← Chapters

အခန်း ၇၄၂

Vol. 64 Ch. 742

အခန်း ၇၄၂

Vol. 64 Ch. 742

အခန်း ၇၄၂

ဂါးး

မည်းမှောင်နေသည့် ကောင်းကင်ထက်တွင် လျှပ်စီးတစ်ချက်လက်သွားပြီး ရေနဂါးတစ်ကောင် အထက်သို့ဆန်တက်သွားသဖြင့် မျန့်ရွှေတစ်ခုလုံး အံ့ဩထိတ်လန့်ကုန်ကြသည်။

“ကြည့်ကြ၊ ရေကြီးမှုကြောင့် နဂါးကြီးထွက်‌လာပြီ”

‌အခြေအနေကို စောင့်ကြည့်‌‌ေနသည့် လူများမှာ ထူးခြားလွန်းသည့် မြင်ကွင်းကြောင့် တုန်ယင်မိရသည်အထိပင်။

မျန့်ရွှေမှာ တကယ်ကြီး ရေနဂါးရှိပါ့မလား။

ချန်ကျဲ့ သံသယဝင်ခဲ့သည်။

ထိုအချိန်၌ ချန်ကျဲ့သည် ကျားဖြူခန်းမ၏ စောင့်ကြည့်မျှော်စင်ထက်တွင် သေရည်တစ်အိုးကိုကိုင်လျက်‌ ရပ်ကြည့်နေသည်။ သူ၏နောက်တွင် စွပ်ပြုတ်အိုးသည် ပွက်ပွက်ဆူနေကာ စူးယွင်ကျင်း၊ ရွေ့ရွေ့၊ ရှောင်ဟူနှင့် စွင်းယုံ့တို့သည် ဟော့ပေါ့စားနေကြသည်။

သူတို့အားလုံး ပျော်ရွှင်စွာ စားသောက်နေကြစဉ် ရေနဂါးတစ်ကောင်မှ ကောင်းကင်သို့ဆန်တက်သွားသည့် မြင်ကွင်းကို မြင်လိုက်ကြရသည်။

ကောင်းကင်မှာ တိမ်စိုင်များဖြင့် ဖုံးလွှမ်းနေသည်။ ကောင်းကင်နှင့် တိမ်စိုင်များကြား၌ မြို့ကြီးကိုဖြင့် ဖျက်ဆီးပစ်တော့မည့်အလားသော မုန်တိုင်းအငွေ့အသက်ကြီး တည်ရှိနေသည်။ သို့ဖြင့် ၎င်းရေနဂါးကြီးသည် ကောင်းကင်နှင့်မြေကြီးအကြား လှည့်လည်မွှေနှောက်‌၍ လှိုင်းလေကြီးများ ဖန်တီးနေသည့်အလား ထင်မှတ်ရပေသည်။

ထိုအခိုက်အတန့်၌ အသားကို အားရပါးရစားနေကြသည့် ရွေ့ရွေ့တို့အုပ်စုမှာ ထိုမြင်ကွင်းကြောင့် အံ့ဩမင်သက်ကုန်ကြသည်။

“ရေကြီးမှုကြောင့် နဂါးထွက်ပေါ်လာသည်”ဟူသည့် စကားသည် အမှန်တကယ် နဂါးတစ်ကောင်ထွက်ပေါ်လာမည်ဟု ရည်ရွယ်ခြင်း မဟုတ်ခဲ့ပေ။ မြစ်တစ်လျှောက်နေထိုင်သူများမှ ရေကြီးကို နဂါးထွက်ပေါ်လာခြင်းနှင့် ခိုင်းနှိုင်းထားခြင်းသာ ဖြစ်သည်။ သို့သော် မျန့်ရွှေ၏ ရေကြီးနဂါးထွက်ပေါ်လာခြင်းဟူသည့် အဆိုစကားသည် တကယ်ကြီး နဂါးတစ်ကောင်ထွက်ပေါ်လာစေမည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

ချန်ကျဲ့ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူ ဤကမ္ဘာကိုရောက်လာခဲ့သည်မှာ အချိန်တစ်ခုကြာမြင့်နေပြီဖြစ်ပြီး သိုင်းလောကသားများဖြင့် ရင်ဆိုင်ခြင်းဖြစ်စေ၊ တော်ဝင်နန်းတော် အရာရှိများနှင့် ရင်ဆိုင်ခြင်းဖြစ်စေ၊ ရေနဂါးကဲ့သို့ ဒဏ္ဍာရီလာ သားရဲသတ္တဝါများ တည်ရှိခြင်းကိုမူ တစ်ခါမျှ မကြားသိခဲ့ဖူးပေ။

အချို့သော တိုက်ခိုက်စွမ်းရည်မြင့်မားသည့် မိစ္ဆာသတ္တဝါအချို့ရှိကြောင်းကိုတော့ သူသတိထားမိပါ၏။ သို့သော် ပျံသန်းနိုင်သည့် ရေနဂါးကိုတော့ မကြားဖူးပေ။ ဤသည်မှာ သူစိတ်ကူးမှန်းဆနိုင်သည်ထက် ကျော်လွန်နေပေသည်။

နည်းလမ်းကျကျစဉ်းစားပါက ဤကမ္ဘာ၏ အင်အားဖွဲ့စည်းတည်ဆောက်ပုံအရ ရေနဂါးကဲ့သို့ ဒဏ္ဍာရီလာသတ္တဝါများ ထွက်ပေါ်လာခြင်းငှာ မဖြစ်နိုင်ချေ။

ဒါက ဒဏ္ဍာရီလာရေနဂါးမဟုတ်ဘဲ တခြားတစ်ခုခုဖြစ်နေမလား။ သဘာဝလွန်ဖြစ်စဉ်တစ်မျိုး ဒါမှမဟုတ် ပုံရိပ်ယောင်တစ်ခုခုပေါ့။

ချန်ကျဲ့ စဉ်းစားနေရင်း ရှောင်ဟူကို လှည့်ကြည့်လိုက်သည်။

“ဟူဇစ် မင်းပြင်ဆင်နေတဲ့လှေက ဘယ်လိုအခြေအနေရှိလဲ”

ရှောင်ဟူမှ ပြန်ပြောသည်။

“အကုန်အဆင်သင့်ဖြစ်နေပါပြီ အစ်ကိုကျိုစစ်။ လှေကို အကောင်းဆုံး သံသစ်သားနဲ့ ပြုလုပ်ထားပြီး အလွှာသုံးလွှာနဲ့ ခိုင်မာတောင့်တင်းအောင် ပြင်ဆင်ထားတာကြောင့် လှိုင်းလေဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ ဒီရေထဲ ရွက်လွှင့်ဖို့ကတော့ အန္တရာယ်များပါသေးတယ်”

ချန်ကျဲ့မှ ပြောသည်။

“အင်း အသင့်ပြင်လိုက်တော့။ ဒီဖြစ်စဉ်က မြို့ထဲက တခြားသိုင်းပညာရှင်ကြီးတွေကိုလည်း လှုံ့ဆော်မိသွားမှာပဲ။ ပြီးတော့ ခရိုင်မင်းသမီးလည်း မကြာခင် ရောက်လာလောက်တယ်”

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“ဟုတ်ကဲ့ အစ်ကိုကျိုစစ်။ ကျွန်တော် အခုချက်ချင်း သွားပြင်ဆင်လိုက်မယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အင်း အပင်ပန်းခံပေးလို့ ကျေးဇူးပဲ ဟူဇစ်”

ရှောင်ဟူသည် အမြန် အောက်ဆင်းသွားသည်။ ချန်ကျဲ့ စိတ်ပူနေသည့် စူးယွင်ကျင်းကို လှည့်ပြောလိုက်သည်။

“ရှင်မ မင်းတို့ဆက်စားနေကြ။ ကိုယ်သွားပြင်ဆင်လိုက်ဦးမယ်”

စူးယွင်ကျင်းမှ စိုးရိမ်ပူပန်စွာဖြင့် ပြန်ပြောသည်။

“ယောက်ျား ဂရုစိုက်ပါ”

ချန်ကျဲ့ အသာခေါင်းညိတ်၍ ‌ပြန်ပြောသည်။

“မင်းစိတ်အေးအေးထားပါ ရှင်မ။ ကိုယ်လုပ်နိုင်ပါတယ်။ အိမ်မှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်၊ အထူးသဖြင့် ဗိုက်ထဲက ကလေးလေးကို ဂရုစိုက်ပါ။ ရွေ့ရွေ့”

“အစ်ကိုကြီး”

ရွေ့ရွေ့သည် အိုးထဲမှ ဆယ်ယူထားသည့် အသားဖတ်ကို ချထားလိုက်ပြီး ချန်ကျဲ့ကို မော့ကြည့်သည်။ ချန်ကျဲ့မှ ပြောသည်။

“မမ စကားကိုနားထောင်။ မမကို သေချာဂရုစိုက်ပေးနော် နားလည်လား”

“အွန်း အစ်ကိုကြီး မစိုးရိမ်ပါနဲ့။ ရွေ့ရွေ့က လိမ္မာပါတယ်။ စွင်းယုံ့ကသာ နမော်နမဲ့နိုင်တာ”

ရွေ့ရွေ့သည် သူမ၏ခေါင်းလေးကို ကြက်အစာကောက်သည့်အလား တဆတ်ဆတ်ညိတ်လျက် ပြောသည်။ စွင်းယုံ့မှ သူမ၏စကားကို‌ကြားသောအခါ ချေပပြော၏။

“ကျွန်တော် မဟုတ်ပါဘူး…”

ချန်ကျဲ့ စွင်းယုံ့ကို ခေါင်းလေးပုတ်၍ နှစ်သိမ့်ပေးသည်။

“မွေးစားအဖေ သိပါတယ်။ သွား ဆက်စားချည်”

သို့ဖြင့် ချန်ကျဲ့ အောက်ဆင်းလာခဲ့သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့၏ကျောပြင်ကိုကြည့်ရင်း ဒူးထက်တင်ထားသည့် သူမ၏လက်များကို ပို၍တင်းတင်းဆုပ်ကိုင်လိုက်သည်။

စွင်းယုံ့သည်လည်း သူကြီးပြင်းလာပါက မွေးစားအဖေ၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းဆောင်ပေးနိုင်ရန် ‌မျှော်လင့်နေခဲ့သည်။

ထိုစဉ် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌

ခရိုင်မင်းသမီးသည် အစားအသောက်များ စားသောက်နေစဉ် အပြင်ဘက်မှ ၎င်းဖြစ်စဉ်ကို မြင်လိုက်ရသည်။ သူမသည် အားသာ့၊အားအာ့၊အားစန်းတို့နှင့်အတူ ပြတင်းပေါက်များ၊တံခါးများအားလုံးကို တွန်းဖွင့်လိုက်ရာ သူတို့သည်လည်း ကောင်းကင်ထက် ဆန်တက်သွားသည့် ရေနဂါးကို မြင်လိုက်ရသည်။

သူတို့လေးဦးစလုံး မင်သက်ကြောင်အသွား၏။

“ကြီးမားလိုက်တဲ့သတ္တဝါကြီးပဲ။ ခရိုင်မင်းသမီး ကျွန်တော်တို့ အဲဒါကြီးကို ရင်ဆိုင်နိုင်ပါ့မလား”

အားစန်းမှ ထိတ်လန့်တကြား မေးသည်။

ကျောက်ယာမှ ပြောသည်။

“အဲဒါ တကယ်မဟုတ်ဘူး”

ဟမ်။

အားစန်းသည် ကြောင်အလျက် ကျောက်ယာမှ ဆက်ပြောပြသည်ကို နားထောင်သည်။

“အဲဒါက သဘာဝရဲ့ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲ။ လောကကြီးမှာ ကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးသတ္တဝါတွေရှိပေမဲ့ ရေနဂါးလိုသတ္တဝါမျိုးကတော့ တကယ်မရှိဘူး။ အားသာ့ ယဲ့လုဖုန်းကို အကြောင်းကြားလိုက်။ ငါးဖမ်းကုန်သည်အဖွဲ့မှာ ချန်ကျိုစစ်ကို သွားရှာမယ်”

“ဟုတ်ကဲ့”

အားသာ့သည် ယဲ့လုဖုန်းထံ သတင်းပို့ရန်အတွက် အမြန်ပြေးထွက်သွားသည်။

ထိုအချိန်၌ ယဲ့လုဖုန်းသည်လည်း ချီမုကောနှင့်အတူ ‌ရေနဂါးကောင်းကင်သို့တက်သွားသည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။

ချီမုကောသည် တိမ်စိုင်တိမ်လိပ်များနှင့် ရေနဂါးကိုကြည့်၍ မှတ်ချက်ပြုသည်။

“လွန်ခဲ့တဲ့နှစ်သုံးဆယ်က ကောင်းကင်မှာ တိမ်တွေက နဂါးသဏ္ဍာန်ဖြစ်ပေါ်တယ်ဆိုတဲ့ ဇာတ်လမ်းတွေကို ကျွန်တော်ကြားဖူးတယ်။ ကျွန်တော်အမြဲ အဲဒါကို ချဲ့ကားပြောတာလို့ ထင်ခဲ့တာ။ ဒီနေ့မြင်လိုက်ရတော့မှ အဲဒီဇာတ်လမ်းတွေက အမှန်အတိုင်းပါပဲလား။ ဒါက တိမ်တွေက နဂါးသဏ္ဍာန်ဖြစ်ပေါ်ရုံမှ မဟုတ်ဘဲ၊ ဒါက တကယ်ကြီး ရေနဂါးပဲ”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“ဟန့်မျိုးနွယ်စာပေမှာ ဒီလိုဖော်ပြထားတယ် တိမ်စိုင်မှ နဂါးပျံတက်လာပြီး ကျားက အရှေ့လေကို သယ်ဆောင်လာတယ်တဲ့။ ၁၀ရက်တိတိ ဒီလောက် မိုးအသည်းအထန်ရွာခဲ့တာ။ လောကကြီးရဲ့အရောင်လည်း ပြောင်းလဲနေပြီ။ ကြည့်ရတာ ဒီနဂါးက အသွင်ပြောင်းလဲပြီး ကောင်းကင်ဘုံကို တက်လှမ်းဖို့ ကြိုးပမ်းနေပုံပဲ”

ချီမုကောမှ ပြောသည်။

“ဒီနဂါး ပြောင်းလဲတာ၊မပြောင်းလဲတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ရေကြီးနဂါးထွက်ပေါ်လာပြီဆိုတော့ ဆေးဘုရင်ရတနာထွက်ပေါ်လာတော့မှာပေါ့ ဟုတ်တယ်မလား”

ယဲ့လုဖုန်းမှ ပြောသည်။

“အင်း သိပ်မလိုတော့ဘူး”

ဒုန်း ဒုန်း…

သူတို့နှစ်ဦးစကားပြောနေစဉ် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ယဲ့လုဖုန်းမှ ပြောသည်။

“ခရိုင်မင်းသမီးဖြစ်လိမ့်မယ်”

တံခါးဖွင့်ပြီးနောက် အားသာ့ဝင်လာပြီး ယဲ့လုဖုန်းကို ပြောသည်။

“သခင်ကြီးယဲ့လု ခရိုင်မင်းသမီးက သူ့အခန်းမှာ အစည်းအဝေးလုပ်ဖို့ အကြောင်းကြားခိုင်းလိုက်ပါတယ်။ ပြီးတော့ ချန်ကျိုစစ်ဆီ လူလွှတ်လိုက်ပါတဲ့”

“ကောင်းပြီ၊ နားလည်ပြီ”

ယဲ့လုဖုန်းမှ ပြောသည်။

…

ထိုစဉ် ရုံးတော်၏အနောက်ခြံဝင်း၌လည်း ပြည်နယ်မြို့စောင့်တပ်မှူးပါးထန်သည် ကောင်းကင်ထက်ရှိနဂါးကို ကြည့်နေသည်။

“နဂါးထွက်ပေါ်လာပြီဆိုတော့ ဆေးဘုရင်ရတနာလည်း ထွက်ပေါ်လာတော့မှာပဲ။ ချီမင်းသားကို လက်ဆောင်ကောင်းကောင်း ဆက်သနိုင်မလားဆိုတာတော့ မင်းတို့ရဲ့လုပ်ဆောင်မှုအပေါ် မူတည်သွားပြီ”

All Chapters