အခန်း ၈၇၄
Vol. 42 Ch. 874
အခန်း(၈၇၄) လှုပ်ခတ်လာသော စိတ်အာရုံ
ချင်ယွမ်ဖုန်းသည် လွန်စွာအံ့အားသင့်သွားရုံမျှမက အခြေအနေအရပ်ရပ်ကိုလည်း နားမလည်နိုင်အောင် ဖြစ်ရချေသည်။
ယခင်က မိမိရှေ့မှ လီမင်သည် လိုဏ္ဂူအပြင်ဘက်၌ ရူးသွပ်ရုန်းရင်းဆန်ခတ် ပြုမူနေခဲ့သော်လည်း ယခုမူ ကောင်းစွာ သတိပြန်လည်ကာ ကြည်လင်နေသည်ကို တွေ့ရပေသည်။
"စီနီယာ... အခု ဒါ ဘာလုပ်နေတာလဲ..."
"အို... မစိုးရိမ်ပါနဲ့၊ ငါက လိုဏ္ဂူထဲမှာ အစီအရင်တစ်ခုကို တည်ဆောက်ထားလို့ ပြန်လာတဲ့အခါ အသိစိတ် အပြည့်အဝ ရှိနေတာပါ၊ မင်း စိတ်ပူစရာ မလိုပါဘူး" လီမင်က ပြုံးလျက် ဆိုချေသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်မိပြီး လီမင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။
ယင်းက ယောက်ျားရင့်မာတစ်ဦး ဖြစ်သော်လည်း လီမင်သည် အလွန်တရာ ရုပ်ရည်ချောမောပြီး မြင့်မြတ်သော အရှိန်အဝါ ရှိသည်ဟု စိတ်တွင်းက တွေးတောမိပေသည်။
"မင်း ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ သိပါရစေဦး" လီမင်က ပြုံး၍ မေးမြန်းချေသည်။
"ဂျူနီယာ ချင်ယွမ်ဖုန်းက ချင်ယွင်မျှော်စင် ပျက်စီးသွားတဲ့ ကိစ္စကြောင့် ရောက်လာတာပါ၊ ဒီနေရာရဲ့ လိပ်စာကို ဝူးကျိဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပေးလိုက်တာ ဖြစ်ပါတယ်" ချင်ယွမ်ဖုန်းက ဆို၏။
"အဲဒီ တံငါအိုကြီးကိုး" လီမင်က ပြုံးလိုက်ပြီး "ငါလည်း ချင်ယွင်မျှော်စင်အကြောင်း အရင်က ကြားဖူးပါတယ်၊ ဒါပေမဲ့ ငါ ဒီကျွန်းကနေ မထွက်ခွာဖြစ်တာ ကြာပြီလေ"
သို့သော် ချင်ယွန်းဖုန်း၏ စိတ်ထဲ၌ နက်ရှိုင်းသော သံသယများ ရှိနေဆဲ ဖြစ်ပေသည်။
"စီနီယာ... စိတ်မကြည်လင်ဘဲ ဖြစ်နေတဲ့အချိန်တုန်းက ကိုယ်လုပ်ခဲ့တာတွေကို မှတ်မိနေဦးမလား" ချင်ယွမ်ဖုန်းက မေးလိုက်၏။
လီမင်က ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံ သောက်လိုက်ပေသည်။ "မင်း မေးတာက ငါ သတိလက်လွတ် ဖြစ်နေတုန်း စကြဝဠာတိုက်ကြီးပေါ် သွားပြီး အဲဒီကိစ္စကို လုပ်ခဲ့လားဆိုတာ မဟုတ်လား"
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြ၏။ "စီနီယာ... ဂျူနီယာ့ကို ခွင့်လွှတ်ပေးပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီလူသတ်သမားကို မဖြစ်မနေ ရှာဖွေရမှာမို့လို့ပါ"
"စိတ်မပူပါနဲ့၊ ငါ အသိစိတ် ပြန်ရတိုင်း ကိုယ့်ကိုယ်ကိုယ် ဝိညာဉ်ရှာဖွေခြင်းပညာရပ် သုံးပြီး သတိလွတ်နေချိန် ဘာတွေလုပ်ခဲ့လဲဆိုတာ အမြဲ ပြန်ကြည့်လေ့ရှိတယ်၊ ဒါပေမဲ့ စိတ်မကောင်းစရာက ငါ တကယ်ပဲ ဒီကျွန်းကနေ ဘယ်တုန်းကမှ မထွက်ခဲ့ပါဘူး" လီမင်က ပြောချေသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိရာ စိတ်သက်သာရာ ရသကဲ့သို့ ရှိသော်လည်း စိတ်ပျက်သွားမိသည်လည်း ဖြစ်တန်ရာ၏။
ယခုအချိန်အထိ ချင်ယွမ်ဖုန်းသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဝါရင့်ပညာရှင် အများအပြားထံသို့ သွားရောက်ခဲ့ပြီး ဖြစ်ရာ ထိုသို့သော အဆင့်မြင့် ပညာရှင်ကြီးများသည် မိမိအား လိမ်ညာလှည့်ဖြားရန်အထိ နှိမ့်ချလိမ့်မည်မဟုတ်ပေ။
"ဒါဆိုရင် စီနီယာ့ကို အနှောင့်အယှက် ပေးမိပါပြီ" ချင်ယွမ်ဖုန်းက လက်နှစ်ဖက် ဆုပ်ကိုင်၍ အလေးအမြတ် ပြုလိုက်၏။
လီမင်က ခေါင်းညိတ်ပြသည်။ "အရေးမကြီးပါဘူး၊ မင်း စိုးရိမ်ပူပန်နေတာကို ငါ သိသာပါတယ်၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကုတ်သွားမိသော်လည်း နောက်ဆုံးတွင်မူ ချင်ယွင်မျှော်စင် ဖျက်ဆီးခံရသည့် ကိစ္စနှင့် မိမိ၏ သမီးငယ်ကို လူသတ်သမားက ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်းများကို လီမင်အား ပြောပြလိုက်လေသည်။
"ဒီလိုလား... ဒါဆိုရင် မင်း ဘာလို့ တစ်ခြားရှုထောင့်ကနေ မတွေးကြည့်တာလဲ၊ အဲဒီလူက မင်းရဲ့ သမီးငယ်ကို ဘာလို့ ဖမ်းခေါ်သွားရတာလဲ" လီမင်က မေး၏။ သတိကြည်လင်နေသည့် အချိန်တွင် လီမင်သည် လွန်စွာ အမြော်အမြင် ကြီးမားပုံရပေသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လျက် "ဒါက စိတ်အလိုကျ ထင်ရာစိုင်း လုပ်သွားတာ ဖြစ်နိုင်မလား"
"မင်းကို ကောင်းကောင်းသိတဲ့သူလည်း ဖြစ်နိုင်တာပဲ" လီမင်က ပြုံး၍ ဆို၏။ "မင်း သမီးအကြောင်းကို တခြားသူတွေကို မပြောပြဖူးဘူးဆိုတော့ သိတဲ့လူ သိပ်မရှိဘူးပေါ့၊ အဲဒီလူက ဒီသတင်းကို အစောကြီးကတည်းက ရထားပြီး မင်းရဲ့သမီးက ချင်ယွင်မျှော်စင်မှာ ရှိနေမှန်း သိနေတာ ဖြစ်နိုင်တယ်"
"ဒါမှမဟုတ်... ကျွန်တော့်ကို ကောင်းကောင်းသိပြီး သမီးဖြစ်သူကို ကြည့်လိုက်တာနဲ့ ချက်ချင်း မှတ်မိနိုင်တဲ့သူလား..." ချင်ယွမ်ဖုန်းက လီမင်၏ စကားကို ထောက်၍ ဆက်ပြောမိချေသည်။
လီမင်က ခေါင်းညိတ်သည်။ "အကျဉ်းချုပ်ရရင် အဲဒီလူက မင်းကို ကောင်းကောင်းသိတဲ့သူ ဖြစ်ရမယ်၊ ဒါမှမဟုတ် တစ်စုံတစ်ခုကြောင့် မင်းကို သတိထားနေပြီး သင့်တော်တဲ့အချိန်ကျရင် မင်းဆီက လိုချင်တာကို တောင်းဆိုနိုင်ဖို့ လက်ဆုပ်လက်ကိုင် ပြစရာ တစ်ခုခုကို လိုချင်နေတာ နေမှာပါ"
ချင်ယွမ်ဖုန်း၏ မျက်မှောင်က ပိုမို ကြုတ်သွားရ၏။ မိမိသိသော လူများထဲတွင် ထိုသို့ ပြုလုပ်နိုင်စွမ်းရှိသူဟူ၍ မရှိသလောက်ပင်။
သို့သော် မိမိအား ရန်လိုသော အင်အားစုအချို့မူ ထိုသို့ ပြုလုပ်ရန် လွန်စွာ ဖြစ်နိုင်ချေ ရှိပေသည်။
"ဒါတွေကတော့ မှန်းဆချက်တွေသက်သက်ပါပဲ၊ မင်းပြောသလို အဲဒီလူက တကယ်ပဲ ထင်ရာစိုင်း လုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်" လီမင်က တည်ငြိမ်စွာ ဆို၏။ "ဒါပေမဲ့ မင်းက တစ်ပါးကျွန်းသား မိစ္ဆာတွေအကြောင်း ပြောလာတော့ ငါတို့ သတိထားရမယ်"
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ၊ အခု ကျွန်တော် ဘာဆက်လုပ်ရမလဲ ဆိုတာ သိပါပြီ"
"မလိုပါဘူး၊ ငါတို့တွေ မကြာခင် ပြန်ဆုံကြဦးမယ်လို့ ငါ ခံစားနေရတယ်" လီမင်က အေးဆေးစွာ ဆိုချေသည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ "ဝူးကျိဂိုဏ်းချုပ်ကလည်း အဲဒီလို ပြောခဲ့သေးတယ်၊ အဲဒါက အတိအကျ ဘာကို ဆိုလိုတာလဲ "
လီမင်က လိုဏ္ဂူအပြင်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပေသည်။
"ရှန်းဝူ စကြဝဠာ တိုက်ကြီးက တစ်နေ့ထက်တစ်နေ့ ပိုပြီး လှုပ်ခတ်လာနေပြီ..."
---
ချင်ယွမ်ဖုန်းသည် လီမင်ရှိရာ ကျွန်းငယ်မှ ထွက်ခွာလာခဲ့သော်လည်း လီမင် နောက်ဆုံး ပြောခဲ့သည့် စကားကြောင့် စိတ်ထဲ၌ အနည်းငယ် အနှောင့်အယှက် ဖြစ်နေဆဲ ဖြစ်ပေ၏။
ရှန်းဝူ စကြဝဠာ တိုက်ကြီးက ပို၍ လှုပ်ခတ်လာနေပြီ။ ထိုစကားက ဘာကို ဆိုလိုသနည်း။ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပျက်တော့မည်လော။
ဒါက လူတစ်ဦးတည်း၏ ကြိုတင်သိမြင်ခြင်း မဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားရှင် အများအပြား၏ တူညီသော ခံစားချက် ဖြစ်နေသဖြင့် ချင်ယွမ်ဖုန်းကိုလည်း ယုံကြည်မိစေရန် ဖိအားပေးနေသကဲ့သို့ ရှိချေသည်။
"ဒါနဲ့... သူတို့က တစ်ပါးကျွန်းသား မိစ္ဆာတွေကို သတိထားဖို့ ငါ့ကို သတိပေးခဲ့ကြတယ်၊ အချို့လူတွေကလည်း ချင်ယွင်မျှော်စင် ပျက်စီးသွားတာဟာ တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ ကလဲ့စားချေမှုလို့ ပြောကြတယ်၊ ဒါက တစ်ပါးကျွန်းသား မိစ္ဆာတွေ သောင်းကျန်းတော့မယ်ဆိုတဲ့ သဘောလား" ချင်ယွမ်ဖုန်းက ရုတ်တရက် သဘောပေါက်သွားမိ၏။
ယင်းက ချင်ယွမ်ဖုန်းအား အခြားသော လမ်းစတစ်ခုဆီသို့ ဦးတည်ပေးလိုက်ပြီး ထိုအရာအားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေနိုင်ပေသည်။
ထိုမိစ္ဆာများသည် လုံလောက်သော စွမ်းအားများကို စုဆောင်းထားပြီးဖြစ်၍ သော်လည်းကောင်း၊ သို့မဟုတ် မိစ္ဆာနယ်မြေရှိ မိစ္ဆာများနှင့် ဆက်သွယ်နိုင်မည့် အခြားလမ်းကြောင်းများ ရှိနေ၍ သော်လည်းကောင်း လွန်စွာ ယုံကြည်မှု ရှိနေပုံရပြီး ချင်ယွင်မျှော်စင်၏ မိစ္ဆာနှိမ်နင်းရေး လှုပ်ရှားမှုများကို သွေးစွန်းသော တိုက်ခိုက်မှုဖြင့် တုံ့ပြန်ခဲ့ခြင်း ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ အခြေအနေကို ဖော်ထုတ်ခဲ့သူ ဖြစ်သည့်အလျောက် ၎င်းတို့၏ နက်ရှိုင်းသော ရန်သူတော် ဖြစ်နေပြီး မိစ္ဆာအများအပြားသည်လည်း မိမိလက်ချက်ဖြင့် သေဆုံးခဲ့ဖူးရာ ၎င်းတို့အကြားရှိ ရန်ငြိုးသည် မပြေလည်နိုင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ထို့ပြင် ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေသို့ သွားရောက်ဖူးပြီး မိစ္ဆာနယ်မြေထဲသို့လည်း ဝင်ရောက်ခဲ့ဖူးရာ တစ်ပါးကျွန်းသား မိစ္ဆာများနှင့် ပတ်သက်သမျှ ကိစ္စရပ်များသည် ချင်ယွမ်ဖုန်းကို ဗဟိုပြု၍ လည်ပတ်နေသကဲ့သို့ ရှိနေပြီး ထိုမိစ္ဆာများသည်လည်း ချင်ယွမ်ဖုန်းအကြောင်းကို အများအပြား သိရှိထားကြရမည် ဖြစ်ပေသည်။
ထို့ထက်မက အစောင့်အရှောက် မျိုးနွယ်စုဖြစ်သော ကျိမိသားစု၏ မျိုးဆက်တစ်ခုအနေဖြင့် ချင်ယွမ်ဖုန်းသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ သဘာဝရန်သူ ဖြစ်သည်ဟူသောအချက်က ပိုမို ထင်ရှားလာနေချေသည်။
၎င်းတို့သည် ချင်ယွမ်ဖုန်း၏ သမီးငယ်ကို ဖမ်းဆီးသွားခြင်းက ချင်ယွမ်ဖုန်းအား ခြိမ်းခြောက်အကျပ်ကိုင်ရန် သက်သက်ပင် ဖြစ်နိုင်ပေသည်။
ဤသို့ တွေးတောမိသောအခါ ချင်ယွမ်ဖုန်း၏ စိတ်အာရုံသည် လှုပ်ခတ်၍ မငြိမ်မသက် ဖြစ်လာရပြီး စဉ်းစားလေလေ ဖြစ်နိုင်ချေ ပိုများလေလေဟု ခံစားရလေသည်။
သို့သော် ထိုအရာအားလုံးက ချင်ယွမ်ဖုန်း၏ မှန်းဆချက်များသာ ဖြစ်ပေသေးသည်။
"ပထမဆုံးအနေနဲ့ ပညာရှိအဘိုးအိုနဲ့ ယွီကုန်း စီနီယာနှစ်ယောက်ဆီ သွားပြီး ကျွန်တော်နဲ့ သူတို့ကြား ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ သေချာအောင် လုပ်ရမယ်၊ ပြီးမှ ပြန်သွားပြီး တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ လှုပ်ရှားမှုကို စုံစမ်းရမယ်၊ ဒီတစ်ကြိမ်တော့ သူတို့အားလုံးကို အမြစ်ပြတ်အောင် တူးထုတ်ပစ်မယ်..." ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်၏။
---
ကျွန်းကြီးတစ်ကျွန်းပေါ်တွင် လူနှစ်ဦးသည် ကျွန်း၏ မြောက်ဘက်နှင့် တောင်ဘက် မျက်နှာချင်းဆိုင်တွင် ရပ်နေကြပြီး ၎င်းတို့၏ လက်ထဲမှ ရှည်လျားသော ငါးမျှားတံများသည် ရေပြင်ကျယ်ဆီသို့ ဆန့်ထွက်နေကြပေသည်။ ၎င်းတို့၏ နောက်ကွယ်တွင်မူ ကတ္တရာစေးကဲ့သို့ မည်းမှောင်နေပြီး အတွင်း၌ ဘာမျှ မမြင်ရသော ငါးခြင်းတောင်းတစ်ခုစီ ရှိနေချေသည်။
မကြာမီ မြောက်ဘက်မှ အဘိုးအိုက ရုတ်တရက် ငါးမျှားတံကို ပင့်မြှောက်လိုက်ရာ တောင်ငယ်တစ်မျှ ကြီးမားသော ပင်လယ်သားရဲကြီးတစ်ကောင် ပါလာပေသည်။
ထိုအဘိုးအိုက ပြုံးလျက် မတ်တတ်ထရပ်ကာ ဧရာမ ပင်လယ်သားရဲကြီးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်၍ လှုပ်ရှား၍မရအောင် ပြုလုပ်လိုက်၏။ ယင်းနောက် လှည့်လိုက်ပြီး မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ထိုကြီးမားလှသော ပင်လယ်သားရဲကြီးကို မိမိနောက်ကွယ်ရှိ ငါးခြင်းတောင်းငယ်ထဲသို့ ထိုးထည့်လိုက်လေသည်။
"ဟားဟားဟား... ယွီကုန်း... ငါ မင်းထက် ငါးနှစ်ကောင် ပိုရသွားပြီ၊ ဒီတစ်ခါတော့ ငါ နိုင်ပြန်ပြီ ထင်တယ်" ထိုအဘိုးအိုက တောင်ဘက်မှ အဘိုးအိုအား လှမ်း၍ အော်ပြောလိုက်၏။
ယွီကုန်းဟု ခေါ်ဝေါ်ခြင်းခံရသည့် အဘိုးအိုက လှည့်ကြည့်လာရာ မျက်နှာတစ်ခုလုံး မကျေမနပ် ဖြစ်နေပုံရပေသည်။
ထိုအဘိုးအိုသည်ကား ချင်ယွမ်ဖုန်း ယခင်က ဆုံတွေ့ခဲ့ဖူးသော ယွီကုန်းမှတစ်ပါး အခြားမဟုတ်ချေ။
"ဟွန့်... ဘာလောနေတာလဲ၊ အချိန်တွေ အများကြီး ကျန်သေးတာပဲကို" ယွီကုန်းက ရှုံးနိမ့်မှုကို လက်မခံလိုသည့် လေသံဖြင့် ပြန်လည် ချေပလိုက်၏။
"မင်းကတော့ ခေါင်းမာနေတုန်းပဲ၊ ငါးမျှားတဲ့နေရာမှာ မင်း ငါ့ကို တစ်ခါမှ မနိုင်ဖူးပါဘူး" ပညာရှိအဘိုးအိုက ပြုံး၍ ဆိုချေသည်။
ထိုစဉ် မိုးကုတ်စက်ဝိုင်းဆီမှ လူရိပ်တစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာပြီးနောက် ကျွန်းပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာပေသည်။
ပညာရှိအဘိုးအိုနှင့် ယွီကုန်း နှစ်ဦးစလုံးက စူးစမ်းလိုသော မျက်လုံးများဖြင့် လှမ်း၍ ကြည့်လိုက်ကြလေသည်။