အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁) - ဖွင့်ပွဲ (၁)
ကောင်းကင်ယံသည် မြင့်မားကာ တိမ်တိုက်များက ပါးလွှာနေပြီး အေးမြသော လေပြေတို့ကား လန်းဆန်းမှုကို ပေးစွမ်းနေ၏။
ရှုခင်းသာယာလှသော ရွှေရောင်ဆောင်းဦးကိုးလပိုင်းတွင် ရှုတောင်ဂိုဏ်းသည် ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ်သာကျင်းပမြဲဖြစ်သော ရှုတောင်ထိပ်သီးညီလာခံကြီးကို တစ်ဖန် ပြန်လည်ကြိုဆိုခွင့်ရရှိခဲ့ချေပြီ။
ဟိုဘက်ဆီတွင် ရဲရဲဝံ့ဝံ့နှင့် စိတ်ဓာတ်တက်ကြွစွာ လျှောက်လှမ်းလာသည်မှာ ငွေဓားတောင်ထွတ်၏အဖွဲ့ပင် ဖြစ်သည်။
သူတို့သည် လူသားပုံသဏ္ဌာန်သက်ရှိသုံးဦးနှင့် ရွှေမွေးဟူကြီးတစ်ကောင်တို့ဖြင့် ဖွဲ့စည်းထားပြီး အားမာန်အပြည့်နှင့် သွက်လက်တက်ကြွသောခြေလှမ်းများဖြင့် လျှောက်လှမ်းနေကြ၏။
"လူတွေ ဘာလို့ ဒီလောက်တောင် များနေတာလဲ..."
လျိုရှောင်ယွီက နောက်ကွယ်မှနေ၍ ချူလျန်၏အင်္ကျီစကို စိုးရိမ်တကြီးဆွဲကိုင်လျက် ပြောလိုက်သည်။
မိန်းကလေးငယ်မှာ တောင်ပေါ်သို့ ရောက်ရှိလာကတည်းက ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့သဖြင့် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေမိခြင်းမှာမဆန်းပေ။
စင်စစ်တွင် သူမသာမက ချူလျန်ကိုယ်တိုင်ပင် ထိုမျှကြီးမားသောမြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် သူက တည်ငြိမ်မှု ပျက်ပြားမသွားဘဲ ခပ်တိုးတိုးပြောလိုက်၏။
"ငြိမ်ငြိမ်လေး မတ်တတ်ရပ်နေလိုက်ရင်ရပြီ…တို့ငွေဓားတောင်ထွတ်က လူအင်အား အစကတည်းက နည်းနေတာ…”
“ညီမလေးတို့သာ မလာရင် ခဏနေ ဆရာသခင်ကစင်ပေါ်တက်ပြီး အခမ်းအနားကြည့်တဲ့အခါ အောက်မှာ ငါတစ်ယောက်တည်းကျန်ခဲ့ရင် ဘယ်ကြည့်ကောင်းမလဲ..."
ကောင်းကင်တက်လှမ်းတောင်ထွတ်၏ ကျယ်ဝန်းလှသော ရင်ပြင်တော်ထက်တွင် ရှုတောင်ဂိုဏ်း၏ တောင်ထွတ်အသီးသီးမှတပည့်များသည် မိမိတို့တောင်ထွတ်၏အကြီးအကဲများ ဦးဆောင်မှုအောက်၌ အဖွဲ့ပေါင်းဆယ်ဂဏန်းမက စီတန်းလျက်ရှိကြသည်။
အချို့အဖွဲ့များတွင် လူအင်အားရာနှင့်ချီ၍ပါဝင်ပြီး ခမ်းနားထည်ဝါလှသဖြင့် ဘေးပတ်ဝန်းကျင်ကို အရှိန်အဝါဖြင့်ပင် ဖိနှိပ်ထားလေသည်။
အချို့အဖွဲ့များတွင်မူ လူနှစ်ဦးသုံးဦးခန့်သာရှိသဖြင့် လူအင်အားပြည့်ရန် မိစ္ဆာသားရဲများကိုပါ အဖွဲ့ထဲသို့ ထည့်သွင်းကာ ဟန်ရေးပြထားရ၏။
ရင်ပြင်တော်၏ရှေ့ဘက်တွင် မြင့်မားသောစင်မြင့်တစ်ခုကို ကြိုတင်ဆောက်လုပ်ထားပြီး တောင်စောင့်အကြီးအကဲကြီးလေးဦးဦးဆောင်သော ရှုတောင်ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များအားလုံး စင်ပေါ်တွင် ထိုင်နေကြသည်။
ထိုသူများအပြင် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့မှ ဧည့်သည်တော်များ၊ ယွီတူးမြို့တော်မှ လာရောက်သော နန်းတွင်းအရာရှိများလည်း အခမ်းအနားကို စောင့်ကြည့်အားပေးရန် ရောက်ရှိနေကြ၏။
မည်သို့ပင်ဖြစ်စေ ယခုပွဲသည် ရှုတောင်ဂိုဏ်းက နှစ်ပေါင်းထောင်ချီ၍ လက်ဆင့်ကမ်းလာခဲ့သော အရေးကြီးသည့် အခမ်းအနားကြီးဖြစ်ရာ မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့မှ လာရောက်ချီးမြှင့်ခြင်းမှာလည်း အစဉ်အလာတစ်ခုပင်ဖြစ်သည်။
၎င်းမှာ ရှုတောင်ဂိုဏ်းကို မျက်နှာသာပေးရာရောက်သလို တစ်ဖက်တွင်လည်း ရှုတောင်ဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များ၏ အရည်အချင်းကိုအကဲဖြတ်ရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပေသည်။
ဂိုဏ်းအသီးသီးမှ လာရောက်ကြသော ပုဂ္ဂိုလ်များသည် မိမိတို့ဂိုဏ်းကို ကိုယ်စားပြုနိုင်ရန်အတွက် အဆင့်အတန်းတစ်ခုရှိသူများသာ ဖြစ်ကြပြီး စိတ်ဝင်စားသော လူငယ်များလည်း အတူတကွ လိုက်ပါလာနိုင်ကြ၏။
ချူလျန်က မျက်စိတစ်ဆုံးလှမ်းမျှော်ကြည့်လိုက်ရာ ရင်းနှီးသောပုံရိပ်အချို့ကို မြင်တွေ့လိုက်ရသည်။
ထျန်းကန်းဂိုဏ်းဘက်တွင် ကြွက်သားအဖုဖုနှင့် သန်မာထွားကျိုင်းလှသော လူသန်ကြီးတစ်ဦးရပ်နေပြီး ထိုသူမှာ ယခင်ကတည်းကလာမည်ဟု ပြောထားခဲ့သော ယွင်ချောင်ရှန်းပင်ဖြစ်သည်။ သူ့ဘေးနားတွင်မူ အမျိုးသမီးတစ်ဦးရှိနေပြီး ချူလျန်အနေဖြင့် သူမကိုမသိပေ။
ယွင်ချောင်ရှန်းသည် မိမိ၏အိန္ဒြေကိုလုံးဝဂရုမစိုက်ဘဲ ရပ်နေလျက် ချူလျန်ဆီသို့ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြနေသည်။ သူ၏သန်မာလှသော လက်မောင်းကြွက်သားကြီးများက လှုပ်ရှားနေပုံမှာ စိတ်အားထက်သန်နေသော တောလူဝံကြီးတစ်ကောင်နှင့်ပင်တူလှ၏။
'သူ့ဘေးက မိန်းကလေးက သူသဘောကျတဲ့သူ လုံးဝမဖြစ်နိုင်ဘူး...'
ချူလျန်က စိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်လိုက်မိသည်။
ပကတိတရားသုံးပါးချိုင့်ဝှမ်းဘက်တွင် ဆံပင်ဖြူနှင့် မိန်းကလေးတစ်ဦးရှိနေပြီး ၎င်းမှာ လော့ယောင်ပင် ဖြစ်သည်။
ယွမ်ချွယ်ကျောင်းတိုက်ဘက်တွင်မူ နေရောင်အောက်တွင် သွားများအရောင်ဟပ်နေသော ပြောင်ချောနေသည့် ကတုံးတစ်ဦးကိုမြင်တွေ့ရရာ ၎င်းမှာသံသယဖြစ်စရာမလိုဘဲ ပုရှန်ပင်ဖြစ်ပေမည်။
ထိုမိတ်ဆွေဟောင်းနှစ်ဦးနှင့် လွန်ခဲ့သော နဂါးပြာလျှို့ဝှက်နယ်မြေ ခရီးစဉ်ပြီးကတည်းက မတွေ့ဖြစ်ခဲ့သည်မှာ အတော်အတန်ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ်တွင် ပြန်လည်ဆုံတွေ့ခွင့်ရသည်မှာ အဆင်ပြေလှပေသည်။
ထိုက်ယင်ဂိုဏ်းဘက်တွင်မူ တစ်ကိုယ်တည်း အထီးကျန်စွာရပ်နေသော လော့ရှောင်ယုံကို မြင်လိုက်ရသည်။ ယခင်က တစ်ကြိမ်ဆုံဖူးခဲ့ပြီး ယခုမျိုးဆက်၏လောကီနယ်လှည့်သူအဖြစ် ယခုကဲ့သို့ မျက်နှာပြရမည့် ပွဲမျိုးကို သူသာလျှင် တက်ရောက်ရမည်ဖြစ်ပေသည်။
ထိုလူများမှာ ချူလျန် တစ်ချက်ဝေ့ကြည့်ရုံဖြင့် တွေ့လိုက်ရသော ရင်းနှီးသူအချို့ပင်ဖြစ်သည်။
သို့သော် သူသည် ချက်ချင်းပင် အကြည့်ကိုပြန်လည်ရုပ်သိမ်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှေ့ဘက်ရှိ စင်မြင့်ထက်တွင် လူအားလုံး မတ်တတ်ရပ်လိုက်ကြသောကြောင့်ပင်။
ပုံရိပ်တစ်ခုသည် လေထဲမှညင်သာစွာ ဆင်းသက်လာခဲ့သည်။
ထိုသူသည် အသက်လေးဆယ်ခန့်ရှိပုံရသော အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ဖြူဝင်းသောမျက်နှာ၊ ရှည်လျားသော သျှောင်ထုံးနှင့် နက်ရှိုင်းသော မျက်ဝန်းများရှိကာ အလွန်ပင်ခန့်ညားထည်ဝါလှသည်။
သူသည် ထိုနေရာတွင်သာ မတ်တတ်ရပ်နေသော်လည်း သာမန်အတိုင်းထင်ရစွာ ပေါ်လာသည့် တစ်ခဏချင်းမှာပင် လူတိုင်း၏အာရုံစိုက်ရာ ဗဟိုချက်ဖြစ်သွားခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မသိစိတ်ဖြင့်ပင် သူ့ထံသို့အကြည့်များ ရောက်ရှိသွားကြရ၏။
ရှုတောင်ဂိုဏ်းတပည့်အများစုမှာ ထိုသူကို မသိကြသော်လည်း တောင်စောင့်အကြီးအကဲကြီးလေးဦးက သူ့အပေါ် ထားရှိသော ရိုသေကိုင်းညွတ်သည့်အပြုအမူကို ကြည့်ခြင်းအားဖြင့် သူ၏မြင့်မြတ်လှသော အဆင့်အတန်းကို ခန့်မှန်းရန်မခက်ခဲပေ။
သူသည်ကား ရှုတောင်ဂိုဏ်း၏ ယခုမျိုးဆက်ဂိုဏ်းချုပ်ကြီးဖြစ်သော ဝမ်ယွမ်တာအိုသခင် ဖြစ်သည်။
ဂိုဏ်းအတွင်း၌ ဂိုဏ်းချုပ်မှကိုယ်တိုင်ကြွရောက်ရမည့် ကိစ္စရပ်များမှာ အလွန်ရှားပါးလှပြီး ရှုတောင်ဂိုဏ်း၏ ညီလာခံကြီးမှာမူ သံသယဖြစ်စရာမလိုဘဲ အရေးကြီးလှသောကိစ္စရပ်တစ်ခုဖြစ်ပေသည်။
မိမိပေါ်လာခြင်းကြောင့် လူထုအကြား အနည်းငယ် ဆူညံသွားသည်ကို မြင်သောအခါ ဝမ်ယွမ်တာအိုသခင်က လက်နှစ်ဖက်ကို သာသာလေး အောက်သို့နှိမ့်ချလိုက်သည်။ ထိုအခါ မမြင်ရသော လေပြည်လှိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ကျယ်ဝန်းလှသော ရင်ပြင်တော်ကြီးတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
သူ စကားစတင်ပြောကြားလိုက်သောအခါ ကြည်လင်ပြတ်သားသောအသံသည် ဝေးကွာလှသော တောင်ထွတ်သုံးဆယ်ခြောက်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။ အသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း အလွန်ပင်ပြတ်သားလှပေ၏။
"ကောင်းကင်ဘုံတစ်ခွင် အရှိန်အဝါများလွှမ်းခြုံလို့။ ငါတို့၏တာအိုလမ်းစဉ်သည်လည်း နေ့စဉ်မပြတ် ထွန်းကားပါစေ..."
ဝမ်ယွမ်တာအိုသခင်၏ နောက်ဆက်တွဲစကားများမှာ အလွန်တိုတောင်းလှပြီး ရှုတောင်ဂိုဏ်းသည် တစ်နေ့တခြား တိုးတက်စည်ပင်လာကြောင်း၊ ယခုမျိုးဆက်တပည့်များအနေဖြင့် ရှုတောင်ဂိုဏ်းကို ပိုမိုကောင်းမွန်သောလမ်းဆီသို့ ဦးဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းစသည့် အစဉ်အလာအရ ပြောကြားလေ့ရှိသော စကားများသာဖြစ်သည်။
ထို့နောက်တွင် အခမ်းအနားကို အစောင့်အရှောက်အကြီးအကဲက ဆက်လက်ဦးဆောင်ကျင်းပလေသည်။
တောင်စောင့်နတ်ပူဇော်ပွဲ၏စီစဉ်သူ ဖြစ်သည့်အတိုင်း အစောင့်အရှောက်အကြီးအကဲသည် ပထမဦးစွာ တောင်စောင့်နတ်ပူဇော်ပွဲ၏ ဆုလာဘ်များကို ကြေညာခဲ့၏။
ပထမဆု၏ ဆုလာဘ်မှာ 'ထျန်းလော့ဓာတ်ကြီးငါးပါး မန္တန်အစီအရင်ကျမ်း' တစ်စုံ ဖြစ်သည်။
ဤဆုကို ကြေညာလိုက်သည်နှင့် တပည့်များအကြား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့သည်။ အကြောင်းမှာ ယခင်နှစ်များက တောင်စောင့်နတ်ပူဇော်ပွဲမှာ ပျော်ပွဲရွှင်ပွဲသဘောမျိုးသာဖြစ်သဖြင့် ဆုအဖြစ် ပေးအပ်သော ရတနာများမှာ တန်ဖိုးကြီးသော်လည်း ယခုကဲ့သို့သော အဆင့်အတန်းမြင့်သည့်အရာမျိုးကို ရရှိခဲလှသောကြောင့်ပင်။
ကျင့်ကြံခြင်းလောကတွင် တန်ဖိုးကြီးမားသောရတနာ သို့မဟုတ် တန်ခိုးစွမ်းအားများအတွက် မရှိမဖြစ် လိုအပ်သောစံနှုန်းတစ်ခုမှာ မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူကို ကျော်လွန်တိုက်ခိုက်နိုင်စွမ်း ရှိမရှိဟူသောအချက် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်ကျော်လွန်၍တိုက်ခိုက်ခြင်းမှာ အလွန်ပင်ခက်ခဲလှသဖြင့် ထိုသို့ လုပ်ဆောင်နိုင်ခြင်းကိုသာ အစွမ်းထက်သည်ဟု သတ်မှတ်နိုင်သောကြောင့်ပင်။
ဥပမာအားဖြင့် မိစ္ဆာနှိမ်စေတီတော်ကြီးသည် အဆင့်မြင့်မိစ္ဆာနတ်ဘုရားကို အဆင့်ကျော်လွန်၍ နှိမ်နင်းနိုင်ခဲ့သော တိုက်ပွဲကြောင့်ပင် နံပါတ်တစ်အစွမ်းထက်ဆုံးရတနာအဖြစ် တည်ရှိနေခြင်းမျိုးဖြစ်သည်။
ထို့ပြင် ထျန်းလော့ဓာတ်ကြီးငါးပါး မန္တန်အစီအရင်ကျမ်းသည် သတ္တမအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်းရှိပေသည်။
ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူငါးဦးစုပေါင်းလှုပ်ရှားပါက ဓာတ်ကြီးငါးပါးအဆင့်ရှိ ကျင့်ကြံသူကိုပင် နှိမ်နင်းနိုင်စွမ်းရှိသဖြင့် ၎င်းသည် အလွန်တန်ဖိုးကြီးမားလှပေသည်။