အခန်း ၇၄၁
Vol. 64 Ch. 741
အခန်း 741
“ဟုတ်ပါတယ် အရာရှိကြီးတို့၊ ခင်ဗျားတို့ လှေတွေကို စိတ်တိုင်းကျယူသုံးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေတော့ မလိုက်နိုင်ပါဘူး။ ကိုယ့်ဘာသာပဲ သွားလိုက်ကြပါ”
လှေသမားတစ်ဦးမှ ပြောသည်။ ထိုအခါ ကင်းလှည့်စစ်သားများသည် ရုတ်ချည်း ဒေါသထွက်သွားကြကာ ဓားများကိုမြှောက်ကိုင်၍ ခြိမ်းခြောက်ကြလေသည်။
“မင်းတို့က အမိန့်ကိုအာခံရဲသလား။ ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကို့ကို အခုပဲ အပိုင်းပိုင်းခုတ်ပစ်မယ်”
ထိုအခါ လှေသမားများသည်လည်း ဒေါသထွက်ကုန်ကြသည်။ လှေသမားတစ်ဦးသည် ထိုင်ခုံပုကို ကိုင်ကာ မတ်တပ်ထရပ်သည်။ အခြားလှေသမားများသည်လည်း တုတ်များ၊ဓားများဆွဲ၍ ဒေါသတကြီး ထရပ်ကြသည်။ ထို့နောက် ကင်းလှည့်စစ်သားများကို ပြောသည်။
“ခင်ဗျားတို့က ကျုပ်တို့ကို မြစ်ထဲဆင်းစေချင်တယ်ပေါ့လေ။ ခင်ဗျားတို့ ဒါက ကျုပ်တို့ကိုသတ်ဖို့လုပ်နေတာပဲ။ ကျုပ်တို့သေရမယ်ဆိုရင်တော့ ခင်ဗျားတို့ခွေးအရာရှိတွေလည်း အတူသေရမယ်။ လာ တိုက်ခိုက်ကြတာပေါ့”
လှေသမားများသည် အလွန်ရဲတင်းနေသည်ကိုမြင်သောအခါ ကင်းလှည့်စစ်သားများသည် ခဏကြာသည်အထိ မတိုက်ခိုက်ရဲဖြစ်သွားကြသည်။ သူတို့၏ပျမ်းမျှအသက်သည် ၄၀အရွယ်များဖြစ်ကြပြီး လှေသမားများသည်တော့ အသက်နှစ်ဆယ်၊သုံးဆယ်ဝန်းကျင်အရွယ်များဖြစ်ကြရာ တိုက်ခိုက်နိုင်စွမ်း မြင့်မားကြသည်။
သို့ဖြင့် ကင်းလှည့်စစ်သားများသည် ရွေးချယ်စရာမရှိတော့ဘဲ အသက်ငါးဆယ်ခန့်ရှိ စစ်သားမှ ရှေ့ထွက်လာပြီးပြောသည်။
“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျုပ်တို့ခုနက မှားသွားပါတယ်။ ဒါပေမဲ့ ကျုပ်တို့ကလည်း အထက်က အမိန့်ကိုလိုက်နာရတာပါ။ ကျုပ်တို့ မြစ်ထဲကိုမဆင်းလို့ မြစ်ရေတက်နှုန်းကို မတိုင်းတာနိုင်ရင် မြစ်အောက်ပိုင်းက ရွာတွေ ဒုက္ခရောက်ကုန်မှာပါ။ ကျုပ်တို့ကလည်း လူတွေကောင်းဖို့အတွက် လုပ်နေတာပဲ မဟုတ်လားဗျာ”
ထိုအခါ လှေသမားများသည် အနည်းငယ် စိတ်ပြေလျော့သွားကြပြီး ပြောသည်။
“ဦးလေးပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီရာသီဥတုအခြေအနေနဲ့ ဒီမြစ်ရေအခြေအနေက ဘယ်သူမှ မြစ်ထဲမဆင်းရဲဘူးဗျ။ အခုနေ မြစ်ထဲဆင်းသွားတဲ့သူက ရူးနေလို့ပဲဖြစ်လိမ့်မယ်”
ထိုအခါ ကင်းလှည့်စစ်သားများသည်လည်း စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး မြစ်ထဲမဆင်းရဲ ဖြစ်လာတော့သည်။
အခုအချိန်မှာ မြစ်ထဲဆင်းတာက သေလမ်းရှာတာပဲဆိုတာ ဘယ်သူက မသိလို့လဲ။ လွန်ခဲ့တဲ့ရေကြီးမှုတွေတုန်းက လှေသမားတွေအများကြီး သေဆုံးခဲ့ရတာပဲ။ အဲဒီတော့ အခုလည်း ဘယ်သူမှ မစွန့်စားချင်ကြဘူး။
သူတို့ထဲမှ အချို့သည် မြစ်ထဲတွင် အသက်မွေးသည့်မိသားစုများမှ ဆင်းသက်လာကြခြင်းဖြစ်ပြီး ဤသို့အခြေအနေမျိုးတွင် ရေလုပ်သားများသည် သေခြင်းတရားကို မကြောက်ရွံ့သင့်ဟု ဆိုကြသည့်တိုင် အဘယ်သို့များ ဖြစ်နိုင်ပါမည်နည်း။ တစ်လလျှင် ငွေနှစ်စလေးအတွက်နှင့် သေခြင်းကို မကြောက်မရွံ့ရင်ဆိုင်ပေးရပါမည်လော။ သူတို့က အဘယ်ကြောင့်များ အသက်ရင်းပေးသင့်ပါသနည်း။
သူတို့ထိုသို့တွေးနေစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
“ညီနောင်တို့ ဒီနေရာက မျန့်ရွှေမှာ မြစ်ရေတိုင်းဖို့ အကောင်းဆုံးနေရာပဲ။ ဒီမှာတိုင်းကြတာပေါ့။ ကြိုးတွေကို တင်းတင်းချည်ကြ၊ လှေတွေ တောင့်ခံနိုင်၊မခံနိုင်က မင်းတို့အပေါ် မူတည်နေတယ်”
ရွှံ့အိမ်ထဲတွင် အငြင်းပွားနေသည့် လှေသမားများနှင့် ကင်းလှည့်စစ်သားများသည် အံ့အားသင့်လျက် အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ အပြင်ဘက်တွင် ငါးဖမ်းကုန်သည်အဖွဲ့ဟု အင်္ကျီရင်ဘတ်တွင် ရေးထိုးထားသည့် အနက်ရောင်ဝတ်လူများသည် မြစ်ကမ်းစပ်တွင် အလုပ်ရှုပ်နေကြသည်။
သူတို့သည် လှေများကို သစ်ပင်ပင်စည်များနှင့် တင်းတင်းချည်နေကြသည်။
အားလုံးအစီအစဉ်တကျလုပ်ဆောင်ပြီးနောက် ဦးထုပ်နှင့် ကောက်ရိုးမိုးကာကို ဝတ်ဆင်ထားသည့်လူတစ်ဦးသည် ကြိုးများ၏ခိုင်မာမှုကို စစ်ဆေးကြည့်သည်။
ထို့နောက် ထိုလူမှ တစ်ဖက်လှည့်ပြီး ပြောသည်။
“ညီနောင်တို့ မျန့်ရွှေမြစ်ရေက မြစ်တစ်လျှောက်က ပြည်သူထောင်သောင်းချီရဲ့အသက်တွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေတယ်လို့ ခေါင်းဆောင်က ပြောတယ်။ အဲဒါကြောင့် ငါတို့ မြစ်ရေတက်နှုန်းကို တိတိကျကျ တိုင်းတာနိုင်ဖို့လိုတယ်။ဒါပေမဲ့ အခုအချိန်မှာ မြစ်ရေထဲဆင်းတာက ကိုယ့်ကိုယ်ကိုယ်သတ်သေသလိုပဲဆိုတာ ငါတို့အားလုံးသိကြတယ်”
“ခေါင်းဆောင်ချမှတ်တဲ့အမိန့်က စစ်မိန့်လိုပဲ။ ငါတို့ပြီးမြောက်အောင် လုပ်ဆောင်ရမယ်။ အဲဒီတော့ ဘယ်သူမြစ်ထဲဆင်းမလဲ”
“ကျွန်တော်ဆင်းမယ်”
“ကျွန်တော်လည်းဆင်းမယ်”
“ကျွန်တော်ရောပဲ”
ကျိုးချူ၏စကားအဆုံး၌ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် စိတ်အားထက်သန်စွာ လက်မြှောက်ပြောဆိုကြသည်။ ကျိုးချူမှ ပြောသည်။
“ကောင်းပြီ ညီနောင်တို့။ စည်းမျဉ်းအရ မိသားစုရဲ့တစ်ဦးတည်းသောသားတွေ နောက်တစ်လှမ်းဆုတ်ပါ”
ထိုအခါ အဖွဲ့သားအချို့သည် တွန့်ဆုတ်စွာဖြင့် နောက်ဆုတ်လိုက်ကြသည်။
ကျိုးချူသည် တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်၁၆၊၁၇အရွယ်ခန့်ရှိ ဆယ်ကျော်သက်ကောင်လေးတစ်ဦးကို ကန်ထုတ်လိုက်သည်။
“ရှောင်စုန့် မင်းက တစ်ဦးတည်းသောသား မဟုတ်ဘူးလား။ နောက်ဆုတ်စမ်း”
ရှောင်စုန့်သည် ကန်ချက်ကြောင့် ယိုင်သွားသော်ငြား ခေါင်းမာစွာ ဆက်ရပ်နေသည်။
“ခန်းမအရှင်သခင် မဟုတ်ပါဘူးဗျ။ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိပါတယ်”ကျိုးချူ မျက်မှောင်ကြုတ်လိုက်သည်။
“မင်းအစ်ကိုက လွန်ခဲ့တဲ့နှစ်ဝက်က သမားတော်ပိုင်ကို လိုက်ပို့ဆောင်တုန်းက တိုက်ပွဲမှာ ကျဆုံးသွားပြီမဟုတ်ဘူးလား။ အခု မင်းက တစ်ဦးတည်းသောသားပဲ။ နောက်ဆုတ်စမ်း”
“မဟုတ်ပါဘူး။ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိပါသေးတယ်။ ကျွန်တော်က တစ်ဦးတည်းသောသား မဟုတ်ပါဘူး”
ရှောင်စုန့်သည် ခေါင်းမာနေ၏။ သူသည် သမားတော်ပိုင်ကို လိုက်ပို့စဉ်က ကျဆုံးခဲ့သည့် သူရဲကောင်းတစ်ဦး၏ ညီငယ်ဖြစ်သည်။
ကျိုးချူသည် ခေါင်းမာသည့်လူငယ်လေးကိုကြည့်၍ ပခုံးကို ဖွဖွပုတ်ကာ ပြောသည်။
“ပြဿနာမရှာစမ်းနဲ့ ကောင်လေး။ မင်းအသက်ကြီးလာတဲ့အထိ စောင့်ဦး။ ချန်ရှောင်စုန့် နောက်ဆုတ်စမ်း။ ဒါက ခန်းမအရှင်သခင်ရဲ့အမိန့်ပဲ”
“ဟုတ်ကဲ့ပါ”
ရှောင်စုန့်သည် ငိုသံပါဖြင့် ပြန်ပြောသည်။
ထို့နောက် ကျိုးချူမှ ဆက်ပြောသည်။
“လက်မထပ်ရသေးတဲ့သူတွေ နောက်ဆုတ်”
ထိုအခါ နောက်ထပ်အဖွဲ့သားတစ်စုမှ တွန့်ဆုတ်စွာ နောက်ဆုတ်ကြသည်။
“သုံးနှစ်အောက် ကလေးရှိတဲ့သူတွေ နောက်ဆုတ်”
ကျိုးချူမှ ဆက်ပြောသည်။
အဖွဲ့သားတစ်စု ထပ်မံ နောက်ဆုတ်သွားပြန်သည်။
ဤသို့ရွေးချယ်ခြင်းဖြစ်စဉ်အဆုံးတွင် အဖွဲ့သား၆ယောက် ရွေးချယ်ခံလိုက်ရပြီး မဲနှိုက်ရသည်။ တိုသည့် ကောက်ရိုးမျှင်ကို ရွေးမိသူနှစ်ဦးသည် မြစ်ထဲဆင်းရမည်။
အဖွဲ့သား၆ဦးသည် ရှေ့တိုးလာပြီး မဲနှိုက်ကြသည်။ ထို့နောက် လူငယ်နှစ်ဦးမှ ဦးစွာထွက်လာပြီး ပြောသည်။
“လူကြီးမင်းတို့ ဒီတစ်ကြိမ်အကျိုးဆောင်မှုကိုတော့ ကျွန်တော်တို့ယူလိုက်ပါတော့မယ်။ အားနာပါတယ်”
အခြားအဖွဲ့သားများသည် ထိုနှစ်ဦးကို ဝမ်းနည်းနေသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့နှစ်ဦးသည် တက်ကြွပျော်ရွှင်နေဟန်ရသော်ငြား တကယ်တမ်းတွင် သေခြင်းတရားသို့ ဦးတည်သွားနေရခြင်း ဖြစ်သည်။
ကျိုးချူမှ ရှေ့တိုး၍ ပြောသည်။
“ညီနောင်တို့ ဂရုစိုက်ပါ။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင် ငါးဖမ်းကုန်သည်အဖွဲ့က မင်းတို့ရဲ့မိသားစုတွေကို စောင့်ရှောက်မှာပါ။ မင်းတို့ ဘေးကင်းကင်းပြန်လာနိုင်ခဲ့ရင်တော့ တတိယအဆင့်အကျိုးဆောင်မှုအဖြစ် ဆုချီးမြှင့်ခံရလိမ့်မယ်။ ငွေစတစ်ရာနဲ့ နွဲ့ပျောင်းအရွတ်အဆင့်သိုင်းကျမ်းတစ်ခုကို ဆုလာဘ်အဖြစ် ရပါလိမ့်မယ်”
“ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်။ ညီနောင်တို့ မြစ်ထဲကို တွန်းပေးကြပါ”
ထိုအခါ ကျိုးချူမှ အမိန့်ပေးသည်။
“မြစ်ထဲဆင်းမယ်”
သို့ဖြင့် အဖွဲ့သားနှစ်ဦးသည် လှေပေါ်တက်ပြီး မြစ်ထဲဆင်းသွားသည်။ ကျိုးချူသည် ရုတ်ချည်း ကြိုးကိုဆွဲလိုက်ပြီး အော်ပြောသည်။
“ဆွဲထားကြ ညီနောင်တို့၊ အခု သူတို့ရဲ့အသက်က ငါတို့လက်ထဲမှာပဲ”
အဖွဲ့သားနှစ်ဦးသည် ရေအောက်ရေစီးကြောင်းကို ဆန့်ကျင်၍လှော်ခတ်နေစဉ် ရုတ်တရက် ရိုက်ခတ်လာသည့်လှိုင်းကြောင့် ရေထဲပြုတ်ကျလုနီး ဖြစ်သွားရသည်။ ကမ်းပေါ်ရှိလူများသည်လည်း အံတင်းတင်းကြိတ်၍ ကြိုးကိုဆွဲထားကြသည်။
ထိုမြင်ကွင်းကြောင့် ရွှံ့အိမ်ထဲရှိ ကင်းလှည့်စစ်သည်များနှင့် လှေသမားများမှာ အံ့ဩနေကြတော့သည်။ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အဆင်အခြင်မဲ့ အသက်စွန့်နေကြခြင်းပင်။
မည်သို့သောစိတ်အားထက်သန်မှုမျိုးမှ ထိုလူများကို ဤသို့မြစ်ထဲဆင်းရဲအောင် လှုံ့ဆော်ပေးနေသည်လဲ သူတို့နားမလည်ပေ။
သူတို့အံ့ဩမင်သက်နေစဉ် အသက်အကြီးဆုံးကင်းလှည့်စစ်သားမှ ပြောသည်။
“အမြန် သူတို့ကိုသွားကူညီကြမယ်”
ထိုအမိန့်စကားတွင် အားလုံးသည် အိမ်ထဲမှ ပြေးထွက်လာကြပြီး ကြိုးကို ကူဆွဲပေးသည်။ လှေပေါ်ရှိ အဖွဲ့သားနှစ်ဦးသည်တော့ လှေပေါ်တွင် ငြိမ်အောင်ထိန်းနိုင်ရန် ကြိုးပမ်းကြလျက် မြစ်ရေအမြင့်ကို တိုင်းတာသည်။
တစ်ကျန်း၊ နှစ်ကျန်း၊ သုံးကျန်း။
သုံးကျန်း။
“ခန်းမအရှင်သခင် သုံး သုံးကျန်းပါ”
လှေပေါ်မှ အဖွဲ့သားတစ်ဦးမှ အော်ပြောသည်။
“ဘာ”
ကျိုးချူ၏မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်သွား၏။ ထို့နောက် မိုးခြိမ်းသံကျယ်ကြီးကို ကြားလိုက်ရပြီး ဦးချိုဖြင့် ခမ်းနားထည်ဝါသော ဧရာမနဂါးကြီးသည် တိမ်များကို ထိုးဖောက်၍ ကောင်းကင်ထက် ဆန်တက်သွားသည်ကို မြင်လိုက်ရသည်။
“ဂါးး”
နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းတွင် မျန့်ရွှေမြစ်ကို စောင့်ကြည့်နေသည့် လူများအားလုံး ထိတ်လန့်သွားကြသည်။
“မျန့်ရွှေမှာ ရေကြီးနဂါးထွက်ပေါ်လာပြီ”
ဆေးဘုရင်ရတနာ ထွက်ပေါ်လာတော့ပေမည်။