← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း (၂၇၅) - ဒီပထမနေရာက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ

"ဟူး... ဟူး..."

ရွှီဇီယန်က သူ့ရင်ဘတ်အတွင်းမှ သွေးကြောများပွက်ပွက်ဆူကာ စီးဆင်းနေသည့် အသံကို ကြားနေရသည်။ သူ့တစ်ကိုယ်လုံးရှိ ကျင့်ကြံခြင်းစွမ်းရည်များကို အမြင့်ဆုံးအရှိန်ဖြင့် လည်ပတ်စေထားသောကြောင့် ခန္ဓာကိုယ်ပတ်လည်တွင် အခိုးအငွေ့များထွက်ပေါ်နေပြီး လှုပ်ရှားနေသော မီးတောက်အလွှာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ရှိနေလေ၏။

သူသည် လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်ကာ ခက်ခဲပင်ပန်းစွာဖြင့် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။

ယခုသူသည် ကောင်းကင်လှေကားထစ်၏ ဆယ့်ငါးလွှာမြောက်နေရာပင်။ ထိုနေရာအထိ ရောက်နိုင်သူမှာ အလွန်နည်းပါးနေပြီဖြစ်သည်။ သူလှမ်းနေသည့် ခြေလှမ်းတိုင်းက တစ်စုံတစ်ယောက်နှင့် ယှဉ်ပြိုင်နေခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ စိန်ခေါ်နေခြင်းပင် ဖြစ်လေသည်။

ခမ်းနားထည်ဝါသော တောင်တန်းကြီးနှင့် မတ်စောက်သည့် ကျောက်သားလမ်းများကြားတွင် သူ၏အထီးကျန်ဆန်သောပုံရိပ်လေးက အလံတိုင်တစ်ခုကဲ့သို့ ရှိနေ၏။ မည်မျှပင် ဖိအားများကြီးမားနေပါစေ သူ့ကျောပြင်ကတော့ ဖြောင့်မတ်နေဆဲပင်ဖြစ်သည်။

ဘုန်း...

သူ့ခြေလှမ်းတိုင်းက ခြေထောက်အောက်ရှိ ကျောက်ဆောင်များကို ကြေမွသွားစေသည်။

နောက်ဆုံးတွင်တော့ အဆုံးသတ်သို့ရောက်လာလေ၏။

အမြင်အာရုံများ လုံးဝဝေဝါးလုနီးပါးဖြစ်နေချိန်၌ သူ့ရှေ့တွင် အလင်းရောင်တစ်ချက် ပေါ်ထွက်လာသည်။ ထိုနေရာက လမ်း၏ အဆုံးသတ်နေရာလော။

သူက အံကို တင်းတင်းကြိတ်ကာ အပြင်းအထန်ပြေးဝင်သွားလိုက်လေသည်။

ရွှီး...

အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားပြီးနောက် သူ့ပုံရိပ်က ကောင်းကင်တက်လှမ်းတောင်ထွတ်၏ တောင်ထိပ်ရှိ ကျောက်တိုင်အလင်းရောင်ရှေ့တွင် ပေါ်လာလေ၏။

ရွှီဇီယန်က မျက်လုံးများကို ပင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည်မှာ ဧရာမကျောက်တိုင်ကြီးပင်ဖြစ်သည်။ ကျောက်တိုင်ပေါ်ရှိ အမြင့်ဆုံးနေရာတွင် နာမည်တစ်ခုက အခိုင်အမာထွင်းထုခံထားရပြီး မည်သို့မှပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။

ထိုနာမည်မှာ ချူလျန်ပင်ဖြစ်သည်။

ထိုနာမည်အောက်တွင်မှ သူ့နာမည်ဖြစ်သော ရွှီဇီယန် ရှိနေခြင်းဖြစ်၏။

'ထပ်ရှုံးသွားပြန်ပြီလား...'

ရွှီဇီယန်က ထိုနာမည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ့ရင်ထဲ၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူ အနှောင့်အယှက်ဟူသမျှကို ဖယ်ရှားကာ ရှေ့သို့ အဆက်မပြတ် တိုးလာခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ရဆဲလော။

သူက အကြည့်ကိုအောက်ဘက်သို့ အနည်းငယ်ရွှေ့လိုက်သောအခါ ချူလျန်၏ ပုံရိပ်က ကျောက်တိုင်ရှေ့တွင်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူသည်လည်း ယခုမှ ထွက်လာပုံရပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲပင်ဖြစ်သည်။

သူ့ပုံစံက မိမိထက်များစွာတည်ငြိမ်နေပြီး သပ်ရပ်သောဝတ်စုံဖြင့် အားစိုက်ထုတ်ထားရသည့်ပုံမပေါ်ပေ။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'

ရွှီဇီယန်၏မျက်ခုံးများ တွန့်ချိုးသွားလေသည်။

အံ့ဩတုန်လှုပ်သွားသူမှာ သူတစ်ယောက်တည်းမဟုတ်ဘဲ စင်မြင့်ပေါ်တွင် ကြည့်ရှုနေကြသည့် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ လူများလည်း ပါဝင်လေ၏။

အရင်က ချူလျန်ဆိုသည့်နာမည်ကို သတိထားမိသူမှာ အလွန်နည်းပါးခဲ့သည်။ ရှုတောင်ဂိုဏ်းသို့ လာရောက်ကြည့်ရှုသူအများစုမှာ ရွှီဇီယန်နှင့် ကျန်းယွဲ့ပိုင်တို့၏ နာမည်များကိုသာ ပို၍ အာရုံစိုက်ထားခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ အရင်ကနာမည်မကြီးခဲ့သော တပည့်ငယ်တစ်ဦးက ထိုသူနှစ်ဦး၏နေရာကို အလုံးစုံလုယူသွားခဲ့ပြီး စမ်းသပ်မှုကြီး၏ ပထမနေရာကို အကြမ်းပတမ်း သိမ်းပိုက်သွားခဲ့လေပြီ။

ထိုပထမနေရာရသူက ဘယ်လောက်တောင် အစွမ်းထက်နေသနည်း။

နောက်မှ သတိထားမိလာကြသော အင်မော်တယ်ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များက ချူလျန်ထံသို့ အကြည့်များစုပြုံသွားကြသည်။ သူ၏ အပြစ်ကင်းစင်ဟန်ရှိသော အပြုံးကိုကြည့်ရင်း အားလုံးက ထိုပုံရိပ်လေးကို ရင်ထဲတွင် မှတ်သားထားလိုက်ကြလေ၏။

အထူးသဖြင့် ဝမ်ရွှမ်လင်၏မျက်နှာက ပို၍တည်တင်းနေပေသည်။

ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံးစောင့်ကြည့်နေခဲ့သော သူသည် ရွှီဇီယန် ဘယ်နေရာတွင် ရှုံးနိမ့်သွားသနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

ကျင့်ကြံခြင်းအဆင့်ကို ယှဉ်ကြည့်လျှင် မိမိတပည့်က ပို၍ အစွမ်းထက်သည်မှာ သေချာလှသည်။ သို့သော် သူသည် အစကတည်းက စိတ်ထဲရှိ အနှောင့်အယှက်ဟူသမျှကို ဖြတ်တောက်ကာ နောက်ကိုလှည့်မကြည့်ဘဲ ရှေ့သို့ တိုးသွားခဲ့သည်။

ချူလျန်ကတော့ အနှောင့်အယှက်အားလုံးကိုထမ်းပိုးကာ ခက်ခက်ခဲခဲဖြင့် ခရီးဆက်ခဲ့ခြင်းဖြစ်၏။

သို့သော် ကောင်းကင်လှေကားထစ်၏အလယ်ပိုင်းသို့ ရောက်သောအခါ ပြင်ပမှဖိအားများ တဖြည်းဖြည်းတိုးလာပြီး အနှောင့်အယှက်များအားလုံးက ရှေ့သို့ဆက်သွားနိုင်ရန် ကူညီပေးမည့် အားကောင်းသောအထောက်အပံ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင်တော့ ရွှီဇီယန်က အရေးနိမ့်သွားခဲ့လေပြီ။

ချူလျန်သည် များပြားလှသော ပုံရိပ်ယောင်များ၏တွန်းအားပေးမှုကြောင့် နောက်ပိုင်းခရီးစဉ်တွင် သိပ်ပြီး အားစိုက်ထုတ်စရာမလိုဘဲ ကောင်းကင်လှေကားထစ်ကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ခဲ့သည်။

ပထမဆုံး တောင်ထိပ်သို့ရောက်သွားပြီးနောက် ကျောက်တိုင်ပေါ်ရှိ သူ့အဆင့်က သဘာဝကျကျပင် ပြောင်းလဲသွားတော့မည် မဟုတ်သလို ယုံမှားသံသယဖြစ်ဖွယ်မရှိသော ပထမနေရာပင်ဖြစ်သည်။

ချူလျန်က ကံကောင်း၍နိုင်သွားသည်ဟု ပြောလျှင်လည်း လုံးလုံးလျားလျား မမှန်ကန်ပေ။

အဘယ်ကြောင့်ဆိုသော် အလားတူရွေးချယ်မှုမျိုးပြုလုပ်ခဲ့သည့် တပည့်များလည်း ရှိနေသေးသောကြောင့် ဖြစ်သည်။ လင်းပေ့ကဲ့သို့သော သူများကလည်း ရင်ထဲရှိ စွဲလမ်းမှုများကို စွန့်လွှတ်ရန် မလိုလားကြသော်လည်း ထိုတပည့်များက အနှောင့်အယှက်အားလုံးကိုထမ်းပိုးကာ အလယ်ပိုင်းအထိ ရောက်နိုင်စွမ်းမရှိခဲ့ကြပေ။

ချူလျန် ရရှိသွားသောပထမနေရာက အစွမ်းအစ၊ ဉာဏ်ပညာနှင့် ကံတရားအနည်းငယ်တို့ ပေါင်းစပ်ထားသည့် ရလဒ်တစ်ခုနှင့် ပို၍တူနေလေ၏။

ဝမ်ရွှမ်လင်က ရွှီဇီယန်၏ ဘေးသို့ပျံသန်းလာကာ သူ့ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ ထိုအခိုက်အတန့်တွင် နွေးထွေးသောရေစီးကြောင်းတစ်ခုက သူ့ပင်ပန်းနွမ်းနယ်မှုအားလုံးကို ဆေးကြောပေးလိုက်လေသည်။

"ဆရာ..."

ရွှီဇီယန်၏မျက်နှာတွင် အပြစ်မကင်းသောအမူအရာများ ပေါ်ထွက်လာသည်။

ဝမ်ရွှမ်လင်က သူတွေးနေသည်ကို ခန့်မှန်းမိဟန်ဖြင့် ခေါင်းကို ညင်သာစွာခါယမ်းလိုက်ပြီး ပြန်ပြောလိုက်၏။

"ကိစ္စမရှိပါဘူး...ဒီနေ့ တာအိုနှလုံးသား စမ်းသပ်မှုကနေ မင်းတစ်ခုခုကို နားလည်သဘောပေါက်သွားတယ်ဆိုရင် နိုင်တာရှုံးတာက အရေးမကြီးပါဘူး..."

တိနွီဖုန့်ကလည်း ချူလျန်၏ဘေးသို့ ပျံသန်းလာကာ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။

"အရှုံးအနိုင်က အရေးမကြီးဘူးလို့ ငါမင်းကို အမြဲတမ်း ပြောနေတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ပထမနေရာကို ယူလိုက်ရတာလဲ…”

“ဒုတိယရဖို့အတွက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတဲ့သူရဲ့ မျက်နှာကို ဘယ်နား သွားထားရတော့မလဲ..."

ဝမ်ရွှမ်လင်က သူ့အင်္ကျီလက်စကို ခါယမ်းကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ဟမ့်..."

***

မှောင်မိုက်နေသော အခန်းတစ်ခုအတွင်းတွင် ဝတ်ရုံဖြူလူ၏ ပုံရိပ်ယောင်က အနက်ရောင်ဝတ်စုံနှင့် လူတို့ ထပ်မံ တွေ့ဆုံနေကြသည်။

အနက်ရောင်ဝတ်စုံနှင့် လူက ရက်စက်ယုတ်မာသော အပြုံးတစ်ဝက်ဖြင့် ပြောလိုက်၏။

"ရှုတောင်ဂိုဏ်းထိပ်သီးညီလာခံက နောက်ဆုံးတော့ စတင်သွားပြီပေါ့... တော်တော်လေးကို စည်ကားနေမှာသေချာတယ်မဟုတ်လား..."

ဝတ်ရုံဖြူလူက ကိုယ်ရေးကိုယ်တာ ရန်ငြိုးအချို့ပါဝင်နေဟန်ဖြင့် အံကို တင်းတင်းကြိတ်ကာ ပြန်ပြောလိုက်သည်။

"ပထမနေ့ စမ်းသပ်မှုမှာတင် ချူလျန်က ပထမနေရာကိုထပ်ယူသွားပြန်ပြီ... တကယ်ကြည့်ရတာ ဒေါသထွက်စရာကောင်းလွန်းတယ်..."

အနက်ရောင်ဝတ်စုံနှင့် လူက ပြန်ပြောလိုက်၏။

"လောစရာမလိုပါဘူး... ငါတို့ရဲ့ အစီအစဉ်တွေ စတင်လို့ ရှုတောင်ဂိုဏ်း ကမောက်ကမဖြစ်သွားတဲ့ အချိန်ကျရင် သူ့ကို မင်းဆီမှာပဲ ထားခဲ့ပေးပါ့မယ်..."

ဝတ်ရုံဖြူလူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။

"မလုပ်တာပဲ ကောင်းပါတယ်...ဒီကောင်လေးဆီမှာ ထူးဆန်းတဲ့ အရာတချို့ ရှိနေတယ်...ဓားနှစ်လက်သမားတောင် သူ့ကို အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ဘူးဆိုတော့ ငါ့ကိုယ်ငါလည်း သိပ်ယုံကြည်မှု မရှိဘူး..."

အနက်ရောင်ဝတ်စုံနှင့် လူက လှောင်ပြောင်ရယ်မောလိုက်၏။

"ဟားဟား... မင်းက နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်ကို ကြောက်နေတာပဲ..."

ဝတ်ရုံဖြူလူက ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"မင်းက သူ့ရဲ့ ဆန်းကြယ်တဲ့ စွမ်းဆောင်ရည်တွေကို မမြင်ဖူးလို့ ဖြစ်မှာပါ..."

အနက်ရောင်ဝတ်စုံနှင့် လူ၏စကားလုံးများက ရပ်တန့်သွားပြီးနောက် လေသံပြောင်းကာ ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ရဲ့ အစီအစဉ်ကြီးရှေ့မှာတော့ သူက ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး..."

ဝတ်ရုံဖြူလူက မေးလိုက်သည်။

"ခေါင်းဆောင်က ဘယ်နေ့မှာ စဖို့ပြင်ဆင်ထားတာလဲ... အခုအချိန်အထိ အတိအကျ သတ်မှတ်ထားတဲ့ အချိန်မရှိသေးဘူးနော်..."

အနက်ရောင်ဝတ်စုံနှင့် လူက ပြန်ရှင်းပြလိုက်၏။

"ဘာလို့လဲဆိုတော့ အမှောင်ဘုရင်ဂိုဏ်းဘက်က သတင်းကို စောင့်နေရလို့လေ... ရှုတောင်ဂိုဏ်းက သာမန်ဂိုဏ်းမျိုးမဟုတ်ဘူး... တချို့ ပြင်ဆင်မှုတွေကို သူတို့ကိုယ်တိုင်လုပ်မှရမှာ…”

“ဒီလို အရေးကြီးတဲ့အချိန်ရောက်လေလေ ငါတို့ဘက်က ပိုပြီး စိတ်မလောသင့်လေလေပဲ..."

ဝတ်ရုံဖြူလူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မင်းတို့က စိတ်မလောပေမယ့် ငါကတော့ အမြန်ဆုံးထွက်သွားချင်နေပြီ... အဂ္ဂိရတ်အကြီးအကဲက သူ့ရဲ့ နောက်ဆုံးတပည့်ကို ရွေးချယ်လိုက်ပြီဆိုတာ မင်းသိလား..."

အနက်ရောင်ဝတ်စုံနှင့် လူက မေးလိုက်၏။

"အို...သူ့ရဲ့ ပညာအမွေကို ဆက်ခံမယ့်သူလား...မင်းလည်း ဒီနေရာကို မျက်စိကျနေတာ ကြာပြီ မဟုတ်ဘူးလား...တကယ်ပဲ ပိုပြီး ပါရမီပါတဲ့ လူသစ်တစ်ယောက် ပေါ်လာတာလား..."

ဝတ်ရုံဖြူလူက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... အဲဒီလူက ချူလျန်ပဲ..."

အနက်ရောင်ဝတ်စုံနှင့် လူက အံ့ဩသွားလေ၏။

"သူပဲလား..."

'ဒီနာမည် ခဏခဏကြားနေရသလို ခံစားနေရတာပါလား...ဘာလို့ သူချည်းပဲ ဖြစ်နေရတာလဲ...'

သူက မယုံနိုင်စွာဖြင့် မေးလိုက်သည်။

"ဒီကောင်လေးက ကျင့်ကြံခြင်းစွမ်းရည် ထူးဆန်းရုံတင်မကဘူး... ဆေးလုံးတွေပါ ဖော်စပ်တတ်တာလား..."

ဝတ်ရုံဖြူလူက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။

"သူ တစ်လတည်းနဲ့ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့လို့ အဂ္ဂိရတ်အကြီးအကဲရဲ့ မျက်နှာသာပေးမှုကိုရခဲ့တာ…”

“ဒေါသထွက်စရာ အကောင်းဆုံးကတော့...သူက ပြန်ငြင်းလိုက်တာပဲ..."

အဂ္ဂိရတ်အကြီးအကဲက သူသေဆုံးသွားပြီးနောက် ရှုတောင်ဂိုဏ်း၏ အဓိက ဆေးဖော်စပ်သူ ဖြစ်လာမည့် စစ်မှန်သည့်ပညာအမွေဆက်ခံသူတစ်ဦးကို အမြဲတမ်း ရှာဖွေနေခဲ့ခြင်းပင်။

သူ့တပည့်ရင်းအချို့ကလည်း ထိုရည်ရွယ်ချက်ကို သိထားကြသောကြောင့် မကြာသေးမီ နှစ်များအတွင်း သူ့အနီးအနားတွင်နေကာ ကြိုးပမ်းအားထုတ်နေခဲ့ကြသည်။

ဝတ်ရုံဖြူလူသည်လည်း ချွင်းချက်မဟုတ်ပေ။ သို့သော် အဂ္ဂိရတ်အကြီးအကဲက အဂ္ဂိရတ်ခန်းမပြင်ပမှ တပည့်တစ်ဦးကို မျက်စိကျသွားခဲ့သည်ကို မည်သူက သိမည်နည်း။

ထိုမျှသာမကသေးဘဲ ထိုသူက ငြင်းဆန်လိုက်သေးသည်။

တပည့်ရင်းများစွာက ထိုနေရာအတွက် နှစ်ပေါင်းများစွာ အပြိုင်အဆိုင် ကြိုးစားခဲ့ကြသော်လည်း မရရှိခဲ့ပေ။ သို့သော် သူသည် ထိုနေရာကို အလေးမထားဘဲ လျစ်လျူရှုလိုက်သည့်အတွက် မည်သူမဆို ဒေါသထွက်ရမည်သာဖြစ်လေ၏။

အနက်ရောင်ဝတ်စုံနှင့် လူက သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဒီကောင်လေးရဲ့ အရေးပါမှုကို ရွှီဇီယန်နဲ့ ကျန်းယွဲ့ပိုင်တို့ထက် ရှေ့တန်းတင်ဖို့ ခေါင်းဆောင်ကို ပြောပြရတော့မှာပဲ..."

ဆေးဖော်စပ်တတ်သော ပါရမီရှင်တစ်ဦးက သာမန်ကျင့်ကြံရေး ပါရမီရှင်တစ်ဦးထက် ပို၍အလေးထားသင့်သည်။

***

"ဟတ်ချိုး..."

ချူလျန်က နှာချေလိုက်ပြန်သည်။ သို့သော် သူ သိပ်ပြီးဂရုမစိုက်ပေ။ ကွယ်ရာတွင် အတင်းပြောခံရလွန်း၍ သူလည်း အတော်လေး ကျင့်သားရနေပြီဖြစ်၏။

ထိုမျှသာမကသေးဘဲ ယခုအချိန်တွင် သူ၌ ပို၍အရေးကြီးသော လုပ်စရာကိစ္စများ ရှိနေသေးသည်။

သူ့အရှေ့တွင် အမိုးအကာမရှိသော ဧရာမကွင်းပြင်ကျယ်ကြီး ရှိနေပြီး ကွင်းပြင်ပေါ်တွင် စားပွဲပေါင်းရာချီ၍ ခင်းကျင်းထားကာ စားပွဲတစ်လုံးနှင့် တစ်လုံးအကြားတွင် ပေအနည်းငယ်စီ ကွာဝေးလေသည်။ ယခုအကြိမ်တွင် တောင်ထွတ်အသီးသီးမှ တပည့်များ ပါဝင်ရုံသာမက တောင်ထွတ်သခင်များနှင့် အကြီးအကဲအချို့ကလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ စားပွဲဘေးတွင် ထိုင်ရင်း အသင့်ပြင်ထားကြသည်။

ချူလျန်၏အရှေ့တွင် လူသုံးယောက်ထိုင်နေပြီး သူတို့အားလုံးက ရှေ့ရှိစားပွဲကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေကြသည်။

စားပွဲပေါ်တွင်တော့ ကျောက်စိမ်းဖြူမာကျောက်တုံးလေးများကို ပြည့်နှက်နေအောင် စီရီထားလေ၏။

ယခုအချိန်သည် သူ ကောင်းကင်လှေကားထစ်တွင် ပထမနေရာရရှိခဲ့ပြီးနောက် ဒုတိယမြောက်နေ့ ဖြစ်သည်။ ယနေ့ကျင်းပမည့်ပွဲမှာ ရှုတောင်ဂိုဏ်း၏ မာကျောက်ပြိုင်ပွဲကြီးပင် ဖြစ်လေသည်။

ယခုအခြေအနေက မနေ့က ကောင်းကင်လှေကားထစ်စမ်းသပ်မှုထက်ပင် ပို၍ စည်ကားနေပေသည်။

ရှုတောင်ဂိုဏ်းတွင် လူများစွာက သူတို့၏ကျင့်ကြံခြင်းစွမ်းရည် အားနည်းသည်ဟု ပြောလျှင် လက်ခံနိုင်ကြသော်လည်း ဖဲရိုက်ညံ့သည်ဟုပြောလျှင်တော့ မည်သူကမျှ လက်ခံနိုင်ကြမည်မဟုတ်ပေ။

မာကျောက်ပြိုင်ပွဲ၏ပထမအဆင့်တွင် ပါဝင်ယှဉ်ပြိုင်သူများကို ကျပန်းခွဲဝေပေးမည် ဖြစ်သည်။ စားပွဲတစ်လုံးတွင် လူလေးယောက်ပါဝင်ပြီး ပွဲစဉ်ဆယ့်ခြောက်ခုကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးတွင် တိုကင်အများဆုံးရရှိသူက နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကျန်သုံးယောက်မှာမူ ပြိုင်ပွဲမှထွက်ရမည်ဖြစ်၏။

အခြားတပည့်သုံးဦးမှာလည်း မျက်နှာစိမ်းများဖြစ်ကြပြီး ချူလျန်က သူတို့ကို အရင်က မသိခဲ့ပေ။ သို့သော် သူတို့ဘက်က ချူလျန်ကိုသိနေသည်မှာ သိသာလှသည်။

တောင်စောင့်နတ်ပူဇော်ပွဲနှင့် မနေ့က ကောင်းကင်လှေကားထစ် စမ်းသပ်မှုအပြီးတွင် ရှုတောင်ဂိုဏ်း၌ ချူလျန်ကို မသိသူဆိုသည်မှာ အလွန်နည်းပါးသွားခဲ့ပြီဖြစ်သည်။

တပည့်တစ်ဦးက နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်ကိုချူကလည်း မာကျောက်ပြိုင်ပွဲကို ဝင်ပြိုင်တာလား..."

ချူလျန်က ယဉ်ကျေးစွာ ပြုံးပြလိုက်၏။

"ငါက အတွေ့အကြုံရအောင် လာကြည့်တာပါ...သိပ်မကစားတတ်ပါဘူး..."

ထိုသို့ ပြောလိုက်သောအခါ အခြားသုံးယောက်ကလည်း ချက်ချင်းပြုံးသွားကြပြီး လူတစ်ယောက်က နှစ်သိမ့်လိုက်သည်။

"ကိစ္စမရှိပါဘူး...လူသစ်တွေက ကံအကောင်းဆုံးပါပဲ..."

ချူလျန်က အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ပြူးကြည့်ကာ မေးလိုက်၏။

"တကယ်လား..."

All Chapters