အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) - တကယ်ကို တစ်ခုတည်းပါ
"ဝိုး..."
လင်းပေ့က မျက်စိရှေ့မှ ခမ်းနားကြီးကျယ်သော မြင်ကွင်းကိုကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်၏။
ယနေ့သည် ရှုတောင်ဂိုဏ်း၏ အဓိကပြိုင်ပွဲဖြစ်ပြီး ဘေးဘက်ရှိ ပရိသတ်ခုံတန်းများတွင် အသံများဆူညံနေလေသည်။ မနေ့က ကျင်းပခဲ့သော မာကျောက်ပြိုင်ပွဲနှင့် ယနေ့ အဓိကပြိုင်ပွဲကို နှိုင်းယှဉ်ကြည့်လျှင် မာကျောက်ပြိုင်ပွဲက အားနည်းကြောင်းသိသာလှပေသည်။
ကောင်းကင်တက်လှမ်းတောင်ထွတ်ရင်ပြင်တွင် လူများသည် ကြက်ပျံမကျ စည်ကားနေပြီး အလယ်ဗဟို၌ စင်မြင့်တစ်ခုသာရှိလေသည်။ ထိုစင်မြင့်သည် တိုက်ပွဲအားလုံးကို အမြင့်ဆုံးအာရုံစိုက်မှုရရှိစေရန် လုပ်ဆောင်ထားပေသည်။
ခေါင်းဆောင်၏တပည့်တိုင်းသည် ဂိုဏ်းတူအစ်ကိုမောင်နှမများအားလုံး၏ စောင့်ကြည့်မှုအောက်တွင်သာ အမြင့်ဆုံးနေရာသို့ တက်လှမ်းနိုင်မည်ဖြစ်၏။
ယနေ့သည် အဓိကပြိုင်ပွဲ၏ပထမအဆင့်ဖြစ်ပြီး တပည့်ခြောက်ဆယ့်လေးယောက်အနက် သုံးဆယ့်နှစ်ယောက် ပြုတ်သွားမည်ဖြစ်သည်။ ချူလျန်သည်လည်း ခဏကြာလျှင် စင်ပေါ်တက်ရပေလိမ့်မည်။
လင်းပေ့၏ စွမ်းအားသည် ထိပ်ဆုံး ခြောက်ဆယ့်လေးယောက်ထဲမှ အချို့သူများထက် မနိမ့်ကျသော်လည်း ကောင်းကင်လှေကားထစ်တွင် ဝန်ထုပ်ဝန်ပိုးများလွန်းသဖြင့် ပထမသုံးဆင့်ကိုပင် အဆုံးထိမလျှောက်လှမ်းနိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် ပဏာမရွေးချယ်ပွဲတွင် ကံမကောင်းစွာဖြင့် ပြုတ်ကျသွားခဲ့ရသည်။
သူနှင့်အတူ နောက်လိုက် (ခ) လည်း အလားတူဖြစ်လေ၏။
တောင်စောင့်နတ်ပူဇော်ပွဲအဖွဲ့ထဲတွင် ချူလျန်အပြင် ရှန်ဇီလျန်တစ်ယောက်သာ အဓိကပြိုင်ပွဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယခုစင်ပေါ်တက်၍ ယှဉ်ပြိုင်ရမည့်သူမှာ သူပင်ဖြစ်လေသည်။
"ရှန်ဇီလျန်ရဲ့ ဒီနေ့ပြိုင်ဘက်က လင်းအောက်လို့ ခေါ်တယ်..."
လင်းပေ့က အပြင်ထွက်ကာ သတင်းစုံစမ်းပြီးနောက် ပြန်ရောက်လာချိန်တွင် ပြောလိုက်သည်။
"သူက အထီးကျန်တောင်ထွတ်ရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်ပြီး ဝိညာဉ်အသိအမြင်အဆင့် နောက်ပိုင်းကာလကိုရောက်နေတယ်..."
'အထီးကျန်တောင်ထွတ်... ဆိုတော့ စီကုန်းအဘိုးအိုရဲ့ တပည့်ပေါ့...'
ချူလျန်သည် စင်ပေါ်ရှိ လင်းအောက်ကို မနေနိုင်ဘဲ ထပ်ကြည့်လိုက်မိသည်။ လင်းအောက်သည် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်အမောင်း အလယ်အလတ်ရှိကာ ဆံပင်အချို့က မျက်လုံးတစ်ဖက်ကို ဖုံးအုပ်ထားလေသည်။
သူ့မျက်နှာအမူအရာက အတော်လေး အေးစက်နေ၏။
စီကုန်းအဘိုးအိုသည် လွန်ခဲ့သောနှစ်များအတွင်း ရှုတောင်အတွက် နဂါးရှာဖွေရေးကိုသာ အာရုံစိုက်နေခဲ့ပြီး တပည့်များကို ပြုစုပျိုးထောင်ရန် သိပ်ဂရုမစိုက်ခဲ့ပေ။
ထို့ကြောင့် ယခုမျိုးဆက်တွင် အထီးကျန်တောင်ထွတ်၌ တပည့်လက်ချိုးရေတွက်၍ရကာ ပဏာမရွေးချယ်ပွဲသို့ ဝင်ရောက်နိုင်သူမှာ လင်းအောက် တစ်ယောက်တည်းသာ ရှိလေသည်။
သူ့ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်အသိအမြင်အဆင့် နောက်ပိုင်းကာလတွင်သာ ရှိသဖြင့် ယုတ္တိအရဆိုလျှင် ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသော ရှန်ဇီလျန်အနေဖြင့် သူ့ကို ရင်ဆိုင်ရန်ပြဿနာမရှိသင့်ပေ။
သို့သော် အကြောင်းရင်းကိုမသိရဘဲ ချူလျန်က သူ့ကိုမြင်လိုက်ရသည့် အခိုက်အတန့်တွင် ရုတ်တရက်ရင်ခုန်သွားကာ အန္တရာယ်ရှိသည့်ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
'ဒီလူမှာ ထူးခြားချက် တစ်ခုခုများ ရှိနေတာလား...'
ထိုအချိန်တွင် စင်မြင့်ပေါ်မှ ဝတ်ရုံရှည်ဝတ်အကြီးအကဲတစ်ဦးက အမိန့်ပေးလိုက်ရာ တိုက်ပွဲက ချက်ချင်း စတင်သွားလေတော့သည်။
ရှန်ဇီလျန်က ချက်ချင်းပင် အော်ဟစ်လိုက်၏။
"ထွက်စမ်း..."
သူ့အော်ဟစ်သံနှင့်အတူ လက်နှစ်ဖက်မှ လက်ကွက်များ ဖော်လိုက်ရာ ဓားပျံက ဓားအိမ်ထဲမှ ရုတ်တရက်ထွက်လာပြီး ဓားစွမ်းအင် ရာပေါင်းများစွာအဖြစ် ပြောင်းလဲကာ ရှေ့ရှိ လင်းအောက်ထံသို့ တည့်တည့် ပြေးဝင်သွားလေသည်။
တိုက်ခိုက်နိုင်သလို ကာကွယ်နိုင်စွမ်းလည်းရှိသည့် ဓားရာချီသိုင်းကွက်ဖြင့် အရင်ဆုံး စမ်းသပ်ခြင်းက ရှုတောင်ဂိုဏ်းသားများအသုံးများသော တိုက်ခိုက်မှုပုံစံတစ်မျိုးပင် ဖြစ်သည်။
လင်းအောက်၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ဓားကိုဆွဲမထုတ်ဘဲ ကိုယ်ကို ရှေ့သို့ ပျံသန်းသွားစေကာ ရှန်ဇီလျန်၏ သိပ်သည်းလှသော ဓားအလင်းတန်းများဆီသို့ တိုက်ရိုက်ဝင်သွားလေတော့သည်။
သေရမည်ကို မကြောက်မရွံ့ဘဲ တိုးဝင်လာသည့် သူ့လုပ်ရပ်ကြောင့် ရှန်ဇီလျန်ပင် လန့်ဖျပ်သွားပြီး လက်ထဲမှ အရှိန်အနည်းငယ် လျော့ကျသွားလေ၏။
မည်သို့ပင်ဖြစ်စေ ဂိုဏ်းတူအချင်းချင်း ယှဉ်ပြိုင်ခြင်းဖြစ်ရာ အသေအလဲ တိုက်ခိုက်မည်တော့ မဟုတ်ပေ။ တစ်ဖက်လူက သွေးသားခန္ဓာကိုယ်ဖြင့် မိမိ၏ ဓားပျံကို ရင်ဆိုင်လာသောအခါ သူ အနည်းငယ် တွေဝေသွားခြင်းမှာ ရှောင်လွှဲ၍မရချေ..။
အကယ်၍ တစ်ဖက်လူက ဓားအစီအရင်ကို ခန္ဓာကိုယ်ဖြင့်ဝင်တိုက်ရန် ခေါင်းမာနေပါက သူ့အသက်အန္တရာယ်မရှိနိုင်သော နေရာများကိုသာ တတ်နိုင်သမျှ ထိုးဖောက်၍ ပြန်လည်ခုခံနိုင်စွမ်းမရှိစေရန်သာ ပြုလုပ်မည်...။
သူက မြန်မြန်ဆန်ဆန်ပင် စိတ်ကိုငြိမ်သက်စေလိုက်ပြီး ဓားအလင်းတန်းများကို အာရုံစိုက်ကာ ထိန်းချုပ်လိုက်သည်။
တစ်ဖက်လူကို သေရာပါဒဏ်ရာရသွားမည်ကို သူ စိုးရိမ်နေချိန်မှာပင် လင်းအောက်၏ခန္ဓာကိုယ်က ရုတ်တရက်အရှိန်တင်လိုက်ပြီး သရဲတစ္ဆေတစ်ကောင်အလား မျက်တောင်တစ်ခတ်အတွင်း သူ၏ ဓားအလင်းတန်းကြီးများကို ဖောက်ထွက်သွားလေတော့သည်။
ထိုမျှမက သူ့ခန္ဓာကိုယ်မှာ ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များပင် ထွက်ပေါ်လာချေသည်။
'ဒါ ဘယ်လို အရှိန်မျိုးလဲ...'
စင်အောက်ရှိ ပရိသတ်များအားလုံး အံ့အားသင့်သွားကြလေသည်။
ရှန်ဇီလျန်ကိုယ်တိုင်က ပို၍ ရှင်းလင်းစွာခံစားလိုက်ရသည်။ ရန်သူက မျက်စိရှေ့သို့ ရုတ်တရက် ရောက်လာသဖြင့် သူ့ရင်ထဲတွင် ထိတ်လန့်သွားကာ လက်ကွက်များကို ချက်ချင်း ပြောင်းလဲလိုက်လေ၏။
မျက်စိဖြင့်မမြင်နိုင်သော လေပြည်တစ်ချက်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး ရှေ့တွင် ခိုင်မာသောအကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
ရှုတောင်ဂိုဏ်း၏စင်မြင့်ထက်တွင် တပည့်တိုင်းသည် ဓားပျံမှလွဲ၍ မှော်ဝင်ပစ္စည်း တစ်ခုတည်းကိုသာ အသုံးပြုခွင့်ရှိပြီး ပြိုင်ပွဲမတိုင်မီ အကြီးအကဲများ၏ စစ်ဆေးခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။
အခြားအရာများကိုအသုံးပြုပါက စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်မည် ဖြစ်လေသည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် အချို့သောပြိုင်ပွဲဝင်များက အစွမ်းထက်မှော်ဝင်ပစ္စည်း အများအပြားကို အသုံးပြုကာ တစ်ဖက်သတ်အနိုင်ယူခြင်းမျိုး မဖြစ်စေရန်နှင့် တရားမျှတမှုမရှိသော အခြေအနေများကို ရှောင်ရှားနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ရှုတောင်ဂိုဏ်း၏ အဓိကပြိုင်ပွဲသည် အချမ်းသာဆုံး တပည့်ကို ရွေးချယ်ရန်မဟုတ်ဘဲ အတော်ဆုံးတပည့်ကို ရွေးချယ်ရန်သာ ဖြစ်သောကြောင့်ပင်။
သို့သော် ထိုစည်းကမ်းက ရှန်ဇီလျန်ကဲ့သို့သော တပည့်များအတွက် အနည်းငယ် အဆင်မပြေဖြစ်စေသည်။
ယခုတစ်ကြိမ်တွင် သူသည် တိုက်ခိုက်ရေးမှော်ဝင်ပစ္စည်းတစ်ခုကို ရွေးချယ်ခဲ့သည်။ အဆင့်တူအခြေအနေမျိုးတွင် တိုက်ခိုက်ခြင်းက ကာကွယ်ခြင်းထက် ပို၍အရေးကြီးသည်ဖြစ်ရာ သူ့ရွေးချယ်မှုက အမှားယွင်းမရှိခဲ့ပေ။
သို့သော် ယခုလို အခြေအနေမျိုး ရုတ်တရက် ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ဖက်လူက အလွန်လျင်မြန်စွာကပ်လာရာ ပုံမှန်အားဖြင့် မှော်ဝင်ပစ္စည်းဖြင့် ကိုယ်ကိုကာကွယ်လေ့ရှိသော သူသည် ယခုအချိန်တွင်မူ မည်သို့မျှ အသုံးမပြုနိုင်တော့ပေ။
လေပြည်အကာအကွယ်ဖြင့် ယာယီတောင့်ခံထားရန်သာ တတ်နိုင်တော့သည်။
သို့သော် လင်းအောက်က သူ့ရှေ့သို့ရောက်လာပြီး လက်သီးတစ်ချက်တည်းသာ ထိုးလိုက်လေ၏။
ဘုန်း...
ရှန်ဇီလျန်၏အကာအကွယ်မှာ ချက်ချင်းပင် ရိုက်ခွဲခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ပါ နောက်တစ်စက္ကန့်တွင် အပေါ်သို့ မြင့်တက်သွားကာ အောက်သို့ ပြင်းထန်စွာ ကျဆင်းလာလေတော့သည်။
ဖြုန်း...
တိုက်ပွဲက ထူးထူးခြားခြား ပြတ်ပြတ်သားသားပင် ပြီးဆုံးသွားလေ၏။
လင်းအောက်သည် ရှန်ဇီလျန်၏ ဓားအလင်းတန်းများကို တည့်တည့်ဖောက်ဝင်သွားပြီးနောက် လက်ကိုမြှောက်ကာ လက်သီးတစ်ချက်ထိုးရုံဖြင့် ပြိုင်ဘက်ကိုရိုးရိုးရှင်းရှင်းပင် ဖြေရှင်းလိုက်ခြင်း ဖြစ်လေသည်။
အောက်ဘက်ရှိ လူအများမှာ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
'ဒါ ဝိညာဉ်အသိအမြင်အဆင့် နောက်ပိုင်းကာလရဲ့ အရှိန်အဟုန်နဲ့ ခွန်အားလား...'
"သူ ကံကောင်းတဲ့ အခွင့်အရေးတစ်ခုခု ရထားတာများလား..."
ချူလျန်ကလည်း တီးတိုးရေရွတ်လိုက်သည်။ ထိုသို့မဟုတ်လျှင် ဤသည်မှာ လုံးဝ ပုံမှန်မဟုတ်ပေ။
လင်းအောက်က သူ့အင်အားအပြည့် ထုတ်သုံးထားပုံမပေါ်သော်လည်း ယခု သူပြသလိုက်သော ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မိမိနှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်နေလေသည်။
'ငါက ရွှေအမြုတေအဆင့်ကိုရောက်နေတဲ့အပြင် အခြားသော ထပ်ဆောင်းစွမ်းအားတွေ အများကြီးရှိနေတာတောင် သူက ဘာကိုအသုံးချပြီး ဒီလောက်အထိ အစွမ်းထက်နေရတာလဲ...'
ရှုတောင်ဂိုဏ်း၏ အဓိကပြိုင်ပွဲတွင် ပုန်းအောင်းနေသော နဂါးများနှင့် ဝပ်တွားနေသော ကျားများစွာရှိနေသည်။ မိမိကိုယ်တိုင် အနည်းငယ် တိုးတက်လာသော်လည်း ကြည့်ရသည်မှာ အနည်းငယ်မျှပင် ပေါ့ဆ၍ မရနိုင်သေးပေ။
...
"ငွေဓားတောင်ထွတ်က ချူလျန်..."
"အစောင့်အရှောက်တောင်ထွတ်က ချန်ကျန်း..."
အချိန်တစ်ဝက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ချူလျန်၏အလှည့်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ သူလည်း စောင့်ဆိုင်းရန် မသည်းခံနိုင်တော့ချေ။
သူ့ပြိုင်ဘက်မှာ အစောင့်အရှောက်တောင်ထွတ်မှ လူငယ်တပည့်တစ်ဦးဖြစ်ပြီး ကြည့်ရသည်မှာ သူထက် အသက်အနည်းငယ်ပိုကြီးပုံရသည်။ သို့သော် သူ့ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်တွင်သာ ရှိကာ အသက်အရွယ်တူသူများအကြား ပျမ်းမျှအဆင့်၌သာရှိလေသည်။
သို့တိုင် ချူလျန်က ရန်သူကိုအထင်သေးဝံ့ခြင်း အလျဉ်းမရှိဘဲ လေးနက်စွာ လက်ယှက်လိုက်သည်။
"စီနီယာအစ်ကိုချန်...စလိုက်ကြရအောင်..."
"ဂျူနီယာညီလေးချူ...စလိုက်ကြရအောင်..."
တစ်ဖက်ရှိ ချန်ကျန်းကလည်း ပြန်လည်ဂါရဝပြုလိုက်သည်။
သူတို့နှစ်ဦး ဂါရဝပြုပြီးသည်နှင့် အလယ်မှအကြီးအကဲက အမိန့်ပေးလိုက်ရာ တိုက်ပွဲက ချက်ချင်း စတင်သွားလေတော့သည်။
ချူလျန်ကချက်ချင်းပင် လက်ဦးမှုရယူကာ လက်ကိုမြှောက်၍ အစိမ်းရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်၏။
"ဂါး..."
တွန့်လိမ်နေသော မြွေစိမ်းတစ်ကောင်က လေထဲတွင်ပေါ်လာပြီး ချန်ကျန်း၏ ဦးခေါင်းဆီသို့ ရက်စက်စွာထိုးဆင်းသွားလေသည်။
စင်ပေါ်သို့ မှော်ဝင်ပစ္စည်းတစ်ခုတည်းသာ ယူဆောင်ခွင့်ရှိရာ ချူလျန်ရွေးချယ်ခဲ့သည်မှာ သေချာပေါက် သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းပင် ဖြစ်လေသည်။
သူသည်လက်ကိုမြှောက်ကာ ထိန်းချုပ်မှုတစ်ချက်ပြုလုပ်လိုက်၏။ ထိုမြွေစိမ်းကြီး၏ ကြီးမားလှသောသွားများကို မြင်လိုက်ရသောအခါ ချန်ကျန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။
သူက အမြန်အဆန်လက်ကိုမြှောက်ကာ ရွှေရောင်ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း အလင်းတန်းတစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး ခိုင်မာစွာကာကွယ်ပေးလိုက်သည်။
ဘုန်း...
မြွေစိမ်းကြီးက ထိုအလင်းတန်းပေါ်သို့ ကိုက်ချလိုက်ရာ တုံးတိတိအသံကြီး ထွက်ပေါ်လာလေ၏။
ချန်ကျန်းက ကာကွယ်ရေးမှော်ဝင်ပစ္စည်းကို ယူဆောင်လာခြင်းဖြစ်သည်။ သူသည် ကျောက်စိမ်းအဆောင်ကိုထုတ်ယူကာ ချူလျန်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်ပြီးနောက် နောက်မကျစေဘဲ ချက်ချင်းတိုက်ခိုက်မှု စတင်လိုက်လေသည်။
သူ့ညာဘက်လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ မြှောက်လိုက်သည်ကို မြင်လိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း လျှပ်စီးလက်သကဲ့သို့ အနက်ရောင်ဓားအလင်းတန်းကိုးခုက အလျင်အမြန်ထွက်ပေါ်လာလေသည်။ အရပ်မျက်နှာအသီးသီးမှ လာနေသဖြင့် ရှောင်တိမ်းရန်လမ်းမရှိတော့ပေ။
ချူလျန်က မြွေစိမ်းကြီးကို စောစီးစွာ ပြန်လည်ခေါ်ယူထားပြီး ဖြစ်သည်။ အလင်းတစ်ချက် လက်သွားပြီးနောက် အစိမ်းရောင် ထီးကြီးတစ်လက်အဖြစ် ပြောင်းလဲသွားကာ အရပ်လေးမျက်နှာမှ ပျံသန်းလာသော အနက်ရောင်ဓားအလင်းတန်းများကို အသီးသီး ကာကွယ်လိုက်သည်။ ထို့နောက် ထီးကို မြင့်မြင့်မြှောက်ကာ သူ့ကိုယ်ကို ရှေ့သို့ ပျံသန်းစေလိုက်လေ၏။
ဝှီး...
သူ့လှုပ်ရှားမှုက လေပြည်ကဲ့သို့ လျင်မြန်လှပေသည်။
ချန်ကျန်းက သူ့ရှေ့သို့တိုးလာသော အရှိန်အဟုန်ကြောင့် အံ့အားသင့်သွားပြီး ဓားပျံကို ချက်ချင်း ပြန်လည်ခေါ်ယူလိုက်သည်။ ဓားအလင်းတန်းကိုးခုက ပေါင်းစည်းသွားပြီး လက်ထဲတွင် သွယ်လျသော အနက်ရောင်ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားကာ ဓားသိုင်းကွက်ကိုဖော်ဆောင်ရန် ပြင်လိုက်လေသည်။
သို့သော် ရှေ့သို့တိုးလာသော ချူလျန်၏ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။
အလင်းတစ်ချက် ထပ်လက်သွားပြီးနောက် သူ့လက်ထဲတွင် ဓားကောက်တစ်လက် ရုတ်တရက်ထပ်ပေါ်လာပြီး ရှေ့သို့ အားကုန်ပစ်လွှတ်လိုက်ရာ အရှိန်အဟုန်မှာ ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်တစ်ခုလက်သွားသည်အထိ မြန်ဆန်လှပေသည်။
ချန်ကျန်း အလွန်ထိတ်လန့်သွားပြီး မသိစိတ်၏ စေခိုင်းမှုအရ ကျောက်စိမ်းအဆောင်ကို ထပ်မံထုတ်ယူကာ အလင်းတန်းဖြင့် ရှေ့မှ ကာကွယ်လိုက်လေ၏။
ရှပ်...
သို့သော် နောက်တစ်စက္ကန့်တွင် သူ့ကျောဘက်၌ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
'ဟင်...'
သူ ထပ်၍ သေချာခံစားကြည့်လိုက်သည်။ မမှားပေ။ နာကျင်မှုပင် ဖြစ်သည်။
"အား..."
ထိုအခါမှသာ သူ နာကျင်စွာအော်ဟစ်လိုက်ပြီး ရှေ့သို့ မှောက်လျက် လဲကျသွားလေသည်။ သူ့ကျောပေါ်တွင်တော့ သစ်ရွက်ဓားပျံတစ်လက်က ထင်ရှားစွာ စိုက်ဝင်နေလေ၏။
ချက်ချင်းပင် အဂ္ဂိရတ်ခန်းမဆောင်မှတပည့်များက သူ့ကို ဝိုင်းအုံလာကြပြီး သွေးတိတ်စေရန် ကုသပေးကြသည်။ မကြာမီမှာပင် ထိုရိုးရှင်းသောဓားဒဏ်ရာကို ကုသပေးနိုင်ခဲ့လေသည်။
သို့သော် တိုက်ပွဲတွင်မူ သူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သို့တိုင် ချန်ကျန်းက ကျေနပ်မှုမရှိသေးဘဲ ရှေ့သို့တိုးကာ ကွင်းထဲရှိ အကြီးအကဲကို ပြောလိုက်သည်။
"မှော်ဝင်ပစ္စည်း တစ်ခုတည်း သုံးရမှာ မဟုတ်ဘူးလား... သူက ခုနက အနည်းဆုံး သုံးခုလောက် သုံးသွားတယ်..."
အကြီးအကဲက မျက်နှာထားတင်းမာစွာဖြင့် ပြောလိုက်၏။
"ချူလျန်က တကယ်ပဲ မှော်ဝင်ပစ္စည်းတစ်ခုတည်း သုံးသွားတာပါ..."
ထိုစဉ်က ချူလျန်သည် သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို စာရင်းသွင်းခဲ့စဉ် အကြီးအကဲများကြားတွင် အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ အချို့က ထိုမှော်ဝင်ပစ္စည်း၏ လုပ်ဆောင်ချက်များလွန်းသဖြင့် တရားမျှတမှုမရှိဟု ယူဆခဲ့ကြသည်။
သို့သော် အချို့က စစ်ဆေးမှုသည် စင်မြင့်ထက်တွင် အလွန်အစွမ်းထက်သော မှော်ဝင်ပစ္စည်းများ သို့မဟုတ် သတ်ဖြတ်နိုင်စွမ်းမြင့်မားသော လက်နက်များ ပေါ်မလာစေရန် တားဆီးရန်သာဖြစ်ပြီး ထိုကဲ့သို့ သာမန်ပစ္စည်းများဖြင့် ပြုလုပ်ထားသော သာမန်မှော်ဝင်ပစ္စည်းမျိုးကို တားမြစ်ရန်မလိုဟု ထင်မြင်ခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့ စုံစမ်းကြည့်လိုက်ရာ မှော်ဝင်ပစ္စည်းမှာ ဓားလက်ဆင့်ကမ်းခန်းမဆောင်မှ တပည့်ငယ်တစ်ဦး၏လက်ရာဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆက်လက်မတားဆီးတော့ပေ။
ရှုတောင်ဂိုဏ်းသားများ ကိုယ်တိုင်ပြုလုပ်ထားသော မှော်ဝင်ပစ္စည်းကိုပင် အသုံးမပြုနိုင်လျှင် မည်သည့်အရာကိုအသုံးပြုနိုင်မည်နည်း...။
သို့သော် ထိုမှော်ဝင်ပစ္စည်း စင်ပေါ်ရောက်သွားချိန်တွင် ယခုကဲ့သို့ အလွယ်တကူ အနိုင်ရသွားလိမ့်မည်ဟု မည်သူကသိနိုင်မည်နည်း...။
“ဒါက မှော်ဝင်ပစ္စည်း တစ်ခုတည်းလား..."
ချန်ကျန်းက ချူလျန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"စီနီယာအစ်ကိုချန်က အလျှော့ပေးတာပါ..."
ချူလျန်က ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော့် မှော်ဝင်ပစ္စည်းရဲ့ အသာစီးရမှုကို မယူခဲ့ရင် ခင်ဗျားကို အနိုင်ရဖို့ အတော်လေးခက်ခဲမှာပါ... ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒီပစ္စည်းက... တကယ်ကို တစ်ခုတည်းပါ..."