← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း (၂၇၃) - မြန်မြန်ပြေး

ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်တွင် မြင့်မားသော ကျောက်တိုင်ကြီးတစ်တိုင် စိုက်ထူထား၏။

ကျောက်တိုင်၏ မျက်နှာစာသည် ရင်ပြင်ဘက်သို့ လှည့်ထားပြီး ယခုအချိန်တွင်မူ ၎င်းအပေါ်၌ ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ခဏအကြာတွင် ကောင်းကင်လှေကားလမ်းစဉ်၏ အဆင့်(၆၄)အထိ အမည်စာရင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။

ကျောဘက်မှာမူ ပွဲကြည့်စင်ဘက်သို့ လှည့်ထားကာ ထိုနေရာတွင် တိမ်မြူများ ဖုံးလွှမ်းနေပြီး ပွဲကြည့်ပရိသတ်များက ဝိညာဉ်အာရုံကို စုစည်းလိုက်သည်နှင့် မိမိတို့ ကြည့်ရှုလိုသူများ၏တက်လှမ်းမှု အခြေအနေကို မြင်တွေ့နိုင်မည်ဖြစ်ပေသည်။

တောင်ထွတ်သခင် သုံးဆယ့်ခြောက်ဦးတို့မှာ စင်မြင့်ပေါ်တွင်စုရုံးနေကြပြီး ဝမ်ရွှမ်လင်က တောင်ထွတ်အားလုံး၏အကြီးအကဲဖြစ်သည့်အလျောက် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ ဧည့်သည်တော်များကို အရင်ဆုံး သွားရောက်ဧည့်ခံပြီးနောက်မှသာ ဤနေရာတွင် ဝင်ထိုင်လိုက်လေသည်။

အနီးရှိ အခြားတောင်ထွတ်သခင်တစ်ဦးက ပြောလိုက်၏။

"အကြီးအကဲဝမ် ပင်ပန်းသွားပြီ..."

"ဂိုဏ်းအတွက် အားထုတ်ရတာ ဘယ်မှာပင်ပန်းရမှာလဲ..."

ဝမ်ရွှမ်လင်က ခပ်အေးအေးပင် ပြောလိုက်သည်။

ထိုစဉ် ဘေးဘက်မှ နားဝင်မချိုသောအသံတစ်သံ ထွက်ပေါ်လာလေ၏။

"တကယ်လည်း ပင်ပန်းနေမှာပါပဲ... ရှင့်လို အရိုးဆွေးကြီးက စောစောစီးစီး ရာထူးကဆင်းပေးပြီး ကျွန်မတို့လိုလူငယ်လူရွယ် အရည်အချင်းရှိတဲ့သူတွေကို နေရာပေးသင့်နေပြီ..."

"တိနွီဖုန့်..."

ဝမ်ရွှမ်လင်က လှည့်ကြည့်စရာပင်မလိုဘဲ စကားပြောသူမှာ ရှုတောင်ကပ်ဘေးဆိုးမှန်းသိနေကာ ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

"မင်း စိတ်ကူးယဉ်မနေနဲ့... မင်းတစ်သက်လုံး အကြီးအကဲနေရာကို လက်လှမ်းမီနိုင်မယ့် အခွင့်အရေးရှိမှာ မဟုတ်ဘူး..."

"ဟားဟား... ဒါဆိုရင်လည်း ကျွန်မတပည့်ကရှင့်တပည့်ကို ဘယ်လိုမျိုး အနိုင်ယူသွားမလဲဆိုတာကို သေချာကြည့်ထားလိုက်စမ်းပါ..."

တိနွီဖုန့်က အမြဲတမ်းလိုလို မောက်မာစွာပြောလိုက်လေသည်။

"အရှက်မရှိ စကားကြီးစကားကျယ်တွေ ပြောနေတာပဲ..."

ဝမ်ရွှမ်လင်က ထိုအပေါ်တွင် အထင်အမြင်သေးမှုသာရှိလေ၏။

ငွေဓားတောင်ထွတ်မှ တပည့်ငယ်လေးကိုလည်း သူက စောင့်ကြည့်နေခဲ့သည်။ ထိုကောင်လေးက အလွန်ထူးချွန်သည်ကိုတော့ ဝန်မခံ၍မရသော်လည်း သူ၏ ရွှီဇီယန်နှင့် နှိုင်းယှဉ်မည်ဆိုလျှင်မူ အလွန်နုနယ်သေးသည်ဟုဆိုရမည်ပင်။

ထိုကိစ္စနှင့်ပတ်သက်၍ ဝမ်ရွှမ်လင်က ယုံကြည်မှု အပြည့်ရှိနေပေသည်။

"စောင့်သာ ကြည့်နေလိုက်..."

တိနွီဖုန့်က နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်မှ တီးတိုးရေရွတ်လိုက်၏။

"ကျွန်မ ရှင့်ကို မဆုံးနိုင်ဘူးဆိုရင် ဒီနှစ်တွေထဲ တိရစ္ဆာန်ဆရာဝန် လုပ်လာရတာ အလကားဖြစ်သွားမှာပေါ့..."

ဝမ်ရွှမ်လင်၏ အမြဲတမ်း တည်ကြည်နေတတ်သောမျက်ခုံးများက တွန့်ခါသွားပြီး ရင်ထဲမှ ဒေါသမီးကိုဖိနှိပ်ထားရန် ခွန်အားအမြောက်အမြား သုံးလိုက်ရလေသည်။

ယနေ့ ကောင်းကင်လှေကားလမ်းစဉ်သည် တပည့်များ၏တာအိုနှလုံးသားကို စမ်းသပ်မှုသက်သက်သာမက သူ့အတွက်လည်း စမ်းသပ်မှုတစ်ခု ဖြစ်နေပုံပေါ်ပေသည်။

ထိုအချိန်တွင် ရှုတောင်တပည့်များမှာ ရင်ပြင်၏အခြားတစ်ဖက်၌ ရပ်နေကြပြီး သူတို့ရှေ့ရှိ တိမ်မြူများကြားတွင် တိုးတိတ်ပေါ်လွင်နေသော ကောင်းကင်လှေကားတက်လမ်းကို မော့ကြည့်ကာ အံ့ဩချီးကျူးနေကြသည်။

ဤနေရာကို ရှုတောင်ထိပ်သီးညီလာခံတွင်မှ ဖွင့်လှစ်ခြင်းဖြစ်ပြီး သာမန်အချိန်များတွင်မူ မြင်တွေ့ခွင့်ရနိုင်မည်မဟုတ်ပေ။

ကောင်းကင်တက်လှမ်းတောင်ထွတ်သည်ပင် ရှုတောင်၏အမြင့်ဆုံးနေရာ ဖြစ်နေပြီဖြစ်ရာ အပေါ်သို့နဂါးတစ်ကောင်ပမာ တွန့်လိမ်တက်သွားသော လမ်းက မည်သည့်နေရာသို့ ဦးတည်သွားမည်နည်း။

တကယ်ပဲ ကောင်းကင်သို့ တက်လှမ်းမည့်လှေကားပင် ဖြစ်နေပါသလော။

အစောင့်အရှောက်အကြီးအကဲက တိမ်မြူများ၏ရှေ့တွင်ရပ်ကာ အသံလွှင့်၍ ပြောလိုက်၏။

"ဒီတစ်ကြိမ် စမ်းသပ်မှုက ပဏာမရွေးချယ်ပွဲဖြစ်ပေမယ့် အဆင့်(၆၄)အတွင်း ဝင်တဲ့သူတွေက နောက်ပိုင်းကျင်းပမယ့် စင်မြင့်တိုက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ရလိမ့်မယ်…”

“....ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရှားပါးတဲ့ စမ်းသပ်မှုအခွင့်အရေးတစ်ခုလည်း ဖြစ်တယ်... မင်းတို့က ရှေ့ကိုဆက်သွားဖို့ပဲ လိုအပ်ပြီး အဆင့်သတ်မှတ်ချက်ကို အရမ်းကြီးစိတ်ပူနေဖို့မလိုဘူး... စမ်းသပ်မှုအတွင်းမှာ မင်းတို့က တခြားဂိုဏ်းတူညီအစ်ကိုတွေကိုမြင်ရမှာ မဟုတ်ဘဲ အာရုံစိုက်ဖို့ပဲလိုအပ်တယ်..."

တပည့်များကလည်း တညီတညွတ်တည်း ပြန်လည်တုံ့ပြန်လိုက်ကြသည်။

အချိန်ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော ရှုတောင်တောင်ထွတ်များ တွေ့ဆုံပွဲက နောက်ဆုံးတွင်စတင်လာပြီဖြစ်ရာ အားလုံးက အလွန်စိတ်လှုပ်ရှားနေကြသည်မှာ ထင်ရှားလှပေသည်။

အစောင့်အရှောက်အကြီးအကဲက တက်ကြွလန်းဆန်းနေသော လူငယ်များကို ကြည့်ကာ အချိန်ဆွဲမနေတော့ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။

"ကဲ...အားလုံးပဲ ဒီကောင်းကင်လှေကားကို တက်လှမ်းကြတော့..."

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရေတွက်၍မရသော ပုံရိပ်များက လေကိုခွင်း၍ အလျင်စလိုပြေးဝင်သွားကြကာ အနည်းငယ် နောက်ကျကျန်ရစ်မည်ကိုပင် ကြောက်ရွံ့နေကြသည်။

ချူလျန်ကမူ အလျင်စလို မဖြစ်လှပေ။

စဉ်းစားကြည့်ပါက ဤကောင်းကင်လှေကားလမ်းစဉ်သည် အပြေးပြိုင်ပွဲမဖြစ်နိုင်ရာ အချိန်လေးလုနေ၍ ဘာအသုံးဝင်မည်နည်း။

သူက တိမ်မြူများကြားသို့ ခြေတစ်လှမ်းလှမ်းဝင်လိုက်သည်နှင့် သူ့ပုံရိပ်က ရုတ်တရက်ရပ်တန့်သွားပြီး မျက်စိရှေ့ရှိ အရာအားလုံးက ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။

လျှို့ဝှက်နယ်မြေများထဲသို့ အကြိမ်အနည်းငယ်ဝင်ရောက်ဖူးသော သူ့အတွက် ထိုခံစားချက်က အလွန်ရင်းနှီးနေကာ အခြားနယ်မြေတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

မျက်စိရှေ့ရှိ လူအုပ်ကြီးမှာပျောက်ကွယ်သွားပြီး အထီးကျန်ဆန်ကာ မြင့်မားခမ်းနားသော တောင်ကြီးတစ်တောင်သာ ကျန်ရစ်တော့၏။ တောင်ပေါ်တွင် တောင်ကိုပတ်၍ ဖောက်လုပ်ထားသော သစ်သားလမ်းတစ်ခုရှိပြီး အလွှာအနည်းငယ်ကိုသာ သဲ့သဲ့လေးမြင်နိုင်ကာ အထက်ပိုင်းမှာမူ တိမ်မြူများကြားတွင် ဖုံးကွယ်နေလေသည်။

သူကလေကိုစီးကာ အထက်သို့ပျံတက်ချင်သော်လည်း ပတ်ဝန်းကျင်ရှိ လေများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယခုနေရာတွင် တားမြစ်ချက်တစ်ခုချမှတ်ထားသဖြင့် ပျံသန်း၍ မရနိုင်ပုံပေါ်ပေသည်။

‘တစ်လှမ်းချင်းစီပဲ လျှောက်တက်ရတော့မှာလား...'

သူက ပတ်ဝန်းကျင်ကို သေချာစွာစစ်ဆေးကြည့်ရှုပြီးနောက်မှသာ ရှေ့သို့ ခြေလှမ်းစတင်လိုက်လေသည်။

လမ်းပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ရှေ့ဘက်တွင် အလင်းနှင့်အရိပ်များ ရုတ်တရက် ပြောင်းလဲသွားကာ လူရိပ်အချို့ ထွက်ပေါ်လာ၏။

တိနွီဖုန့်... လျိုရှောင်ယွီ... ကျန်းယွဲ့ပိုင်... လင်းပေ့...

ရွှေမွေးဟူပင် ပါဝင်သေးသည်။ စုစုပေါင်း ပုံရိပ်ခုနစ်ခု၊ ရှစ်ခုခန့် ရှိပြီး အားလုံးမှာ ချူလျန်နှင့် အလွန်ရင်းနှီးသော သူများသာဖြစ်ကြသည်။

သူတို့အားလုံးက ရှေ့လမ်းတွင် အတူတကွ ပိတ်ဆို့နေကြ၏။

'ဒါ ဘယ်လိုဖြစ်ရတာလဲ...'

ချူလျန်က ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး သေချာမစဉ်းစားရသေးခင်မှာပင် သူ၏အနောက်ဘက်မှ အစောင့်အရှောက်အကြီးအကဲ၏အသံ ထွက်ပေါ်လာလေသည်။

"သူတို့အားလုံးက မင်း ဂရုစိုက်ရတဲ့သူတွေပဲ..."

ယနေ့တွင် သူသည် သာမန်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့် အဘိုးအိုတစ်ဦးအဖြစ်ရှိနေကာ ရှည်လျားသော မုတ်ဆိတ်မွေးများက လွင့်ပျံနေပြီး မျက်လုံးထဲတွင် အပြုံးများရောယှက်နေလျက် ချူလျန်အားပြောလိုက်၏။

"ဒီအလွှာကလမ်းကို ဖြတ်ကျော်နိုင်ဖို့ဆိုရင် မင်း သူတို့ထဲက တစ်ယောက်ကို ရွေးချယ်ပြီး သတ်ပစ်ရလိမ့်မယ်..."

ချူလျန်က မျက်စိရှေ့ရှိပုံရိပ်များကို ကြည့်လိုက်သည်။

'သူတို့အားလုံးက အတုတွေမှန်း သိနေပေမယ့်...လင်းပေ့ကိုပဲ ကျပန်းသတ်ပစ်လိုက်ရင် စိတ်ပိုင်းဆိုင်ရာ ဖိအားသိပ်ကြီးမှာမဟုတ်ဘူး…’

‘ဒါပေမယ့် တကယ်ရော ဒီလောက်ရိုးရှင်းပါ့မလား...'

"ဒါ ဘာလုပ်တာလဲ..."

ရွှီဇီယန်က မျက်စိရှေ့ရှိ လူများကို အေးတိအေးစက်စိုက်ကြည့်နေ၏။

ဆရာ... ညီမလေး... ဂိုဏ်းတူညီအစ်ကိုအများအပြား...

လူဆယ်ဂဏန်းလောက်က သူ့ရှေ့တွင် တားဆီးနေကာ လမ်းကို ပိတ်ဆို့ထားကြသည်။

အစောင့်အရှောက်အကြီးအကဲ၏အသံက သူ့အနောက်တွင်လည်း ထပ်မံပေါ်ထွက်လာလေသည်။

"မင်းမှာ ဂရုစိုက်ရတဲ့သူတွေ တော်တော်များများ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး... ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီအလွှာကလမ်းကို ဖြတ်ကျော်နိုင်ဖို့ဆိုရင် မင်း သူတို့ထဲက တစ်ယောက်ကို ရွေးချယ်ပြီးသတ်ပစ်ရလိမ့်မယ်..."

ရွှီဇီယန်က သူ့ကိုကြည့်ကာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။

"ဒီအလွှာမှာ တစ်ယောက်ကိုသတ်ပစ်လိုက်ရင် နောက်တစ်လွှာမှာလည်း ထပ်သတ်ရဦးမှာလား... အကြိမ်တိုင်းရွေးချယ်နေရမှာလား..."

အစောင့်အရှောက်အကြီးအကဲက ရယ်မော၍ ပြောလိုက်သည်။

"မင်း တော်တော်ထက်မြက်တာပဲ..."

ရွှီဇီယန်က လှည့်လိုက်ပြီး ဓားပျံကို ရုတ်တရက်ထုတ်ဖော်လိုက်၏။

ရွှစ်... ရွှစ်... ရွှစ်...

သွေးရောင်အလင်းတန်းများ ဖြာထွက်သွားပြီး သူ မျက်တောင်ပင်မခတ်ဘဲ မျက်စိရှေ့ရှိ လူအားလုံးကို သတ်ပစ်လိုက်လေတော့သည်။

"ကျွန်တော့်ရင်ထဲမှာ သူတို့ရဲ့ နေရာကအတူတူပဲ... ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက အတုတွေပဲလေ... တစ်ယောက်တည်း သတ်မယ့်အစား အားလုံးကို သတ်ပစ်လိုက်တာက ပိုကောင်းတယ်…”

“ဒါမှ နောက်ပိုင်းထပ်ရွေးချယ်ရမယ့် ဒုက္ခကနေ သက်သာသွားမှာပေါ့..."

သူက မည်သည့် စိတ်ခံစားမှုမှမရှိဘဲ ပြောလိုက်သည်။

ဘယ်သူ့ကိုအရင်သတ်သတ် မပျော်မရွှင်ဖြစ်ရမည်သာဖြစ်ရာ အားလုံးကို တစ်ပြေးညီသဘောထားပြီး တစ်ကြိမ်တည်းနှင့် အကုန်သတ်ပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

အစောင့်အရှောက်အကြီးအကဲက ခေါင်းညိတ်လိုက်၏။

"မင်းလိုလူမျိုး တော်တော်ရှားတာပဲ..."

ရွှီဇီယန်က သူ မည်သို့ဝေဖန်မည်ကို ဂရုမစိုက်ဘဲ ရှေ့သို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေတော့သည်။

ရင်ပြင်ပေါ်ရှိ ကျောက်တိုင်ထက်တွင် ရွှီဇီယန်၏အမည်က ပထမနေရာ၌ မြင့်မားစွာ ရှိနေ၏။

ဝမ်ရွှမ်လင်၏မျက်နှာက အရင်အတိုင်း တည်ကြည်နေဆဲပင်။

"ဟားဟားဟား..."

ဘေးဘက်မှ တိနွီဖုန့်၏ရယ်သံက အလွန်ဆူညံနေလေသည်။

"ရှင့်ရဲ့တပည့်ကောင်းလေးကို ကြည့်လိုက်ပါဦး... ရှင့်ကို သတ်တဲ့အချိန်မှာ ဘယ်လောက်တောင် လက်ရဲဇာတ်ရဲ ရှိလိုက်သလဲ... သူက အဲဒီလိုလုပ်ချင်နေတာ ကြာပြီထင်တယ်..."

"စိတ်ကူးယဉ်ကမ္ဘာမှန်း သိသိရက်နဲ့ ပြတ်ပြတ်သားသား သတ်ပစ်တာကလည်း မဆိုးပါဘူး..."

ဝမ်ရွှမ်လင်က ပြောလိုက်သည်။

"သူ အခွင့်အရေးရတုန်း စိတ်ပေါက်ကွဲသွားတယ်လို့ ကျွန်မဘာလို့ ခံစားနေရတာလဲ..."

တိနွီဖုန့်က ကွယ်ရာတွင် ရန်တိုက်ပေးနေ၏။

"ဟမ့်..."

ဝမ်ရွှမ်လင်က ပြောလိုက်လေသည်။

"မင်းတပည့် အဲဒီမှာ တစ်ချက်လေးတောင်မလှုပ်ဘဲ ထိုင်နေတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်…”

“နောက်ဆုံးရွေးချယ်တဲ့ရလဒ်ကလည်း မင်းကိုအရင်သတ်ဖို့ပဲ ဖြစ်နေမလား ဘယ်သိမလဲ..."

တိနွီဖုန့်က မျက်ခုံးပင့်လိုက်၏။

"သူရဲလို့လား..."

ကျန်းယွဲ့ပိုင်က သူမရှေ့ရှိ မှုန်ဝါးဝါးပုံရိပ်နှစ်ခုကို ကြည့်ကာ အနည်းငယ် ထူးဆန်းနေလေသည်။

အနောက်ဘက်ရှိ အစောင့်အရှောက်အကြီးအကဲမှာလည်း ထူးဆန်းနေပေသည်။

"မင်းရဲ့ရင်ထဲမှာ... ဂရုစိုက်ရတဲ့သူ တစ်ယောက်မှ မရှိဘူးလား... ဒီမှုန်ဝါးဝါး ပုံရိပ်နှစ်ခုပဲ ရှိနေတယ်…”

“ဒါ လူလို့ပြောရတာထက် စွဲလမ်းမှုတစ်ခုလို့ ပြောမှပိုမှန်လိမ့်မယ်..."

ကျန်းယွဲ့ပိုင်က သူ့ကို ခပ်အေးအေးပင် ကြည့်လိုက်၏။

"ဒါဆို ကျွန်မ ဘာလုပ်ရမလဲ..."

"မင်းတိုက်ရိုက်ပဲ ရှေ့ဆက်သွားလို့ရတယ်... ဒီအဆင့်ကမင်းကို မတားဆီးနိုင်ပါဘူး..."

အစောင့်အရှောက်အကြီးအကဲက ပြောလိုက်သည်။

ကျန်းယွဲ့ပိုင်က တုံ့ဆိုင်းမှုအလျဉ်းမရှိဘဲ အဖြူရောင်ဝတ်စုံနှင့် အထက်သို့ လျှောက်တက်သွားလေတော့သည်။

ရင်ပြင်ပေါ်တွင်။

သူမ၏အမည်နှင့် ရွှီဇီယန်၏အမည်တို့မှာ အပြန်အလှန် ဦးဆောင်နေပြီး သူတို့နှစ်ဦးမှာ အဆင့်အတန်းတူညီနေကြသည်။

ထိုက်ယင်ဂိုဏ်းမှလော့ရှောင်ယုံက တိမ်မြူများကြားရှိ ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့ဩသွား၏။

"မွေးရာပါလိုလို ခံစားချက်ကင်းမဲ့တဲ့ဒီလူက ကျွန်တော်တို့ဂိုဏ်းရဲ့ 'ထိုက်ယင်' လမ်းစဉ်ကို ကျင့်ကြံဖို့ အရမ်းသင့်တော်တာပဲ..."

သူ့ရှေ့ရှိ ထိုက်ယင်ဂိုဏ်းမှ အကြီးအကဲကမူ ခေါင်းအနည်းငယ် ခါယမ်းလိုက်လေသည်။

"ဂရုစိုက်ရမယ့်သူမရှိတာက ခံစားချက်ကင်းမဲ့နေတယ်လို့ မဆိုလိုဘူး..."

"ဟင်..."

လော့ရှောင်ယုံက စဉ်းစားခန်း ဝင်သွား၏။

ဤရှုတောင်၏ အဓိကတပည့်အနည်းငယ်ကို အထူးဂရုပြု စောင့်ကြည့်နေကြပြီး လူအများ၏ အာရုံစိုက်ရာနေရာဖြစ်နေပေသည်။ ၎င်းအပြင် အခြားသူများမှာလည်း ကိုယ်ပိုင်အတွေ့အကြုံ အသီးသီးရှိနေကြလေသည်။

"ညီမလေးကျောက်... ညီမလေးချန်... ချူလျန်... ညီမလေးဆွန်း... ညီမလေးလီ..."

လင်းပေ့က မျက်စိရှေ့ရှိ လူများကို ကြည့်ကာငိုတော့မလိုပင် ဖြစ်နေ၏။

"ဒါကို ငါ ဘယ်လိုရွေးရမှာလဲ... ဘယ်သူ့ကိုအရင်သတ်သတ်... တကယ်လို့ သူတို့သာ သိသွားရင် အပြင်ရောက်တဲ့အခါ အဆက်အသွယ်ပြတ်ဖို့ကလွဲပြီး တခြားမရှိတော့ဘူး..."

"ဘုရားရေ... ဘာလို့ ငါ့အပေါ် ဒီလောက် ရက်စက်ရတာလဲ..."

"ဝက်လက်စွပ်ပြုတ်... ဝက်နံရိုးချိုချဉ်... ငါးပေါင်း... အသားလုံးဟင်း..."

နောက်လိုက်(ခ)က မျက်စိရှေ့တွင် ပေါ်လာသောဟင်းလျာများကို ကြည့်ကာ မျက်လုံးများပြူးကျယ်နေပြီး အလွန်အမင်း နာကျင်ခံစားနေရလေသည်။

"တစ်ခုကိုမဖြစ်မနေ စွန့်လွှတ်ရမယ်ဆိုရင် ငါ ဘယ်လိုလုပ်ရမလဲ..."

အနောက်ဘက်ရှိ အစောင့်အရှောက်အကြီးအကဲက သူ့နားထင်ကို ပွတ်သပ်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်၏။

"မင်း ဘယ်ဟာကို စွန့်လွှတ်စွန့်လွှတ် မြန်မြန်လုပ်စမ်းပါ... ကောင်းကင်လှေကားကို စောစောတက်ပြီး စောစောအဆုံးသတ်လိုက်တော့... ငါတို့ရှုတောင်ကို အရှက်ခွဲတာ နည်းနည်းလျှော့စမ်းပါ..."

"မင်း စဉ်းစားနေတာ တော်တော်ကြာနေပြီ... ထပ်ပြီး အချိန်ဆွဲနေမယ်ဆိုရင် တခြားသူတွေထက် အများကြီးနောက်ကျကျန်ခဲ့လိမ့်မယ်..."

အစောင့်အရှောက်အကြီးအကဲက သတိပေးလိုက်လေသည်။

ချူလျန်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စဉ်းစားနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

မျက်စိရှေ့ရှိ သူ့ဘဝတွင် အရင်းနှီးဆုံးလူများကိုကြည့်ကာ သူက အခက်တွေ့နေသော မျက်နှာထားဖြင့် မေးလိုက်၏။

"တစ်ယောက်တော့ မဖြစ်မနေသေရမှာလား..."

အားလုံးကအတုတွေဖြစ်သော်လည်း တစ်ယောက်ချင်းစီတိုင်းက အလွန်တရာ အစစ်အမှန်နှင့် တူနေပေသည်။

"ဟုတ်တယ်..."

အစောင့်အရှောက်အကြီးအကဲက ပြောလိုက်သည်။

"တစ်ယောက်ကိုမသတ်ဘူးဆိုရင် မင်း ကောင်းကင်လှေကားကို တက်နိုင်မှာ မဟုတ်ဘူး... ပြတ်သားမှုမရှိတဲ့သူတွေက ကြီးမားတဲ့အောင်မြင်မှုကို ရနိုင်ခဲတယ်..."

"ဒါဆိုလည်း ကောင်းပါပြီ..."

ချူလျန်၏မျက်လုံးထဲတွင် ရက်စက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဓားပျံကို ချက်ချင်းထုတ်ဖော်လိုက်လေသည်။

ရွှစ်ခနဲအသံနှင့်အတူ သွေးရောင်အလင်းတန်းများ ဖြာထွက်သွား၏။

အစောင့်အရှောက်အကြီးအကဲ၏ပုံရိပ်မှာ အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ချူလျန်က ပြုံးယောင်သန်းသွားသည်။ သူ မျှော်လင့်ထားသည့်အတိုင်း မှားယွင်းမနေပေ။

တရားစောင့်ရှောက်ရေးအကြီးအကဲသည် စမ်းသပ်မှု ဝင်ရောက်နေသော တပည့် ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်းကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ရာ ယခုနေရာရှိ ပုံရိပ်ယောင်ခန္ဓာကိုယ်တွင် အလွန်အားကောင်းသော ဝိညာဉ်စွမ်းအင် ရှိနေမည်မဟုတ်ပေ။

ထို့ပြင် ချောင်းမြောင်းတိုက်ခိုက်လိုက်သောကြောင့် သူ့တွင် ခုခံနိုင်မည့်အခွင့်အရေး မရှိတော့ချေ။

ယခုကဲ့သို့ ရွေးချယ်ရန်ခက်ခဲသော မေးခွန်းမျိုးနှင့် ရင်ဆိုင်ရချိန်တွင် မဖြစ်မနေ တစ်ယောက်ကို သတ်ရမည်ဆိုပါက သူတတ်နိုင်သည့် အခြေအနေမျိုးတွင် မေးခွန်းထုတ်သူကို သတ်ပစ်ရန်ရွေးချယ်လိုက်ခြင်းပင် ဖြစ်လေသည်။

အစောင့်အရှောက်အကြီးအကဲ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ သူသည် မျက်စိရှေ့ရှိ မိတ်ဆွေများ၏ အစစ်အမှန်နှင့်တူသော စိတ်ကူးယဉ်ပုံရိပ်များကို ကြည့်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေတော့သည်။

“ဒီအဘိုးကြီး ပြန်မလာခင် ငါတို့ မြန်မြန်ပြေးကြရအောင်..."

All Chapters