← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း (၂၇၆) - မြင့်မြတ်သောတောင်ပေါ်တွင် (၁)

"တကယ်ကြီးပဲ..."

ချူလျန်က မာကျောက်အကွက်များကို လှဲချလိုက်ပြီး သူ့မျက်လုံးများထဲတွင် ရိုးသားသော အံ့သြဝမ်းသာမှုများဖြင့် လူအများကိုကြည့်လိုက်သည်။

သူ့မျက်ဝန်းများထဲမှအဓိပ္ပာယ်မှာ အသစ်များ၏ကံကောင်းမှုဆိုသည်မှာ တကယ်ရှိခြင်းပင်။

တစ်ရောင်တည်းအကွက်၊ အတွဲအကွက်၊ အထပ်ပေါ်မှအနိုင်ရခြင်း စသည့် အကွက်များပင်။

ကျန်သုံးယောက်၏ ရှေ့မှကြေးပြားများကို ချက်ချင်းပင် ထပ်မံသိမ်းကျုံးယူငင်သွားလေသည်။ အရေးကြီးဆုံးအချက်မှာ ယခုသည်က တတိယအကြိမ်မြောက် အကွက်ချခြင်းသာရှိသေးခြင်းပင်။

ထိုသူသုံးယောက်မှာ မိမိတို့အကွက်များကိုပင် သေသေချာချာမစီစဉ်ရသေးပေ။

ထို့ပြင် ယခုမှာ ချူလျန်၏ ဆက်တိုက်အနိုင်ရသော စတုတ္ထမြောက်ပွဲစဉ်ဖြစ်ပြီး သူတို့ စုစုပေါင်းကစားခဲ့သည်မှာလည်း လေးပွဲသာ ရှိသေး၏။

'ဒါ အသစ်တွေရဲ့ကံကောင်းခြင်းတဲ့လား...'

'သရဲကို သွားလိမ်လိုက်ပါလား...'

'ငါတို့ အမေ့ဗိုက်ထဲက ကျွတ်ကတည်းက မာကျောက်ကို ပထမဆုံးအကြိမ် ကိုင်ဖူးရင်တောင် ဒီလိုကိစ္စမျိုးမကြုံဖူးပါဘူး...ဒီကောင်က ဝက်ယောင်ဆောင်ပြီး ကျားကို စားနေတာပဲ...'

အခြားသော ရှုတောင်ဂိုဏ်းသား သုံးယောက်သည်လည်း မာကျောက်ဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူများဖြစ်ရာ ချူလျန်၏လိမ်ဆင်များကို လုံးဝမယုံကြည်တော့ဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်တဆိတ် သဘောတူညီမှုတစ်ခုကို ရယူလိုက်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် မာကျောက်ပြိုင်ပွဲ၏ပထမအဆင့်မှာ လေးယောက်တွင် တစ်ယောက်သာ ရွေးချယ်ခံရမည်ဖြစ်ပြီး ဆယ့်ခြောက်ယောက်ကစားပြီးနောက် သူတို့ဝိုင်းမှ တစ်ယောက်တည်းသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သောကြောင့်ပင်။

ယခု လေးပွဲကစားပြီးချိန်တွင် ချူလျန်တစ်ယောက်တည်းသာ အနိုင်ရနေသဖြင့် သူသည် အားလုံး၏ပူးပေါင်းတိုက်ခိုက်မည့် ပစ်မှတ်ဖြစ်လာခဲ့ပေသည်။

ကျန်သုံးယောက်ထဲမှ မည်သူက နောက်တစ်ဆင့်သို့တက်ချင်သည်ဖြစ်စေ သူ အနိုင်ရသွားသော ကြေးပြားများကို ပြန်အန်ထုတ်လာစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

'တစ်ယောက်တည်းနဲ့ သုံးယောက်ကို ရင်ဆိုင်ရမှာဆိုတော့ မင်း ဘယ်လိုများ ထပ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့...'

ဘုန်း...

"ဒီအကွက်ကို နဂါးစင်ခုနစ်တွဲလို့ ခေါ်တာလား..."

ချူလျန်က နှစ်ကြိမ်သာအကွက်ချရသေးသော်လည်း အကွက်များကို ထပ်မံလှဲချလိုက်ပြန်ကာ ဘာမှမသိနားမလည်သောမျက်နှာထားဖြင့် လူအများကို ကြည့်လိုက်၏။

သူ လှဲချလိုက်သောအကွက်များမှာမူ မျက်စိပြူးသွားစေလောက်အောင် ကြီးမားနေလေသည်။

"ဟင်..."

ထိုသုံးယောက်မှာ အံ့သြလွန်း၍ ပါးစပ်ပင်မပိတ်နိုင်တော့ပေ။

အကယ်၍ ယခုနေရာသာ ရှုတောင်ဂိုဏ်း၏မာကျောက်ပြိုင်ပွဲကျင်းပရာ နေရာမဟုတ်ပါက သူတို့သည် ထိုလူက မှော်ဝင်ပညာရပ်များကိုအသုံးပြု၍ လိမ်လည်နေသည်ဟု သေချာပေါက်သံသယဝင်မိကြမည်ပင်။

သို့သော် ရှုတောင်ဂိုဏ်း၏ပြိုင်ပွဲကွင်းတွင် အရာအားလုံးကို မှော်ဝင်ပစ္စည်းများနှင့် အစီအရင်များဖြင့် ဖုံးကွယ်တားဆီးထားပြီး သိုင်းချီစွမ်းအင်ကို အသုံးပြု၍ လိမ်လည်သည့် မည်သည့်နည်းလမ်းမဆို ပုန်းကွယ်၍မရကြောင်း အာမခံထားသည်။

ယခုတွင် ထိုလူသည် ကံကိုအားမကိုးပါက စွမ်းရည်ကိုသာ အားကိုးရမည်ဖြစ်သည်။

'ဒါပေမဲ့ ဒီလို နတ်ဘုရားတစ်ပါးလို ဆန်းကြယ်တဲ့ ကစားကွက်စွမ်းရည်မျိုးက တကယ်ရှိနေတာလား...'

သူတို့သည်လည်း ကျင့်ကြံသူများဖြစ်ကြရာ ဝိညာဉ်အာရုံနှင့် စိတ်စွမ်းအားမှာ အားနည်းသည်ဟု မဆိုသာပေ။ သို့သော် ထို့ကြောင့်ပင် မှော်ဝင်ပညာရပ်များကို အားမကိုးဘဲ ထိုအဆင့်အထိ ရောက်ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်ကြောင်းကို သူတို့ ကောင်းစွာသိရှိနေကြသည်။

သူတို့သုံးယောက်က တစ်ယောက်တည်းကို ပူးပေါင်းတိုက်ခိုက်ရန် ဆုံးဖြတ်ထားလျှင်ပင် စွမ်းရည်ပြသရန် အခွင့်အရေးရဦးမှဖြစ်မည်။

ယခုမူ အကွက်အားလုံးက သူစီစဉ်ထားသည့်အတိုင်း ဖြစ်နေပုံရရာ မည်သို့ ဆက်ကစားရမည်နည်း။

ချူလျန် ဆယ်ကြိမ်ဆက်တိုက် အနိုင်ရသွားပြီးနောက် မျက်နှာချင်းဆိုင်ဝိုင်းမှ ဂိုဏ်းသားတစ်ယောက်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မတ်တတ်ရပ်လိုက်လေတော့သည်။

သူက ချူလျန်ကိုစိုက်ကြည့်ရင်း ခေတ္တမျှရပ်တန့်သွားကာ ပြောလိုက်၏။

"စီနီယာအစ်ကိုချူ...ကျွန်တော် ခင်ဗျားနဲ့ ဆက်မကစားချင်တော့ဘူး...ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ…”

“ကျွန်တော် ခင်ဗျားဆီကနေ မာကျောက်ရိုက်နည်း သင်ချင်လို့ပါ..."

ချူလျန်က ကမန်းကတန်း လက်ခါပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကျုပ်က ကံကောင်းရုံလေးပါ..."

"ကံလေးတစ်ခုတည်းနဲ့ ဒီလောက်အထိ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ထိုဂိုဏ်းသားက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်၏။

"ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ...ဟိုမှာ ကြည့်လိုက်ဦး..."

ချူလျန်က လက်ကိုမြှောက်ကာ ဘေးဘက်ရှိ ဝိုင်းတစ်ဝိုင်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

အမှန်တော့ သူသည် မာကျောက်ရိုက်နေစဉ်အတွင်း ဘေးဝိုင်းမှ အခြေအနေများကိုပါ အာရုံစိုက်ရန် အချိန်ရနေခဲ့ခြင်းပင်။ ထိုနေရာတွင် ထိုင်နေသူမှာ အဖြူရောင်ဝတ်စုံနှင့် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးဖြစ်ပြီး သူမသည် မိမိရရှိထားသော အကွက်များကို အနည်းငယ်စိုးရိမ်တကြီးဖြင့် ချထားလိုက်လေသည်။

"ရှင်တို့ ကြည့်ပေးကြပါဦး...ဒါ...ထပ်နိုင်သွားပြန်တာလား..."

ထိုမိန်းကလေးက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် မျက်နှာချင်းဆိုင်ရှိ လူသုံးယောက်၏ မျက်နှာအမူအရာများမှာ သိသိသာသာကို ဒေါသထွက်လာကြကြောင်း သူမ မြင်တွေ့နေရသောကြောင့်ပင်။

သူမ အလွန်ကြောက်ရွံ့နေမိသည်။

အထူးသဖြင့် သူမ နောက်တစ်ကြိမ် ကံကောင်းစွာဖြင့် ထပ်မံအနိုင်ရသွားပြီးနောက်တွင်ဖြစ်သည်။

ထိုမိန်းကလေးမှာ သဘာဝကျစွာပင် ငွေဓားတောင်ထွတ်မှ စေလွှတ်လိုက်သော ကိုယ်စားလှယ် လျိုရှောင်ယွီဖြစ်လေသည်။ သူမက တစ်ဝိုင်းတည်းထိုင်နေသူ သုံးဦး၏ခက်ထန်နေသော မျက်နှာထားများကိုကြည့်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

"ကျွန်မ လုပ်တာ တစ်ခုခုမှားနေလို့လားဟင်..."

"မမှားပါဘူး..."

မျက်နှာချင်းဆိုင်မှ အမျိုးသားဂိုဏ်းသားတစ်ဦးက ငိုချင်နေသည့် အပြုံးမျိုးကို အတင်းဖန်တီးကာ ပြောလိုက်၏။

"မင်း လုပ်တာ သိပ်ကောင်းပါတယ်..."

ချူလျန်က လျိုရှောင်ယွီ၏ရှေ့တွင် သူမခေါင်းထက်ပင် မြင့်နေသော ကြေးပြားအပုံကြီးများကိုကြည့်ကာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

'ငါတို့ ငွေဓားတောင်ထွတ်ရဲ့ ကိုယ်စားလှယ်ဆိုတာ ဒီလောက်တော့ရှိရမှာပေါ့...'

သူနှင့် တစ်ဝိုင်းတည်းထိုင်နေသူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် အေးစက်သွားကြလေသည်။

'ငွေဓားတောင်ထွတ်က ဘယ်လိုလောင်းကစားနတ်ဘုရားတွေ မွေးဖွားရာနေရာများဖြစ်နေလဲ... ထွက်လာတဲ့လူတိုင်းက ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလား...'

ထိုအတွေးများ စိတ်ထဲတွင်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းမှ ဒေါသတကြီး အော်ဟစ်သံတစ်သံကိုကြားလိုက်ရ၏။

"မင်း မာကျောက်ရိုက်တတ်ရဲ့လား..."

'ဆရာ...'

ချူလျန်က လန့်ဖျပ်သွားကာ လှည့်ကြည့်လိုက်လေသည်။

တိနွီဖုန့် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရပြီး သူမရှေ့တွင် ကြောက်လန့်တကြား ငြိမ်သက်နေသော ဂိုဏ်းသားငယ်တစ်ဦးကို လက်ညှိုးထိုးကာ အော်ဟစ်နေလေသည်။

"နောက်လူက ဆလင်ဒါပုံကို လိုချင်နေတာသိသိကြီးနဲ့ မင်း ချပေးရလား... မင်းက သူနဲ့ တိတ်တဆိတ် သဘောတူညီမှုတွေများလုပ်ထားလို့လား…”

“အကြီးအကဲတွေရော ဘယ်ရောက်နေလဲ... ငါ့ဝိုင်းမှာ မသမာမှုတွေရှိနေတယ်... ဒီလိုမျိုး ပြိုင်ပွဲကနေထုတ်ပယ်ခံရတာကို ငါလက်မခံနိုင်ဘူးဟေ့... ဝါးးး... ယားးး..."

တိနွီဖုန့် ဒေါသပေါက်ကွဲတော့မည်ကို မြင်လိုက်ရသဖြင့် ချူလျန်က ကမန်းကတန်း ရှေ့ထွက်ကာ သူမကိုတားဆီးရင်း အဆက်မပြတ်ဖျောင်းဖျလိုက်ရသည်။

"ဆရာ...စိတ်လျှော့ပါဦး...ကျွန်တော်နဲ့ ရှောင်ယွီလည်း ရှိနေသေးတယ်လေ... ကျွန်တော်တို့ ငွေဓားတောင်ထွတ်က သေချာပေါက်နိုင်မှာပါ...စိတ်မဆိုးပါနဲ့...စိတ်မဆိုးပါနဲ့ဗျာ..."

တိနွီဖုန့် ဒေါသထွက်မှုကြောင့် လူတိုင်းမှာထိတ်လန့်တကြား ဖြစ်ကုန်ကြ၏။ မြင်ကွင်းတစ်ခုလုံးမှာ ခေတ္တမျှ အလွန်ရှုပ်ထွေးသွားလေတော့သည်။

...

All Chapters