← Chapters

အခန်း ၈၇၃

Vol. 42 Ch. 873

အခန်း ၈၇၃

Vol. 42 Ch. 873

အခန်း(၈၇၃)

ထိုနှစ်ယောက်သည် ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိလာသောအခါ ကျွန်းသူကျွန်းသားတို့သည် ချင်ယွမ်ဖုန်းအား အံ့ဩတကြီး ကြည့်ရှုကြချေသည်။

ရှာဟောက်ယုံက ယင်းကို ရိပ်မိသဖြင့် "မင်း အထူးအဆန်း ဖြစ်မနေပါနဲ့၊ ဒီကျွန်းကို အရင်က ရောက်လာတဲ့လူတွေက ငါနဲ့ တိုက်ခိုက်ကြလို့ အရှိုက်ထိပြီး ဒဏ်ရာဗရပွနဲ့ ပြန်သွားကြတာချည်းပဲ၊ မင်းကတော့ ဘာဒဏ်ရာမှ မရဘဲ ပြန်လာနိုင်တာ မြင်တော့ သူတို့ အံ့ဩကုန်ကြတာပေါ့" ဟု ရှင်းပြလေသည်။

"အဲ့ကြောင့်ကိုး" ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်မိရင်း ဤကျွန်းပေါ်ရှိ လူများသည် အလွန်တရာ ထူးဆန်းလှသည်ဟု ပို၍ ခံစားလာရတော့သည်။

"ဒါနဲ့ မင်းတို့က ထင်ရှားလှတဲ့ သန့်ရှင်းသော နယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ ဝူးကျိဂိုဏ်းသားတွေ ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီလို အလုပ်တွေကို လုပ်နေကြတာလဲ" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

"ဒီအလုပ်တွေကို မလုပ်ရင် ငါတို့က ဘာလုပ်နေရမှာလဲ" ဟု ရှာဟောက်ယုံက ပြန်လည်ချေပ၏။

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စကားအမ်းသွားရချေသည်။

မှန်ပေသည်၊ ဤအလုပ်များကို မလုပ်လျှင် အခြားမည်သည့်အရာကို လုပ်ရပါအံ့နည်း၊ တစ်နေ့လုံး အလုပ်မရှိ အကိုင်မရှိ အချိန်ဖြုန်းရင်း သေမည့်ရက်ကိုသာ ထိုင်စောင့်နေရမည်လော။

တစ်နည်းအားဖြင့်ဆိုသော် ထိုက်ရှီဂိုဏ်းနှင့် ဝူးကျိဂိုဏ်းတို့သည် ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်ကြပေရာ တစ်ဂိုဏ်းက အလွန်အားလပ်ပြီး အခြားတစ်ဂိုဏ်းကမူ အလွန်တရာ အလုပ်ရှုပ်လှသည် ဖြစ်တန်ရာ၏။

"ငါတို့ ဝူးကျိဂိုဏ်းက ကိုယ့်စိတ်အလိုအတိုင်း လွတ်လပ်စွာ နေထိုင်ခြင်းကို အဓိကထားတယ်၊ ငါးဖမ်းချင်ရင် ငါးဖမ်းမယ်၊ အိပ်ချင်ရင် အိပ်မယ်၊ ကိုယ်လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ဆောင်တာဟာ ငါတို့ ဝူးကျိဂိုဏ်းရဲ့ စစ်မှန်တဲ့ သဘာဝပဲ" ဟု ရှာဟောက်ယုံက ဆိုသည်။

ချင်ယွမ်ဖုန်းကလည်း ခေါင်းညိတ်ကာ "နားလည်ပါပြီ၊ ငါ ဗဟုသုတ တိုးပွားရပါတယ်" ဟု ဆိုလိုက်၏။

ဝူးကျိဂိုဏ်းနှင့် ထိုက်ရှီဂိုဏ်းတို့မှ လူများသည် စစ်မှန်သော လောကုတ္တရာ သဘာဝသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ရာ သန့်ရှင်းသော နယ်မြေကြီးခြောက်ခုထဲမှ တစ်ခုဖြစ်ရသည်မှာ အကြောင်းမဲ့မဟုတ်ပေ။

"ဒါနဲ့ မင်းက ငါတို့ဂိုဏ်းချုပ်ကို ဘာကိစ္စကြောင့် ရှာချင်ရတာလဲ" ဟု ရှာဟောက်ယုံက မေးသည်။

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် "အစ်ကိုရှာဟောက်၊ မင်း ချင်ယွင်မျှော်စင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမှုအကြောင်းကို သိသလား" ဟု မေးမြန်းလိုက်၏။

"ချင်ယွင်မျှော်စင် ဟုတ်လား၊ ငါ မှတ်မိသလိုလိုတော့ ရှိသားပဲ" ရှာဟောက်ယုံသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း "ဒါပေမဲ့ ငါတို့က ကုန်းမြေကြီးပေါ်ကို ပြန်လည်သွားရောက်ခဲတော့ အဲဒီအကြောင်းတွေကို အသေးစိတ် သိပ်မသိလှဘူး" ဟု ဆိုချေသည်။

"ဒီလိုကိုး၊ ဒါဆိုရင်တော့ ငါ့စိတ်ထဲက သံသယတွေ ပြေပျောက်သွားအောင် ဂိုဏ်းချုပ်ကိုပဲ တိုက်ရိုက် မေးမြန်းကြည့်တာ ပိုကောင်းလိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ပြောဆိုသည်။

"ရပါတယ်၊ တကယ်လို့ အဲဒီကိစ္စက ငါတို့ ဝူးကျိဂိုဏ်းကလူ လုပ်တာဆိုရင် သူ ဧကန်မုချ ဝန်ခံပါလိမ့်မယ်၊ ငါတို့က ကိုယ်ယုံကြည်ရာကိုပဲ လုပ်ကြတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လိမ်ညာလှည့်စားတာမျိုး ဘယ်တော့မှ မလုပ်ဘူး" ဟု ရှာဟောက်ယုံက ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ကာ ရှာဟောက်ယုံ၏နောက်မှ လိုက်ပါရင်း ကမ်းခြေရှိ အိမ်ငယ်လေးတစ်လုံးသို့ ရောက်ရှိလာခဲ့သည်။

---

ထိုအိမ်ငယ်လေး၏ ရှေ့တွင် အဘိုးအိုတစ်ဦးသည် သာမန်တံငါသည်တစ်ဦးကဲ့သို့ပင် ငါးဖမ်းပိုက်ကွန်ကို ဖာထေးနေချေသည်။

ချင်ယွမ်ဖုန်းသည် ထိုအဘိုးအိုကို မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းအိမ်သည် ရုတ်ချည်း ကျဉ်းမြောင်းသွားရတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤအဘိုးအိုသည် အံ့ဩဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားလှသည့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။

"ဂိုဏ်းချုပ်၊ တစ်ယောက်ယောက်က အဘိုးကို ရှာနေတယ်" ဟု ရှာဟောက်ယုံက အဘိုးအိုအား လှမ်း၍ အော်ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် တည်ငြိမ်စွာပင် ရှိနေပြီး အံ့ဩဟန် မပြပေ၊ အမှန်တော့ ဝူးကျိဂိုဏ်းသည် အလွန်တရာ ထူးဆန်းလှပေရာ သာမန်အဘိုးအို တံငါသည်တစ်ဦးက ဂိုဏ်းချုပ်ဖြစ်နေသည်မှာလည်း သဘာဝကျလှပေသည်။

"ကျွန်တော်နာမည်က ချင်ယွမ်ဖုန်းပါ၊ ချင်ယွင်မျှော်စင် အနုမြူမျှမကျန်အောင် ဖျက်ဆီးခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ရောက်လာတာပါ" ဟု ချင်ယွမ်ဖုန်းသည် ရှေ့သို့လှမ်းကာ ဝါရင့်ပညာရှင်ပီပီ ရိုသေစွာ ဂါရဝပြုရင်း ပြောဆိုလိုက်သည်။

အဘိုးအိုသည် အသာအယာ ရယ်မောကာ ခေါင်းညိတ်လျက် "မင်းအကြောင်းကို ငါ ကြားဖူးပါတယ်၊ အလားအလာရှိတဲ့ လူငယ်လေးပဲ၊ ဒါပေမဲ့ မင်း လူမှားရှာမိပြီ ထင်တယ်၊ ချင်ယွင်မျှော်စင်ရဲ့ အရေးကိစ္စတွေဟာ ငါတို့ ဝူးကျိဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူး" ဟု ဆိုချေသည်။

"မဟုတ်ဘူးပေါ့လား" ချင်ယွမ်ဖုန်းသည် စိတ်ပျက်သွားမိသဖြင့် သက်ပြင်းအသာချလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်ကာ "ငါလည်း ချင်ယွင်မျှော်စင်အကြောင်း ကြားမိပါတယ်၊ ဒါပေမဲ့ ငါ့ရဲ့ ဝူးကျိဂိုဏ်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ဆိုလို့ ငါတစ်ယောက်တည်း ရှိတာလေ၊ ငါကလည်း ငါးဖမ်းရတာနဲ့တင် အလုပ်ရှုပ်နေတော့ အဲဒီလိုကိစ္စတွေကို သွားလုပ်ဖို့ အချိန်မရှိပါဘူး" ဟု ရှင်းပြပေသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊ ဒါဆိုရင်တော့ ငါ ခွင့်ပြုပါဦး" ချင်ယွမ်ဖုန်းသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်၏။

"ဟေ့" ရှာဟောက်ယုံက ချင်ယွမ်ဖုန်းအား အလျင်အမြန် လှမ်းခေါ်ပြီး "ဒီလောက် အလောတကြီး မပြန်ပါနဲ့ဦး၊ ဒီည ငါတို့နဲ့အတူ ညစာစားပါဦးလား၊ ငါတို့ကျွန်းကရတဲ့ ငါးတွေက အရမ်းလတ်ဆတ်တယ်" ဟု ဖိတ်ခေါ်လေသည်။

ချင်ယွမ်ဖုန်းသည် ပြုံးလျက် ခေါင်းခါပြလိုက်သည်၊ အမှန်တော့ ယခုအချိန်တွင် သူသည် မည်သည့်အရာကိုမျှ စားချင်စိတ် မရှိပေ။

"နောက်မှပဲ စားပါတော့မယ် အစ်ကိုရှာဟောက်၊ အခုလောလောဆယ် ငါ တကယ် စားချင်စိတ် မရှိလို့ပါ" ဟု ချင်ယွမ်ဖုန်းက ပြောသည်။

"ကောင်းပါပြီ၊ ဒါဆိုရင် နောက်တစ်ခေါက်ကျမှ ငါ ကုန်းမြေကြီးပေါ်လာရင် မင်းကို လာရှာမယ်" ဟု ရှာဟောက်ယုံက သဘောကောင်းစွာ ဆို၏။

"ရပါတယ်" ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် အရာတစ်ခုကို သတိရသွားကာ မေးမြန်းလိုက်သည်။

"ဒါနဲ့ လီမင် လို့ခေါ်တဲ့လူကို သိကြလား"

"ဟဲဟဲ၊ မင်းက ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာရှိတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် အားလုံးကို တစ်ယောက်ချင်းစီ လိုက်မေးပြီး စုံစမ်းမလို့လား" ဟု အဘိုးအိုတံငါသည်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "မှန်ပါတယ်၊ ဒါဟာ ငါ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းအကြမ်းပဲလေ၊ တော်သေးတာက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေက သိပ်မများလို့ပါ" ဟု ဆို၏။

"ကောင်းပြီ၊ ဒါဆို ငါ မင်းကို ပြောပြမယ်၊ လီမင်က ငါ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ၊ သူက ဒီလိုအမှုကို လုပ်မယ့်လူမျိုး မဟုတ်ဘူးလို့ ငါထင်တယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင် သွားရောက်အတည်ပြုချင်တယ်ဆိုရင်တော့ သူ နေထိုင်တဲ့နေရာကို ငါ လမ်းညွှန်ပေးနိုင်ပါတယ်"

"တကယ်ကို ကျေးဇူးတင်ပါတယ် စီနီယာ" ချင်ယွမ်ဖုန်းသည် ဝမ်းသာအားရဖြင့် ဆိုလိုက်သည်။

အဘိုးအိုတံငါသည်က ခေါင်းခါယမ်းကာ "ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ငါတို့တွေ မကြာခင်မှာ ပြန်ဆုံကြဦးမယ်လို့ ငါ ခံစားနေရတယ်" ဟု ဆိုလေသည်။

ထိုသို့ပြောပြီးနောက် သူသည် ဝူးကျိဂိုဏ်းနှင့် သိပ်မဝေးလှသော နေရာတစ်ခု၏ တည်နေရာကို ချင်ယွမ်ဖုန်းအား ပေးအပ်လိုက်ရာ ချင်ယွမ်ဖုန်း၏ အရှိန်အဝါဖြင့် သွားရောက်ပါက နှစ်ရက်အတွင်း ရောက်ရှိနိုင်ပေသည်။

ထို့အပြင် သူသည် အခြားတည်နေရာတစ်ခုကိုလည်း ပေးအပ်ခဲ့သေးရာ ထိုနေရာတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး နှစ်ဦး ရှိနေပေသည်။

"ဒီ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး နှစ်ယောက်ရဲ့ အမည်က ဘာလဲဆိုတာ စီနီယာ ပြောပြနိုင်မလား" ဟု ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ယမမင်းအဖွဲ့၏ မှတ်တမ်းများအရ အဘိုးအိုနှစ်ဦးသည် အတူတကွ စတုရန်းကွက်ကျား ကစားလေ့ရှိသည်ဟု ပါရှိရာ ချင်ယွမ်ဖုန်းက ထိုနှစ်ယောက်ပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်ပေသည်။

"သူတို့ကို ပညာရှိအဘိုးအိုနဲ့ လူမိုက်အဘိုးအိုလို့ ခေါ်ကြတယ်" ဟု အဘိုးအိုတံငါသည်က ရယ်မောရင်း ပြောဆိုသည်။

ချင်ယွမ်ဖုန်းသည် သူ ယခင်က ဆုံတွေ့ခဲ့ဖူးသော စွမ်းအားကြီး ပညာရှင်တစ်ဦးကို ရုတ်တရက် သတိရသွားမိသည်၊ ထိုပညာရှင်သည် ယွီကုန်းအား နှစ်ပေါင်းနှစ်ရာတိုင်တိုင် နှောင့်ယှက်နေခဲ့သော ပြဿနာတစ်ခုကို ဖြေရှင်းရန် ကူညီပေးခဲ့ပြီး ချင်ယွမ်ဖုန်းအား ရှန်ကွမ်းရင်း ရှိရာသို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့ဖူးချေသည်။

ထိုအဘိုးအိုသည် အမှန်တကယ်ပင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ဦး ဖြစ်နေခဲ့သည်။

"အဲဒီ အဘိုးအိုနှစ်ယောက်ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး၊ သူတို့က များသောအားဖြင့် တွဲလျက်ပဲ လှုပ်ရှားတတ်ကြတာ၊ တကယ်လို့ ချင်ယွင်မျှော်စင်ကို ဖျက်ဆီးခဲ့တာက လူတစ်ယောက်တည်း ဆိုရင်တော့ သူတို့နှစ်ယောက် ဖြစ်နိုင်ချေ မရှိဘူး" ဟု အဘိုးအိုတံငါသည်က သုံးသပ်ပြပေသည်။

ချင်ယွမ်ဖုန်းသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းညိတ်ရင်း "စီနီယာကို အထူးပင် ကျေးဇူးတင်ရှိပါသည်" ဟု ဆိုလိုက်တော့သည်။

ထိုသို့ပြောပြီးနောက် ချင်ယွမ်ဖုန်းသည် ဝူးကျိဂိုဏ်းမှ ထွက်ခွာခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် လီမင် ရှိရာ တည်နေရာသို့ ဦးတည်ပဟြန်လှည့်ခဲ့ချေသည်။

နှစ်ရက်လွန်မြောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့သည်၊ ထိုကျွန်းသည် မြေရိုင်းပြင်ကြီးကဲ့သို့ အလွန်ပင် ခြောက်သွေ့ဆိတ်သုဉ်းလှပြီး အလယ်တွင် တောင်ကုန်းငယ်တစ်ခု ရှိကာ တောင်ခြေ၌ လိုဏ်ဂူတစ်ခု တည်ရှိပေသည်။

ဤနေရာသည် ဝူးကျိဂိုဏ်းချုပ် လမ်းညွှန်ပေးလိုက်သော တည်နေရာဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် လီမင် နေထိုင်ရာ နေရာပင် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ကျွန်းပေါ်သို့ ဆင်းသက်လိုက်ပြီး ထိုလိုဏ္ဂူဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။

ရုတ်တရက် ပြင်းထန်သော လေပြင်းတစ်ချက်သည် ချင်ယွမ်ဖုန်း၏ မျက်နှာကို ဖြတ်တိုက်သွားပြီးနောက် လူရိပ်တစ်ခုသည် သူ၏ရှေ့တွင် ရုတ်ချည်း ပေါ်လာတော့သည်။

သူသည် အလွန်ခန့်ညားသော အမျိုးသားတစ်ဦးဖြစ်ပြီး ဝတ်ရုံဖြူကို ဝတ်ဆင်ထားကာ သိက္ခာရှိပြီး တည်ငြိမ်သော အရှိန်အဝါရှိသော်လည်း သူ၏မျက်ဝန်းများသည်မူ စိတ်လွင့်မျောနေပြီး သွေးရူးသံရူး ဖြစ်နေသကဲ့သို့ပင် ရှိချေသည်။

"မဟုတ်ဘူး၊ မင်းက သူမဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ထိုအမျိုးသားသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ပင် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် အလွန်တရာ အံ့ဩသွားရသည်၊ ဤအမျိုးသားသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ သိသိသာသာ တက်လှမ်းထားပြီး ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်နေပုံရပေရာ ဝူးကျိဂိုဏ်းချုပ် ပြောပြခဲ့သော လီမင်၏ အကြောင်းအရာများနှင့် ကွက်တိ ကိုက်ညီနေချေသည်။

သူသည် စိတ်အခြေအနေ မတည်ငြိမ်ဘဲ တစ်ခါတစ်ရံတွင် ကျင့်စဉ်ဖောက်ပြန်ကာ သွေးရူးသံရူး ဖြစ်တတ်ပေသည်။

"စီနီယာ၊ ခေတ္တမျှ စောင့်ပါဦး" ဟု ချင်ယွမ်ဖုန်းက အော်ပြောရင်း အလျင်အမြန်ပင် နောက်မှ လိုက်သွားခဲ့သည်။

သို့သော် လီမင်သည် ကြားဟန်မပြဘဲ လိုဏ္ဂူထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် လိုဏ္ဂူထဲသို့ လိုက်လံဝင်ရောက်သွားရာ လီမင်သည် ထိုနေရာတွင် ထိုင်နေပြီး ချင်ယွမ်ဖုန်းအတွက် လက်ဖက်ရည်တစ်ခွက်ကိုပင် ငှဲ့ပေးနေသည်ကို တွေ့လိုက်ရ၏။

လိုဏ္ဂူအတွင်းပိုင်းသည် အလွန်ပင် ရိုးရှင်းလှပေရာ အနည်းငယ် မှောင်မိုက်နေသည်မှအပ အိမ်ထောင်ပရိဘောဂ အားလုံးကို ကျောက်တုံးများဖြင့်သာ ထုဆစ်ထားချေသည်။

ယခုအချိန်တွင် လီမင်သည် ကျောက်လက်ဖက်ရည်အိုးကို ကိုင်ဆောင်ထားရင်း ချင်ယွမ်ဖုန်းအား ကြည့်ကာ အသာအယာ ပြုံးပြနေပေသည်။

"ထိုင်ပါ၊ ဒီနေရာကို လူမလာဖြစ်တာ အတော်လေး ကြာခဲ့ပြီ" ဟု လီမင်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်တော့သည်။

All Chapters