အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) - ဖွင့်ပွဲ (၂)
ချူလျန်သည် ထိုဆုလာဘ်ကိုကြားသောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် ထိုဆုမှာ သူတို့ငါးဦး ခွဲဝေယူရမည်ဖြစ်ပြီး နောင်တွင် သူသည် ထိုထိပ်တန်းအဖွဲ့နှင့်အတူ ပူးပေါင်းအသုံးပြုရမည်ဟု တွေးမိသောအခါ သာမန်မျှသာဟု ခံစားလိုက်ရပြန်၏။
သို့သော် ယခုအကြိမ်တောင်စောင့်နတ်ပူဇော်ပွဲတွင် ဆုလာဘ်မရလျှင်ပင် သူ၏ရရှိမှုများမှာ လုံလောက်စွာပင် ကြီးမားလှချေပြီ။
ဓားဒင်္ဂါးအမြောက်အမြားရရှိခဲ့ခြင်းမှာ သေးငယ်သောအချက်မျှသာဖြစ်ပြီး အရေးကြီးဆုံးမှာ ဆေးလုံးဖော်စပ်သည့် အခွင့်အရေးကိုအသုံးချကာ အဂ္ဂိရတ်အကြီးအကဲ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
သူသည် အဂ္ဂိရတ်အကြီးအကဲနှင့် သဘောတူညီမှုရရှိထားပြီးဖြစ်ရာ ရှုတောင်ဂိုဏ်း၏ညီလာခံကြီး ပြီးဆုံးသွားပါက အချိန်နှင့် အားအင်များကို ပိုမိုအသုံးပြုလျက် အဂ္ဂိရတ်ခန်းမတွင် ဆေးလုံးဖော်စပ်ခြင်းပညာရပ်ကို စနစ်တကျ သွားရောက်သင်ယူရန်စီစဉ်ထား၏။
စင်စစ်တွင် ချူလျန်သည် အချိန်ပြည့်ဆေးလုံးဖော်စပ်သူတစ်ဦး ဖြစ်လာရန် လုံးဝမရည်ရွယ်ခဲ့သော်လည်း အဂ္ဂိရတ်အကြီးအကဲ၏တောင်းဆိုမှုမှာ အလွန်ပင်ရိုးသားလှသဖြင့် သူငြင်းပယ်ရန် ခက်ခဲသွားခဲ့ရသည်။
ပညာရပ်တစ်ခုကိုသင်ယူထားခြင်းက နောင်တစ်ချိန်တွင် လမ်းစတစ်ခုပိုမိုရရှိနိုင်မည်ဖြစ်ရာ ထိုသို့ တွေးတောလျက် သူသည် အဂ္ဂိရတ်ခန်းမ၏ တာဝန်ခံတပည့်တစ်ဦး ဖြစ်လာရန် သဘောတူလိုက်လေသည်။
ဒုတိယဆု၏ဆုလာဘ်မှာ ကျောက်စိမ်းဖြူဓားမန္တန်အစီအရင်ဖြစ်ပြီး ၎င်းကိုလည်း လူငါးဦး စုပေါင်းလှုပ်ရှားရမည် ဖြစ်သည်။
ကျန်းယွဲ့ပိုင်၏အဖွဲ့ဝင်များမှာ သူမ၏ပိလော့တောင်ထွတ်မှ ဂိုဏ်းတူညီမများသာ ဖြစ်ကြသဖြင့် အသုံးပြုရာတွင် အလွန်ပင် အဆင်ပြေချောမွေ့လှပေလိမ့်မည်။
တတိယဆု၏ဆုလာဘ်မှာမူ ထူးဆန်းစွာပင် တစ်မိဝမ်းထဲမှ မွေးဖွားလာသော ဝိညာဉ်သားရဲငယ် ငါးကောင် ဖြစ်သည်။
၎င်းတို့သည် တစ်အုပ်တည်းမှ မွေးဖွားလာပြီး စိတ်ချင်းဆက်နွှယ်နေကြရာ ပူးပေါင်းတိုက်ခိုက်ပါက စွမ်းအားမှာ အလွန်ပင်ကြီးမားလှပေလိမ့်မည်။
ချူလျန်၏ သတင်းအချက်အလက်ကို လေလံအောင်သွားခဲ့သော ကျောက်ကျိကျူးမှာ ဝတုတ်တုတ် ကောင်လေးတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် သူ့မျက်နှာတစ်ခုလုံး ပြုံးရွှင်လွန်းသဖြင့် အသားပေါက်စီကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
သူသည် ထိုဝိညာဉ်သားရဲငါးကောင်ကို ရောင်းချလိုက်လျှင်ပင် သူရင်းနှီးမြှုပ်နှံခဲ့သော ဓားဒင်္ဂါးများထက် အဆပေါင်းများစွာ ပြန်လည်ရရှိနိုင်မည်ဖြစ်ရာ ၎င်းသည် နောက်ဆုံးအချိန်တွင် တွန့်ဆုတ်လျက် ဆက်လက်လေလံမဆွဲခဲ့ကြသော ရှုတောင်ဂိုဏ်းမှ အခြားတပည့်များကို နောင်တရလွန်းသဖြင့် ရင်ကွဲမတတ် ဖြစ်သွားစေခဲ့၏။
ထို့နောက်တွင် အစောင့်အရှောက်အကြီးအကဲသည် ရှုတောင်ဂိုဏ်းညီလာခံ၏ ပထမဆုံးအစီအစဉ်ကို ကြေညာခဲ့သည်။
"မနက်ဖြန် ဒီအချိန်မှာ ကောင်းကင်လှေကားထစ်လမ်းကိုဖွင့်လှစ်ပြီး တောင်ထွတ်အသီးသီးက တပည့်တွေရဲ့ တာအိုကျင့်ကြံသူစိတ်ဓာတ်ကို စမ်းသပ်စစ်ဆေးသွားမယ်”
“ကောင်းကင်လှေကားထစ်လမ်းမှာ အဆင့်ခြောက်ဆယ့်လေးအတွင်း ဝင်တဲ့တပည့်တွေသာ စင်မြင့်တိုက်ပွဲကို တက်ရောက်ခွင့်ရရှိမှာဖြစ်လို့ တောင်ထွတ်အသီးသီးက တပည့်တွေအနေနဲ့ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားကြပါ..."
ချူလျန်အနေဖြင့် ထိုအစောပိုင်းအစီအစဉ်ကို နားလည်နိုင်ပေသည်။ အကြိမ်တိုင်းတွင် ညီလာခံသို့ တက်ရောက်သော တပည့်ဦးရေမှာအနည်းဆုံး ရာနှင့်ချီ၍ရှိသလို အများဆုံးမှာ ထောင်ဂဏန်းအထိရှိရာ အားလုံးကို တိုက်ရိုက်စင်ပေါ်တက်၍ ယှဉ်ပြိုင်စေပါက များပြားလွန်းသဖြင့် ယခုကဲ့သို့ ပဏာမရွေးချယ်မှု ပြုလုပ်ခြင်းမှာ သဘာဝကျလှပေသည်။
သို့သော် ကောင်းကင်လှေကားထစ်လမ်းဆိုသည်မှာ အဘယ်နည်း...။
"ကောင်းကင်လှေကားထစ်လမ်းဆိုတာ လမ်းတစ်လမ်းပဲ….မင်းကတော့ အပေါ်ကိုပဲ ဆက်တိုက် တိုးဝင်သွားရုံပဲ..."
တီနွီဖုန့်က ဤသို့ ပြောပြလေသည်။
"ဗျာ..."
ချူလျန်က မျက်တောင်ခတ်လျက် မေးလိုက်မိ၏။
ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားသောအခါ သူသည် ရှုတောင်ဂိုဏ်းညီလာခံတွင် ထိပ်တန်းအဆင့်များ ရရှိခဲ့ဖူးသော ဆရာသခင်ထံမှ တန်ဖိုးရှိလှသောအတွေ့အကြုံများကို မေးမြန်းရန် ရည်ရွယ်ခဲ့သော်လည်း တီနွီဖုန့်၏ ပြန်လည်ဖြေကြားမှုမှာ အလွန်ပင်ရိုးရှင်းလွန်းနေခဲ့သည်။
"အကြီးအကဲတွေက နှစ်တိုင်း မတူညီတဲ့ ပုံရိပ်ယောင်နယ်မြေတွေကို ဖန်တီးလေ့ရှိတာမို့ ငါမြင်ခဲ့ရတာတွေကို မင်းကိုပြောပြနေလည်း အဓိပ္ပယ်မရှိဘူး…ဒါပေမဲ့ မင်းမှတ်ထားရမှာက အဆင့်သတ်မှတ်ချက်ဆိုတာ ဘယ်သူက ပိုဝေးဝေးသွားနိုင်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပဲ..."
တီနွီဖုန့်က လက်ကိုဝှေ့ယမ်းပြလျက် ဆက်လက်ပြောကြားလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် တာအိုစိတ်ဓာတ်ကို စမ်းသပ်တာပဲမလား။ ငါ့ရဲ့တာအိုစိတ်ဓာတ်ကတော့ တွေ့တဲ့လူအကုန် ချပစ်ဖို့ပဲ…မင်းက အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် အရင်ဆုံးလက်သီးတစ်ချက် ပစ်သွင်းလိုက်မယ်…ဒီလိုရိုက်ရင်းနှက်ရင်းနဲ့ပဲ ငါကတော့ အောင်မြင်သွားတာပဲ..."
ချူလျန်က သံသယစိတ်ဖြင့် မျက်ခုံးပင့်လိုက်မိ၏။
အကြီးအကဲများက သေချာစွာ စီမံထားသောတာအိုစိတ်ဓာတ်စမ်းသပ်ပွဲမှာ ဆရာသခင် ပြောသကဲ့သို့ တကယ်ပင် လွယ်ကူပါ့မည်လော...။
'ဒါ ကောလာဟလတွေထဲကလို…လူမိုက်က ပညာရှိကိုနိုင်တယ်ဆိုတဲ့ သဘောမျိုးဖြစ်နေမလား...'
ဆရာသခင်၏အဆောင်မှ ထွက်လာသောအခါ တောင်ကုန်းငယ်လေးပေါ်တွင် သူ့အား စောင့်ဆိုင်းနေသော လူနှစ်ဦးကို မြင်တွေ့လိုက်ရ၏။
ထိုသူတို့မှာ အခြားသူမဟုတ်ဘဲ ယွင်ချောင်ရှန်းနှင့် သူနှင့်အတူ လိုက်ပါလာသော မိန်းကလေးပင်ဖြစ်သည်။
ထိုမိန်းကလေးမှာ အသက်ငယ်ရွယ်ပုံရပြီး ဆံပင်ကိုနှစ်ဖက်ခွဲကာ ထုံးထားပြီး ယွင်ချောင်ရှန်း၏ဘေးတွင် ရပ်နေသဖြင့် ခန္ဓာကိုယ်မှာသေးငယ်ကာ ချစ်စဖွယ်ကောင်းလှသည်။ သူမသည် သပ်ရပ်လှပသော အပြာနှင့် အဖြူရောင်စပ် ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်ဝန်းကြီးများမှာလည်း တောက်ပဖြတ်လတ်နေ၏။
သူမ၏ကျောပြင်ထက်တွင် အဝတ်ဖြင့် ပတ်ထားသော ရှည်လျားသည့် လက်နက်ကြီးတစ်ခုကို လွယ်ထားရာ ၎င်းမှာလည်း သံသယဖြစ်စရာမလိုဘဲ အစွမ်းထက်လှသောလက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။
"ညီအစ်ကိုချူ..."
ယွင်ချောင်ရှန်းက စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
"ကျုပ် မင်းကို အားပေးဖို့ လာခဲ့တာ..."
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုယွင်..."
ချူလျန်က လက်ယှက်လျက် ကျေးဇူးတင်စကားပြောကြားပြီးနောက် ထိုမိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။
"ဒီမိန်းကလေးက ဘယ်သူလဲခင်ဗျာ..."
"သူမက ကျုပ်ရဲ့ ဂိုဏ်းတူညီမလေး ထန်ရှီးပဲ…ငါတို့ ထျန်းကန်းဂိုဏ်းရဲ့ အဓိကတပည့်တစ်ယောက်ပေါ့..."
ယွင်ချောင်ရှန်းက ပွင့်လင်းစွာ ရယ်မောရင်းပြောပြလေသည်။
ထျန်းကန်းဂိုဏ်းတွင် ဓားမော့၊ လှံ၊ ဓားရှည်နှင့် ပုဆိန်လှံဟူသော အဓိကလက်နက်လေးမျိုးကို ကိုင်ဆောင်သည့် တပည့်ကြီးလေးဦး ရှိပေသည်။
ယခု ရှေ့တွင် ရောက်ရှိနေသော မိန်းကလေးငယ်မှာ အမှန်တကယ်ပင် လှံရှည်ကိုအသုံးပြုသူ ဖြစ်နေသလော။
ချူလျန်သည် သူမကို အနည်းငယ်အံ့ဩစွာ ကြည့်လိုက်မိပြီး သူမ၏ သေးငယ်လှသောခန္ဓာကိုယ်နှင့် ရှည်လျားလှသော လှံရှည်ကြီးကို မည်သို့မျှတွဲဖက်၍ စိတ်ကူးမရနိုင် ဖြစ်နေတော့သည်။
"သူကတော့ ကျုပ် မင်းတို့ကို ပြောဖူးတဲ့ ချူလျန်ပဲ….ကျုပ်ထက်တောင် ဉာဏ်နည်းနည်းပိုကောင်းတဲ့ ရှုတောင်ဂိုဏ်းတပည့်ပေါ့..."
ယွင်ချောင်ရှန်းက ထန်ရှီးကို ချူလျန်နှင့် မိတ်ဆက်ပေးလိုက်သည်။
'နောက်က စကားစုကိုတော့ အမြဲတမ်း ထည့်ပြောနေဖို့မလိုပါဘူး...'
ချူလျန်က သက်ပြင်းချလျက် တွေးလိုက်မိ၏။
"ဝါး…တော်လိုက်တာ..."
ထန်ရှီးက ချူလျန်ကိုကြည့်ကာ မျက်လုံးဝိုင်းလေးများကို ပုတ်ခတ်လျက် နူးညံ့ပျော့ပျောင်းသော အသံလေးဖြင့် ပြောလိုက်သည်။
ကောင်းပြီလေ။
ထိုမိန်းကလေးမှာလည်း သိပ်ပြီး ထက်မြက်ပုံမရချေ။
ချူလျန်က သူတို့ကိုဧည့်ခံရန် ပြင်ဆင်နေစဉ် ဟိုဘက်ဆီမှ ငွေရောင်အလင်းတန်းတစ်ခု ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ရှောင်ယွီ၊ ခေါင်းကြီးနှင့် ပိုင်ဇယ်လေးတို့ ပန်းကန်ပြားပျံကစားနေကြခြင်း ဖြစ်၏။
ဝှီး။
ရွှေရောင်လေပြင်းတစ်ခုနှင့်အတူ အရိပ်တစ်ခုမှာလည်း အရှိန်အဟုန်ပြင်းစွာပြေးဝင်လာခဲ့၏။
ယွင်ချောင်ရှန်းနှင့် ထန်ရှီးတို့သည် မိမိတို့၏နောက်ကွယ်မှ လေလှိုင်းများ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသဖြင့် ချူလျန်ကမစိုးရိမ်ရန် လှမ်းမပြောနိုင်ခင်မှာပင် ဝိဇ္ဇာပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦး ဖြစ်သော သူတို့၏တုံ့ပြန်မှုမှာ တစ်ဆင့်စောနေခဲ့ချေပြီ။
သူတို့နှစ်ဦးလုံးသည် တစ်ပြိုင်နက်တည်းလှည့်လျက် လက်နက်များကို ထုတ်ယူလိုက်ကြရာ ယွင်ချောင်ရှန်းသည် ကြီးမားလှသောပုဆိန်လှံကြီးကို ကိုင်ဆွဲကာ မျက်ခုံးများပင့်လျက်စောင့်ကြည့်နေ၏။
ထန်ရှီးမှာမူ သူမ၏ ခန္ဓာကိုယ်ထက် နှစ်ဆခန့်ပိုမိုမြင့်မားသော လှံကြီးကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ကြီးထွားလာကာ အဝတ်အစားများပင် ပြဲထွက်လုနီးပါးဖြစ်သွားခဲ့သည်။ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများလွှမ်းခြုံလျက် စွမ်းအားကြီးမားသော နတ်မင်းတစ်ပါးကဲ့သို့ ခါးကိုလှည့်ကာ အော်ဟစ်လိုက်လေသည်။
"ဘယ်က မိစ္ဆာကောင်လဲ..."
ထိုကဲ့သို့ ကြမ်းတမ်းခက်ထန်လှသော အသံကြောင့် ချူလျန်၏မျက်လုံးများ ပြူးကျယ်သွားရကာ သူက အလောတကြီး အော်ပြောလိုက်မိ၏။
"ဒါ ကျုပ်ရဲ့ ငွေဓားတောင်ထွတ်က ဝိညာဉ်သားရဲပါ…နှစ်ယောက်လုံး မစိုးရိမ်ကြပါနဲ့..."
သူသာမက ရွှေမွေးဟူကြီးပင် ထိုဒေါသတကြီးအော်ဟစ်သံကြောင့် တစ်ကိုယ်လုံးရှိ ရွှေရောင်အမွေးများ ထောင်ထွက်သွားရသည်။
၎င်းသည် ပန်းကန်ပြားပျံကို ပါးစပ်ဖြင့်ကိုက်ထားလျက် ခေါင်းကြီးကို ဘယ်ပြန်ညာပြန်လှည့်ကြည့်ကာ တစ်လှမ်းချင်းစီ နောက်ဆုတ်ပြေးသွားတော့၏။
"အော်…သူ ဆော့နေတာပဲကိုး..."
ယွင်ချောင်ရှန်းသည် ယခင်ကရွှေမွေးဟူကြီးကို မြင်ဖူးခဲ့သဖြင့် ချက်ချင်းပင် လက်နက်ကို သိမ်းဆည်းလိုက်ကာ လက်ကိုယမ်းပြလျက် ရယ်မောလိုက်လေသည်။
ထန်ရှီးသည်လည်း တစ်ခဏချင်းမှာပင် သူမ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ နူးညံ့သိမ်မွေ့သော မိန်းကလေးငယ်အသွင်သို့ ပြန်လည်ပြောင်းလဲလျက် ပါးစပ်ကိုပိတ်ကာ ရယ်မောလိုက်သည်။
"သူ့ကို လန့်သွားအောင် လုပ်တာပါ..."