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသဖြင့် နတ်ဆိုးဘုရင်နှင့် အခြားသူများကို အကြွင်းမဲ့ အောင်နိုင်ရန်မှာ လက်တွေ့မကျသေးပေ
ထို့ပြင် ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကြောင့် အခြားသော မင်းသားများသည်လည်း ငြိမ်သက်နေကြမည်မဟုတ်ဘဲ အချင်းချင်း စုစည်းပူးပေါင်းကြမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေသည်။
"ငါတို့ ကာရီမြို့ကို သွားကြမယ်။ အဲဒီနေရာက ငါ အရင်က နေခဲ့တဲ့နေရာပဲ"
မေက အေးဆေးစွာ ဆိုသည်။
၎င်းတို့သည် တောင်ဘက်သို့ ဦးတည်ခရီးနှင်ခဲ့ကြပြီး လူနေထူထပ်သော ဒေသများကို ဖြတ်သန်းသွားသည့် အခါတိုင်းတွင် မိစ္ဆာဘုရင် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် သူမ ပျောက်ဆုံးသွားခဲ့ရသည့် နောက်ကွယ်က အမှန်တရားကို ထုတ်ဖော်ကြေညာခဲ့ကြသည်။
မင်းသားများ၏ သစ္စာဖောက်ဖျက်မှုကြောင့် မိစ္ဆာဘုရင် ပျောက်ဆုံးသွားခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ ပြန်လည်ရောက်ရှိလာပြီဟူသော သတင်းသည် မိစ္ဆာနယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေတော့သည်။
ထို့ပြင် မိစ္ဆာဘုရင်မ ပြန်လည်ရောက်ရှိလာပြီးနောက် ပထမဆုံးလုပ်ဆောင်ခဲ့သည့် အမှုမှာ မိမိအပေါ် သစ္စာဖောက်ခဲ့သော မင်းသားနှစ်ပါးကို သုတ်သင်ချေမှုန်းပစ်ခဲ့ခြင်းပင် ဖြစ်သည်။
မြင့်မြတ်လှပါသည်ဟူသော မင်းသားများ ပျက်သုဉ်းသွားခဲ့ရခြင်းကြောင့် မေသည်သာ စစ်မှန်သော မိစ္ဆာဘုရင်ဖြစ်ကြောင်း လူအများက ပိုမိုယုံကြည်လာကြတော့သည်။
၎င်းတို့ အမှန်တကယ် လိုလားတောင့်တနေကြသည်မှာ မိစ္ဆာဘုရင်တစ်ပါးတင်မကဘဲ မိမိတို့အား ဦးဆောင်ကာ မင်းသားများကို တော်လှန်တိုက်ခိုက်ပြီး လက်ရှိကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲများမှ ကယ်တင်ပေးနိုင်မည့်သူ ဖြစ်ပေသည်။
မေ့နောက်ကွယ်တွင် စစ်သည်တော်များနှင့် အရပ်သားပြည်သူ အမြောက်အမြားသည် အလိုအလျောက် စုစည်းရောက်ရှိလာကြပြီး မိစ္ဆာဘုရင်၏ နောက်သို့ လိုက်ပါကာ မိစ္ဆာမျိုးနွယ်စုများ၏ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းများကို ကျော်လွှားရန် သန္နိဋ္ဌာန်ချထားကြလေသည်။
အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးများ အားလုံး ကွယ်ပျောက်သွားပြီးနောက် မိစ္ဆာနယ်မြေ၏ နီမြန်းသော အရောင်အဝါများသည် ဖြည်းည်းစွာ မှေးမှိန်သွားခဲ့ပြီး ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော ကြည်လင်သော မိုးကောင်းကင်ကြီး ပေါ်ထွက်လာခဲ့ရာ ယင်းသည် မိစ္ဆာများစွာ တစ်ခါမျှ မမြင်ဖူးခဲ့ကြသော မြင်ကွင်းမျိုး ဖြစ်ပေသည်။
သဘာဝတရားကြီး ပြန်လည်နိုးထလာသည်နှင့်အမျှ အချို့သော အပင်များသည် စိမ်းလန်းစိုပြည်စွာ စတင်ပေါက်ရောက်လာကြပြီး မြေရိုင်းပြင်ကြီးသည်လည်း သက်ဝင်လှုပ်ရှားလာခဲ့ချေသည်။
ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် အချိန်များစွာ လိုအပ်ဦးမည် ဖြစ်သော်လည်း ဤသည်က မိစ္ဆာနယ်မြေရှိ ပြည်သူများအတွက် မျှော်လင့်ချက်အလင်းရောင်ကို ပေးစွမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
မျှော်လင့်ချက် ရှိနေသရွေ့ ရှင်သန်နိုင်မည့် လမ်းစလည်း ရှိနေပေလိမ့်မည်။
နောက်ဆုံးတွင် မေနှင့် အခြားသူများသည် ကာရီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ မိစ္ဆာ ပြည်သူအပေါင်းတို့က လမ်းမဘေး ဝဲယာတွင် တန်းစီ၍ လှိုက်လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်ကြသဖြင့် မြို့တော်ကြီးတစ်ခုလုံးမှာ နှစ်သစ်ကူးပွဲတော်ရက်ကဲ့သို့ စည်ကားသိုက်မြိုက်နေတော့သည်။