အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း (၂၇၉) - လော့ယန်တောင်ထွတ်မှ ဓားနတ်ဘုရား (၁)
ချန်ကျန်းသည် ချူလျန်၏ အပြုံးမျက်နှာကိုကြည့်ကာ ပြောရခက်သော ခံစားချက်ကိုသာ ခံစားလိုက်ရလေသည်။
ချူလျန်သည် အကောင်းဆုံးရွှေအမြုတေကို ပိုင်ဆိုင်ထားသည့်သတင်းမှာ ရှုတောင်ဂိုဏ်းတစ်ခွင်၌ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
ထို့အပြင် ယခင်တောင်စောင့်နတ်ပွဲတော်နှင့် ကောင်းကင်လှေကားလမ်းစဉ်တို့တွင်လည်း သူက ရွှီဇီယန်နှင့် ကျန်းယွဲ့ပိုင်တို့ကို ဖိအားပေးကာ အကြိမ်ကြိမ် ပထမနေရာကို ရယူနိုင်ခဲ့ပေသည်။
ထို့ကြောင့် ရှုတောင်ဂိုဏ်းတူများက သူ့အပေါ် မျှော်လင့်ချက် ကြီးမားကြခြင်းပင်။ အမြုတေတည်ဆောက်ထားသော အချိန်တိုတောင်းပြီး တကယ့်လက်တွေ့တိုက်ပွဲတွင် ရွှီနှင့် ကျန်း နှစ်ဦးကို မယှဉ်နိုင်သေးသော်လည်း၊ ဝိညာဉ်အသိအမြင်အဆင့်ရှိ ဂိုဏ်းတူများကို အပြတ်အသတ်အနိုင်ယူနိုင်ခြင်းက အံ့ဩစရာတော့ မဟုတ်ပေ။
ချန်ကျန်းကိုယ်တိုင်လည်း လက်ခံနိုင်ပါသည်။
သို့သော် ချူလျန်က ယခုကဲ့သို့ လှည့်စားမှုဆန်ဆန် နည်းလမ်းကိုအသုံးပြုခဲ့သည်။ သူသည် ပေါင်းစပ်မှော်ဝင်ပစ္စည်းတစ်ခုနှင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည့်နည်းလမ်းကို ပေါင်းစပ်ကာ အနိုင်ယူသွားခဲ့ခြင်း ဖြစ်လေသည်။
ထိုအချက်က ချန်ကျန်းကို ယင်ကောင်စားမိသကဲ့သို့ ခံရခက်စေခဲ့၏။
တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများကိုလည်း သံသယဖြစ်စေခဲ့သည်။ သူ၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က ထိုမျှလောက် မသန်မာသောကြောင့်သာ ယခုကဲ့သို့သော နည်းလမ်းများကို အသုံးပြုရခြင်းလားဟူ၍ပင်။
ချူလျန်၏ အနိုင်ရရှိမှုသည် သူ့ဂုဏ်သတင်းကို ပြောင်းပြန် ကျဆင်းသွားစေသည်ဟု ဆိုရပေမည်။
ထိုကိစ္စနှင့် ပတ်သက်၍ ချူလျန်ကိုယ်တိုင်ကမူ အလွန်ပင်တည်ငြိမ်နေခဲ့သည်။ သူက အနည်းငယ် အရိုအသေပေးလိုက်ပြီးနောက် စင်မြင့်ထက်မှ ဆင်းကာ ပေါ့ပေါ့ပါးပါးပင် လှည့်ထွက်သွားရန် ပြင်လိုက်တော့သည်။
သူ့ကျောဘက်မှ ထွက်ပေါ်နေသော ဝေဖန်သံများကို မရှိသကဲ့သို့ပင် သဘောထားလိုက်၏။
ရှုတောင်ဂိုဏ်း ညီလာခံ၏ ပင်မပြိုင်ပွဲများနှင့် ဖျော်ဖြေရေးပြိုင်ပွဲများမှာ တစ်လှည့်စီကျင်းပခြင်း ဖြစ်သည်။ ယနေ့ ပထမအချီ စင်မြင့်ပြိုင်ပွဲအပြီးတွင် မနက်ဖြန်၌ ဓားပျံပျံသန်းခြင်းပြိုင်ပွဲ၏ ခြေစစ်ပွဲကို ကျင်းပမည်ဖြစ်လေသည်။
ချူလျန်သည်လည်း ထိုပြိုင်ပွဲတွင်ပါဝင်ထားသဖြင့် ပြန်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်နေပေသည်။
ထိုစဉ် လင်းပေ့က သူ့ကို တားဆီးကာ မေးလိုက်သည်။
"နောက်တစ်ပွဲက ဂိုဏ်းတူအစ်မကျန်းရဲ့ ပြိုင်ပွဲနော်၊ မင်း မကြည့်ဘဲ သွားတော့မလို့လား..."
"ဂိုဏ်းတူအစ်မကျန်းရဲ့ ပြိုင်ပွဲကို ကြည့်စရာလိုသေးလို့လား... မျက်စိတစ်မှိတ်အတွင်းမှာတင်နိုင်သွားမှာ သေချာတယ်လေ..."
ချူလျန်က ရယ်မောကာ ပြန်ပြောလိုက်၏။
ထိုသို့ ပြောလိုက်သော်လည်း သူ့ခြေလှမ်းများကမူ ရပ်တန့်သွားခဲ့သည်။
ဒီအချိန်လေးပေးလိုက်ရတာ ဘာမှမဖြစ်ပါဘူးလေ။
ယခုအချိန်တွင် သိသာထင်ရှားသော လူကြိုက်များမှုကွာဟချက်ကို တွေ့မြင်နိုင်ပေသည်။
စောစောက အလွန်စည်ကားနေခဲ့သော်လည်း ရှုတောင်ဂိုဏ်းသားများနှင့် အခြားအင်မော်တယ်ဂိုဏ်းများမှ လာရောက်ကြည့်ရှုသူတပည့်များစွာ မရောက်လာကြသေးပေ။
ယခု ကျန်းယွဲ့ပိုင်၏ပြိုင်ပွဲ စတင်တော့မည်ဖြစ်ရာ ကွင်းပြင်ထဲတွင် ချက်ချင်းပင် လူများစွာ ထပ်မံရောက်ရှိလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း လူပင်လယ်ကြီး ဖြစ်သွားတော့သည်။
လာရောက်ကြည့်ရှုသော အင်မော်တယ်ဂိုဏ်းအသီးသီးမှ တပည့်များအတွက် ရှုတောင်ဂိုဏ်းက နေထိုင်စားသောက်ရေး စီစဉ်ပေးထားသော်လည်း ရှုတောင်ဂိုဏ်း ညီလာခံမှာ ရက်ပေါင်းများစွာကြာမြင့်မည်ဖြစ်ရာ သူတို့အားလုံး အမြဲတမ်း ထိုနေရာတွင် နေထိုင်ရန်မဖြစ်နိုင်ပေ။
မကွာဝေးလှသော ဂိုဏ်းများမှတပည့်များစွာသည် ဖွင့်ပွဲအပြီးတွင် မိမိတို့ဂိုဏ်းသို့ ပြန်သွားကြပြီး စိတ်ဝင်စားစရာပြိုင်ပွဲရှိမှသာ ပြန်လည်လာရောက် ကြည့်ရှုကြခြင်းဖြစ်သည်။
ကျန်းယွဲ့ပိုင်၏ပြိုင်ပွဲက ထိုစိတ်ဝင်စားစရာဖြစ်နေသည်မှာ ထင်ရှားလှ၏။
ဖွင့်ပွဲသို့ မတက်ရောက်ခဲ့သူများပင် ရောက်လာကြသည်။ ရှုတောင်ဂိုဏ်းအနေဖြင့် ပြင်ပသို့ အပြည့်အဝတံခါးဖွင့်ပေးသော ယခုကဲ့သို့ ပွဲတော်မျိုး သိပ်မရှိလှသဖြင့် လာရောက်လည်ပတ်ခြင်းကလည်း မဆိုးလှပေ။
ကွင်းပြင်အောက်ဘက် ထောင့်တစ်ထောင့်တွင်မူ အရပ်ရှည်ရှည်နှင့် ဓားသမားဝတ်စုံအဖြူကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးမတ်တပ်ရပ်နေသည်။ သူ့မျက်လုံးများက မင်ရည်ကဲ့သို့နက်မှောင်ကာ ကြယ်ပွင့်များကဲ့သို့ တောက်ပနေ၏။ လက်ပိုက်ကာ ထိုနေရာတွင်ရပ်နေပုံမှာ အလွန်အေးအေးဆေးဆေး ရှိပုံရသော်လည်း သူ့အလိုလို လေဝဲကတော့တစ်ခုသဖွယ် ဖြစ်နေလေသည်။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် အာရုံစိုက်မှုဗဟိုချက်ဖြစ်နေခဲ့သည်။
ကျန်းယွဲ့ပိုင်စင်မြင့်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ သူက လက်နှစ်ဖက်ကို စုကာ အော်ဟစ်လိုက်သည်။
"နတ်မိမယ်ကျန်း...အားတင်းထားနော်..."
"အဲဒါ ကောင်းကင်ဘုရင်ဂိုဏ်းက ဖုန့်ချောင်ယန်ပဲ၊ အဲဒီကောင်က ဂိုဏ်းတူအစ်မကျန်းအပေါ် အမြဲတမ်း မကောင်းတဲ့ရည်ရွယ်ချက် ရှိနေတယ်လို့ ကြားတယ်..."
လင်းပေ့က ရန်လိုမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ခေါင်းလှည့်ကာ အော်ဟစ်လိုက်လေသည်။
"ဂိုဏ်းတူအစ်မကျန်း...အချစ်ကို ရှုတောင်ဂိုဏ်းမှာပဲရှာပါဗျာ..."
ချူလျန်က လှမ်းကြည့်လိုက်ရာ ကွင်းပြင်အတွင်းရှိ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း လေ့လာရေးအဖွဲ့များမှာ သိသိသာသာပင် အုပ်စုနှစ်စု ကွဲနေကြောင်း သတိပြုမိသွားသည်။
တစ်စုမှာ ဖုန့်ချောင်ယန် ဦးဆောင်သောအုပ်စုဖြစ်သည်။ ကောင်းကင်ဘုရင်ဂိုဏ်း၊ ကောင်းကင်မဏ္ဍိုင်မျှော်စင်၊ ပင်လယ်ဘုရင်ဂိုဏ်းစသည့် ထိုစဉ်က ထျန်းရှင်းနတ်ဘုရားဂိုဏ်းမှ ခွဲထွက်သွားသော ဂိုဏ်းအချို့မှာ ယခုအချိန်တွင် အုပ်စုတစ်စုအဖြစ် ဝိုင်းဖွဲ့ရပ်နေကြသည်။
ထျန်းရှင်းနတ်ဘုရားဂိုဏ်း ကွဲထွက်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အစောပိုင်းနှစ်များက အဖွဲ့ခွဲအသီးသီးအကြား ပြင်းထန်သောတိုက်ပွဲများလည်း ရှိခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင် ခွဲထွက်မှုအခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ရာ ဂိုဏ်းအချို့အကြား သဘာဝအရဆက်နွှယ်နေသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုအားကိုးကာ တစ်သွေးတည်းတစ်သားတည်း ဖြစ်နေသည့် ခံစားချက်မျိုးကို ပြန်လည်ရရှိလာကြသည်။
လက်တွေ့အခြေအနေများကြောင့်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းလောကတွင် ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းက တစ်ဦးတည်း ကြီးစိုးနေဆဲဖြစ်ရာ ထျန်းရှင်းအနွယ်ဝင်ဂိုဏ်းအချို့မှာ ပူးပေါင်းမှသာ အနည်းငယ်မျှ ထိန်းညှိနိုင်မည်ဖြစ်သည်။
ခွဲထွက်ပြီးနောက် သီးခြားစီဖွံ့ဖြိုးတိုးတက်လာပြီးနောက်ပိုင်းတွင် ထိုဂိုဏ်းများ ပေါင်းစပ်လိုက်သော အင်အားမှာ ယခင်ထျန်းရှင်းနတ်ဘုရားဂိုဏ်းထက် များစွာသန်မာနေပြီဖြစ်ရာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းကပင် လျစ်လျူမရှုရဲတော့ပေ။
တကယ်တမ်းလူစုခွဲလိုက်ခြင်းက ကောင်းကင်အပြည့်ကြယ်ပွင့်များ ဖြစ်လာစေခြင်းပင်။
ဖုန့်ချောင်ယန်တို့အုပ်စုနှင့် ယှဉ်ပြိုင်နေသည်မှာမူ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းမှ လူများမဟုတ်ပေ။ အကြောင်းမှာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်း၏ အဓိကတပည့်များ မည်သူမျှ လာရောက်ကြည့်ရှုခြင်း မရှိသောကြောင့်ဖြစ်သည်။
ကျဆင်းနေပြီဖြစ်သော ရှုတောင်ဂိုဏ်းကို သိပ်ပြီးအရေးမစိုက်၍လား သို့မဟုတ် မာနကြီးလွန်းနေ၍လားတော့ မသိနိုင်ပေ။
ထိုအုပ်စု၏အလယ်ဗဟိုတွင်မူ ခန့်ညားထည်ဝါသော မုတ်ဆိတ်မွေးများနှင့် လူငယ်တစ်ဦးရှိနေသည်။
ထိုသူ၏ မျက်နှာသွင်ပြင်က ကလေးဆန်နေသေးပြီး အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်ခန့်သာ ရှိဦးမည်ဖြစ်သော်လည်း သေသပ်စွာညှပ်ထားသော ထူထဲသည့် မုတ်ဆိတ်ရှည်များကို ထားရှိလေသည်။
သူ့ပတ်လည်တွင် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ တပည့်အချို့ ရပ်နေကြသည်။ ဥပမာအားဖြင့် နဂါးပျံကျောင်းတော်၊ ချုံလုံကျောင်းတော် အစရှိသည်တို့ ဖြစ်သည်။
ထိုအဖွဲ့သည် ဖုန့်ချောင်ယန်တို့အဖွဲ့နှင့် မျက်နှာချင်းဆိုင် ရပ်နေကြပြီး အားနည်းနေပုံ မပေါ်ပေ။
"အဲဒီလူက မိုးကြိုးခံတပ်ရဲ့ အဓိကတပည့်သုံးယောက်ထဲမှာ အဆင့်သုံးနေရာက တိန့်ယိရှောင်ပဲ၊ မိုးကြိုးခံတပ်က ဒီနှစ်တွေအတွင်းမှာ နန်းတော်ဘက်ကို အမြဲတမ်း ကပ်နေခဲ့တာလေ…”
“ယွီမင်းဆက်ကို အပြည့်အဝမှီခိုပြီး တည်ထောင်ထားတဲ့ နဂါးပျံကျောင်းတော်၊ ချုံလုံကျောင်းတော်တို့နဲ့လည်း ဆက်ဆံရေး တော်တော်လေးနီးကပ်မယ်ထင်တယ်..."
လင်းပေ့က ထပ်ပြောလိုက်၏။
"ကြည့်ရတာ သူတို့နဲ့ ထျန်းရှင်းအုပ်စုကလူတွေ သိပ်အဆင်ပြေပုံမပေါ်ဘူးနော်..."
ချူလျန်က ပြောလိုက်သည်။
"သေးသေးလေးကစပြီး ပြောရရင်၊ ဖုန့်ချောင်ယန်က ခုနတင်မိုးကြိုးခံတပ်ရဲ့ ဒုတိယအစ်ကို ဝေ့ထျန်းတိနဲ့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ထားတာဆိုတော့ နှစ်ဖက်လုံးက ပဋိပက္ခရှိနေတာ သဘာဝပါပဲ..."
လင်းပေ့က ရှင်းပြလိုက်သည်။
"အကြီးကြီးဘက်က ကြည့်ရင်တော့၊ နန်းတော်က ဒီနှစ်တွေအတွင်း အထက်ပိုင်းမှာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းကို ဆွဲဆောင်စည်းရုံးပြီး အောက်ပိုင်းမှာ မိုးကြိုးခံတပ်ကို ဆွဲဆောင်ခဲ့တယ်လေ…”
“နန်းတော်ရဲ့ ဥပဒေတွေကို အမြဲတမ်းသိပ်မလိုက်နာတဲ့ ထျန်းရှင်းအုပ်စု အင်မော်တယ်ဂိုဏ်းတွေကိုတော့ ဖိနှိပ်တဲ့နည်းကိုပဲ အဓိကထားခဲ့တာ... ဒါကြောင့် သူတို့ကြားမှာ ပဋိပက္ခရှိနေတာကထုံးစံပါပဲ..."
ထိုသို့ ပြောပြီးနောက် သူက တိတ်တဆိတ်တိုးတိုးလေး ရေရွတ်လိုက်သေးသည်။
"ချကြ၊ ချကြဟေ့..."
ချူလျန်က ခေါင်းညိတ်လိုက်၏။ အခြေအနေများ ရှုပ်ထွေးနေချိန်တွင် အနီးအနား၌ ယခုကဲ့သို့သော သတင်းအချက်အလက် စုံစမ်းတတ်သူ၊ အရာအားလုံး သိနေတတ်သူတစ်ဦးရှိနေခြင်းက အချိန်ကုန်သက်သာစေပေသည်။
ထိုကဲ့သို့သော အထက်ပိုင်း၏ အားပြိုင်မှုများနှင့် ပတ်သက်၍ သူသည် အနည်းငယ်မျှသာ ကြားဖူးပြီးသိပ်နားမလည်ပေ။ မည်သို့ပင်ဆိုစေ ယခင်က ရှုတောင်ဂိုဏ်းကို ကိုယ်စားပြုရန် သူ့အလှည့်မရောက်ခဲ့ပေ။
ရှုတောင်ဂိုဏ်း၏ရပ်တည်ချက်သည် ထျန်းရှင်းအုပ်စုနှင့် ပိုမိုနီးကပ်မည်ဖြစ်ကြောင်းကိုသာ သူသိထားသည်။ အခြေအနေအရ ရှုတောင်ဂိုဏ်းနှင့် ထိုဂိုဏ်းများမှာ အတူတူလောက်ပင်ဖြစ်သည်။
ထိုသို့မှသာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းနှင့် နန်းတော်၏ ဖိအားပေးမှုအောက်တွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါလော။