အခန်း ၈၆၃
Vol. 42 Ch. 863
အခန်း(၈၆၃) မြေနက်မြေမှ လူသားများ
"မင်းဆီက ကလဲ့စားချေဖို့အတွက် ငါ နောက်ထပ် အတန်ကြာအောင် စောင့်ရဦးမယ့်ပုံပဲ... မင်းရဲ့ ကျင့်စဉ်အဆင့်က ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ပိုင်ဖုန်းက သူမ၏ ဦးခေါင်းကို ခါယမ်းကာ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။
ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့် မည်မျှအထိ မြင့်မားနေသည်ကို သူမ အသေအချာ မခွဲခြားနိုင်သော်လည်း ယင်းက သူမထက် များစွာ ပိုမိုအစွမ်းထက်ကြောင်းကိုမူ အတပ်သိရှိနေချေသည်။
ထိုသို့သော ကမ္ဘာငယ်လေးအတွင်း ရှိနေခြင်းသည် အပြင်လောကထက် ဆယ်ဆမျှ အချိန်နှေးကွေးသော အချိန်နိယာမ လျှို့ဝှက်နယ်ပယ်အတွင်း ရှိနေခြင်းနှင့် တူညီသည်ဟု သူမက နဂိုက ထင်မှတ်ခဲ့ပေရာ ချင်ယွမ်ဖုန်းသည် အပြင်လောက၌ အမြဲတစေ လှုပ်ရှားရုန်းကန်နေရသဖြင့် သူမအနေဖြင့် သူ့ကို အမီလိုက်နိုင်မည်ဟု ယုံကြည်နေခဲ့ခြင်း ဖြစ်တန်ရာသည်။
သို့ရာတွင် ယခုအခါ၌မူ သူမအနေဖြင့် ဆယ်နှစ်ပတ်လုံး ကြိုးပမ်းကျင့်ကြံပွားများ စေဦးတော့ ချင်ယွမ်ဖုန်း၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကို မည်သို့မျှ အမီလိုက်နိုင်မည် မဟုတ်ကြောင်း သိမြင်သွားရလေပြီ။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။ လူတိုင်း အသွင်ပြောင်းလဲသွားကြပြီး ၎င်းတို့ထဲတွင် အားအင်အနည်းဆုံးသူပင်လျှင် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း မြင်တွေ့ရပေရာ ထိုသို့သော အင်အားစုဖြင့် အပြင်လောကသို့ ထွက်ခွာ၍ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်မည်ဆိုပါက အလွန်လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်ချေသည်။
"ငါ ဒီတစ်ခေါက် ပြန်လာတာက ကိစ္စတစ်ခုရှိလို့ပဲ... ချင်ယွင်မျှော်စင် တိုက်ခိုက်ခံရပြီး နန်ယွင် ဖမ်းဆီးခံလိုက်ရတယ်" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မုန့်ချီလော့၏ မျက်လုံးများ ပြူးကျယ်သွားရချေသည်။ ချင်ယွမ်ဖုန်းတွင် သမီးတစ်ယောက် ရှိနေသည်ဟူသောအချက်ကို သူမသည် အခြားသူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောပြခဲ့ဖူးပေ။
လူတိုင်းက ဝေခွဲမရသောအသွင်ဖြင့် ကြည့်ရှုရင်း "နန်ယွင်က ဘယ်သူလဲ" ဟု မေးမြန်းကြလေသည်။
"နန်ယွင်က ငါ့သမီးပဲ" ချင်ယွမ်ဖုန်းက အားကိုးရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်၏။
လူတိုင်းက မယုံကြည်နိုင်စရာ အကောင်းဆုံးအရာကို ကြုံတွေ့လိုက်ရသည့်အလား ချင်ယွမ်ဖုန်းကို မျက်လုံးပြူးကာ စိုက်ကြည့်မိကြချေသည်။
၎င်းတို့က ကမ္ဘာငယ်လေးအတွင်း၌ သည်းသည်းမည်းမည်း ကြိုးပမ်းကျင့်ကြံနေကြစဉ်တွင် ချင်ယွမ်ဖုန်းသည် အပြင်လောက၌ သမီးတစ်ယောက်ပင် ရရှိနေခဲ့ပြီ မဟုတ်လော။
လူသားချင်း အဆင့်အတန်း ကွာခြားချက်ဟူသည် ဧကန်အမှန် ရှိပေရာသည်။
"ချင်ယွင်မျှော်စင်ကို ဘယ်သူက တိုက်ခိုက်ခဲ့တာလဲ" မုန့်ချီလော့က မေးမြန်းလိုက်၏။
"ငါလည်း အသေအချာ မသိသေးဘူး... သူက နတ်ဘုရားတစ်ပိုင်းအဆင့်ရှိတဲ့ အစွမ်းထက် ပညာရှင်တစ်ယောက်ဆိုတာပဲ သိရသေးတယ်... အခု ငါ စုံစမ်းနေတုန်းပဲ"
"ဒါဆိုရင် သူတို့က ဖုန်းအစ်ကို့ရဲ့ သမီးကို ဘာဖြစ်လို့ ဖမ်းဆီးသွားကြတာလဲ... သူတို့က ဖုန်းအစ်ကိုနဲ့ ရန်ငြိုးရန်စ ရှိတဲ့သူတွေလား" ဟု ချန်ရှောင်ချောင်က ဝင်ရောက်မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ရင်း "ငါလည်း ဘာမှ မသိရသေးဘူး... အဲ့လူရဲ့ ရည်ရွယ်ချက်က ငါ့ကို ပစ်မှတ်ထားတာလား ဒါမှမဟုတ် ချင်ယွင်မျှော်စင်ကို အလိုရှိတာလားဆိုတာ မဝေခွဲနိုင်သေးဘူး" ဟု ဆိုချေသည်။
လူတိုင်း ကုန်းခေါင်းလေးများ စိုက်သွားကြပေရာ ၎င်းတို့အားလုံးမှာ ထိုကိစ္စရပ်အတွက် မတတ်နိုင်ကြသည့်အလား ခံစားနေကြရချေသည်။
"သိပ်လည်း စိတ်မပူပါနဲ့ဦး... သူက နန်ယွင်ကို နာကျင်အောင် မလုပ်ခဲ့ဘူးဆိုရင် နန်ယွင်အတွက် အန္တရာယ်မရှိနိုင်သေးဘူးလို့ ပြောလို့ရတာပေါ့" မုန့်ချီလော့က ရှေ့သို့ လှမ်းလာကာ နှစ်သိမ့် စကားဆိုလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ငါ ထျန်းတူး ပြည်နယ်မြို့တော်ကို ရောက်နေတဲ့ အတောအတွင်းမှာ ရှာမိသားစုနဲ့ ရှင်းရမယ့် တခြားကိစ္စတစ်ခုလည်း ရှိသေးတယ်... ငါတို့ရဲ့ အာဃာတတွေကို အပြီးသတ် အခြေချဖို့ အချိန်တန်ပြီ" ဟု ဆိုလေသည်။
ယင်းကို ကြားရလျှင် ချင်နန်နှင့် အခြားသူများအားလုံး စိတ်လှုပ်ရှား တက်ကြွသွားကြချေသည်။ ၎င်းတို့သည် ချင်မိသားစုအတွက် ကိုယ်တိုင်ကိုယ်ကျ ကလဲ့စားချေနိုင်မည့် နေ့ရက်ကို မျှော်လင့်ရင်း ကမ္ဘာငယ်လေးအတွင်း ဆိတ်ငြိမ်စွာ နေထိုင်ကာ အသည်းအသန် ကြိုးပမ်းကျင့်ကြံခဲ့ကြခြင်း ဖြစ်ပေရာသည်။
ယခုအခါတွင်မူ ထိုသို့သော အချိန်အခါသမယသည် ဧကန်စင်စစ် ရောက်ရှိလာခဲ့ချေပြီ။
"အားလုံး အတူတူ သွားကြတာပေါ့... ဖုန်းအစ်ကို့ရဲ့ ရန်သူက ငါတို့ရဲ့ ရန်သူပဲ" ဟု ချန်ဒါချောင်က ဆိုသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ကောင်းပြီ... မင်းတို့ ဒီလောက်ကြာအောင် ကျင့်ကြံခဲ့တာဆိုတော့ မင်းတို့ရဲ့ အောင်မြင်မှုကို စမ်းသပ်ဖို့ အချိန်တန်ပြီပဲ" ဟု မြွက်ဆိုလိုက်လေသည်။
---
အပြင်လောကတွင်မူ လျိုတာလီသည် ဘုရားကျောင်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိရန် ကျဉ်းမြောင်းသော နေရာလွတ်ကြားမှ တိုးဝှေ့ထွက်လာခဲ့၏။ သူသည် ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ရန်အတွက် မကြာခဏဆိုသလို ဤနေရာသို့ လာရောက်လေ့ရှိချေသည်။
သို့ရာတွင် သူ ဘုရားကျောင်းဆောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် စားပွဲပေါ်၌ အမွှေးတိုင်များ ပူဇော်ညှိထွန်းထားသည်ကို အံ့ဩစဖွယ် မြင်တွေ့လိုက်ရပေရာ ထိုခဏ၌ ချင်ယွမ်ဖုန်းကို ချက်ချင်း သတိရမိသွားချေသည်။
သို့သော်လည်း စားပွဲပေါ်ရှိ သေးငယ်သော ပုတီးစေ့လုံးလေး တစ်လုံးမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရချေ။
လျိုတာလီ တစ်ယောက် ဝေခွဲမရ ဖြစ်နေစဉ်တွင်ပင် ထိုသေးငယ်သော ပုတီးစေ့လုံးလေးသည် ရုတ်ချည်းပင် တောက်ပလင်းလက်လာပြီး ဘုရားကျောင်းဆောင်အတွင်း၌ လူရိပ်အစုအဝေးတစ်ခု ရုတ်ခြည်း ပေါ်ထွက်လာခဲ့သည်။
လျိုတာလီမှာ လွန်စွာ တုန်လှုပ်ခြောက်ခြားသွားရပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျထိုင်မိသွားရချေသည်။
ပေါ်ထွက်လာသူများမှာမူ ချင်ယွမ်ဖုန်းနှင့် သူ၏ အပေါင်းအဖော်များပင် ဖြစ်ကြချေသည်။
"ဒါလီအစ်ကို" ချင်ယွမ်ဖုန်းက လျိုတာလီကို အံ့ဩဝမ်းသာသော မျက်နှာပေးဖြင့် ကြည့်ရှုလိုက်၏။
"သခင်လေး... မင်းပဲကိုး" ချင်ယွမ်ဖုန်းက တွဲထူပေးလိုက်သောအခါ လျိုတာလီသည် မိမိ၏ ရင်ဘတ်ကို သာသာလေး ပုတ်ရင်း ဆိုလိုက်သည်။
"မင်းက ဘာဖြစ်လို့ ငါ့ကို ဘာမှ ကြိုမပြောဘဲ ရုတ်တရက်ကြီး ပြန်လာရတာလဲ" ဘုရားကျောင်းဆောင်အတွင်း၌ လူများ ရုတ်ချည်း ပြည့်နှက်သွားသည်ကို မြင်လျှင် လျိုတာလီက မေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "ဒါလီအစ်ကို... အခု အိမ်ပြန်နားပါဦး... ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး လုပ်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ဆို၏။
လျိုတာလီက မျက်မှောင်ကုတ်လိုက်ရင်း "မင်း ဒီတစ်ခေါက် ပြန်လာတာ ကလဲ့စားချေဖို့အတွက်လား" ဟု ဆိုလေသည်။
"ဟုတ်တယ်... ဒီတစ်ခေါက်တော့ ငါ ရှာမိသားစုနဲ့ အကြွေးအဟောင်းတွေကို အပြီးတိုင် ရှင်းပစ်တော့မယ်"
လျိုတာလီက ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲကိုင်လိုက်ရင်း "ဒါဆိုရင် မင်း သတိထားရမယ်နော်... ရှာမိသားစုမှာ လူအင်အား အများကြီးရှိတယ်... မင်း သူတို့ကို ထိပ်တိုက် မရင်ဆိုင်သင့်ဘူး" ဟု သတိပေးရှာသည်။
ချင်ယွမ်ဖုန်းက ပြုံးမိရုံမျှသာ တတ်နိုင်ချေသည်။ လျိုတာလီသည် သိုင်းပညာရှင်တစ်ဦး မဟုတ်ပေရာ သိုင်းလောက၏ အကြောင်းအရာများကို နားလည်နိုင်စွမ်း မရှိချေ။
အင်အားစု နှစ်ခုကြားရှိ တိုက်ပွဲတွင် အောက်ခြေအဆင့် တိုက်ခိုက်ရေးသမားများ၏ အင်အားက အရေးပါသည်မဟုတ်ဘဲ အထက်တန်းစား ထိပ်သီးပညာရှင်များ၏ စွမ်းပကားကသာ အဆုံးအဖြတ် ပေးနိုင်ခြင်း ဖြစ်ချေသည်။ အကယ်၍ နှစ်ဖက်စလုံး၏ ထိပ်သီးပညာရှင်ချင်း အင်အားမမျှတပါက တိုက်ပွဲ၏ ရလဒ်သည် သံသယဖြစ်ဖွယ်မရှိ အဖြေပေါ်ပြီးသား ဖြစ်တန်ရာသည်။
ရှာမိသားစု၏ ခေါင်းဆောင်ဖြစ်သူ ရှာလန်သည် နဝမအဆင့် ဘိုးဘေးနယ်ပယ်မျှသာ ဖြစ်ပေရာ ယခုအချိန်၌ ချင်ယွမ်ဖုန်းအနေဖြင့် သူ့ကို လုံးဝ လျစ်လျူရှုထားနိုင်ပြီ ဖြစ်ချေသည်။
"ကောင်းပြီလေ... မင်းဆီက သတင်းကောင်းကို ငါ စောင့်နေမယ်" လျိုတာလီက တည်ငြိမ်စွာ ဆိုရင်း ဘုရားကျောင်းဆောင်မှ မကြာမီ ထွက်ခွာသွားလေသည်။
---
ရှာမိသားစုသည် လုယွဲ့အင်ပါယာအတွင်းရှိ သိုင်းပညာစွမ်းအားစုများကို တော်ဝင်မိသားစုက ထိန်းချုပ်နိုင်ရန် ကူညီပေးခဲ့ပြီးနောက်ပိုင်းတွင် လွန်စွာ မောက်မာရိုင်းစိုင်းလာခဲ့ပြီး မြို့တော်အတွင်း၌ ဗိုလ်ကျစိုးမိုးကာ လူအများကို နှိပ်စက်ညှဉ်းပန်းခဲ့ကြချေသည်။
ထိုသို့သော အကြောင်းကြောင့် လူအများစုမှာ ရှာမိသားစု ပျက်စီးကျဆုံးမည့် နေ့ရက်ကို မျှော်လင့်နေကြပြီး ၎င်းတို့၏ မျှော်လင့်ချက်အားလုံးကို တက်သစ်စကြယ်ပွင့် ဖြစ်သော ချင်ယွမ်ဖုန်းအပေါ်၌ ပုံအောထားကြလေသည်။
ချင်နန်နှင့် အခြားသူများသည် ဘုရားကျောင်းဆောင်အတွင်း၌ ဘိုးဘေးများအား ပူဇော်ကန်တော့ကြပြီးနောက် ချင်ယွမ်ဖုန်းနှင့်အတူ ထွက်ခွာခဲ့ကြချေသည်။
ထိုအစုအဝေးတွင် ခန့်ညားသော အမျိုးသားများနှင့် လှပသော အမျိုးသမီးများ ပါဝင်နေပေရာ လမ်းမထက်တွင် လူအများ၏ အာရုံစိုက်မှုကို လွန်စွာ ဆွဲဆောင်နေခဲ့သည်။
သို့ရာတွင် ထိုသူများ၏ ကိုယ်တွင်းမှ ထွက်ပေါ်နေသော ကြီးမြတ်သော အရှိန်အဝါကြောင့် လမ်းသွားလမ်းလာများမှာ မသိစိတ်ကြောင့်ပင် ဘေးဘယ်ညာသို့ ဖဲခွာပေးကြပြီး လမ်းဖွင့်ပေးမိကြချေသည်။
"မလောပါနဲ့ဦး... အဓိကပွဲ မစခင်မှာ သရေစာလေး နည်းနည်းလောက် မြည်းစမ်းကြည့်ကြတာပေါ့" ချင်ယွမ်ဖုန်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြစဉ်တွင်ပင် ချင်ယွမ်ဖုန်းက ရုတ်ခြည်း လှုပ်ရှားလိုက်ရာ သူ၏ လက်ထဲ၌ ငွေရောင်နှင်တံတစ်ချောင်း ပေါ်ထွက်လာခဲ့ပေရာ ယင်းက အနန္တပုံရိပ် ပညာရပ်ပင် ဖြစ်ချေသည်။
ထိုနှင်တံသည် လမ်းသွားလမ်းလာတစ်ဦး၏ ဆံပင်များကြားသို့ ရစ်ပတ်သွားပြီး ချင်ယွမ်ဖုန်းက သူ့ကို ဆွဲခေါ်ကာ သူဆောင်းထားသော ဦးထုပ်ကို ဖယ်ရှားလိုက်လေသည်။
သူ၏ ဦးခေါင်းထက်၌ စက်ဝိုင်းပုံစံ အမာရွတ်နှစ်ခု ပေါ်ထွက်လာသည်ကို မြင်လျှင် လူတိုင်း မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မဝေခွဲနိုင်ဘဲ မျက်လုံးပြူးကာ စိုက်ကြည့်မိကြချေသည်။
မုန့်ချီလော့တစ်ဦးတည်းသာ ထိုလူ၏ မူလအသွင်သဏ္ဌာန်ကို သိမြင်လိုက်ပေရာ သူသည် တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင် ဖြစ်ချေသည်။
"မင်းက ငါ နန်ဝူးမြို့မှာ ပြောခဲ့တဲ့ စကားတွေကို သွားပြီး မပြောပြခဲ့ဘူးနဲ့ တူတယ်" ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုလိုက်သည်။
"မ... မဟုတ်ပါဘူး... ချင်ယွင်မျှော်စင် ဖျက်ဆီးခံရတာက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး" ထိုမိစ္ဆာသည် ချင်ယွမ်ဖုန်း၏ လက်ခုပ်တွင်း၌ ရုန်းကန်နိုင်စွမ်းပင် မရှိတော့ဘဲ ပျာပျာသလဲ ငြင်းဆိုရှာလေသည်။
ယခင်က ချင်ယွမ်ဖုန်းကြောင့် တစ်ပါးကျွန်းသား မိစ္ဆာများ၏ တတည်ရှိမှုသည် လောကအလယ်တွင် ပေါ်ပေါက်သွားခဲ့ရပေရာ ၎င်းတို့အားလုံးသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ ဤလူငယ်ခေါင်းဆောင်ကို လွန်စွာ ကြောက်ရွံ့နေကြခြင်း ဖြစ်တန်ရာသည်။
ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင်မူ နာကျည်းအာဃာတများ တိုးပွားလာခဲ့ချေသည်။
မိစ္ဆာများက ချင်ယွမ်ဖုန်းကို နာကျည်းမုန်းတီးနေကြသည်ဟူသောအချက်က လူတိုင်း သိရှိထားကြသည့် အရာပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို တိတ်တဆိတ် အသုံးပြုလိုက်ပေရာ ထိုမိစ္ဆာသည် အခြားသော အဆင့်နိမ့် မိစ္ဆာခေါင်းဆောင်တစ်ဦးထံ သွားရောက်ခဲ့သော်လည်း ၎င်းထံမှ ရရှိခဲ့သော အဖြေမှာလည်း ဘာမျှမသိရှိဟူ၍သာ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားရချေသည်။
"ဟွန်း... မင်းတို့ရဲ့ ဆင်ခြေတွေကို ငါ နားမထောင်ချင်ဘူး... မင်းတို့ရဲ့ ခေါင်းဆောင်ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်... မဟုတ်ရင် ငါ မင်းတို့ကို တစ်ကောင်ချင်းစီ လိုက်ရှာပြီး သတ်ပစ်မယ်"
ချင်ယွမ်ဖုန်း၏ အသံမှာ လွန်စွာ ကျယ်လောင်လှပေရာ ပတ်ဝန်းကျင်ရှိ လူတိုင်း အသေအချာ ကြားလိုက်ရချေသည်။
ထိုသို့ ပြောဆိုပြီးနောက် သူသည် ထိုမိစ္ဆာကို လက်ဖြင့် ညှစ်ခြေကာ အသက်ပျောက်စေလိုက်တော့သည်။
မိစ္ဆာနယ်မြေမှ မိစ္ဆာများသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးကို သိမ်းပိုက်ရန် မည်သည့်အခါမျှ လက်မလျှော့ခဲ့ကြသကဲ့သို့ တိုက်ကြီးပေါ်ရှိ မိစ္ဆာများကလည်း ၎င်းတို့၏ မျိုးနွယ်စုများ ဝင်ရောက်လာနိုင်ရန်အတွက် ဤလောကကြီးကို အမြဲတစေ ဖျက်ဆီးပစ်လိုကြချေသည်။
ထိုမိစ္ဆာကို သုတ်သင်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဆိုင်းတွမနေဘဲ ရှေ့သို့ ဆက်လက် လှမ်းချီခဲ့လေသည်။
ယခုအခါတွင်မူ လမ်းမထက်ရှိ လူအပေါင်းတို့သည် ပျာပျာသလဲ ဖဲခွာသွားကြပေရာ ၎င်းတို့၏ ရင်ထဲ၌ ကြည်ညိုလေးစားမှုများသာမက ကြောက်ရွံ့တုန်လှုပ်မှုများပါ တပြိုင်နက်တည်း ဖြစ်ပေါ်နေကြရချေပြီ။