အခန်း ၇၄၃
Vol. 64 Ch. 743
အခန်း ၇၄၃
ယွီမန်အာမှ ပြန်ပြောသည်။
“ပြည်နယ်မြို့စောင့်တပ်မှူး စိတ်ချပါ။ ကျွန်မနဲ့ ဆရာတူအစ်ကိုက အစွမ်းကုန်ကြိုးစားလုပ်ဆောင်မှာပါ”
“ဒါပေမဲ့ သခင်ကြီး ရယ်မောဗုဒ္ဓကို ဘယ်လိုလုပ်မလဲ”
ပါးထန်မှ ပြောသည်။
“သူက စိတ်ပူဖို့မလိုဘူး။ ငါတို့ကိစ္စကို သူဝင်မစွက်ဖက်ဘူးလို့ ပြောထားမှတော့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဖန်းယင်းယွီက စကားတည်တဲ့လူတစ်ယောက်ပဲ”
ယွီမန်အာမှ ပြောသည်။
“သခင်ကြီး ကျွန်မပြောချင်တာ အဲဒါမဟုတ်ဘူး။ ဆေးဘုရင်တောင်ကြားရဲ့ ဘယ်ရတနာကများ ရယ်မောဗုဒ္ဓလိုပုဂ္ဂိုလ်ကြီးရဲ့အာရုံကို ဆွဲဆောင်နိုင်လဲဆိုတာ သိချင်လို့ပါ။ ကျွန်မတို့သာ အဲဒီရတနာကိုယူနိုင်မယ်ဆိုရင် အရမ်းကောင်းမယ်မဟုတ်လား”
ပါးထန်သည် ယွီမန်အာကို လှည့်ကြည့်လိုက်ရင်း ပြောသည်။
“မန်အာ လူ့လောဘဆိုတာ အကန့်အသတ်မရှိဘူး။ ရယ်မောဗုဒ္ဒစိတ်ဝင်စားတဲ့ရတနာက အရမ်းရှားပါးအဖိုးတန်လောက်ပေမဲ့ အဲဒီလိုရတနာမျိုးက ငါတို့လက်လှမ်းမမီနိုင်ဘူး။ အဲဒါကြောင့် ဒီတစ်ကြိမ်တော့ ဘယ်သူမှ မဟုတ်တဲ့အကြံအစည်တွေ တွေးမနေကြနဲ့။ ဖန်းယင်းယွီကို အပြစ်ပြုမိရင် နတ်ဘုရားတောင် ကယ်တင်နိုင်မှာမဟုတ်ဘူး”
ယွီမန်အာ ဆူပုတ်ပုတ်အမူအရာသို့ ပြောင်းသွား၏။
“သခင်ကြီးက ကျွန်မကို ငတုံးလို့ထင်နေတာမလား။ ဖန်းယင်းယွီရဲ့ပစ္စည်းကို သွားတပ်မက်မှတော့ ရူးနေလို့ပဲပေါ့။ ကျွန်မဆိုလိုတာက အဲဒီပစ္စည်းကို ကျွန်မတို့အရင်တွေ့အောင်ရှာပြီး ဖန်းယင်းယွီကို ကျွန်မတို့ဆီ ကျေးဇူးကြွေးတင်အောင် လုပ်လိုက်ရင်မကောင်းဘူးလားလို့လေ။ အဲဒီလိုဆို အရမ်းကောင်းတယ်မဟုတ်ဘူးလား”
ထိုအခါ ပါးထန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးေနာက် ပြောသည်။
“မလုပ်တာပဲ ကောင်းလိမ့်မယ်။ စွန့်စားမှုက ကြီးမားလွန်းတယ်။ ကိုယ့်ရဲ့ထက်မြက်မှုက ကိုယ့်ကိုယ်လှည့်စားသွားရင် ပျက်စီးကိန်းဆိုက်ရလိမ့်မယ်”
ထိုအခါ ယွီမန်အာမှ ပြောသည်။
“ဒါဆိုလည်း သခင်ကြီးရဲ့အမိန့်အတိုင်းပါပဲ”
ထိုသို့ပြောလျက် ယွီမန်အာသည် သူမ၏တစ်ကိုယ်လုံးကို ပွတ်သပ်နေသည့် ပါးထန်ထံ မှီတွယ်လိုက်သည်။ နန်ပါးထျန်းသည်တော့ မုန်းတီးခါးသီးမှုများထင်ဟပ်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ပါးထန်သည် နန်ပါးထျန်း၏အကြည့်များကို သတိထားမိသော်ငြား အရေးမထားပေ။ နန်ပါးထျန်း၏ရှေ့တွင် ယွီမန်အာကို ကလူ၏မြှူ၏လုပ်ရခြင်းအား သူနှစ်သက်သည်။ ၎င်းသည် သူ့ကို ထူးခြားစွာ စိတ်လှုပ်ရှားစေ၏။
သူ့အဆင့်အတန်းအရ အမျိုးသမီးမရှားပါးချေ။ စိတ်လှုပ်ရှားမှုသာလျှင် ရှားပါး၏။ ၎င်းစိတ်လှုပ်ရှားမှုသည် ပါးထန်ကို စိတ်သာယာစေသည်။
“နန်ပါးထျန်း မင်းပြင်ဆင်နေတဲ့လှေ ဘယ်လိုအခြေအနေရှိပြီလဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“သခင်ကြီးကိုလျှောက်တင်ပါတယ်။ လှေအဆင်သင့်ဖြစ်ပါပြီ။ အချိန်မရွေးထွက်ခွာနိုင်ပါတယ်”
“ကောင်းပြီ တော်တယ်”
ပါးထန်မှ ပြောသည်။
“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
နန်ပါးထျန်းမှ အရိုအသေပြုလျက် ပြောသည်။
ထိုအချိန် ယီးဟုန်ဂေဟာ၌ ယွီမေ့ဇစ်သည် တင်းမာခက်ထန်သည့်မျက်နှာဖြင့် ဟန်ဟယ့်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“မိန်းကလေးဟန်ဟယ့် အခု မင်းကိုယ်မင်း အားလုံးရဲ့အထက်မှာရှိနေပြီလို့ ထင်နေပြီလား။ လွန်ခဲ့တဲ့သုံးရက်က ငါဒဏ်ရာရထားလို့ မင်းကို အာရုံမစိုက်ဘဲထားခဲ့ပေမဲ့ အခု ငါပြန်ကောင်းသွားပြီ။ အဲဒီနေ့ကစာရင်းကို ရှင်း…”
ယွီမေ့ဇစ် ဒေါသပေါက်ကွဲတော့မည်တွင် ကောင်းကင်မှ ထူးခြားသည့်ဖြစ်စဉ်ကို မြင်လိုက်ရသည်။ ယွီမေ့ဇစ် အမြန်ထရပ်ပြီး ပြတင်းပေါက်ဖွင့်ကြည့်လိုက်ရာ ကောင်းကင်ထက်ဆန်တက်သွားသည့် ရေနဂါးကို မြင်လိုက်ရသည်။
သူမ မင်သက်နေမိလျက် ပြော၏။
“ရေကြီးနဂါးထွက်ပေါ်လာပြီ။ ရတနာတွေ ထွက်ပေါ်လာတော့မယ်။ ဆေးဘုရင်တောင်ကြား ပွင့်တော့မယ်။ ဟားဟား …”
ယွီမေ့ဇစ်သည် အူလှိုက်သည်းလှိုက် ရယ်မော၏။
ထိုအချိန်၌ ဟန်ဟယ့်သည်လည်း ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်သဖြင့် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ဟန်ဟယ့်လည်း အံ့ဩမင်သက်သွား၏။
ခဏတာမင်သက်နေပြီးနောက် ယွီမေ့ဇစ်သည် ဟန်ဟယ့်ဘက်သို့လှည့်၍ အလျင်စလို မေးမြန်းသည်။
“မင်းလှေပြင်ဆင်ပြီးပြီလား”
ဟန်ဟယ့်မှ ပြောသည်။
“အဆင်သင့်ဖြစ်ပါပြီ”
“ကောင်းတယ် အရမ်းကောင်းတယ်။ ဒါဆို မြစ်ထဲဆင်းဖို့ အမိန့်ထုတ်ပြန်လိုက်တော့”
ယွီမေ့ဇစ်သည် ထိုသို့ပြောပြီးနောက် ဟန်ဟယ့်ကို စူးစိုက်ကြည့်လျက် ထပ်ပြောသည်။
“ငါတို့နှစ်ယောက်ရဲ့ကိစ္စကိုတော့ ပြန်ရောက်မှ ရှင်းကြတာပေါ့”
သို့ဖြင့် သူတို့သည် ယီးဟုန်ဂေဟာမှ အလျင်စလို ထွက်ခွာခဲ့ကြပြီး မျန့်ရွှေမြစ်ကို ဖြတ်သန်းရန် ပြင်ဆင်ကြသည်။
…
“စားကြ စားကြ”
ထိုအချိန်၌ လမ်းကြားငယ်တစ်ခုထဲတွင် သေရည်နှင့်အသားများခင်းကျင်းထားသည့် စားပွဲဝိုင်းရှေ့ ထိုင်နေသည့် ဘုန်းတော်ကြီးတစ်ပါး၏ ပတ်ပတ်လည်တွင် သူဖုန်းစားများ ဝန်းရံနေသည်။ ဘုန်းတော်ကြီးသည် မျက်လုံးပိတ်ထားပြီး ဘာမျှမစားပေ။
သူဖုန်းစားငယ်လေးများသည် အစားအသောက်များကို အငမ်းမရ စားသောက်နေကြရင်း ရံဖန်ရံခါ ဘုန်းတော်ကြီးကို တစ်ချက်တစ်ချက် ချောင်းမြောင်းကြည့်ကြသည်။
ဤဘုန်းတော်ကြီးသည် ထူးဆန်း၏။ စားကောင်းသောက်ဖွယ်များကို ရှေ့တွင်ချထားပြီး နည်းနည်းလေးမှ မတို့ထိဘဲ မျက်လုံးမှိတ်ထားလေသည်။သူဖုန်းစားလေးများ အားရပါးရစားသောက်နေစဉ် ကောင်းကင်မှ မိုးခြိမ်းသံကျယ်ကြီးထွက်ပေါ်လာပြီး တိမ်စိုင်များထဲ ဆန်တက်သွားသည့် ရေနဂါးပုံရိပ်လည်း ထွက်ပေါ်လာသည်။
သူဖုန်းစားလေးများလည်း ရုတ်ချည် အံ့ဩကြောင်အကုန်ကြ၏။
ဆေးဘုရင်ရတနာထွက်ပေါ်လာလေပြီ။
ဖုန်းယင်းယွီ မတ်တပ်ထရပ်လိုက်သည်။
သူထရပ်လိုက်သည်နှင့် သူဖုန်းစားလေးတစ်ဦးမှ ပြောသည်။
“ဆရာတော် ဘယ်သွားမလို့လဲဗျ”
“တိမ်တွေထဲသွားမလို့”
ဖန်းယင်းယွီမှ ပြောသည်။
သူဖုန်းစားလေးသည် နားမလည်နိုင်ဘဲ မေးသည်။
“ပြန်လာမှာလား”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“ပြန်မလာတော့ဘူး”
ထိုအခါ သူဖုန်းစားလေးများမှ ပြောကြ၏။
“ဆရာတော် ပြန်လာပါဗျာ။ ဆရာတော်ရှိရင် လူတွေက အသားတွေယူလာပေးတယ်။ ဆရာတော် မရှိတော့ရင် ကျွန်တော်တို့ အရင်လို ဒုက္ခခံနေရဦးမှာဗျ”
ဖန်းယင်းယွီမှ ပြောသည်။
“အဲဒီကိစ္စအတွက် ငါမင်းတို့ကို တစ်သက်လုံး ကူညီမပေးနိုင်ဘူး။ မင်းတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ”
သို့ဆိုလျက် ဖန်းယင်းယွီသည် မိုးလေမုန်တိုင်းကြားထဲ ထွက်သွားခဲ့သည်။ ထိုအခါ သူဖုန်းစားတစ်ဦးမှ အော်ခေါ်သည်။
“ဆရာတော် ဆရာတော်…”
ပထမဆုံးစကားပြောခဲ့သည် သူဖုန်းစားလေးတစ်ဦးသာလျှင် အတွေးထဲနစ်မြောနေခဲ့သည်။
…
မိုးသည် အလွန်သည်းထန်း၏။ ရေကြီးနဂါးထွက်ပေါ်လာမှုနှင့်အတူ မျန့်ရွှေမြစ်ရေတက်နှုန်းသည်လည်း ပို၍မြင့်မားလာခဲ့သည်။
ငါးဖမ်းကုန်သည်အဖွဲ့မှာ အလွန်အလုပ်ရှုပ်နေ၏။ ချန်ကျဲ့သည် မြစ်ရေတက်မှုအခြေအနေ တင်ပြချက်များကို နားထောင်နေ၏။ ယခုတွင် အနီးဝန်းကျင်ရှိ ရွာဆယ်ကျော်ခန့်ကို ထိခိုက်နေလေပြီ။ မြစ်ရေကိုတိုင်းတာပြီး လမ်းကြောင်းပြန်လည်ချထား၍ မြစ်ရေဖောက်ထုတ်ခြင်းကို မပြုလုပ်ခဲ့လျှင် ပိုမိုများပြားသည့် ရွာများ ထိခိုက်ပျက်စီးကြရလိမ့်မည်။ ထိခိုက်ပျက်စီးမှုသည် ချန်ကျဲ့ ခန့်မှန်းနိုင်သည်ထက်ပင် ပိုမိုဆိုးရွာနိုင်၏။
ထိုစဉ် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ချန်ကျဲ့ကို ဆင့်ခေါ်လာသည်။ ဆေးဘုရင်တောင်ကြားသို့ သွားရတော့မည်ဖြစ်ကြောင်း ချန်ကျဲ့နားလည်လိုက်သည်။ သို့သော် လက်ရှိမြစ်ရေတက်မှုအခြေအနေသည် အလွန်အရေးကြီးနေသည်။ သို့ဖြင့် ချန်ကျဲ့ စစ်ရှီးကို မေးလိုက်သည်။
“အခု အစိုးရရုံးတော်ဘက်က ရပ်တည်ချက်က ဘယ်လိုရှိလဲ”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“အစိုးရရုံးတော်က ဖြစ်သမျှကို ဒီတိုင်းလွှတ်ထားပါတယ်”
ထိုအခါ ချန်ကျဲ့မှ မေးသည်။
“ထန်ဝမ့်နျန်က နည်းနည်းလေးမှ သုံးစားမရဘူးလား”
စစ်ရှီးမှ ပြန်ဖြေသည်။
“ထန်ဝမ့်နျန်က အသက်၄၀၊၅၀ဝန်းကျင် မြစ်ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့ကိုပဲ စေလွှတ်လိုက်ပါတယ်။ တခြားဘာဆိုဘာမှ မလုပ်ပါဘူး။ ရေဘေးသင့်နိုင်ခြေရှိတဲ့နေရာတွေကနေ ရွှေ့ပြောင်းဖို့ကြေညာချက်ထုတ်ပြန်ဖို့တောင် မလုပ်ကြပါဘူး”