အခန်း ၇၄၀
Vol. 64 Ch. 740
အခန်း 740
ကျောက်ယာမှ ပြောသည်။
“ရှင်နဲ့ အားသာ့၊ အားအာ့၊ အားစန်းတို့က ကျွန်မလက်အောက်က အဆင့်၇အရာရှိဖြစ်တဲ့ ရာအိမ်မှူးအရာရှိဖြစ်လိမ့်မယ်။ ယဲ့လုဖုန်းနဲ့ တန်းတူလောက်ပေါ့”
ချန်ကျဲ့ ခဏမျှစဉ်းစားလိုက်ပြီးနောက် ၎င်းသည် လက်ခံရနိုင်သည်ဟု ခံစားလိုက်ရသည်။ ရာအိမ်မှူးအရာရှိလေးတစ်ဦးသာ ဖြစ်သော်ငြား သိုင်းလောက အရေးကိစ္စများကို လုပ်ဆောင်ရပါက အင်အားအာဏာတိုးတက်မှုအတွက် အနှောင့်အယှက်မရှိချေ။
ထို့ပြင် တရားဝင်အရာရှိရာထူးတစ်ခုကို ပိုင်ဆိုင်ရခြင်းသည် အတော်လေး ကောင်းမွန်၏။
ချန်ကျဲ့၏လက်ရှိနည်းဗျူဟာမှာ လောင်ကျူး၏ စာကိုးလုံးဗျူဟာကို အသုံးပြုရန် ဖြစ်သည်။ “ကောက်ပဲသီးနှံစုဆောင်း၊ တံတိုင်းမြင့်မြင့် တည်ဆောက်ပြီး ဖြည်းဖြည်းချင်း ဘုရင်တစ်ပါးဖြစ်လာစေ”ဟူ၏။
ချန်ကျဲ့သည် ကောက်ပဲသီးနှံစုဆောင်းနေသည့် ဖြစ်စဉ်အတွင်း ဖြစ်သည်။ သူ၏လွှမ်းမိုးမှုအင်အားသည် သိသိသာသာ ကျယ်ပြန့်လာနေပြီး ပိုင်နက်နယ်မြေလည်း ကျယ်ပြန့်လာနေသည်။ ဖြည်းဖြည်းချင်း ဘုရင်တစ်ပါးဖြစ်လာခြင်းဟူသည် နှိမ့်ချစွာနေထိုင်ပြီး ထင်ရှားပေါ်လွင်ခြင်းမရှိအောင် နေထိုင်ခြင်းဖြစ်သည်။
ချန်ကျဲ့သည် ထိုအရာများကို နားလည်သောကြောင့် ခရိုင်မင်းသမီးနှင့် ပူးပေါင်းခြင်းဖြင့် စတင်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ချန်ကျဲ့သည် လတ်တလောတွင် ငါးဖမ်းကုန်သည်အဖွဲ့အကြောင်းကို ပြန်လည်ဆန်းစစ်ကြည့်ခဲ့ရာ ငါးဖမ်းကုန်သည်အဖွဲ့သည် ဟွမ်ကျိုးပြည်နယ်၏ အဓိကကုန်သည်အဖွဲ့ကြီးလေးခုထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။ သို့သော်ငြား အာဏာလုယူခြင်းများကြောင့် နောက်ဆုံးတွင် မူလအခြေအနေမှ ကျဆင်းသွားခဲ့ပြီး မျန့်ရွှေစီရင်စု ဒေသခံကုန်သည်အဖွဲ့လေး ဖြစ်လာခဲ့သည်။
ဟူပေလမ်းမကြီး၏ စစ်ရေးခေါင်းဆောင် ခရိုင်မင်းသမီးနောက်လိုက်ခြင်းဖြင့် မိမိ၏ရာထူးကို ကိုယ်ပိုင်အကျိုးအမြတ်အတွက် အသုံးချနိုင်ပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို တိတ်တဆိတ် ပြန်လည်ဖွဲ့စည်းနိုင်လိမ့်မည်။ ထို့နောက် မျန့်ရွှေစီရင်စုကို အခြေစိုက်အဖြစ် အသုံးပြုပြီး တဖြည်းဖြည်းချင်းနှင့် ဟွမ်ကျိုးပြည်နယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်။
ချန်ကျဲ့ စိတ်ထဲမှ တွက်ချက်လိုက်သည်။
ယခုတွင် ရှေ့ဆက်လျှောက်ရမည့်လမ်းကြောင်းကို သူသေချာနားလည်ထားပေပြီ။ ချန်ကျဲ့သည် ကျောက်ယာကို ကြည့်နေခဲ့သည်။ ကျောက်ယာမှလည်း ပြန်ကြည့်လာပြီး ပြောသည်။
“ဘယ်လိုသဘောရလဲ။ ငါ့ရဲ့ကမ်းလှမ်းချက်က ဘုန်းတော်ကြီးဖန်းထက် ပိုကောင်းရဲ့လား”
ချန်ကျဲ့ စိတ်ထဲတွင် ပြုံးလိုက်မိသည်။
စိတ်မကောင်းပါဘူး ခရိုင်မင်းသမီး။ မင်းရဲ့ကမ်းလှမ်းချက်က ဘုန်းတော်ကြီးဖန်းလောက် တကယ်မကောင်းဘူး။ သူက ကျွန်တော့်ကို ဝန်ကြီးချုပ်ရာထူးကမ်းလှမ်းခဲ့တာ.. လေသက်သက် ကတိစကားဆိုပေမဲ့ပေါ့။ မင်းကမ်းလှမ်းတာက အိမ်ထောင်စုတစ်ရာအတွက် အရာရှိရာထူးလေးပဲဆိုပေမဲ့လည်း မဆိုးလှပါဘူး။
ခြုံငုံလိုက်လျှင် ရာအိမ်မှူးအရာရှိရာထူးသည် လွတ်လပ်မှုအနည်းငယ်ရှိသဖြင့် သူ၏အင်အားကို လျှို့ဝှက်ပျိုးထောင်နိုင်ပေသည်။
သို့ဖြစ်ရာ ချန်ကျဲ့ အရိုအသေပြု၍ ပြောလိုက်သည်။
“ဒါပေါ့ဗျာ။ ခရိုင်မင်းသမီးကို ခစားခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”
ထိုအခါ ကျောက်ယာ ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“အင်း ကောင်းတယ်။ မိုးသည်းနေပြီဆိုတော့ ကောင်းကောင်းပြင်ဆင်ထားတော့။ ကျွန်မလည်း ပြန်တော့မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ခရိုင်မင်းသမီးကို ပို့ဆောင်ပါတယ်”
ကျောက်ယာမှ ပြောသည်။
“နေခဲ့ပါ။ ချန်သခင်မကို ပြန်သွားခေါ်လိုက်ပါဦး။ ကျွန်မ အလောတကြီးနဲ့ရောက်လာလို့ ရှင်တို့ ညစာစားနေတာကို နှောင့်ယှက်မိသွားတယ်”
ချန်ကျဲ့အရိုအသေပြုလိုက်သည်။
“ခရိုင်မင်းသမီးရဲ့အမိန့်အတိုင်းပါ”
ထို့နောက် ချန်ကျဲ့သည် ကျောက်ယာကို အခန်းဝအထိ ပို့ဆောင်ခဲ့ပြီး ဆီစိမ်စက္ကူထီးနှစ်ချောင်း ပေးခဲ့သည်။
ကျောက်ယာနှင့်လူအုပ်စုသည် ခပ်သုတ်သုတ် ပြန်သွားကြသည်။ တိမ်စိုင်မည်းများ ဖုံးလွှမ်းနေပြီး မိုးအသည်းအထန် ရွာသွန်းနေသည့် ကောင်းကင်ကို မော့ကြည့်ရင်း ချန်ကျဲ့၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့သည်။
“မိုးက ပိုသည်းလာပြီ”
…
မိုးသည် အသည်းအထန် ရွာသွန်းနေသည်။
မျန့်ရွှေမြစ်ရေသည်လည်း အလွန်ထိုးတက်လာခဲ့သည်မှာ တစ်စထက်တစ်စ ပိုမိုမြင့်တက်လာနေသည်။
ထိုအချိန်၌ မျန့်ရွှေမြစ်တစ်နေရာတွင် အစိုးရမြင်းစစ်သည်တစ်စုသည် လမ်းတစ်လျှောက် အပြေးနှင်လာနေသည်။ ထိုမြင်းစစ်သည်များသည် ကင်းလှည့်တပ်ဖွဲ့ဟု ရေးထိုးထားသည့် မီးခိုးရောင်အရာရှိဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
သူတို့သည် မျန့်ရွှေစီရင်စုအစိုးရရုံးေတာ်မှ စေလွှတ်ထားသည့် မြစ်ကင်းလှည့်တပ်ဖွဲ့ဖြစ်သည်။
မျန့်ရွှေစီရင်စုရာဇဝတ်တရားသူကြီးထန်ဝမ့်နျန်သည် ပြည်နယ်မြို့စောင့်တပ်မှူးပါးထန်၏ အမဲလိုက်ခွေးဖြစ်သည်။ ပါးထန်သည်လည်း ဆေးဘုရင်ရတနာအကြောင်း ဒဏ္ဍာရီများကို ကြားဖူးပေသည်။
“မျန့်ရွှေမြစ်ရေ ၃၃ပေအထိ မြင့်တက်တဲ့အခါ မိုးပြာတိမ်တိုက်ေတွကြား ရေကြီးနဂါးထွက်ပေါ်လာပြီး နှစ်သုံးဆယ်စာ မိုးရွာသွန်းမှုကြီးအပြီး နဂါးကြီး မျန့်ရွှေက ထွက်သွားတဲ့အခါ ရတနာထွက်ပေါ်လာလိမ့်မယ်”
တစ်နည်းဆိုရသော် မျန့်ရွှေမြစ်ရေ၃၃ပေ မြင့်တက်လျှင် ဆေးဘုရင်ရတနာထွက်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် ဦးစွာ သတင်းရရှိရေးအတွက် ပါးထန်သည် ထန်ဝမ့်နျန်အား မြစ်ကင်းလှည့်တပ်ဖွဲ့စေလွှတ်ပြီး မြစ်ရေတက်နှုန်းကို တိုင်းတာခိုင်းထားခဲ့သည်။
သို့ဖြင့် ထန်ဝမ့်နျန်သည် မြစ်ကင်းလှည့်တပ်ဖွဲ့စေလွှတ်ခဲ့သည်။ သို့သော် ဤသို့အချိန်မျိုးတွင် မြစ်ထဲဆင်းပြီး မြစ်ရေမြင့်တက်နှုန်းကို တိုင်းတာရခြ်းသည် သေလမ်းရှာနေခြင်းပင် ဖြစ်တော့သည်။
သို့ဖြစ်ရာ ကင်းလှည့်စစ်သည်များမှာ မည်သူမျှ မတိုင်းတာလိုကြပေ။ နောက်ဆုံးတွင်တော့ ထန်ဝမ့်နျန်သည် ဆုကြေးမြင့်မြင့်ပေးမည်ဟု ကတိပေးခဲ့ပြီး ဤကင်းလှည့်တပ်ဖွဲ့ကို စုစည်းခဲ့သည်။ ဤစစ်သည်များအားလုံးသည် မျန့်ရွှေစီရင်စု၏ ဒေသခံများဖြစ်ပေသည်။
စစ်သည်များ၏ ပျမ်းမျှအသက်သည် ၄၀နီးပါးဖြစ်သည်။
ဤခေတ်ကာလ၌ အသက်၅၀အရွယ်ကို လူအိုအဖြစ် သတ်မှတ်သည်။ အသက်၄၀သည် သက်ကြီးပိုင်းအဖြစ် သတ်မှတ်နိုင်သည်။ ဝူကျုံးသည်လည်း အသက်၄၀ပြည့်ခဲ့ပြီးဖြစ်သောကြောင့် သက်ကြီးပိုင်းအဖြစ် သတ်မှတ်ရပြီဖြစ်သည်။
ဤခေတ်ကာလ၏ ပျမ်းမျှသက်တမ်းသည် တိုးတောင်း၏။ အသက်၄၀အရွယ်သည် သေချာပေါက် သက်ကြီးပိုင်းဖြစ်သည်။
မြစ်ကင်းလှည့်တပ်ဖွဲ့သည် ရုံးတော်မှ ထောက်ပံ့ပေးလိုက်သည့် မြင်းအိုများပေါ်မှ ဆင်းကာ ထွက်ခွာလာခဲ့သည်။
သို့သော် မြစ်ကမ်းအနီးသို့ရောက်သောအခါ ရေထဲဆင်းရန် လှေမရှိကြောင်း နားလည်လိုက်ရသဖြင့် အားလုံး ထိတ်ပျာကုန်ကြတော့သည်။
သူတို့ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် မနီးမဝေးရှိ ရွှံ့မြေအိမ်လေးကို မြင်လိုက်ရသည်။ လှေသမားများအတွက် ယာယီနားနေစခန်းဖြစ်လောက်ပေသည်။ ထိုအိမ်တွင် လှေများအပြင် လှေသမားများပင် ရှိကောင်းရှိနေနိုင်သည်။
သူတို့အမြန်သွားလိုက်ကြပြီး လှေသမား၇ယောက်၊၈ယောက်ခန့်ကို ဝန်းရံလိုက်သည်။
ထိုအချိန်၌ လှေသမားများသည် ရွှံ့မြေအိမ်ထဲတွင် မီးလှုံနေကြလျက် အဆက်မပြတ် မိုးရွာသွန်းနေသည့်ကောင်းကင်ကြီးကို ကြည့်နေခဲ့ကြသည်။
သူတို့စကားပြောရင်း မီးလှုံနေစဉ် မြစ်ကင်းလှည့်စစ်သည်များ ရောက်လာကြကာ စစ်သည်များသည် ဓားများဆွဲထုတ်လျက် ပြောသည်။
“နားထောင်၊ ငါတို့က ရုံးတော်ကစစ်သည်တွေပဲ။ ငါတို့ မြစ်ရေကိုတိုင်းတာဖို့လိုတယ်။ မင်းတို့ ငါတို့နဲ့အတူ မြစ်ထဲဆင်းရမယ်”
ထိုအခါ လှေသမားများသည် တိတ်ဆိတ်နေကြသည်။
ယခုအချိန်တွင် မြစ်ထဲဆင်းခြင်းသည် သေလမ်းရှာနေခြင်းပင်ဖြစ်သောကြောင့် သူတို့သည် ထိုစစ်သည်များကို လျစ်လျူရှုထားလိုက်သည်။
ထိုအခါ စစ်သည်တစ်ဦးမှ ဒေါသတကြီးဖြင့် အော်ငေါက်သည်။
“ငါတို့ကို ရာဇဝတ်တရားသူကြီးက စေလွှတ်လိုက်တာပဲ။ ငါတို့ မင်းတို့ကို အမိန့်ပေးနေတယ်။ အခုချက်ချင်း မြစ်ရေတိုင်းဖို့ ငါတို့ကို မြစ်ထဲကိုခေါ်သွားပေးစမ်း”
ထိုအခါ လှေသမားတစ်ဦးသည် လက်ထဲမှ မုန့်ပြားကို ချလိုက်ရင်း ပြောသည်။
“အရာရှိကြီး ကောင်းကင်ကြီး ပြိုကျလုမတတ် မိုးကြီးနေတာပါ။ မြစ်ရေစီးကြောင်းက မြန်နေပြီး လှိုင်းတွေ ရေအောက်စီးကြောင်းတွေကလည်း အရမ်းကြမ်းတမ်းနေပါတယ်။ အခုလိုအချိန်ကြီးမှာ ဘယ်သူက မြစ်ထဲဆင်းရဲမှာတဲ့လဲ။ အခုအချိန် မြစ်ထဲဆင်းတာက သေလမ်းရှာနေတာပဲ။ ခင်ဗျားတို့သွားချင်ရင် ကိုယ့်ဘာကိုယ်သွားကြ၊ ကျွန်တော်တို့မသွားဘူး”
ထိုအခါ စစ်သည်နောက်တစ်ဦးမှလည်း ဒေါသပေါက်ကွဲတော့သည်။
“မင်းတို့က အမိန့်ကိုဖီဆန်ရဲတယ်ပေါ့လေ။ မင်းတို့ပုန်ကန်ချင်နေတာလား”
လှေသမားနောက်တစ်ဦးမှ ပြန်ပြောသည်။
“အရာရှိကြီး ကျွန်တော်တို့ကို မတရားတံဆိပ်မကပ်ပါနဲ့။ ဟိုမှာ ကျွန်တော်တို့လှေတွေကို ဆိပ်ကမ်းမှာ ကပ်ထားတယ်။ ခင်ဗျားတို့ မြစ်ထဲဆင်းဖို့ ယူသုံးလို့ရတယ်။ ကျွန်တော်တို့လှေတွေကို ပေးလိုက်မယ်။ ဒါပေမဲ့ လူတွေကတော့ မြစ်ထဲမဆင်းနိုင်ပါဘူး။ ကျွန်တော်တို့ အသက်မရင်းနိုင်ဘူး။ အခုအချိန် မြစ်ထဲဆင်းတာက လုံးဝ ရူးတာပဲ”