အခန်း ၂၇၄
Vol. 28 Ch. 274
အခန်း (၂၇၄) - ဝမ်ရွှမ်လင် ဘယ်ရောက်သွားလဲ။ စကားပြောဦးလေ
ပုံရိပ်ယောင်များအတွက်တော့ မျက်စိရှေ့တွင် ဖြစ်ပျက်နေသမျှသည် အနည်းငယ် ရှုပ်ထွေးလွန်းနေပုံရပြီး ချူလျန်၏အော်ဟစ်သံကို နားလည်ပုံမပေါ်ပေ။
သို့သော်လည်း ချူလျန် ရှေ့သို့ ပျံသန်းသွားပြီး ကောင်းကင်လှေကားထစ် လမ်းကြောင်းပေါ်သို့ တက်လှမ်းလိုက်ချိန်တွင် ကျောနောက်မှ ပုံရိပ်ယောင်များသည်လည်း သူနှင့်အတူ လိုက်ပါလာကြသည်။
စတင်လျှောက်လှမ်းလိုက်သည်နှင့် ကျောနောက်တွင် ပေါင်ချိန်သောင်းချီ လေးလံနေသကဲ့သို့ ချူလျန်ခံစားလိုက်ရပြီး ပုံရိပ်ယောင်တစ်ခုစီတိုင်းက သံကြိုးခလောက်များအဖြစ် သူ့အပေါ်သို့ ကြီးမားသောဝန်ထုပ်ဝန်ပိုးတစ်ခု ဖိချလိုက်သကဲ့သို့ပင်။
'ဒါ ဘယ်လိုဖြစ်ရတာလဲ...'
သူရှေ့သို့ ဆက်လျှောက်သွားသော်လည်း အရှိန်ကတော့ လုံးဝမြန်မလာခဲ့ချေ။ ထိုစဉ် သူ့ရှေ့တွင် ရိုးရိုးရှင်းရှင်းအဝတ်အစားနှင့် အဘိုးအို၏ပုံရိပ်က တစ်ဖန် ပြန်ပေါ်လာပြန်သည်။
အစောင့်အရှောက်အကြီးအကဲ၏ မျက်နှာထားက သိပ်ပြီးကြည်လင်နေပုံမရပေ။ မည်သူမဆို အကြောင်းမဲ့သက်သက် ရုတ်တရက်အခုတ်ခံရပြီး သေဆုံးသွားလျှင် ကိုယ်ပွားဖြစ်နေလျှင်တောင်မှ သိပ်တော့ ဝမ်းသာနေမည်မဟုတ်ချေ။
တစ်ဖန် ပြန်ပေါ်လာသော အစောင့်အရှောက်အကြီးအကဲက ဖြည်းညင်းစွာ စကားဆိုလိုက်၏။
"မင်းလည်း သတိထားမိလောက်ပြီလို့ ယုံကြည်တယ်... သူတို့ထဲက တစ်ယောက်ကို မဖြစ်မနေ သတ်ရမယ်လို့ ငါ အတင်းအကျပ် ခိုင်းစေနေတာမဟုတ်ဘူး... မင်း ကောင်းကင်လှေကားထစ်ကို တက်လှမ်းတဲ့လုပ်ငန်းစဉ်မှာ နှောင်ကြိုးတစ်ခုစီတိုင်းက အဆုံးမရှိတဲ့ တားဆီးမှုတွေဖြစ်လာမှာမလို့ပဲ…”
“ဒါ ပထမဆုံးအထပ်ပဲ ရှိသေးတယ်...အပေါ်ကို ရောက်လေလေ သူတို့ပေးမယ့် တားဆီးမှုက ပိုအားကောင်းလေလေ ဖြစ်လာလိမ့်မယ်... ရင်ထဲက နှောင်ကြိုးတွေကို မဖြတ်တောက်ဘူးဆိုရင် တခြားသူတွေကို မင်း ဘယ်လိုမှမီနိုင်မှာ မဟုတ်ဘူး..."
ချူလျန်က ပြုံးပြလိုက်သည်။
"အဲဒါဆိုလည်း ကျွန်တော် တကယ်ဆက်မလျှောက်နိုင်တော့တဲ့အချိန်ကျမှပဲ ဆက်ပြောကြတာပေါ့..."
ထိုသို့ ပြောဆိုပြီးနောက် သူသည် ကြီးမားသောဖိအားများကို ထမ်းပိုးထားရင်း အပေါ်သို့ ဆက်လက်တက်လှမ်းသွားလေတော့သည်။
နဂါးသွေးလျှို့ဝှက်ပညာရပ်ဖြင့် သန့်စင်ထားသော သူ့ခန္ဓာကိုယ်သည် ယခုအခါတွင် ကျားဆယ်ကောင်အားကိုပင် ကျော်လွန်နေပြီဖြစ်ပြီး နဂါးတစ်ပိုင်းအင်အားဆီသို့ ချဉ်းကပ်နေပြီဖြစ်သည်။
ယခုဆွဲငင်အားက ကြီးမားလွန်းလှသော်လည်း သူ့ခြေလှမ်းများကို လုံးဝ တားဆီးထားနိုင်ရန်တော့ မလုံလောက်သေးပေ။
သူသည် ပုံရိပ်ယောင်များကို ဝင်ရောက်မခုတ်သတ်လိုခြင်းမှာ ကိစ္စများက ထိုမျှလောက် ရိုးရှင်းမည်မဟုတ်ဟု အမြဲခံစားနေရသောကြောင့်ပင်။
မိတ်ဆွေများ၏ ပုံရိပ်ယောင်တစ်ခုကို သတ်ပစ်ရန် အမှန်တကယ်ပင် လွယ်ကူလှသော်လည်း ထိုနောက်တွင်ကော ဘာဖြစ်မည်နည်း။
အကယ်၍ ဆက်မလျှောက်နိုင်တော့လျှင် ထပ်သတ်ရဦးမည်လား။ အကုန်လုံးကို သတ်ပစ်ပြီးသွားလျှင်ကော ဘာဆက်ဖြစ်မည်နည်း။
ထိုအဆင့်က တာအိုနှလုံးသားကို သွေးဆူစေခြင်းဖြစ်သည်ဆိုလျှင် ရှည်လျားလှသော တာအိုလမ်းစဉ်တွင် ယခုကဲ့သို့သော နည်းလမ်းမျိုးဖြင့် အမြင့်ဆုံးအထွတ်အထိပ်သို့ မည်သို့လျှင် တက်လှမ်းနိုင်ပါမည်နည်း။
သေချာပေါက်ပင် ချူလျန်သည်လည်း ယခုကဲ့သို့ တောင့်ခံထားခြင်းက အမှားလား အမှန်လားဆိုသည်ကိုတော့ မသိပေ။ သို့သော် သူက ထိုသို့ တွေးတောမိပြီဖြစ်၍ ထိုအတိုင်းပင် ဆက်လုပ်သွားမည်ဖြစ်သည်။
တာအိုနှလုံးသားကို ခိုင်မာစွာစောင့်ထိန်းခြင်း ဆိုသည်မှာလည်း ထိုအရာပင် ဖြစ်သည်မဟုတ်လော။
ဘုန်း... ဘုန်း... ဘုန်း...
သူ၏ပုံစံက အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းနေပုံရသော်လည်း တကယ့်လက်တွေ့တွင်တော့ ချလိုက်သောခြေလှမ်းတိုင်းက ပုံမှန်မဟုတ်ဘဲ အလွန်အမင်းလေးလံနေလေသည်။
လူတိုင်းက ချူလျန်ကဲ့သို့ အစောင့်အရှောက်အကြီးအကဲကို ဝင်ရောက်ခုတ်သတ်ခြင်း မရှိသော်လည်း သူ့လိုရွေးချယ်မှုမျိုးကို ပြုလုပ်သည့်သူများလည်း ရှိနေသေးသည်။
လင်းပေ့သည်လည်း အံကြိတ်ကာတောင့်ခံထားလေ၏။
သူက တီးတိုးရေရွတ်လိုက်သည်။
"ဒီနေရာမှာ ငါ့ရဲ့ ညီအစ်ကိုကောင်းတွေ အပြင် ငါ့ဘဝရဲ့ အချစ်ဆုံးသူတွေချည်းပဲ... ငါ ဘယ်သူ့ကိုမှ လက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး... သူတို့ကိုခေါ်ပြီး ကောင်းကင်လှေကားထစ်ရဲ့ ထိပ်ဆုံးအထိ ငါ သွားရမယ်..."
သူသည် ခါးကိုကိုင်းကာ ရှေ့သို့ အစွမ်းကုန် ကြိုးစားလျှောက်လှမ်းနေပြီး ကျောနောက်တွင်လည်း ပုံရိပ်ယောင်တစ်အုပ်က လိုက်ပါလာကြသည်။ ထိုအရေအတွက်က ချူလျန်၏နှောင်ကြိုးများထက်ပင် ပိုများနေသေး၏။
ထို့အပြင် သူ့အင်အားကလည်း ချူလျန်နှင့် နှိုင်းယှဉ်၍မရနိုင်သည်ဖြစ်ရာ ထိုအခိုက်အတန့်တွင် မည်မျှခက်ခဲနေမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
အစောင့်အရှောက်အကြီးအကဲက ဘေးမှနေ၍ ခေါင်းခါမ်းပြလိုက်သည်။
"ယုံတမ်းစကားတွေပါ... မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီလောက် ကြီးမားတဲ့ ဖိအားကို ထမ်းပိုးပြီး ကောင်းကင်လှေကားထစ်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ..."
လင်းပေ့က အေးစက်စက် ပြုံးလိုက်၏။
"ဟက်...ကောင်းကင်နဲ့မြေကြီးကြားမှာ ယောက်ျားကောင်းတစ်ယောက်အဖြစ် မွေးဖွားလာမှတော့ မဖြစ်နိုင်မှန်း သိသိရက်နဲ့ ဆက်လုပ်တာကမှ သူရဲကောင်းစစ်စစ်ရဲ့ ပင်ကိုယ်စရိုက်ပဲ..."
အစောင့်အရှောက်အကြီးအကဲက အချိန်ကိုက် လှောင်ပြောင်လိုက်သည်။
"ပြောတာကတော့ သိပ်ကောင်းတာပဲ... အဲဒါဆိုလည်း ရှေ့ကို ဆက်လျှောက်လေ... အဲဒီမှာ ရပ်ပြီး ခြေထောက်တွေ တုန်နေတာဘာသဘောလဲ..."
လက်တွေ့တွင်တော့ လင်းပေ့သည် ပထမဆုံးအထပ် တောင်ပတ်လမ်း၏ ထက်ဝက်ကိုသာ လျှောက်ရသေးပြီး ထိုနေရာတွင်ပင် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
သူ့ခြေထောက်နှစ်ဖက်စလုံးမှာ ညောင်းညာချိနဲ့စွာ တုန်ယင်နေပြီး ရှေ့သို့ ဆက်တက်ရန် ခက်ခဲနေလေပြီ။
သို့သော် သူ့မျက်နှာထက်တွင် ကြောက်ရွံ့သည့်အရိပ်အယောင် အနည်းငယ်မျှပင် မပေါ်လွင်ဘဲ မေးငေါ့ကာ ခေါင်းမော့၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ကျွန်တော် ခြေထောက်တွေ ညောင်းနေလို့ဗျ..."
အစောင့်အရှောက်အကြီးအကဲက ဒေါသတကြီးဖြင့် ပြောလိုက်၏။
"ဒီလောက်ကြီး ဂုဏ်ယူဝင့်ကြွားနေစရာ မလိုပါဘူးကွာ..."
နောက်လိုက်(ခ) သည်လည်း အလားတူပင် ဖြစ်လေသည်။
ဟင်းပွဲတိုင်းက သူအနှစ်သက်ဆုံးအရာများဖြစ်ရာ သူက တစ်ပွဲကိုမှ အဆုံးရှုံးမခံနိုင်ပေ။ သို့သော် အပေါ်သို့တက်လှမ်းမည့် ခြေလှမ်းများမှာ ဆွဲငင်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်လှမ်းလေးမျှပင် ရှေ့ဆက်ရန် ခက်ခဲသွားတော့သည်။
သူသည် နောက်သို့လှည့်ကာ မိမိကို ကြီးမားသော ဖိအားများပေးနေသည့် ထိုအရသာရှိသော အစားအစာများကို ဝေခွဲမရစွာ ကြည့်နေမိပြီး ရွေးချယ်ရန် အခက်တွေ့နေလေ၏။
"ဘယ်လိုလုပ်ရမလဲ..."
ဘေးနားရှိ အစောင့်အရှောက်အကြီးအကဲမှာ မျက်လုံးပင် ပြူးကျယ်သွားရလေသည်။
အခမ်းအနားလာရောက် ကြည့်ရှုနေကြသော ကျင့်ကြံခြင်းလောကမှ လုပ်ဖော်ကိုင်ဖက်များ ယခုနေရာကို သတိမပြုမိကြစေရန်သာ သူ မျှော်လင့်မိတော့သည်။
ထိုအချိန်အတွင်းမှာပင် ရွှီဇီယန်သည် အထပ်ခြောက်ထပ်ရှိသော တောင်ပတ်လမ်းကို ပျံသန်းကျော်ဖြတ်သွားခဲ့ပြီဖြစ်ပြီး ကျောက်တိုင်ထက်တွင် သူနှင့် ကျန်းယွဲ့ပိုင်တို့၏ အဆင့်က အခြားသူများအားလုံးထက် များစွာ ဦးဆောင်နေလေသည်။
သတ္တမမြောက်လမ်းကြောင်းပေါ်သို့ ခြေချလိုက်ချိန်တွင် တားဆီးမှုတစ်ခုကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။
ထင်သည့်အတိုင်းပင် ထိုနေရာက ထိုမျှလောက် ရိုးရှင်းမည်မဟုတ်ပေ။ ရင်ထဲရှိ နှောင်ကြိုးများအားလုံးကို ခုတ်ထစ်ဖျက်ဆီးပစ်လိုက်လျှင်တောင်မှ တားဆီးမှုများ ရှိနေဆဲပင် ဖြစ်သည်။
သို့သော် ထိုမျှလောက်တားဆီးမှုက သူ့အတွက် ပြဿနာတစ်ခုဖြစ်လာရန် လုံးဝ မလုံလောက်ချေ။ သူက ချီစွမ်းအင်ကို အနည်းငယ်မြှင့်တင်လိုက်သည်နှင့် သူ့ကိုယ်ပိုင်အရှိန်အဟုန်က လေပြင်းတစ်ပြက်ကဲ့သို့ ပြန်လည်လျင်မြန်သွားပြီး နောက်ကျကျန်ရစ်မည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရတော့ပေ။
လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်မူ ဝမ်ရွှမ်လင်က မိမိတပည့်၏အမည်နှင့် ကျန်းယွဲ့ပိုင်၏အမည်တို့ အပြန်အလှန် နေရာလုနေကြပြီး နောက်ဆုံးတွင် ဦးဆောင်သွားနိုင်သည်ကို ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေသည်။
ယခုစမ်းသပ်မှုက သူပါဝင်ဖန်တီးထားခြင်း မဟုတ်သောကြောင့် နောက်ပိုင်းတွင် ဘာဆက်ဖြစ်လာမည်ကို သူကိုယ်တိုင်လည်း မသိပေ။ သို့သော် တပည့်ဖြစ်သူအပေါ် ယုံကြည်မှုရှိသည့်အတွက် ကြီးမားသော ဦးဆောင်မှုအခွင့်အရေးကို ရရှိထားသည့် ရွှီဇီယန်ကို မည်သူကမျှ ကျော်တက်နိုင်တော့မည်မဟုတ်ဟု သူ တွေးလိုက်မိသည်။
တိနွီဖုန့်၏ မျက်နှာအမူအရာကတော့ အနည်းငယ် မကျေမနပ်ဖြစ်နေလေပြီ။
ကျောက်တိုင်ပေါ်တွင် အဆင့်ခြောက်ဆယ့်လေးအထိသာ ပြသထားသောကြောင့် ချူလျန်၏အမည်က ထိုအပေါ်တွင် တစ်ခါမျှပေါ်မလာခဲ့ပေ။ သို့သော် မျက်လုံးဖြင့် ကြည့်လိုက်ရုံဖြင့်ပင် တပည့်အများအပြားက ပုံရိပ်ယောင်အချို့ကို ခုတ်သတ်ပြီးဖြစ်ရာ တောင်ပတ်လမ်းပေါ်တွင် အပြေးအလွှား သွားလာနေကြသည်ကို မြင်နိုင်ပေသည်။
ချူလျန်သည် တတိယအထပ် တောင်ပတ်လမ်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေပြီး သူ့ခြေလှမ်းများမှာ လှည်းတွန်းနေသော အဘိုးအိုတစ်ဦးကဲ့သို့ နှေးကွေးလှသည်။
ယခုအရှိန်အဟုန်အတိုင်းဆိုလျှင် သူက ပဏာမရွေးချယ်မှုကိုပင် အောင်မြင်နိုင်ခြေ လုံးဝမရှိတော့ပေ။
'ငါ့ရဲ့ တစ်ဦးတည်းသော မျိုးဆက်လေးက ပထမအချီမှာတင် ပြုတ်သွားတာတော့ မဟုတ်ပါဘူးနော်...'
သူမ အနည်းငယ် စိုးရိမ်နေချိန်မှာပင် ဘေးနားမှ ဝမ်ရွှမ်လင်၏ ခပ်တိုးတိုး အသံထွက်ပေါ်လာ၏။
"တိနွီဖုန့်... ခုနက တော်တော်လေး တက်ကြွနေတာမဟုတ်ဘူးလား... ဘာလို့ စကားမပြောတော့တာလဲ..."
"တားဆီးမှုက ပိုပိုပြီး အားကောင်းလာပါလား..."
ဒသမမြောက်အထပ်သို့ ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင်မှ ဒီရေလှိုင်းများကဲ့သို့ ကြီးမားသောဖိအားများက သူမကို တွန်းထုတ်နေသည်ကို ကျန်းယွဲ့ပိုင် သိသိသာသာ ခံစားလိုက်ရသည်။
အကယ်၍ သူမသာ အနည်းငယ်မျှပေါ့လျော့သွားမည်ဆိုလျှင် ရှေ့သို့ဆက်တက်ရန် ခက်ခဲရုံသာမက နောက်သို့ပင် လွင့်စဉ်သွားနိုင်သည်။
အပေါ်တွင် အထပ်မည်မျှကျန်သေးသည်ကို မသိရသော်လည်း ယခုအချိန်တွင် ထိပ်ဆုံးသို့ မရောက်သေးသည်ကတော့ ထင်ရှားလှသည်။ သူမသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတွင် ထူးချွန်သူမဟုတ်ရာ လက်ရှိအချိန်၌ သန့်စင်သော အင်အားသက်သက်ဖြင့် ရှေ့ဆက်ရန် မလုံလောက်တော့ချေ။
ဝှီး...
သူမ၏ ကျင့်ကြံမှုစွမ်းရည်များအားလုံး ရူးသွပ်စွာလည်ပတ်သွားပြီး ရှေ့သို့ ဆက်တက်နိုင်ရန်အတွက် ကြီးမားသောအင်အားတစ်ခုအဖြစ် စတင်ပြောင်းလဲသွားလေသည်။
နတ်မိမယ်ဆန်ဆန် အဖြူရောင်ဝတ်စုံလေးက လေထဲတွင် လွင့်ခါနေပြီး အေးစက်စက် မျက်ခုံးနှင့် မျက်လုံးများအကြားတွင် တည်ကြည်မှုအချို့ ထပ်တိုးလာလေသည်။
ထိုအချိန်မှာပင် သူမပခုံးထက်မှ ကူညီမှုစွမ်းအားနှစ်ခု ရောက်ရှိလာသည်ကို သူမ ခံစားလိုက်ရသည်။
ထိုအရာက မှုန်ဝါးဝါးပုံရိပ်ယောင်နှစ်ခုက သူမ၏ကျောပြင်ပေါ်သို့ လက်ဝါးများကို တင်ကာ တွန်းပေးလိုက်ခြင်းပင်ဖြစ်သည်။ ရောက်ရှိလာသော အင်အားက အလွန်အားနည်းလှသော်လည်း တကယ်တမ်းတည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
သူမ အနည်းငယ် ကြက်သေသေသွားလေ၏။
ထိုအရာမှာ သူမ၏ စွဲလမ်းမှုအနည်းငယ်ကြောင့် ပြောင်းလဲသွားသော ပုံရိပ်ယောင်များဖြစ်သည်။
ယခင်တက်လှမ်းခဲ့သော လုပ်ငန်းစဉ်တွင် သူမ သိပ်ပြီး သတိမထားမိခဲ့ပေ။ သို့သော် ယခုအခိုက်အတန့်တွင်တော့ ထိုအရာများက သူမထံသို့ လက်ကမ်းပေးလာခဲ့သည်။
'သူတို့ ငါ့ကို ကူညီပေးမယ်ပေါ့...'
သူမ တွေးလိုက်မိသည်။
သူမက ရုတ်တရက်တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေပုံပေါ်သွားလေသည်။
သူမသည် ငယ်စဉ်ကတည်းက နတ်ဘုရားအကြွင်းအကျန်နယ်မြေ တည်ရှိရာနေရာကို ရှာဖွေချင်ခဲ့သည်။ မိဘများ၏သတင်းအစအနကို ရရှိရန်အတွက် လောကီအညစ်အကြေးများနှင့် မကင်းကွာခဲ့သော်လည်း ရင်ထဲတွင် နှောင်ကြိုးကင်းမဲ့သော အဆင့်တစ်ခုကိုသာ အမြဲတမ်းရှာဖွေချင်ခဲ့ပြီး အခြားသော ငြိတွယ်မှုများကို မလိုချင်ခဲ့သလို ရှိလာမည်ကိုလည်း မဝံ့ရဲခဲ့ပေ။
'ဒါ တကယ်ရော မှန်ရဲ့လား...'
ဘုန်း... ဘုန်း... ဘုန်း...
ချူလျန်၏ ခြေလှမ်းများက ပို၍ပို၍ လေးလံလာပြီး ခြေတစ်လှမ်းချလိုက်တိုင်း ခြေရာတစ်ခု ထင်ကျန်ရစ်လုနီးပါးပင်။ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး ဆဋ္ဌမမြောက် တောင်ပတ်လမ်းပေါ်တွင် လဲကျသွားတော့မည့်ပုံပင်။
သူက လက်ကိုလှန်ကာ နဂါးသွေးသလင်းကျောက်တစ်လုံးကို ပေါင်းစပ်လိုက်သည်။
ဝုန်း...
ကြီးမားသောအင်အားတစ်ခု မြင့်တက်လာပြီး သူသည် တစ်ဖန် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားကာ တောင်ထွတ်၏ထိပ်ဆုံးဆီသို့ ချီတက်သွားလေတော့သည်။
နဂါးသွေးသလင်းကျောက်မှ ထွက်ပေါ်လာသော အင်အားများကို အားကိုး၍ ချူလျန်သည် ဆဋ္ဌမမြောက်အထပ်ကို အရှိန်အဟုန်ဖြင့်ကျော်ဖြတ်ကာ သတ္တမမြောက် တောင်ပတ်လမ်းဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအထပ်သို့ တက်လှမ်းလိုက်သည့် ခဏလေးအတွင်းမှာပင် သူ့ပခုံးထက်မှ ဖိအားများ ရုတ်တရက်လျော့ကျသွားသည်ကို ခံစားလိုက်ရပြီး ကျောနောက်မှ ရောက်ရှိလာသော ဝန်ထုပ်ဝန်ပိုးများကလည်း ပိုသေးငယ်သွားသကဲ့သို့ပင်။
ခံစားချက်က အစပိုင်းတွင်သိပ်မသိသာလှသော်လည်း အပေါ်သို့ တက်လာလေလေ သူ့ခြေလှမ်းများက ပိုမိုပေါ့ပါးသွက်လက်လာလေလေပင်။
ထပ်မံ၍ အပေါ်သို့ဆက်သွားရာ ပတ်ဝန်းကျင်လေထုထဲတွင် တားဆီးမှုများ ပေါ်လာသည်ကို သူခံစားလိုက်ရချိန်၌ ကျောနောက်မှ လက်တစ်ဖက်ကလည်း ရုတ်တရက်ရောက်ရှိလာလေသည်။
ချူလျန်က နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုမိတ်ဆွေများ၏ ပုံရိပ်ယောင်များက သူ့ပခုံးပေါ်သို့ မှီတွယ်လာပြီး သူ့ကို အပေါ်သို့ တွန်းတင်ပေးနေခြင်းဖြစ်သည်။
ရောက်ရှိလာသော ကူညီမှုစွမ်းအားက အတော်လေး အားကောင်းလွန်းလှပြီး ပတ်ဝန်းကျင်မှ တားဆီးမှုများကို တိုက်ရိုက်ပင်ချေဖျက်ပေးလိုက်လေသည်။
သူက တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေဟန်ဖြင့် ခေါင်းလှည့်ကာ အစောင့်အရှောက်အကြီးအကဲကို ကြည့်လိုက်၏။
အစောင့်အရှောက်အကြီးအကဲက အပြုံးတစ်ခုကိုဖော်ပြကာ သူ့ထံသို့ ချီးကျူးဂုဏ်ပြုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
"မင်း မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့တာပဲ..."
'ဒီလိုကိုး...'
ချူလျန်သည် ထိုအရာများကြားရှိ နက်နဲသောအဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားလေသည်။ ပထမတစ်ဝက်တွင် ဂရုစိုက်ရသူတိုင်းက နှောင်ကြိုးများအဖြစ်တည်ရှိနေပြီး ရှေ့ဆက်ရန်အတွက် အတားအဆီးများ ဖြစ်လာကြသည်။
သို့သော် ကောင်းကင်လှေကားထစ်၏နောက်တစ်ဝက်တွင်တော့ ပုံရိပ်ယောင်တစ်ခုစီတိုင်းက အကူအညီတစ်စိတ်တစ်ပိုင်းဖြစ်လာကြလိမ့်မည်။
ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များ များလေလေ ရရှိမည့်အကူအညီကလည်း ပိုမို အားကောင်းလေလေပင်။
လူ့လောကရှိ သံယောဇဉ်များက ယခင်ကငြိတွယ်မှုများဟု ထင်မှတ်ခဲ့ရသော်လည်း နောက်ဆုံးတွင်တော့ အပေါ်သို့တက်လှမ်းနိုင်ရန် ကူညီပေးမည့် စွမ်းအားများအဖြစ် ပြောင်းလဲသွားလေသည်။
များပြားလှသော ပုံရိပ်ယောင်များ၏အကူအညီဖြင့် သူ့ခြေလှမ်းများက ပို၍ပို၍ ပေါ့ပါးသွက်လက်လာလေသည်။ လူတိုင်း ရှေ့ဆက်ရန် အဟန့်အတားဖြစ်နေသည့် နောက်ပိုင်းအချိန်တွင် သူ့အရှိန်အဟုန်က မျှော်လင့်မထားလောက်အောင်ပင် မြင့်တက်လာခဲ့ပြီး အဆင့်သတ်မှတ်ချက်များကလည်း အလွန်လျင်မြန်စွာ တက်လာလေတော့သည်။
မကြာမီမှာပင် ချူလျန်၏အမည်က ကျောက်တိုင်အဆုံးရှိ အဆင့်ခြောက်ဆယ့်လေးနေရာတွင် ပေါ်လာခဲ့သည်။
ထို့အပြင် အပေါ်သို့လည်း ဆက်တိုက်ဆိုသလို တက်လာခဲ့လေသည်။
ထိုအမည်က စိတ်ကူး၍ပင်မရနိုင်သောအရှိန်အဟုန်ဖြင့် ထိပ်ဆုံးအယောက်ငါးဆယ်၊ အယောက်သုံးဆယ်၊ ထိပ်ဆုံးဆယ်ယောက် စသဖြင့် ကျော်တက်သွားပြီး နောက်ဆုံးတွင်တော့ ထိပ်ဆုံးသုံးယောက်စာရင်းထဲသို့ ဝင်ရောက်သွားလေသည်။
ထို့နောက်တွင်တော့...
ခဏတာအတွင်းမှာပင် အဆင့်နှစ်နေရာသို့ တစ်ဟုန်ထိုးတက်လှမ်းသွားခဲ့ပြီး ရွှီဇီယန်နှင့်လည်း လက်တစ်ကမ်းအကွာတွင်သာ ရှိတော့သကဲ့သို့ပင်။
ထိုသို့ မြင့်တက်လာသည့် အရှိန်အဟုန်က အလွန်ပြင်းထန်လွန်းလှသဖြင့် လာရောက်ကြည့်ရှုသူများအားလုံးပင် အံ့ဩတကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ယခင်က ရင်းနှီးသူအနည်းငယ်မှလွဲ၍ မည်သူကမျှ ချူလျန်ဟုခေါ်သော ထိုတပည့်ကို ဂရုမစိုက်ခဲ့ကြသော်လည်း ထိုအခိုက်အတန့်တွင်တော့ လူတိုင်းနီးပါးက သူ့ဆီသို့ အာရုံစိုက်သွားကြလေသည်။
တိနွီဖုန့်၏မျက်ခုံးများမှာလည်း ထိုအမည်နှင့်အတူ မျှော်လင့်မထားလောက်အောင်ပင် မြင့်တက်လာခဲ့ပြီး သူမက နှုတ်ခမ်းကိုကွေးညွတ်ကာ ခပ်ဖွဖွချောင်းဟန့်လိုက်၏။
"ဝမ်ရွှမ်လင် ဘယ်ရောက်သွားလဲ... စကားပြောဦးလေ..."