← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) - လော့ယန်တောင်ထွတ်မှ ဓားနတ်ဘုရား (၂)

သို့သော်...

ဖုန့်ချောင်ယန်ကို ကြည့်လိုက်၊ ထို့နောက် စင်မြင့်ပေါ်တွင် တိုက်ခိုက်နေသော ဂိုဏ်းတူအစ်မကျန်းကို ကြည့်လိုက်နှင့်...။

'ငါလို သာမန်လူတစ်ယောက်က ရှုတောင်ဂိုဏ်းနဲ့ တစ်သားတည်း ရပ်တည်ဖို့ မလိုအပ်ပါဘူးလေ...'

ချူလျန်သည် သူ့ကိုယ်သူ အရေးမပါသောလူငယ်တစ်ယောက်ဟု ခံစားလိုက်ရပြီး တစ်ခါတစ်ရံတွင် ရှုတောင်ဂိုဏ်းနှင့် ရပ်တည်ချက်တူညီနေရန် မလိုအပ်ဟု တွေးမိသွားသည်။

ကွင်းပြင်အောက်ဘက်ရှိ လျှို့ဝှက်လှိုင်းလုံးများ လှုပ်ခတ်နေမှုများနှင့် ယှဉ်လျှင် ကွင်းပြင်ပေါ်ရှိ ဂိုဏ်းတူအစ်မကျန်း၏ပြိုင်ပွဲက ထိုမျှလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့ပေ။

ယခင်နှစ်အချို့က ရွှေအမြုတေအဆင့် တပည့်များအားလုံးသည် အထူးအဆင့် သတ်မှတ်ခံရသူများအဖြစ် နောက်တစ်ဆင့်သို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရှိခဲ့ကြသည်။

ယခုနှစ်တွင် ရွှေအမြုတေအဆင့် တပည့်အရေအတွက် များပြားလာသောကြောင့်သာ ထိုစနစ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်လေသည်။

သို့သော် ထိုသို့လုပ်လိုက်သဖြင့် အဆင့်ကွာဟလွန်းသောပြိုင်ပွဲများ ပေါ်ပေါက်လာခြင်းကို မလွဲမသွေ ကြုံတွေ့ရပေသည်။

ကျန်းယွဲ့ပိုင်၏ပွဲတွင် ပြိုင်ဘက်မှာ ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော တပည့်တစ်ဦးဖြစ်သည်။ ယုတ္တိတန်စွာ ပြောရလျှင် သူသည်လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။

သို့သော် သူသည် ကျန်းယွဲ့ပိုင်၏လက်အောက်တွင် တစ်ကွက်မျှပင်မခံနိုင်ခဲ့ချေ။

ကျန်းယွဲ့ပိုင်၏ ဓားချီများ ရောက်ရှိသွားသော နေရာတိုင်းတွင် သူ၏ဓားပျံမှာ အသံနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းသွားရသည်။ ကျန်းယွဲ့ပိုင်က ညှာတာပေးလိုက်သောကြောင့်သာ သူကိုယ်တိုင် ဒဏ်ရာမရခဲ့ခြင်းဖြစ်သည်။

တစ်ဦးတည်းသော စိတ်လှုပ်ရှားဖွယ်ရာ အချက်မှာ သူ့နောက်ပိုင်းပြောစကားပင် ဖြစ်ပေမည်..."

“ကျွန်တော် ရှုံးသွားပြီ..."

သူက မြေပြင်ပေါ်ရှိ ဓားပျံကိုကြည့်ကာ တီးတိုးရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ဂိုဏ်းတူအစ်မကျန်း...ကျွန်တော် အစ်မကိုပြောချင်တာက…ကျွန်တော် အစ်မကို လေးစားကြည်ညိုနေတာကြာပါပြီ..."

"ဝူးး..."

ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ လှောင်ပြောင်သံများက သူ့ကို စင်မြင့်ပေါ်မှ ချက်ချင်း မောင်းထုတ်လိုက်လေသည်။ သူသာ နောက်ထပ်စကားနှစ်ခွန်းလောက် ထပ်ပြောလိုက်ပါက အုတ်ခဲများ၊ ကြက်ဥများ ပျံဝဲလာနိုင်ပေသည်။

...

ဂိုဏ်းတူအစ်မကျန်း၏ပြိုင်ပွဲကို ကြည့်ရှုပြီးနောက် နောက်ပိုင်းပြိုင်ပွဲများကို ချူလျန် သိပ်ဂရုမစိုက်တော့ဘဲ ပြင်ဆင်မှုများပြုလုပ်ရန် ငွေဓားတောင်ထွတ်သို့ ပြန်လာခဲ့လိုက်သည်။

မနက်ဖြန်တွင် ဓားပျံပျံသန်းခြင်းပြိုင်ပွဲရှိသဖြင့် သူ အရင်ဆုံးလေ့ကျင့်မှုများ ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

ခြေစစ်ပွဲတွင် တောင်ကိုပတ်၍ လှည့်ရမည့်လမ်းကြောင်းများ ရှိနိုင်ပြီး၊ သူက ကိုယ်ပိုင် ဓားပျံထိန်းချုပ်မှု စွမ်းရည်အပေါ် လုံလောက်သော ယုံကြည်မှုရှိထားသည်။ အနည်းငယ်လေ့ကျင့်လိုက်ရုံဖြင့် နောက်တစ်ဆင့်သို့တက်ရန် မခက်ခဲဟု သူ ယုံကြည်ထား၏။

ရွှီးး...

ဝူချန်ဓားကို ထိန်းချုပ်လိုက်စဉ် သူ၏စစ်မှန်သောချီများ ပန်းထွက်လာကာ မျက်စိတစ်မှိတ်အတွင်း ငွေဓားတောင်ထွတ်တစ်ခုလုံးကို တစ်ပတ် ပတ်ပျံသန်းသွားလေသည်။ လေထဲတွင်စစ်မှန်သောချီများ ကျန်ရစ်ခဲ့သော အဖြူရောင်မျဉ်းကြောင်းများ ရေးဆွဲသွားပြီး ကောက်ကွေ့နေသော နဂါးကြီးတစ်ကောင်၏ပုံစံမျိုး ဖြစ်ပေါ်လာတော့သည်။

မြေပြင်ပေါ်သို့ ရောက်သည်နှင့် အသံတစ်သံကို ကြားလိုက်ရသည်။

"အရမ်း နှေးလွန်းတယ်..."

"ဟင်..."

ချူလျန်က မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။

ဝမ်ယွဲ့လုံက ဘေးတစ်ဖက်မှ ထွက်လာသည်ကို တွေ့လိုက်ရပြီး သူက ခေါင်းယမ်းကာ ပြောလိုက်၏။

"ဂိုဏ်းတူအစ်ကိုချူ... ခင်ဗျား ဓားပျံပျံသန်းခြင်းပြိုင်ပွဲ ဝင်ပြိုင်မယ်ဆိုတာ ဘာလို့ စောစောက မပြောတာလဲ၊ ကျွန်တော် စောစောကတည်းက ခင်ဗျားအတွက် ပြင်ဆင်ပေးလို့ ရတာပေါ့…”

“ခုနလေးတင် ဓားလက်ဆင့်ကမ်းခန်းမဆောင်က စာရင်းထဲမှာ ခင်ဗျားနာမည်ကို တွေ့လိုက်မှ ခင်ဗျားဆီလာရှာဖို့ သတိရသွားတာ... ကံဆိုးတာက အချိန်အရမ်းနောက်ကျနေပြီ..."

"ဂိုဏ်းတူညီလေးဝမ်... မင်းကိုတောင် ကျေးဇူးတင်ဖို့သွားမလို့ပါပဲ... မင်း ဖန်တီးပေးထားတဲ့ မှော်ဝင်ပစ္စည်းကြောင့် ငါ စင်မြင့်ပြိုင်ပွဲတစ်ပွဲကို အလွယ်တကူ နိုင်သွားခဲ့တယ်လေ…”

“ဒါပေမဲ့ မင်းစကားအရ ငါ့ရဲ့ ဓားပျံအမြန်နှုန်းက မကောင်းသေးဘူးလား..."

ချူလျန်က ရယ်မောကာ ပြန်ပြောလိုက်သည်။

ဤအချက်က ချူလျန်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ကျင့်ကြံမှုစွမ်းရည်နှင့် ထိန်းချုပ်မှုစွမ်းရည်များအရ သူသည် ရှုတောင်ဂိုဏ်းတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်ပြီး ဓားပျံပျံသန်းမှုတွင် အသန်မာဆုံး မဟုတ်လျှင်တောင် ဝမ်ယွဲ့လုံ ယခုလောက် မကျေမနပ်ဖြစ်သည်အထိတော့ မဆိုးရွားသင့်ပေ။

"ဂိုဏ်းတူအစ်ကိုချူရဲ့ ကျင့်ကြံမှုနဲ့ နှိုင်းယှဉ်ရင် တကယ်ပဲ နှေးလွန်းသေးတယ်..."

ဝမ်ယွဲ့လုံက သက်ပြင်းချကာ ပြောလိုက်၏။

"ဓားပျံအမြန်ပြိုင်ပွဲက သာမန် ဓားပျံပျံသန်းတာနဲ့ မတူဘူးလေ...ပုံမှန်အားဖြင့် ခင်ဗျားသုံးတဲ့ ဓားပျံက တိုက်ခိုက်ရေးကိုအဓိကထားတာ...ဓားပျံကို ပုံသွင်းတဲ့အခါမှာလည်း သတ်ဖြတ်ဖို့ကိုပဲ ဦးစားပေးထားတာ…”

“ဒါပေမဲ့ ဓားပျံအမြန်ပြိုင်ပွဲမှာကျတော့ အရာအားလုံးက အမြန်နှုန်းကိုပဲ အဓိကထားရတော့တာလေ...အဲဒါက အရမ်းကွာခြားသွားပြီ..."

"ဘာအဓိပ္ပာယ်လဲ... မင်းပြောချင်တာက အမြန်ပြိုင်ပွဲအတွက် သီးသန့် ပုံသွင်းထားတဲ့ ဓားပျံတွေ ရှိတယ်လို့ ပြောချင်တာလား..."

ချူလျန်က သူ့စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားသည်။

"သေချာပေါက် ရှိတာပေါ့..."

ဝမ်ယွဲ့လုံက ပြန်ပြောလိုက်သည်။

"ရှုတောင်ဂိုဏ်းက ဓားလမ်းစဉ်တောင်ထွတ် ငါးခု၊ ရှင်းဟော်တောင်ထွတ်၊ လော့ယန်တောင်ထွတ်... အားလုံးမှာ ဓားပျံအမြန်နှုန်းနဲ့ ပတ်သက်တဲ့ အားကောင်းတဲ့ လက်ဆင့်ကမ်း အမွေအနှစ်တွေ ရှိတယ်လေ…”

“မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတဲ့ နည်းလမ်းတွေနဲ့ အမြန်ပြိုင်ပွဲအတွက် သီးသန့်သုံးတဲ့ဓားပျံတွေ အများကြီးကျန်ရစ်ခဲ့တာ..."

ဓားလမ်းစဉ်တောင်ထွတ် ငါးခုတွင် ငွေဓားတောင်ထွတ်လည်း ပါဝင်လေသည်။

သို့သော် ချူလျန်မှာမူ မည်သည့်လမ်းညွှန်မှုကိုမျှ မရရှိခဲ့ပေ။

အကြောင်းမှာ ငွေဓားတောင်ထွတ်၏ လက်ဆင့်ကမ်း အမွေအနှစ် ပြတ်တောက်သွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး နောက်ပိုင်းတွင်မှ တိနွီဖုန့် ဝင်ရောက်လာခြင်းဖြစ်သည်။

တကယ်တမ်းဆိုရလျှင် ယခင်ခေတ်များက ဓားလမ်းစဉ်တောင်ထွတ် ငါးခုထဲမှ တစ်ခုနှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။

အခြားတောင်ထွတ်များမှာမူ လက်ဆင့်ကမ်း အမွေအနှစ်ပြတ်တောက်ခြင်း မရှိခဲ့သဖြင့် အချို့အရာများကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

အမြန်ပြိုင်ပွဲအတွက် သီးသန့်အသုံးပြုသော ဓားပျံများကဲ့သို့ပင် တိုက်ပွဲနှင့် သင့်တော်သော အစီအရင်များမပါဝင်ဘဲ အမြန်နှုန်းတိုးမြှင့်ရန် သင့်တော်သော အစီအရင်များကိုသာ ထည့်သွင်းထားသဖြင့် ဖန်တီးထားသောရလဒ်မှာ သဘာဝအလျောက် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်နေမည်ဖြစ်သည်။

ဝူချန်ဓားက သန်မာသော်လည်း ထိုကဲ့သို့သော သီးသန့်အမြန်ပြိုင်ပွဲသုံး ဓားပျံများရှေ့တွင်မူ အားနည်းသွားရပေလိမ့်မည်။

သို့သော် ထိုအချက်ကို ချူလျန် ယခင်က လုံးဝမသိခဲ့ပေ...။

"အခုမှ ဓားလဲဖို့ဆိုတာ အချိန်မီတော့မှာမဟုတ်ဘူး..."

ချူလျန်က စဉ်းစားကာ ပြောလိုက်၏။

ဓားပျံမှာလည်း မြန်လေကောင်းလေ မဟုတ်ပေ၊ ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းစဉ်တစ်ခု ရှိရန်လိုအပ်သေးသည်။ ရုတ်တရက် မရင်းနှီးသော ဓားပျံကို ထိန်းချုပ်လိုက်ပါက အလွန်မြန်ဆန်စွာ ပျံသန်းသည့်တိုင် မမျှော်လင့်ထားသော မတော်တဆမှုများ ဖြစ်လာနိုင်ပေသည်။

"ဓားလဲဖို့ဆိုတာကတော့ သေချာပေါက်မဖြစ်နိုင်တော့ဘူး... ကျွန်တော် ခင်ဗျားကို အခြေခံ မှော်ဝင်ပစ္စည်းတချို့ ထပ်ထည့်ပေးမယ်…”

“အဲဒီလိုဆိုရင် ခင်ဗျားရဲ့ ကျင့်ကြံမှုအားသာချက်ကိုအားကိုးပြီး အနည်းဆုံးတော့ မနက်ဖြန် နောက်တစ်ဆင့်တက်ဖို့ သေချာသွားနိုင်တယ်..."

ဝမ်ယွဲ့လုံကလည်း သူ့အတွက် စဉ်းစားပေးလိုက်လေသည်။

အကြိမ်များစွာ ဆက်ဆံခဲ့ပြီးနောက် သူနှင့် ချူလျန်တို့အကြားတွင် ရင်းနှီးသောခင်မင်မှု ရှိနေခဲ့ပြီဖြစ်သည်။

ထိုသို့ပြောရင်း သူက ငွေရောင်သံကြိုး လက်ကောက်လေးခုကို အရင်ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။

"ဒါက လက်စိမ်းပြာနဂါးနဲ့ ခြေစိမ်းပြာနဂါးတွေပဲ... အရင်ဆုံးဝတ်ကြည့်လိုက်ဦး..."

"လက်စိမ်းပြာနဂါး၊ ခြေစိမ်းပြာနဂါး..."

ချူလျန်က နားမလည်နိုင်စွာဖြင့် လှမ်းယူလိုက်၏။

သူက ဝမ်ယွဲ့လုံ၏လမ်းညွှန်မှုအတိုင်း ၎င်းတို့အနက်မှနှစ်ခုကို လက်တွင် ဝတ်ဆင်လိုက်ပြီး ကျန်နှစ်ခုကို ခြေထောက်တွင် ဝတ်ဆင်လိုက်ကာ စစ်မှန်သောချီများကို အနည်းငယ်လှုံ့ဆော်လိုက်သည်။

ရွှီးး...

လက်ကောက်လေးခုမှ ငွေရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာကာ သံကြိုးတစ်ချောင်းစီ ထွက်ပေါ်လာပြီး ရှေ့သို့ရစ်ပတ်သွားလေသည်။

"ဓားပျံအမြန်ပြိုင်ပွဲမှာ ကြီးမားတဲ့အမြန်နှုန်းက ကြီးမားတဲ့အင်အားကို ယူဆောင်လာတယ်လေ…”

“စစ်မှန်တဲ့ချီကို အားကိုးပြီး ဓားပျံပေါ်မှာ တွယ်ကပ်နေတာက ခန္ဓာကိုယ်ကို ပြုတ်ကျစေနိုင်ပြီး မတော်တဆမှုတွေ မကြာခဏ ဖြစ်စေတတ်တယ်…”

“ဒါကြောင့် လက်နဲ့ ခြေစိမ်းပြာနဂါးတွေကို သုံးပြီး ဓားပျံကို မြဲမြံအောင် လုပ်ထားရင် ပိုပြီး ယုံယုံကြည်ကြည်နဲ့ အရှိန်တင်လို့ ရတာပေါ့..."

သူက ရှင်းပြလိုက်၏။

ချူလျန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

သူကိုယ်တိုင်လည်း အမြန်နှုန်းလွန်ကဲ၍ ခန္ဓာကိုယ် ပြုတ်ကျမည့် ပြဿနာကို ခံစားခဲ့ရဖူးသည်။ တိုက်ပွဲအတွင်းတွင် သဘာဝကျကျပင် ဤကဲ့သို့သော လက်ထိပ်ခြေကျင်းလေးခုဖြင့် မိမိကိုယ်ကို ဓားပေါ်တွင် ချည်နှောင်ထား၍မရနိုင်ပေ။

ထိုသို့လုပ်ခြင်းက အလွန်အန္တရာယ်များလှ၏။ သို့သော် သီးသန့် အမြန်ပြိုင်ပွဲတစ်ခုအတွက်မူ ထိုအရာက ကြီးမားသောအထောက်အကူ ဖြစ်စေနိုင်သည်မှာ သေချာပေသည်။

ထို့နောက် ဝမ်ယွဲ့လုံက အဝါရောင်အဆောင်လေးခုကို ထပ်မံထုတ်ယူလိုက်သည်။

"ဒါက လေထိန်းအဆောင်တွေပဲ..."

"ဓားပျံအမြန်ပြိုင်ပွဲမှာ အဆောင်တွေသုံးခွင့် ပိတ်ပင်ထားတာမဟုတ်ဘူးလား..."

ချူလျန်က မေးလိုက်၏။

သူသည် အမြန်ပြိုင်ပွဲ၏ ရိုးရာအစဉ်အလာများကို နားမလည်သော်လည်း စည်းကမ်းချက်များကိုမူ သေချာ ဖတ်ရှုလေ့လာထားပြီးဖြစ်သည်။

"ဒါတွေကို ဓားပျံပေါ်မှာ ကပ်ရမှာ မဟုတ်ဘူး၊ ခင်ဗျား ကိုယ်ပေါ်မှာ ကပ်ရမှာလေ..."

ဝမ်ယွဲ့လုံက ဆက်ပြောလိုက်သည်။

"အမြန်ပြိုင်ပွဲ လုပ်ငန်းစဉ်မှာ ဆံခြည်တစ်မျှင်လောက် လွဲသွားတာက မိုင်ထောင်ချီပြီး ကွာဟသွားနိုင်တယ်လေ…”

“သိုင်းပညာရှင်တွေ ယှဉ်ပြိုင်တဲ့အခါ အလေးချိန် နည်းနည်းလေးကတောင် အနိုင်အရှုံးကို သက်ရောက်မှုရှိနိုင်တယ်... ဒါကြောင့် သူတို့က လေထိန်းအဆောင်တွေကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ပင့်တင်ထားကြတယ်၊ ခန္ဓာကိုယ် အလေးချိန်ကို ဖျောက်ဖျက်ပစ်ကြတာပေါ့…”

“ဒီအချက်ကို စည်းမျဉ်းတွေက ခွင့်ပြုထားတယ်လေ... လေထိန်းအဆောင် လေးခုဆိုရင် ခင်ဗျားအသုံးပြုဖို့ကွက်တိပဲ..."

"ဒီဟာက..."

ချူလျန်က သူ့ရှင်းပြချက်ကို နားထောင်ရင်း အမှတ်တမဲ့ပြောလိုက်မိသည်။

"တကယ်ပဲ ဘက်စုံ ထောင့်စုံကနေ ပြည့်စုံနေတာပဲ..."

"ဒါတွေက ခင်ဗျားကို အစပြုတဲ့နေရာမှာ သူများထက်မရှုံးအောင် လုပ်ပေးတာပဲ ရှိတာ... တကယ့် အနိုင်အရှုံးကတော့ တကယ့်စွမ်းရည်အပေါ်မှာပဲ မူတည်နေတာလေ..."

ဝမ်ယွဲ့လုံက ပြောလိုက်၏။

"လွန်ခဲ့တဲ့နှစ်တွေက လော့ယန်တောင်ထွတ်မှာ ဓားနတ်ဘုရားတစ်ပါး ရှိခဲ့ဖူးတယ်လို့ ကြားဖူးတယ်... သူက ဒီပစ္စည်းတွေ မလိုတဲ့အပြင် လက်နှစ်ဖက်နဲ့ တို့ဟူးကို ကိုင်ထားရင်း ပြိုင်ဘက်အားလုံးကို အနိုင်ယူနိုင်ခဲ့တယ်တဲ့…”

“ပန်းတိုင်ကို အရင်ဆုံးရောက်သွားတဲ့အချိန်မှာတောင် တို့ဟူးက နည်းနည်းလေးမှ မပျက်စီးသွားဘူးလို့ပြောကြတယ်..."

All Chapters