အခန်း ၈၇၁
Vol. 42 Ch. 871
အခန်း(၈၇၁) ပိုင်ယွဲ့ကန်
ချင်ယွမ်ဖုန်း၏ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ် အဆင့်မြှင့်တင်ပြီးသည့် နောက်၌ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ မည်သည့်အစီအရင်မျှ ယင်းအား မတားဆီးနိုင်တော့ချေ။
ထိုက်ရှီဂိုဏ်း၏ အပြင်ဘက်ရှိ အစီအရင်သည် အလွန်တရာ ဆန်းကြယ်လှသော်လည်း ချင်ယွမ်ဖုန်း၏ ပေါင်းစပ်ခြင်း စွမ်းအကိုမူ ဆီးတားနိုင်စွမ်း မရှိခဲ့ပေ။
မကြာမီအချိန်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ထိုက်ရှီဂိုဏ်း၏ အတွင်းဘက်သို့ ရောက်ရှိသွားပြီး အစီအရင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
အစီအရင်၏ အတွင်းဘက်၌ စိမ်းလန်းစိုပြည်သော မြက်ခင်းများ ဖုံးလွှမ်းနေသည့် ကျွန်းငယ်တစ်ကျွန်း ရှိနေပြီး လွန်စွာ အေးချမ်းဆိတ်ငြိမ်လှပေရာ ထိုသို့သော မြင်ကွင်းသည် စိတ်နှလုံးကို ကြည်နူးစေ၏။
သို့ရာတွင် ထိုအစီအရင်အတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်သည်။ သူသည် အာရုံစိုက်၍ နားစွင့်ကြည့်သော်လည်း အပြင်ဘက်မှ လှိုင်းတံပိုး ရိုက်ခတ်သံကိုပင် မကြားရချေ။
"ဒီအစီအရင်က အသံလုံတာလား..."
ချင်ယွမ်ဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် မိမိ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှင့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ချင်ယွမ်ဖုန်း... ထိုက်ရှီဂိုဏ်းကို လာရောက်လည်ပတ်ပါတယ်..."
အသံသည် ကျွန်းငယ်တစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့ရာ ယခုတစ်ကြိမ်တွင်မူ လူအချို့ ကြားသွားခဲ့ကြချေပြီ။
ထိုအခါ လူရိပ်အချို့သည် သူ၏ရှေ့မှောက်သို့ အပြေးအလွှား ရောက်ရှိလာကြသည်ကို ချင်ယွမ်ဖုန်း မြင်တွေ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်စွမ်းအားအရ ကျွန်းပေါ်၌ လူပေါင်းများစွာ ရှိနေသည်ကိုလည်း သိရှိလိုက်ရ၏။
ဤနေရာတွင် နေထိုင်ကြသူများသည် လွန်စွာ အေးအေးလူလူ ရှိကြပုံရသည်။ အချို့က သစ်ပင်ရိပ်အောက်၌ စက်ရင်္ကြန်ကစားနေကြပြီး အချို့က ကောက်ရိုးဖျာပေါ်တွင် စာဖတ်နေကြကာ အချို့မှာမူ သက်ငယ်မိုး တဲအိမ်ကလေးများထဲ၌ နှစ်ခြိုက်စွာ အိပ်မောကျနေကြလေသည်။
ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် သက်ငယ်မိုး တဲအိမ်တစ်ခုအတွင်းသို့ အာရုံခံမိလိုက်သည့် ခဏ၌ အထဲတွင် အိပ်ပျော်နေသော လူသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ရာ ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်စွမ်းအားများ ဒီရေကဲ့သို့ နောက်ပြန်ဆုတ်သွားသည်ကို ခံစားလိုက်ရသည်။
မိမိ၏ အလိုဆန္ဒကို ဆန့်ကျင်၍ ဝိညာဉ်စွမ်းအားများ အတင်းအကျပ် အနှင်ထုတ်ခံရသည့် ထိုသို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ချေသည်။
"မင်းက ဘယ်သူလဲ... ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ..."
ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာသော အုပ်စုက မေးမြန်းလိုက်ကြသည်။
ချင်ယွမ်ဖုန်းသည် လက်နှစ်ဖက်ကို ပူးယှက်၍ ဂါရဝပြုကာ ဆို၏။
"ကျုပ်နာမည် ချင်ယွမ်ဖုန်းလို့ ခေါ်ပါတယ်... ထိုက်ရှီဂိုဏ်းကို လာရောက်လည်ပတ်တာပါ... အစီအရင်အပြင်ကနေ အကြာကြီး ခေါ်ခဲ့ပေမဲ့ ဘယ်သူမှ မထူးတာနဲ့ အတင်းဝင်လာခဲ့မိတာပါ.."
"လျှောက်ပြောနေတာပဲ... ငါတို့ရဲ့ အစီအရင်က ဘယ်လောက် ဆန်းကြယ်လဲဆိုတာ မင်းသိရဲ့လား... မင်းလိုကောင်က ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ..."
ထိုက်ရှီဂိုဏ်းမှ တပည့်တစ်ဦးက နှာခေါင်းရှုံ့၍ လှောင်ပြောင်လေသည်။
ချင်ယွမ်ဖုန်းက ထိုက်ရှီဂိုဏ်း တပည့်များအား ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ပျင်းရိငြီးငွေ့ဖွယ် အသံတစ်သံ ရုတ်တရက် ပျံ့လွင့်လာခဲ့၏။
"သခင်လေးချင်ကို အထဲဝင်ခွင့်ပေးလိုက်ပါ..."
ထိုက်ရှီဂိုဏ်းမှ တပည့်အချို့သည် ချက်ချင်းပင် ဦးညွှတ်လိုက်ကြပြီး နာခံမှုရှိစွာ ပြောဆိုကြသည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."
"ဂိုဏ်းချုပ် ဟုတ်လား..."
ချင်ယွမ်ဖုန်းသည် မျက်ခုံးကို ပင့်လိုက်မိသည်။ ဂိုဏ်းချုပ်ကိုယ်တိုင်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း ထိုက်ရှီဂိုဏ်း၌ လူအနည်းငယ်သာ ရှိသော်လည်း မည်သူမဆို ကိုယ်တွင်းစွမ်းအားများကို ထိန်းချုပ်ထားနိုင်ကြသူများ ဖြစ်ကြပေရာ ယင်းတို့သည် ထူးချွန်ထက်မြက်သူများ ဖြစ်ကြကြောင်း သူ ရိပ်မိလိုက်သည်။
"ငါတို့နောက်ကို လိုက်ခဲ့ပါ..."
ဦးဆောင်လာသည့် တပည့်က ဆို၏။
ချင်ယွမ်ဖုန်းသည် ယင်းတို့၏ နောက်မှ လိုက်ပါသွားရင်း ဝါးတောကို ဖြတ်ကျော်ကာ သူ အစောပိုင်းက ဝိညာဉ်စွမ်းအားဖြင့် စမ်းသပ်ခဲ့သည့် သက်ငယ်မိုး တဲအိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ဂိုဏ်းချုပ် ဖြစ်နေတာကိုး... အံ့ဩစရာမရှိပါဘူး... ဒီလောက်တောင် အစွမ်းထက်နေတာ..."
ချင်ယွမ်ဖုန်းသည် မိမိဘာသာ ရေရွတ်လိုက်မိ၏။
"ဟားဟား... သခင်လေးချင် ရောက်လာတာ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ..."
တဲအိမ်အတွင်းမှ လူသည် ပြုံးရွှင်သော မျက်နှာဖြင့် ထွက်လာခဲ့သည်။
ထိုလူသည် ချင်ယွမ်ဖုန်း အစောပိုင်းက ဝိညာဉ်စွမ်းအားဖြင့် အာရုံခံမိခဲ့သည့် လူပင် ဖြစ်ချေသည်။ သူသည် အသက်သုံးဆယ်ဝန်းကျင်ခန့်သာ ရှိသေးပြီး သာမန် လယ်သမားတစ်ဦးနှင့် တူလှ၏။
ထို့အပြင် သူ၏ရှေ့မှောက်ရှိ လူသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချင်ယွမ်ဖုန်း အသေအချာ ပြောနိုင်ပေသည်။
"နှုတ်ခွန်းဆက်ပါတယ် ဂိုဏ်းချုပ်... ကျုပ်အကြောင်းကို ကြားဖူးလို့လား."
ချင်ယွမ်ဖုန်းက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ဆို၏။
"ဒါပေါ့... ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာ သခင်လေးချင်ရဲ့ သတင်းတွေက အများကြီးပဲလေ... မသိဘဲ နေပါ့မလား..."
"တကယ်ပဲ အဲ့လောက်တောင် ဟိုးဟိုးကျော်နေတာလား..."
အနားတွင် ရပ်နေသည့် ထိုက်ရှီဂိုဏ်း တပည့် ရှို့ကျဲက တိုးတိုးလေး ညည်းတွားလိုက်သည်။
"ရှို့ကျဲ... မရိုမသေ မလုပ်နဲ့..." ဂိုဏ်းချုပ်က သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြော၏။
"သခင်လေးချင်... စိတ်ထဲမထားပါနဲ့... ငါတို့ ထိုက်ရှီဂိုဏ်းသားတွေက အပြင်ကို သိပ်မထွက်ကြတော့ လောကကြီးနဲ့ နည်းနည်း အဆက်အသွယ် ပြတ်နေတာပါ..."
"ဪ... ကိစ္စမရှိပါဘူး.. ဒါတွေက အပေါ်ယံ နာမည်တွေပဲဟာ... စိတ်ထဲထားမနေပါနဲ့..."
ချင်ယွမ်ဖုန်းက အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။
သူသည် ချင်ယွင်မျှော်စင်ကို တိုက်ခိုက်ခဲ့သည့် တရားခံနှင့် ပတ်သက်သော သဲလွန်စများကို လာရောက်စုံစမ်းခြင်း ဖြစ်သော်လည်း ထိုက်ရှီဂိုဏ်းချုပ်ကို မြင်တွေ့ရသည့်အခါတွင်မူ ယင်းတို့ဂိုဏ်းကို စာရင်းထဲမှ ပယ်ဖျက်လိုက်နိုင်ချေပြီ။
အကြောင်းမူကား လောကီရေးရာများကို စိတ်မဝင်စားသည့် ထိုသို့သော ဂိုဏ်းမျိုးက အင်အားစုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းလိမ့်မည် မဟုတ်ပေရာ ဖြစ်တန်ရာအကြောင်း မရှိသောကြောင့်ပင်။
"မဟုတ်ဘူး... ငါစိတ်ဝင်စားတာက သခင်လေးချင် လုပ်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ဘူး... မင်းက ကျိမိသားစုရဲ့ သွေးမျိုးဆက်ပဲ... လေးစားမှုနဲ့ ထိုက်တန်ပါတယ်..."
ထိုက်ရှီဂိုဏ်းချုပ်က တည်ငြိမ်စွာ ဆိုလိုက်၏။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည် ကျိမိသားစု၏ သွေးမျိုးဆက်ဖြစ်ကြောင်း သိသူမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှပေရာ သူ၏ရှေ့မှောက်ရှိ ထိုက်ရှီဂိုဏ်းချုပ်သည် စကားတစ်ခွန်းတည်းဖြင့် ယင်းကို ထိုးထွင်းသိမြင်သွားခဲ့ချေပြီ။
"အံ့ဩမနေပါနဲ့... ငါက မင်းရဲ့ အဖေနဲ့ တစ်ကြိမ် ဆုံတွေ့ဖူးတဲ့ ဂုဏ်ယူစရာ အခွင့်အရေး ရခဲ့လို့ပါ... ဪ... ဒါနဲ့ ငါ့နာမည်က ပိုင်ယွဲ့ကန် လို့ ခေါ်ပါတယ်... မင်းရဲ့အဖေက ငါ့ကို မှတ်မိဦးမလားတော့ မသိဘူးနော်..."
ထိုက်ရှီဂိုဏ်းချုပ်က ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ ထိုလူသည် ကျိရှန့်၏ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်နေသည်ကိုး။
"ကျိမိသားစု ဟုတ်လား... အဲ့ဒါက အင်မတန် ကျော်ကြားတဲ့ မိသားစုမလို့လား..."
ဘေးမှ ရှို့ကျဲက ဝင်ရောက်မေးမြန်းပြန်သည်။
ပိုင်ယွဲ့ကန်က သက်ပြင်းချကာ ရှင်းပြ၏။
"ကျိမိသားစု ဆိုတာ ရှန်းဝူ စကြဝဠာ တိုက်ကြီးရဲ့ အစောင့်အရှောက်တွေပဲကွ... သူတို့တွေက ငါတို့မသိတဲ့ နေရာတွေမှာ တိုက်ပွဲဝင်နေကြတာ... ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်က လူတိုင်းရဲ့ လေးစားမှုကို ခံယူထိုက်တဲ့သူတွေပဲ..."
ရှို့ကျဲသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ဂိုဏ်းချုပ်သည် လိမ်ညာမည့်သူ မဟုတ်ကြောင်း သိထားပေရာ ချင်ယွမ်ဖုန်းအပေါ် ထားရှိသည့် သူ၏ သဘောထားသည် ချက်ချင်းပင် ပြောင်းလဲတိုးတက်သွားခဲ့ချေပြီ။
ယင်းသည် အစောင့်အရှောက် မိသားစုအကြောင်းကို မည်သို့မျှ မသိရှိသော်လည်း ဖြစ်၏။
ချင်ယွမ်ဖုန်းသည် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ မိမိတို့ အစောင့်အရှောက် မိသားစု၏ ပေးဆပ်မှုများကို သတိရပေးမည့်သူ ရှိနေသေးသည်ဟူသော အချက်ကပင် လုံလောက်လှချေပြီ။
"ဂိုဏ်းချုပ်ပိုင်... ကျုပ် ကိစ္စတစ်ခုလောက် မေးပါရစေ..."
ချင်ယွမ်ဖုန်းက ဆို၏။
ပိုင်ယွဲ့ကန်က ခေါင်းညိတ်လျက် တုံ့ပြန်သည်။
"မင်း ချင်ယွင်မျှော်စင် ပျက်စီးသွားတဲ့ ကိစ္စကို ပြောတာမလား... တောင်းပန်ပါတယ်... ငါတို့ အဲ့ဒီအကြောင်းကို ဘာမှမသိသလို ဘယ်သူလုပ်လဲဆိုတာလည်း မသိဘူး... ပြီးတော့ ငါ အာမခံရဲတယ်... ထိုက်ရှီဂိုဏ်းမှာ ဒါမျိုးလုပ်နိုင်တာ ငါတစ်ယောက်ပဲ ရှိတယ်..."
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သေချာရေရာသော အဖြေကို ရရှိခဲ့သော်လည်း စိတ်ပျက်မိသည်ကတော့ အမှန်ပင်။
ထို့အပြင် ပိုင်ယွဲ့ကန်၏ ပြောကြားချက်အရ ယင်းတို့ ထိုက်ရှီဂိုဏ်းသည် အပြင်သို့ သိပ်မထွက်သော်လည်း ပြင်ပလောကမှ ကြီးမားသော ဖြစ်ရပ်များကိုမူ သိရှိနေကြကြောင်း သိရသည်။
"ဒါဆိုရင်တော့ ကျုပ် နှောင့်ယှက်မိပါပြီ..."
ချင်ယွမ်ဖုန်းသည် လက်နှစ်ဖက်ကို ပူးယှက်၍ နှုတ်ဆက်လိုက်သည်။
"တခြား သန့်ရှင်းတဲ့ နယ်မြေတွေကိုရော ဆက်သွားဦးမှာလား..."
ပိုင်ယွဲ့ကန်က ရုတ်တရက် မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ ဆိုသည်။
"ဟုတ်ပါတယ်... ကျုပ် ကိုယ်တိုင်သွားပြီး အတည်ပြုချင်သေးတယ်... ဘာလို့လဲဆိုတော့ ကျုပ်မှာ အဲ့ဒီလူသတ်သမားကို မဖြစ်မနေ ရှာရမယ့် အကြောင်းပြချက် ရှိနေလို့ပါ..."
ပိုင်ယွဲ့ကန်က ခေါင်းညိတ်လိုက်ပြီးနောက် ဆို၏။
"ငါ မင်းကို မကူညီနိုင်ပေမဲ့ အကြံတစ်ခုတော့ ပေးချင်တယ်... ယမမင်းရဲ့ သခင်ကို သတိထားပါ..."
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိပြီး ဇဝေဇဝါ ဖြစ်သွားရသည်။ ပိုင်ယွဲ့ကန်သည် မိမိအား တစ်စုံတစ်ခုကို သတိပေးရန် ကြိုးစားနေခြင်း ဖြစ်တန်ရာသလော။
"ဒါက ငါ့ရဲ့ ကိုယ်ပိုင်အကြံပြုချက် သက်သက်ပါပဲ..." ပိုင်ယွဲ့ကန်က ပြုံးလျက် ဆက်ပြော၏။ "ယမမင်းရဲ့ သခင်ဆိုတာ သန့်ရှင်းတဲ့ နယ်မြေအားလုံးအတွက် အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့သူမလို့ မင်းအနေနဲ့ သတိထားတာ အကောင်းဆုံးပဲ..."
ချင်ယွမ်ဖုန်းက လက်ပူးယှက်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ပိုင်... ကျုပ် သွားခွင့်ပြုပါဦး..."
"ထမင်းစားဦးမလို့လား..."
ပိုင်ယွဲ့ကန်က ပြုံး၍ မေး၏။
"နောက်မှပဲ စားပါတော့မယ်..."
---
မကြာမီအချိန်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ထိုက်ရှီဂိုဏ်းမှ ထွက်ခွာခဲ့ပြီး ရန်ချီနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏ နောက်ထပ် ပစ်မှတ်မှာ အကောင်းအဆိုး ဒွန်တွဲနေသည့် သန့်ရှင်းသော နယ်မြေတစ်ခုဖြစ်သော ဝူးကျိဂိုဏ်း ပင် ဖြစ်ချေသည်။
ဟယ်ဟွမ်းဂိုဏ်း ကဲ့သို့ပင် ထိုသို့သော သန့်ရှင်းသည့် နယ်မြေကို လောကသားတို့က သိပ်ပြီး အထင်ကြီးလေးစားလေ့ မရှိကြပေ။ ထိုနေရာမှ လူများသည် မိမိတို့၏ စိတ်အလိုအတိုင်းသာ လုပ်ဆောင်လေ့ရှိကြပြီး တစ်ခါတစ်ရံတွင် မဆင်မခြင် ဖြစ်ရပ်များကိုပင် လုပ်ဆောင်တတ်ကြသည်။
သန့်ရှင်းသော နယ်မြေများထဲတွင် ချင်ယွမ်ဖုန်း အသံသယအဝင်ဆုံးအဖွဲ့မှာ ဟယ်ဟွမ်းဂိုဏ်းနှင့် ဝူးကျိဂိုဏ်း တို့ပင် ဖြစ်ကြချေသည်။
ရန်ချီနိုင်ငံမှတစ်ဆင့် ချင်ယွမ်ဖုန်းသည် ချီဖုန်းချောက်ကမ္ဘာ ရှိ စိန်ခေါ်ရာမြို့တော် သို့ နေရာပြောင်းအစီအရင်ဖြင့် တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီးနောက် စိန်ခေါ်ရာမြို့တော်မှ မြောက်ဘက် ပင်လယ်ပြင်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားခဲ့တော့သည်။