အခန်း ၇၄၆
Vol. 64 Ch. 746
အခန်း ၇၄၆
အပြင်ဘက်သည် မာကြောသည့် အခွံဖြစ်ပြီး ရွှံ့များ ဖုံးလွှမ်းနေသည်။ ၎င်းသည် ကျောက်တုံးကျောက်သားများထက်ပင် ပိုမိုမာကြောသည်မှာ သံမဏိတမျှ မာကြောလောက်ပေသည်။
ထိုအခွံထက်၌ အနီးကပ်သေချာကြည့်ပါက မြောက်များစွာသော မြစ်ကမာကောင်ကြီးများကို မြင်တွေ့နိုင်သည်။
ထိုကမာများသည် ဤရေထိုက်ဆွေ့ကြီး၏ မျိုးဆက်ပေလော၊ သို့မဟုတ် အခြားကမာကောင်အမျိုးအစားပေလော မသိရပေ။
ဤကမာများအားလုံးသည် စျေးကွက်ထဲတွင် မြင်တွေ့ရခဲသည့် အလွန်ကြီးမားသည့်အကောင်များ ဖြစ်ကြသည်။ ချန်ကျဲ့ ရေဇလုံခန့်အရွယ်အစားရှိသည့် ကမာတစ်ကောင်ကို ကောက်ယူလိုက်သည်။
ဤမျှကြီးမားသည့် ကမာကောင်ကြီးသည် ရေထိုက်ဆွေ့၏ရှေ့တွင်မူ သဲတစ်မှုန်စာမျှသာ ဖြစ်နေတော့သည်။
ထို့ပြင် ဤရေထိုက်ဆွေ့ကြီးသည် ရေပေါ်ပေါ်နေသည့် အပိုင်းသည်ပင် ဆယ်မီတာခန့်မြင့်မားပြီး ရေအောက်တွင် ဖုံးကွယ်နေသည့်အပိုင်းမှာ မည်မျှကြီးမားကြောင်း မသိရသေးပေ။
ချန်ကျဲ့သည် ကမာကောင်ကြီးတစ်ကောင်ကို ကောက်ယူလိုက်ပြီးနောက် ဆောင်းဦးပုစဉ်းဓားမြှောင်ဖြင့် ကမာကောင်ကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် လုံးဝန်းကြီးမားသည့်ပုလဲတစ်လုံး တည်ရှိနေသည်။
ဒီပုလဲတွေက တကယ် အရမ်းလှတာပဲ။
ဤပုလဲများသည် ထိပ်တန်းအဆင့် တောင်ပိုင်းပုလဲများ၏အရွယ်အစားများဖြစ်ကြပြီး အကြီးဆုံးပုလဲသည် ပြာလဲ့လဲ့တောက်ပနေကာ ဂေါက်သီးတစ်လုံးခန့်အရွယ်အစားရှိပေသည်။
ရင်သပ်ရှုမောဖွယ်သော အသွင်အပြင်ရှိသည့် ပုလဲများပင်။
ချန်ကျဲ့သည် ပုလဲလုံးများကို ရေဆေးပြီး အိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။ သို့သော် အခြားသူများသည်တော့ တစ်ယောက်မျှ မယူကြပေ။
သူတို့၏ပစ်မှတ်သည် ဆေးဘုရင်ရတနာများဖြစ်၏။ ဤပုလဲများသည် တန်ဖိုးကြီးမားသော်ငြား သူတို့အတွက်မူ အပြင်ပန်းကြွယ်ဝမှုမျှသာ ဖြစ်ပေသည်။
သို့သော် ချန်ကျဲ့အတွက်မူ မတူပေ။ သူ့တွင် ဇနီးမယားရှိ၏။ ထို့ပြင် တစ်ယောက်တည်း မဟုတ်ပေ။
မိန်းကလေးများသည် တောက်ပသည့်အရာများကို နှစ်ခြိုက်ကြသည်။ ဤမျန့်ရွှေပုလဲများသည် သူ၏ဇနီးများအတွက် ကောင်းမွန်သည့်လက်ဆောင်များဖြစ်လိမ့်မည်။
ဤပုလဲများကို စူးယွင်ကျင်းမှ ဝတ်ဆင်လျှင် မည်မျှလှပနေမည်ဖြစ်ကြောင်း စိတ်ကူးပုံဖော်ကြည့်ရင်း ချန်ကျဲ့ ပြုံးမိလိုက်သည်။
သို့ဖြင့် ချန်ကျဲ့သည် ပုလဲများကို အိတ်ထဲသေချာထည့်၍ ရင်ဘတ်အနီးရှိအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။ ကျောက်ယာသည် သူ့ကို လှည့်ကြည့်လာ၏။ ချန်ကျဲ့ ပြုံးလိုက်သည်။
“ခရိုင်မင်းသမီးရော နည်းနည်းလောက် မယူတော့ဘူးလား”
ထိုအခါ အားစန်းမှ ပြောသည်။
“ခရိုင်မင်းသမီး ကျွန်တော် ယူပေးပါ့မယ်။ ကျွန်တော် လက်ဗလာနဲ့ ပုလဲထုတ်ယူနိုင်တယ်”
ကျောက်ယာမှ ပြောသည်။
“အပေါစားတွေ”
ထိုသို့ပြောခဲ့ပြီး ကျောက်ယာသည် သူတို့ဘက်ကို ထပ်လှည့်မလာတော့ပေ။ ထိုစဉ် လျိုလောင်ကွေ့မှ အနားလျှောက်လာပြီး ရယ်မောလျက်ပြောသည်။
“ကျိုစစ် ဒီပုလဲတွေ မဆိုးဘူး။ ဒါတွေအားလုံးက ထိပ်တန်းအဆင့်မျန့်ရွှေပုလဲတွေပဲ။ တစ်လုံးကို ငွေတုံးနှစ်ဆယ်လောက် တန်ကြေးရှိတယ်”
ချန်ကျဲ့ ပြုံးလိုက်သည်။
“ပိုက်ဆံအတွက် မဟုတ်ပါဘူး။ ဒီတိုင်း ဒီပုလဲလှလှလေးတွေကို ကျွန်တော့်ဇနီးရဲ့ခေါင်းမှာ ပန်လိုက်ရင် လှမယ်လို့တွေးမိလို့ပါ”
ထို့နောက် ချန်ကျဲ့ ဆက်ပြောသည်။
“အစ်ကိုလျိုရော နည်းနည်းလောက်ရွေးဦးမလား”
လျိုလောင်ကွေ့မှ ပြောသည်။
“ငါက အိမ်ထောင်ကျတာ ကြာပါပြီကွာ။ ငါက ဒါတွေကို ဘာအတွက် လိုဦးမှာလဲ။ ဒါပေမဲ့ ဒီကမာတွေကိုမြင်ရတာ ငါ့ကို လက်ယားစေတယ်”
ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် ခပ်ကြီးကြီးကမာတစ်ကောင်ကို ကောက်ယူပြီး ဖွင့်လိုက်သည်။ အထဲတွင် ပုလဲလုံးအများအပြားရှိနေ၏။ သို့သော် လျိုလောင်ကွေ့သည် ချန်ကျဲ့ကိုသာ အကုန်လုံး ပေးလိုက်သည်။
“ညီနောင်ကျိုစစ် ဒါမျိုးက မိန်းမငယ်လေးတွေအတွက် အသင့်တော်ဆုံးပဲ။ ငါက အသက်ကြီးနေပါပြီ။ ဒါတွေက ငါ့အတွက် အသုံးမဝင်တော့ဘူး။ မင်းတို့လူငယ်လေးတွေပဲ ချစ်ရေးချစ်ရာကိစ္စတွေရှိပြီး ချစ်မြတ်နိုးစရာ အမျိုးသမီးလေးတွေကို သိကျွမ်းတာ။ မင်းယူသွားပြီး အမျိုးသမီးလေးတွေကို ပေးလိုက်ပေါ့”
ချန်ကျဲ့သည် လျိုလောင်ကွေ့ကို ပြန်တုံ့ပြန်ပြောဆိုလိုသော်ငြား ဒုန်းကနဲအသံကျယ်ကြီးနှင့်အတူ သူတို့၏သင်္ဘောငယ်သည် အခွံတစ်ခုနှင့် တိုက်မိသွားခဲ့သည်။
အားလုံးတန့်သွားကြ၏။ ယခုတွင် သူတို့သည် ၁၀မီတာခန့်မြင့်မားသည့် ကုန်းမြင့်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။ ဤသည်မှာ အခွံသဏ္ဍာန်၏ အစွန်းဖျားနေရာဖြစ်ပြီး ရေညှိများ ဖုံးလွှမ်းနေသည်။
အားစန်းသည် ချောမွေ့သည့် ရေညှိများကို ထိကိုင်ကြည့်ပြီးနောက် လက်ဝါးသိုင်းကွက်ဖြင့် ၎င်းကို ရိုက်ချလိုက်သည်။
“ဟာ့”
သို့သော် ၎င်းသည် စိုးစဉ်းသော်မျှ မလှုပ်ရှားပေ။ သူ၏ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်စွမ်းအားသည် ယင်ကောင်တစ်ကောင်မှ ကျောက်တုံးကြီး ဝင်ဆောင့်နေသည့်အလားပင် နည်းနည်းလေးမှ သက်ရောက်မှုမရှိချေ။
ထိုအခါ ကျောက်ယာမှ ပြောသည်။
“အင်အားကိုဖြုန်းတီးမနေနဲ့တော့။ အပေါ်တက်ဖို့နည်းလမ်းရှာချည်”
ယဲ့လုဖုန်းမှ ပြောသည်။
“ဟုတ်တယ်။ ငါတို့ ပါးထန်တို့အုပ်စုထက် အရင်ရောက်လာခဲ့မှတော့ မြန်မြန် ကျွန်းပေါ်တက်ပြီး လက်ဦးမှုရယူရအောင်ပါ”
ထိုစကားကို အားလုံး သဘောတူကြသည်။ ချန်ကျဲ့မှ ပြောသည်။
“ဒါဆို အပေါ်တက်ကြတာပေါ့”
သို့ဖြင့် ချန်ကျဲ့သည် ချောမွတ်သည့်ရေညှိစိမ်းများဖုံးလွှမ်းနေသည့် နံရံကို ထိကိုင်လိုက်သည်။ သာမန်လူတစ်ယောက်ဖြစ်ပါက အပေါ်တက်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် ချန်ကျဲ့တို့အုပ်စုအတွက်မူ အရမ်းအားစိုက်ရသည့်ကိစ္စ မဟုတ်ပေ။ အုပ်စုထဲမှ အားအနည်းဆုံးသူပင်လျှင် စွမ်းအင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ရှိသည် မဟုတ်ပါလော။
ဤမျှတောင်ကုန်းသာသာ အမြင့်ကလေးသည် သူတို့ကို မတားဆီးနိုင်ပေ။
သူတို့၏စွမ်းအင်များကို အသုံးပြု၍ အပေါ်သို့ အမြန်တက်ခဲ့ကြသည်။ အားသာ့နှင့် အားအာ့တို့သည် ရှေ့မှဦးဆောင်ကြကာ ထို့နောက် ခရိုင်မင်းသမီးနှင့် အားစန်း၊ ယဲ့လုဖုန်းနှင့် ချီမုကော၊ ထို့နောက် ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့ အသီးသီး အဖွဲ့ခွဲဖွဲ့လိုက်ကြသည်။
ချန်ကျဲ့သည် ကိုယ်ဖော့သိုင်းနှင့် တွားသွားတွယ်တက်ခြင်းစွမ်းရည်ကို အသုံးပြုပြီး လှေကို ခြေဖြင့် အားယူကန်လိုက်ကာ ခန္ဓာကိုယ်ကို လေထဲခုန်တက်စေလိုက်သည်။ ထို့နောက် နံရံထက်ရှိ ရေညှိများကို ဖမ်းဆွဲလိုက်သည်။
ထို့နောက် ထိပ်ဆုံးသို့ ချက်ချင်း ပျံတက်သွားခဲ့သည်။
သို့သော် အပေါ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် လေသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရခြင်းနှင့်အတူ သူ့ထံ ချဉ်းကပ်လာသည့် လေတစ်ဝှေ့ကို ချန်ကျဲ့ ခံစားလိုက်ရသည်။
လက်နက်ပုန်းရှိနေကြောင်း ချန်ကျဲ့ ချက်ချင်း နားလည်လိုက်၏။
ထိုအချိန်၌ လျိုလောင်ကွေ့သည်လည်း လက်နက်ပုန်းတစ်ခု၏ တိုက်ခိုက်ခြင်းခံလိုက်ကာ ခြေထောက်ကို တည်ငြိမ်အောင် မထိန်းနိုင်လိုက်ဘဲ အောက်သို့ ပြန်ပြုတ်ကျသွားလေသည်။
ဝှစ်
တစ်ဆက်တည်းပင် လျိုလောင်ကွေ့၏ဦးခေါင်းဘေးမှ မြားတစ်စင်း ဖြတ်သန်းသွား၏။
ချန်ကျဲ့လည်း လျိုလောင်ကွေ့နှင့်အတူ အောက်သို့ ဆင်းလိုက်ရသည်။ ထို့နောက် ချန်ကျဲ့ လျိုလောင်ကွေ့ကို ကြည့်လိုက်သည်။
“အစ်ကိုလျို အဆင်ပြေရဲ့လား”
လျိုလောင်ကွေ့မှ ပြောသည်။
“လက်မတင်လေးလွတ်သွားတယ်။ ကံကောင်းလို့ ငါတုံ့ပြန်တာ မြန်လို့သာပေါ့။ အပေါ်မှာ မူမမှန်နေဘူး။ အဲဒီမှာ တခြားလူက ဘယ်လိုလုပ်ပြီးရှိနေရတာလဲ”
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုလျို အဲဒီလူကိုမြင်လိုက်လား”
လျိုလောင်ကွေ့မှ ပြောသည်။
“ငါသေချာမမြင်လိုက်ရဘူး။ ခန္ဓာကိုယ်ကို ငြိမ်အောင်တောင် မထိန်းရသေးဘူး မြားနဲ့ ထပ်ပစ်ခံလိုက်ရတာ။ ငါ့မှာ အခုထိ ဝေဝါးဝါးဖြစ်နေတုန်းပဲ”
ချန်ကျဲ့ အပေါ်မော့ကြည့်လိုက်သည်။
“ခရိုင်မင်းသမီးနဲ့ တခြားသူတွေ အောက်ဆင်းမလာကြဘူး။ ကြည့်ရတာ သူတို့တွေ အပေါ်မှာ အခြေအနေထိန်းနိုင်သွားပြီထင်တယ်။ ကျွန်တော်တို့ သူတို့နောက်လိုက်ရအောင်။ အစ်ကိုလျို အစ်ကိုက ကျွန်တော့်နောက်ကလိုက်ခဲ့”
လျိုလောင်ကွေ့မှ ပြောသည်။
“မင်းဒီလိုလုပ်ရင် ငါက မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မနေဘူးလား”
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုလျို အဲဒီလိုမပြောစမ်းပါနဲ့ဗျာ။ ဒီခရီးလမ်းတစ်လျှောက်မှာ အချင်းချင်း မကူညီမစောင့်ရှောက်ရင် ဒီအခြေအနေအထိ ဘယ်လိုလုပ်ရောက်လာနိုင်မှာတဲ့လဲ။ အဲဒီလိုစကားတွေ မပြောပါနဲ့”