အခန်း ၈၆၈
Vol. 42 Ch. 868
အခန်း(၈၆၈)
“သစ္စာဖောက် ဟုတ်လား။” ချင်ယွမ်ဖုန်းက နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်ပြီးလျှင် “မုန့်ချီလော့ဟာ မင်းတို့ မြူနှင်းဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တားမြစ်နယ်မြေထဲကို ဝင်ရောက်ခဲ့တာ ဖြစ်သလို ဘေးအန္တရာယ်ကင်းကင်းနဲ့လည်း ပြန်ထွက်လာနိုင်ခဲ့ပြီ။ သူမဟာ မင်းတို့ မြူနှင်းဂိုဏ်းကနေလည်း အပြီးအပိုင် ထွက်ခွာခဲ့ပြီးပြီပဲ။ သူမကို ဘယ်လိုနည်းနဲ့ သစ္စာဖောက်လို့ သတ်မှတ်နိုင်ဦးမှာလဲ။” ဟု ဆိုချေသည်။
မုန့်ချီလော့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာပေးမျိုး ရှိနေချေသည်။
သူမသည် ယခင်က မြူနှင်းဂိုဏ်းအပေါ် သံယောဇဉ် တွယ်တာမှု ရှိခဲ့ဖူးသော်လည်း ချင်ယွမ်ဖုန်းနှင့် ပတ်သက်သည့် အကြောင်းကိစ္စများ ဖြစ်ပွားပြီးနောက်တွင်လည်းကောင်း၊ တားမြစ်နယ်မြေမှ ထွက်ခွာလာပြီးနောက် မြူနှင်းဂိုဏ်း၏ လိုက်လံလုပ်ကြံခြင်းကို ခံခဲ့ရသည့် အချက်ကြောင့်လည်းကောင်း မြူနှင်းဂိုဏ်းအပေါ် ထားရှိသော သူမ၏ သံယောဇဉ်တို့သည် လျင်မြန်စွာပင် လွင့်ပြယ် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပေ၏။
“ဟင်း၊ မင်းက အဲဒီလောက်လွယ်လွယ်နဲ့ ကျေးဇူးကြွေးကို ဆပ်လို့ရမယ် ထင်နေတာလား။ သိပ်ကို နုနယ်လွန်းသေးတာပဲ။ မင်းတို့ ငါတို့ မြူနှင်းဂိုဏ်းအပေါ် အကြွေးတင်နေတဲ့အရာဟာ ဘဝပေါင်းများစွာ ဆပ်ရင်တောင် ဘယ်တော့မှ ကျေနိုင်မှာမဟုတ်ဘူး။” ဟု အကြီးအကဲ မုန့်အန်က အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
“အရှက်မရှိလိုက်တာ။” ချင်ယွမ်ဖုန်းက မုန့်အန်ရှိရာသို့ တံတွေးထွေးလျက် ဆဲရေးလိုက်ပြီးလျှင် “ဂုဏ်သရေရှိတဲ့ မြူနှင်းဂိုဏ်းကြီးက ဒီလောက်တောင် အရှက်မရှိတာပါလား။ မင်းတို့ မြူနှင်းဂိုဏ်းထဲ ဝင်လိုက်တာနဲ့ တစ်သက်ပတ်လုံး မင်းတို့ရဲ့ ကျွန်ဖြစ်သွားရမှာလား။” ဟု ပြောဆိုချေသည်။
“ဟွန်း၊ ဒါတွေက မင်းလိုကောင် ဆွေးနွေးရမယ့် ကိစ္စမဟုတ်ဘူး။ ဒီနေ့ မင်းတို့နှစ်ယောက်လုံးကို ငါ ဖမ်းဆီးခေါ်ဆောင်သွားပြီး လောကတစ်ခုလုံးရဲ့ ရှေ့မှောက်မှာ ကွပ်မျက်ပြရမယ်။ ဒါမှသာ မြူနှင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ စော်ကားလို့မရဘူးဆိုတာ လူတိုင်း သိသွားကြမှာ။”
“ကောင်းပြီလေ၊ ငါ့မှာသာ အစွမ်းရှိရင် မင်းတို့ မြူနှင်းဂိုဏ်းကို လောကကြီးမှာ ဆက်ပြီး ဘေးမုဒ်မပွားနိုင်အောင် အပြီးအပိုင် ဖျက်သိမ်းပစ်မှာ သေချာတယ်။” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
---
မုန့်အန်သည် မျက်ခုံးပင့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူမ၏ လက်ထဲ၌ သားရဲမြီးနှင်တံတစ်ချောင်း ပေါ်ပေါက်လာချေသည်။
ထိုနှင်တံ၏ အမွှေးအမျှင်များသည် အလွန်တရာ ရှည်လျားထူထပ်လှပြီး သာမန်နှင်တံများ၏ နုညံ့သော အမွှေးအမျှင်များနှင့် မတူဘဲ ထူးခြားနေသည်။ ယင်းက မည်သည့် သားရဲ၏ အမွှေးအမျှင်များဖြင့် ပြုလုပ်ထားသည်မသိရသော်လည်း မြွေငယ်လေးများကဲ့သို့ ဝိညာဉ်စွမ်းအားများ တဖျတ်ဖျတ် တောက်ပနေသည်ကို တွေ့ရပေသည်။
ချင်ယွမ်ဖုန်းသည် မုန့်ချီလော့ကို မိမိ၏ နောက်ကွယ်၌ အကာအကွယ်ပေးလျက် ကွယ်လိုက်ပြီး လက်ထဲ၌ ဒွမ်ကျန့်ဓားရှည်ကို ထုတ်ယူ လိုက်ချေသည်။
“နောက်နားမှာ သွားစောင့်နေပါ။ ဒီမိန်းမအိုကြီးကို ရှင်းလင်းပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်သွားကြမယ်။” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
မုန့်ချီလော့က ခေါင်းညိတ်ပြလိုက်သော်လည်း နောက်ဆုံးတွင် မုန့်အန်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးမှသာ ဝေးရာသို့ ရှောင်တိမ်းသွားချေသည်။
ထိုတစ်ချက် မျှော်ကြည့်ပြီးနောက်တွင်မူ သူမနှင့် မြူနှင်းဂိုဏ်းအကြား၌ ပြန်လည်စေ့စပ်ရန် လမ်းစမရှိတော့ဘဲ ရန်သူများအဖြစ်သာ အမြဲတမ်း ရင်ဆိုင်ရတော့မည် ဖြစ်တန်၏။
---
“လောကဓာတ် မဟာအိပ်မက်။”
မုန့်အန်၏ ဆံပင်များသည် ဖရိုဖရဲ လွင့်ပျံနေသဖြင့် သူမအား ကြည့်ရသည်မှာ နတ်ကတော်တစ်ယောက်ကဲ့သို့ ဆန်းကြယ်သော အရှိန်အဝါမျိုး ပေါ်ထွက်နေချေသည်။
ဆန်းပြားသော စွမ်းအားတစ်ရပ်သည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာပြီး သူ၏ စိတ်အာရုံဆီသို့ စုစည်းသွားရာ သူ၏ အမြင်အာရုံများ ဝေဝါးလာရချေသည်။
“ဒါက... တံလျှပ်အိပ်မက် ပုံရိပ်ယောင်လား။” ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ပြူးကျယ်လျက် မြူနှင်းဂိုဏ်းက လူများသည် ပုံရိပ်ယောင် ပညာရပ်များ၌ ဤမျှအထိ ကျွမ်းကျင်လိမ္မာကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မြူနှင်းဂိုဏ်း ဟူသော အမည်နာမကို ကြားရုံမျှဖြင့်ပင် ပုံရိပ်ယောင် တံလျှပ်များနှင့် ဆက်စပ်နေသည်ကို သိရှိနိုင်ပေသည်။
မှန်ပေရာ၊ မုန့်အန်၏ ခြင်္သေ့ကောင် ညည်းတွားသံကဲ့သို့ တိုးညင်းသော အသံသည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲသို့ တိုးဝင်လာချေသည်။
“အိပ်ပျော်သွားစမ်း၊ မင်း သိပ်ကို ပင်ပန်းနေပြီ။ ငါ မင်းကို စိတ်အပန်းပြေအောင် ကူညီပေးမယ်...”
ချင်ယွမ်ဖုန်းသည် မူးဝေငိုက်မြည်းစွာဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း မတ်တတ်ရပ်လျက် အိပ်ပျော်နေသူတစ်ဦးကဲ့သို့ ယိမ်းထိုးလာချေသည်။
“ယွမ်ဖုန်း၊ သတိထားဦး။” မုန့်ချီလော့သည် အလွန်တရာ တုန်လှုပ်သွားရပြီး ချင်ယွမ်ဖုန်းက ထိုမျှလွယ်လွယ်ကူကူဖြင့် ပရိယာယ်ထဲသို့ ကျဆင်းသွားလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
မုန့်အန်က မုန့်ချီလော့ကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်၌ အေးစက်လှသော အပြုံးတစ်ချက် ပေါ်ပေါက်လာချေသည်။
မုန့်ချီလော့သည် ရှေ့သို့ တိုးဝင်ရန် အားထုတ်ခဲ့သော်လည်း မုန့်အန်၏ နောက်ကွယ်မှ ဘုရင်နယ်ပယ် ပထမအဆင့်ရှိသော အကြီးအကဲ နှစ်ဦးက သူမ၏ လမ်းကို ပိတ်ဆို့တားဆီးလိုက်ကြချေသည်။
မုန့်အန်သည် ချင်ယွမ်ဖုန်းရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားချေသည်။ သူမ၏ လက်ထဲမှ နှင်တံသည် သက်ရှိထင်ရှား ရှိလာသည့်အလား မြွေငယ်များကဲ့သို့ ခေါင်းထောင်လာကြသည်။
ထိုနှင်တံသည် ရုတ်တရက်ဆိုသလို ပိုက်ကွန်ကြီးတစ်ခု ဖြန့်ကြက်လိုက်သည့်အလား ရှေ့သို့ ဒိုင်းခနဲ ပစ်လွှတ်လိုက်ရာ အိပ်ပျော်နေဟန်ရှိပြီး မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်နိုင်သော ချင်ယွမ်ဖုန်းကို ချက်ချင်းပင် ရစ်ပတ်နှောင်ဖွဲ့လိုက်ချေသည်။
“ချင်ယွမ်ဖုန်း...” မုန့်ချီလော့သည် အလွန်တရာ စိုးရိမ်ပူပန်နေမိသော်လည်း သူမသည် ဘိုးဘေးနယ်ပယ် နဝမအဆင့်မျှသာ ရှိသေးသဖြင့် ဘုရင်နယ်ပယ် ပထမအဆင့် ပညာရှင်နှစ်ဦး၏ တားဆီးမှုကို အမှန်တကယ်ပင် ရုန်းထွက်နိုင်ခြင်း မရှိချေ။
“ဟင်း၊ ဂိုဏ်းချုပ်ကိုယ်တိုင် ငါ့ကို ဒီနေရာကို စေလွှတ်ခဲ့တာ။ ငါကတော့ သူ့ကို လက်တစ်ချောင်းတောင် မချီဘဲ ရှင်းနိုင်တယ်လို့ ပြောခဲ့တာပေါ့။ ကြည့်ရတာ ငါက မင်းကို သိပ်အထင်ကြီးခဲ့မိတာပဲ ချင်ယွမ်ဖုန်း။ မင်း ဂုဏ်သတင်းကျော်စောခဲ့တာ ဒီလောက်ကြာပြီဆိုတော့ မင်းရဲ့ ဘဝဟာ တန်ဖိုးရှိလှပါပြီ။”
မုန့်အန်က အေးစက်စွာ ဆိုရင်း သူ၏ ကိုယ်တွင်းစွမ်းအားများကို လက်ထဲမှ နှင်တံအတွင်းသို့ ထည့်သွင်းလိုက်ရာ နှင်တံ၏ ထိပ်ဖျားများသည် ရုတ်တရက်ဆိုသလို သံမှိုများကဲ့သို့ အလွန်တရာ ထက်မြက်လာပြီး ချင်ယွမ်ဖုန်း၏ ကျောပြင်ဆီသို့ ထိုးစိုက်ချလိုက်ချေသည်။
---
လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်သွားပြီး နန်းတော်၏ မြင့်မားသော တံတိုင်းများကို ဖြတ်သန်းသွားရာတွင် လူတစ်ယောက် ငိုရှိုင်းနေသံနှင့် တူလှပေသည်။ ယခင်က ကြည်လင်နေသော ကောင်းကင်ယံသည်လည်း ရုတ်တရက် မှောင်မိုက်သွားရချေသည်။
မုန့်အန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမသည် သွေးများ ပန်းထွက်သွားမည့် မြင်ကွင်းကို စိတ်ကူးဖြင့် မြင်ယောင်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက်ဆိုသလို မဟူရာ လင်းနို့တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး နှင်တံ၏ ချည်နှောင်မှုများထဲမှ ရုန်းထွက်သွားချေသည်။
“ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ရတာလဲ။” မုန့်အန်သည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။
“ငါသာ မင်းရဲ့ တံလျှပ်အိပ်မက်ထဲကို ကျဆင်းမသွားခဲ့ရင် မင်းနားကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုချဉ်းကပ်နိုင်မှာလဲ။” ချင်ယွမ်ဖုန်း၏ အသံသည် မုန့်အန်၏ နားစည်နား၌ ရုတ်တရက် မြည်ဟိန်းသွားပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်းပင် ပြန်လည် စုစည်းပေါ်ပေါက်လာချေသည်။
ချင်ယွမ်ဖုန်း၏ ယခင် ပုံရိပ်ယောင်သည် မုန့်အန်အနားသို့ ချဉ်းကပ်နိုင်ရန်အတွက် ဟန်ဆောင်ပန်ဆောင် လုပ်ဆောင်ခဲ့ခြင်းမျှသာ ဖြစ်ပေသည်။
သူ၏ လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ လှုပ်ရှားမှုသည် အလွန်တရာ လျင်မြန်လှသဖြင့် အရိပ်တစ်ခုသာ ကျန်ရစ်ပြီး မုန့်အန်၏ မျက်ခုံးအလယ်ဗဟိုဆီသို့ ပြင်းထန်စွာ ချိန်ရွယ်လိုက်ချေသည်။ သူ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားများသည်လည်း အသင့်ဖြစ်နေပြီ ဖြစ်ပေ၏။
သို့သော်လည်း ထိုအချိန်၌ မုန့်အန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ စိမ်းပြာရောင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာပြီး လက်ထဲမှ နှင်တံသည်လည်း တစ်ဖန် ပြန်လည်လှုပ်ရှားကာ ချင်ယွမ်ဖုန်း၏ လက်မောင်းကို ချက်ချင်းပင် ရစ်ပတ်လိုက်ချေသည်။
ချင်ယွမ်ဖုန်း၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားရသဖြင့် မုန့်အန်သည် ဤအခွင့်အရေးကို အသုံးပြု၍ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ သို့သော်လည်း သူမ၏ အခြားလက်တစ်ဖက်၏ လက်ဝါးထဲမှ လက်ညှိုးမျှသာ ရှည်လျားသော ဓားမြှောင်ငယ်တစ်စင်း ပေါ်ထွက်လာပြီး ချင်ယွမ်ဖုန်း၏ နှလုံးသားဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်လိုက်ချေသည်။
“ဟွန်း၊ တုံ့ပြန်မှု မြန်သားပဲ။”
တိုက်ခိုက်မှု မအောင်မြင်ခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် စိတ်ဓာတ်ကျဆင်းမသွားပေ။ စနစ်၏ မြှင့်တင်ပေးမှုများကြောင့် ယခုအခါ ချင်ယွမ်ဖုန်းသည် နတ်ဘုရားတစ်ပိုင်းအဆင့် အောက်ရှိ မည်သူ့ကိုမဆို ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်ပေသည်။
သူ၏ လက်မောင်းပေါ်၌ ခရမ်းရောင်မီးလျှံများ ရုတ်တရက် ပေါ်ပေါက်လာပြီး နှင်တံ၏ အမွှေးအမျှင်များကို ချက်ချင်းပင် လောင်ကျွမ်းပြာချပစ်လိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်ဖန် တိုးဝင်လိုက်ပြီး မိမိ၏ ဒွမ်ကျန့်ဓားရှည်ကို ဝှေ့ယမ်းလျက် ပြင်းထန်သော မီးလျှံစွမ်းအင်များကို ထုတ်လွှတ်လိုက်ချေသည်။
ထိုပျံလွှားဓားမြှောင်သည် ချင်ယွမ်ဖုန်း၏ ခုတ်ချက်ကြောင့် လွင့်စင်သွားရပြီး သူသည် မုန့်အန်နောက်သို့ ကပ်လျက် လိုက်ပါသွားရာ သူ၏ လက်ညှိုးသည် မုန့်အန်၏ မျက်ခုံးအကြား၌ ဆဲဆဲမျှသာ လိုတော့ချေသည်။
“သေချင်နေတာပဲ။”
ဒေါသအမျက်ချောင်းချောင်း ထွက်သွားသော မုန့်အန်သည် သူမ၏ နှင်တံကို ချင်ယွမ်ဖုန်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်သော စွမ်းအားများဖြင့် လွှဲရိုက်လိုက်ရာ ထောင်သောင်းချီသော ဓားသွားငယ်များကဲ့သို့ ဖြစ်နေချေသည်။
ထိုနှင်တံသည် ချင်ယွမ်ဖုန်း၏ ရင်ဘတ်ပေါ်၌ ရာနှင့်ချီသော ဒဏ်ရာငယ်များကို ထင်ကျန်ရစ်စေခဲ့သော်လည်း ဒဏ်ရာတစ်ခုချင်းစီသည် ချင်ယွမ်ဖုန်း၏ အရေပြားကိုသာ အနည်းငယ် ပွန်းပဲ့စေနိုင်ပြီး သွေးအနည်းငယ်သာ စိမ့်ထွက်လာစေချေသည်။
အကြောင်းမူကား ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ယခုအခါ ဘုရင်နယ်ပယ် နဝမအဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်၏။။
သူသည် ရင်ဘတ်မှ ဒဏ်ရာကို ဂရုမစိုက်ဘဲ ရှေ့သို့ ထပ်မံ ကိုင်းညွတ်ဝင်ရောက်သွားပြီး သူ၏ ကြီးမားလှသော စွမ်းအင်များသည် ဖြန်းခနဲ မြည်ဟိန်းနေသည့် ရွှေရောင် လျှပ်စီးအလင်းတန်းများနှင့်အတူ သူ့ကို ဝန်းရံသွားချေသည်။
မုန့်အန်သည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမသည် ယခုလေးတင်ကပင် မိမိရှေ့ရှိ ချင်ယွမ်ဖုန်းကို အထင်သေးမိခဲ့ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း တစ်နှစ်တာ ကာလမျှအတွင်း၌ ချင်ယွမ်ဖုန်းသည် ဘိုးဘေးနယ်ပယ်မှသည် ဘုရင်နယ်ပယ် သတ္တမအဆင့်ရှိသူပင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် အဆင့်အထိ တိုးတက်လာလိမ့်မည်ဟု မည်သူမျှ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။
“ဒါ... ဒါဟာ လူသားတစ်ယောက် ဟုတ်ရဲ့လား။” မုန့်အန်က တိုးညင်းစွာ ရေရွတ်လိုက်မိချေသည်။
သို့သော်လည်း သူမသည် လက်လျှော့ခြင်းမရှိဘဲ မိမိ၏ ကိုယ်တွင်းစွမ်းအင်များကို အသည်းအသန် လှုံ့ဆော်လိုက်ရာ ကောင်းကင်ယံ၌ အလင်းတန်းများ ဖြာထွက်နေသော စာအုပ်တစ်အုပ်သည် ဖြည်းညင်းစွာပင် ပေါ်ပေါက်လာချေတော့သည်။