အခန်း ၈၆၇
Vol. 42 Ch. 867
အခန်း(၈၆၇) မုန့်အန်
“မင်းတို့ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလေသည်။ “မင်းတို့ရဲ့ ဧကရာဇ်ကို အသစ်လဲလှယ်ရမယ့် အချိန်ရောက်ပြီ။ ဘယ်သူက ဧကရာဇ်ဖြစ်ထိုက်သလဲဆိုတာ အရင်ကအတိုင်းပဲ ရွေးချယ်ကြရလိမ့်မယ်။”
ထိုစကား၏ နောက်ကွယ်မှ ဆိုလိုရင်းကား ရန်ယန်သည် ယနေ့တွင် မုချသေရမည်ဟူ၍ ဖြစ်ချေသည်။
နန်းတော်အစောင့်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အဆုံး၌ ချင်ယွမ်ဖုန်းအတွက် လမ်းဖယ်ပေးလိုက်ကြရလေသည်။ ၎င်းတို့သည် မိမိတို့၏ အသက်ကို စတေးလျှင်ပင် တားဆီးနိုင်ခြင်းမရှိသည့် အစွမ်းထက်လှသော သိုင်းပညာရှင်များနှင့် ရင်ဆိုင်နေရခြင်း ပေရာ၊ ထိုသို့ လမ်းဖယ်ပေးခြင်းကသာ အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်တန်ရာ၏။
ချင်ယွမ်ဖုန်းနှင့် သူ၏လူများသည် သူပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကကဲ့သို့ပင် နန်းတော်တွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့ကြသည်။
ထိုအချိန်တွင် နန်းတော်၏ အဓိကခန်းမဆောင်ကြီးအတွင်း၌ နဂါးဝတ်ရုံကို ဆင်မြန်းကာ နဂါးသရဖူကို ဆောင်းထားသည့် ရန်ယန်သည် ပလ္လင်ထက်တွင် ထိုင်နေပြီး ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေချေသည်။ ရန်ယန်သည် ပျိုမြစ်သူတစ်ဦး မဟုတ်တော့ပေ။ သူ၏ နားထင်စပ်တို့တွင် ဆံပင်ဖြူများ ရောယှက်နေပြီဖြစ်ရာ ယခင်ကထက် ပိုမိုရင့်ကျက် တည်ငြိမ်နေဟန် ရချေသည်။
ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် အဓိကခန်းမတွင်းသို့ ဝင်ရောက်လာကြသောအခါ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ထိုင်နေသည့် ရန်ယန်ကို မြင်တွေ့လိုက်ကြရသည်။
“သက်ပြင်းချမိပါရဲ့၊ ဒီလိုနေ့ရက်မျိုး ဒီလောက်အလျင်အမြန် ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” ရန်ယန်က အေးဆေးစွာ ဆိုလေသည်။
“အရှင်မင်းကြီး...” ရှာလန်သည် ခန်းမဆောင်ကြီး၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ပြီး သူ၏မျက်နှာထက်တွင် ပူဆွေးသောက ရိပ်ယှက်နေချေသည်။
“ရှာလန်... မင်းလည်း အချိန်အတော်ကြာအောင် ပင်ပန်းခဲ့ရပြီပဲ။ ငါတို့ အရှင်နဲ့အစေ အတူတူ သေကြတာပေါ့” ရန်ယန်သည် ထိုအခြေအနေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်ဟန်တူကာ သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်လေသည်။
“ကောင်းပြီလေ” ချင်ယွမ်ဖုန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ “တကယ်လို့ အကြောင်းစုံကို မသိတဲ့လူဆိုရင် ငါတို့တွေပဲ အာဏာလုဖို့ ကြံစည်နေကြတယ်လို့ ထင်မှတ်ကြလိမ့်မယ်။ ဒီနေရာမှာ လာပြီး သနားစရာကောင်းတဲ့ သားကောင်အဖြစ် ဟန်ဆောင်မနေပါနဲ့ဦး။ မင်းတို့ ချင်မိသားစုကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တုန်းက ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်ဆိုတာ တွေးခဲ့သင့်တာပေါ့။”
“ဟုတ်ပါရဲ့၊ ငါတို့ မုချတွေးခဲ့ဖူးတာပေါ့” ရန်ယန်က တည်ငြိမ်စွာပင် ပြန်လည်ဆိုရုံမျှမက “ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းသေဆုံးသွားပြီဆိုတဲ့ သတင်းကိုပဲ ငါတို့ ကြားခဲ့ရတာ။ ငါတို့က မင်းကို အမြဲတမ်း အထင်ကြီး တန်ဖိုးထားခဲ့တာမို့ မင်း တစ်ခုခုဖြစ်သွားပြီးတဲ့ နောက်မှာမှပဲ လက်ရဲဇာတ်ရဲ လုပ်ရဲခဲ့ကြတာပါ။”
“ကံကြမ္မာက ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ မင်းက သေမသွားတဲ့အပြင် ပိုပြီးတော့တောင် အစွမ်းထက်လာခဲ့သေးတယ်။”
“မင်းတို့ မစဉ်းစားမိခဲ့တဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး ဒီနေ့ သေကြရမှာပဲ။ သေလူအဖြစ် အဆုံးမသတ်ခင် ပြောချင်တဲ့ စကားရှိရင် အမြန်ပြောကြစမ်း” ချင်ယွမ်ဖုန်းက မည်သို့မျှ အားနာညှာတာခြင်း မရှိဘဲ အေးစက်စွာ ဆိုလေသည်။
ရှာလန်သည် ရုတ်တရက် ခေါင်းထောင်လာခဲ့ရာ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး လူရူးတစ်ဦးနှင့် သဏ္ဌာန်တူနေချေသည်။
“ချင်ယွမ်ဖုန်း... ငါတို့ သေရရင်တောင် မင်းလည်း ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ဘူး” ရှာလန်က အာဃာတ ပြည့်နှက်နေသော လေသံဖြင့် ကြုံးဝါးလိုက်လေသည်။
ချင်ကျုံးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့တစ်လှမ်း တက်ကာ ဓားတစ်ချက်တည်းဖြင့် ရှာလန်အား နန်းတော်ကြမ်းပြင်ထက်သို့ စိုက်နှက်ကာ ကပ်ထားလိုက်ချေသည်။ ရှာလန်၏ ပါးစပ်မှ သွေးများ စီးကျလာသော်လည်း သူ၏မျက်လုံးများသည် ချင်ယွမ်ဖုန်းထံသို့သာ စူးစိုက်ကြည့်နေဆဲဖြစ်ရာ မယုံကြည်နိုင်လုနီးပါး မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့ရချေသည်။
ချင်နန်က ရှေ့သို့တက်၍ ရန်ယန်ကို ဆွဲချလိုက်သော်လည်း မျှော်လင့်မထားဘဲ ရန်ယန်သည် ပါးစပ်အပြည့် မဟူရာသွေးများကို အန်ထုတ်လိုက်ပြီး သူ၏နှုတ်ခမ်းများသည် လျင်မြန်စွာပင် ညိုပြာရောင်သို့ ပြောင်းလဲသွားချေသည်။
“ငါက ဧကရာဇ်တစ်ပါးပဲ။ မင်းတို့လက်ချက်နဲ့ သေရမယ်ဆိုရင် ငါ့ရဲ့ သိက္ခာဂုဏ်ပုဒ် ညှိုးနွမ်းပျက်စီးရလိမ့်မယ်” ရန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း သူ၏ဇီဝအသက်စွမ်းအားကို ဖြည်းညင်းစွာ ငြှိမ်းသတ်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ထိုလူနှစ်ဦးကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်ကာ အဓိကခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့ချေသည်။ ဤသည်ဖြင့် ချင်မိသားစု၏ ကြီးမားလှသော နာကျည်းမှု အာဃာတသည် အဆုံး၌ ကောင်းမွန်စွာ ကေချေအပ်ပြီ ဖြစ်သည်။
---
“ငါလည်း ကောင်းကောင်းမွန်မွန် နေရမှာမဟုတ်ဘူး ဟုတ်လား... ဘာကို ဆိုလိုတာလဲ” ချင်ယွမ်ဖုန်းသည် ရှာလန် မသေဆုံးမီက ပြောကြားခဲ့သော စကားများကို ရုတ်တရက် သတိရမိကာ မှင်တက်သွားရသည်။ ထိုစကားသည် ချင်ယွမ်ဖုန်းအပေါ် ကျိန်ဆဲရုံသက်သက်မျှ မဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားဟန် ရချေသည်။
ကွက်တိပင်၊ ချင်ယွမ်ဖုန်းသည် နန်းတော်၏ အရှေ့တောင်ဘက် အရပ်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့ထံသို့ လျင်မြန်စွာ ဦးတည်ပြေးဝင်လာနေသည်ကို ရုတ်တရက် အာရုံခံမိလိုက်လေသည်။
“ဒါက ဖြစ်နိုင်ရင်...” ချင်ယွမ်ဖုန်းသည် လန့်ဖျပ်သွားရပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိလိုက်ရာ သူ၏ဝိညာဉ်စွမ်းအားကို ချက်ချင်းပင် ဖြန့်ကျက်လိုက်ချေသည်။
“မြူနှင်းဂိုဏ်းက လူတွေပဲ ဖြစ်ရမယ်၊ သူတို့က လိုက်မပြတ်တဲ့ သရဲတစ္ဆေလိုပဲ။ ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ ငါမေးချင်တဲ့ အကြောင်းအရာအချို့ကို ကောင်းကောင်းမေးရမှာပေါ့” ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုလေသည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းပင်လျှင် မြူနှင်းဂိုဏ်းနှင့် ဆက်သွယ်မှု ရှိခဲ့သည်ကို သူရုတ်တရက် သတိရမိလိုက်ရာ ရှာမိသားစုအနေဖြင့် ချင်ယွမ်ဖုန်း ရောက်ရှိလာမည်ကို မည်သို့လျှင် မခန့်မှန်းနိုင်ဘဲ ရှိပါအံ့နည်း။ ထို့ပြင် ချင်ယွမ်ဖုန်းကို တားဆီးရန် ၎င်းတို့ ရှာဖွေနိုင်သည့် တစ်ဦးတည်းသော အားကိုးရာကား မြူနှင်းဂိုဏ်းသာ ဖြစ်ချေသည်။
“ယွမ်ဖုန်း... ဘာဖြစ်လို့လဲ” မုန့်ချီလော့သည်လည်း ထိုအရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် အပြင်သို့ အပြေးအလွှား ထွက်လာကာ မေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ရင်း “မြူနှင်းဂိုဏ်းက လူတွေပဲ။ ရှာလန်က မသေခင်မှာတောင် ငါ့ကို ဒုက္ခပေးဖို့ ထောင်ချောက်ဆင်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”
“ငါတို့ ဘာလုပ်ကြမလဲ။ အရင်ဆုံး ဒီကနေ ထွက်သွားကြမလား” မုန့်ချီလော့က စိုးရိမ်တကြီး မေးမြန်းလေသည်။ မြူနှင်းဂိုဏ်းအနေဖြင့် ဤတစ်ကြိမ်တွင် ၎င်းတို့၏ အစွမ်းထက်ဆုံးသော ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများကို စေလွှတ်လိုက်မည်ကို သူမ သိရှိနေပေရာ အလွန်စိုးရိမ်နေခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းက မုန့်ချီလော့၏ ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ကာ “ငါက အရင်ကလို မဟုတ်တော့ဘူး။ တကယ်လို့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်ရင် ငါ့ကို ဒီနေရာမှာ ပိတ်လှောင်ထားနိုင်မှာ မဟုတ်ဘူး။”
ထိုစကားများက တုန်လှုပ်ခြင်းမရှိသော ယုံကြည်ချက်ကို ဖော်ပြနေသဖြင့် မုန့်ချီလော့သည်လည်း ချက်ချင်းပင် စိတ်သက်သာရာ ရသွားချေသည်။
“ကောင်းပြီလေ... သူတို့အားလုံးကို အပြင်ထွက်ခိုင်းပြီး ကမ္ဘာငယ်လေးထဲကို အရင်ဆုံး ပြန်ဝင်ခိုင်းလိုက်ပါဦး” ချင်ယွမ်ဖုန်းက ဆိုသည်။
“ငါ နင်နဲ့အတူ ဒီမှာပဲ နေခဲ့မယ်” မုန့်ချီလော့က ပြတ်သားစွာ ဆိုလေသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြုံးပြလိုက်ကြချေသည်။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ကမ္ဘာငယ်လေးအတွင်းသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားကြပြီး ချင်ယွမ်ဖုန်းသည် မြေနက်မြေကို ယခင်တည်နေရာသို့ နောက်တစ်ကြိမ် ပြန်လည်ထင်ဟပ် ပြသလိုက်လေသည်။
မြေနက်ကုန်သည်ကြီးများအသင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့နှစ်ဦးစလုံး အလုပ်ရှုပ်သွားကြချေသည်။ ယခုအခါ ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာပြီ ဖြစ်သဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ကမ္ဘာငယ်လေးအတွင်းရှိ လူများသည် မိမိတို့၏ အလုပ်များတွင် ပြန်လည်၍ အလုပ်ရှုပ်နေကြသော်လည်း မြေနက်ကုန်သည်ကြီးများအသင်း၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် လူများသည် ကုန်သည်ကြီးများအသင်း ပြန်လည်ဖွင့်လှစ်လိုက်သည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်မိမတတ် ဝမ်းသာသွားကြချေသည်။
အကြောင်းမူကား အဖိုးတန်လှသော မှော်ဆေးပင် အများအပြားသည် ဤစကြဝဠာတိုက်ကြီးတွင် ထူးခြားဆန်းပြားလှပြီး ဤမြေနက်မြေတွင်သာ ရှာဖွေတွေ့ရှိနိုင်သောကြောင့် ဖြစ်ပေ၏
ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် နန်းတော်အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။ မြူနှင်းဂိုဏ်းမှ လူများသည် အဆုံး၌ ချင်ယွမ်ဖုန်းနှင့် သူ၏အဖော်ဖြစ်သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိလာကြချေပြီ။
“ဒါက မြူနှင်းဂိုဏ်းရဲ့ မဟာအကြီးအကဲဖြစ်တဲ့ အကြီးအကဲ မုန့်အန်ပဲ။ သူမကိုယ်တိုင် လူကိုယ်တိုင် ထွက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” မုန့်ချီလော့က တည်ငြိမ်စွာ ဆိုလေသည်။
မြူနှင်းဂိုဏ်း၏ မဟာအကြီးအကဲဟူသည် ဂိုဏ်းချုပ်နှင့် လျှို့ဝှက်ဆရာသခင်များမှလွဲ၍ ဂိုဏ်းတစ်ခုလုံးတွင် အင်အားအကြီးဆုံးသော သိုင်းပညာရှင် ဖြစ်ချေသည်။ မဟာအကြီးအကဲကိုယ်တိုင် လှုပ်ရှားလိမ့်မည်ဟု မုန့်ချီလော့ လုံးဝမျှော်လင့်မထားခဲ့မိပေ။
၎င်းတို့အားလုံးသည် ချင်ယွမ်ဖုန်း၏ စွမ်းအားက အဆမတန် တိုးတက်လာခဲ့ပြီး သာမန်ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများအနေဖြင့် သူ၏ပြိုင်ဘက် မဟုတ်တော့သည်ကို သိရှိထားကြဟန် ရချေသည်။
ချင်ယွမ်ဖုန်းသည် အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည့် အကြီးအကဲ မုန့်အန်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်မိသည်။ ဤမြူနှင်းဂိုဏ်း၏ မဟာအကြီးအကဲကား သတ္တမအဆင့် ဘုရင်နယ်ပယ် သိုင်းပညာရှင်မျှသာ ဖြစ်ချေသည်။
သူမ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ဤသည်က မြူနှင်းဂိုဏ်းအတွင်း သူမ ရောက်ရှိနေသည့် အဆင့်အတန်း ဖြစ်တန်ရာ၏။
“ချင်ယွမ်ဖုန်း... မင်း နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပေါ့။ မင်း ပြန်မလာတော့ဘူးလို့ ငါထင်နေတာ” အကြီးအကဲ မုန့်အန်သည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ လျှောက်လှမ်းလာပြီး အေးစက်စွာ ဆိုလေသည်။ သူမ၏ နောက်ကွယ်တွင် ပထမအဆင့် ဘုရင်နယ်ပယ်တွင် ရှိကြသည့် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲနှစ်ဦး လိုက်ပါလာချေသည်။
“ဘာလို့ ပြန်မလာရမှာလဲ။ ဒါက ငါ့အိမ်ပဲလေ” ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “ဒါပေမဲ့ မင်းတို့တွေကတော့ ခွေးတွေလိုပဲ၊ အနံ့ရတာနဲ့ ချက်ချင်း ရောက်လာကြတာပဲ” ဟု ဆိုလေသည်။
ထိုသို့ ပြောပြီးနောက် ချင်ယွမ်ဖုန်း၏ မျက်နှာပေးက ပြောင်းလဲသွားကာ “တကယ်ပဲ ကံဆိုးတာပဲ။ မင်းတို့ကို ဆဲဆိုရင်းနဲ့ ငါ့ကိုယ်ငါ ပြန်ဆဲမိသလို ဖြစ်သွားရတယ်” ဟု ညည်းတွားလိုက်မိသည်။ ခွေးဆိုသည်ကား မစင်ကို စားတတ်သည် ပေရာ၊ ၎င်းတို့သည် မစင်နံ့ရသဖြင့် ရောက်ရှိလာခြင်း ဖြစ်ချေသည်။
“ချင်ယွမ်ဖုန်း... ငါ မင်းနဲ့ စကားအပိုတွေ အာကြောပိတ်ပြီး ငြင်းခုံမနေချင်ဘူး။ ဒီတစ်ကြိမ်မှာတော့ ငါ မင်းကို ပြန်ခေါ်သွားပြီး မြူနှင်းဂိုဏ်းက လူတိုင်းရဲ့ ရှေ့မှောက်မှာ တောင်းပန်ခိုင်းရလိမ့်မယ်” မုန့်အန်က အေးစက်စွာ ဆိုလေသည်။
“တောင်းပန်ရမယ် ဟုတ်လား” ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “ငါက ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ။ မင်းတို့ မြူနှင်းဂိုဏ်းကပဲ မီးရှို့ခွင့်ရှိပြီး ငါတို့ကျတော့ မီးအိမ်တောင် ထွန်းညှိခွင့် မရှိဘူးလို့ ဆိုလိုတာလား။”
မုန့်အန်သည် ချင်ယွမ်ဖုန်းက နှုတ်ခမ်းသန်သူတစ်ဦး ဖြစ်သည်ကို သိရှိထားဟန်ရသဖြင့် သူနှင့် စကားပြောဆိုခြင်း မပြုတော့ဘဲ မုန့်ချီလော့ထံသို့သာ လှည့်ကြည့်လိုက်လေသည်။
“မင်းတစ်ယောက်တည်း တင်မကဘူး၊ ငါတို့ မြူနှင်းဂိုဏ်းရဲ့ သစ္စာဖောက်ကိုပါ တစ်ပါတည်း ရှင်းလင်းရလိမ့်မယ်” မုန့်အန်သည် မုန့်ချီလော့ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံတွင် ဆောင်းရာသီ၏ အအေးဓာတ်ကဲ့သို့ အေးစက်ခြင်းများ ပြည့်နှက်နေချေတော့သည်။