← Chapters

အခန်း ၇၄၇

Vol. 64 Ch. 747

အခန်း ၇၄၇

Vol. 64 Ch. 747

အခန်း ၇၄၇

“အာ”

ချန်ကျဲ့၏စကားကြောင့် လျိုလောင်ကွေ့၏စိတ်နှလုံးမှာ နွေးထွေးသွားရသည်။ ထိုစဉ် ချန်ကျဲ့သည် အပေါ်သို့ ထပ်မံတက်သည်။ လျိုလောင်ကွေ့သည် နောက်မှလိုက်တက်သည်။ ထို့နောက် နှစ်ဦးသားသည် ကျွန်းပေါ်သို့ ရောက်ခဲ့ကြသည်။

အပေါ်သို့ရောက်သောအခါ ထောင့်စွန်းနားတွင် ရပ်နေသည့် ကျောက်ယာနှင့် အခြားသူများကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်လည်း ထိုနေရာသို့ အမြန်သွားလိုက်ကြသည်။ ကျောက်ယာမှ ပြောသည်။

“ရှင်တို့အဆင်ပြေရဲ့လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘာမှမဖြစ်ပါဘူး”

ထို့နောက် အုပ်စုများ စတင်တိုက်ခိုက်နေကြပြီဖြစ်သည့် ကျွန်းအလယ်ကို ချန်ကျဲ့ ကြည့်လိုက်သည်။

ကျွန်းအလယ်တွင် တိုက်ပွဲဖြစ်နေ၏။ သို့သော် အင်အားအကြီးမားဆုံးသူများမှာ ယွီမေ့ဇစ်နှင့် အနက်ရောင်ဝတ်အဘွားအိုတစ်ဦးဖြစ်သည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် တန်းတူဖြစ်ကာ သိုင်းပညာမှာလည်း တန်းတူနီးပါးပင်။ ချန်ကျဲ့တို့၏ မျက်နှာချင်းဆိုင်တွင်လည်း တိုက်ပွဲထဲ ဝင်မပါဘဲ ရပ်နေသည့် အုပ်စုနှစ်စုရှိသည်။

ချန်ကျဲ့ မျက်လုံးမှေးကျုံ့လိုက်မိသည်။

အနက်ရောင်ဝတ်အဘွားအို၏ အင်အားသည် ယွီမေ့ဇစ်ထက် မနိမ့်ပေ။ သူတို့နှစ်ဦးစလုံးသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်ကြပြီး တိုက်ခိုက်မှုမှာ သရေကျနေကြောင်း ချန်ကျဲ့ သတိထားမိလိုက်သည်။

အဝေးရှိအုပ်စုများထဲတွင်လည်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တစ်ယောက်ရှိသည်။

ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း မေးသည်။

“သူတို့က ဘယ်သူတွေလဲ”

ထိုအခါ ကျောက်ယာမှ ရှင်းပြသည်။

“မိန်ဂိုဏ်းသားတွေနဲ့ တိုက်ခိုက်နေတဲ့ အမျိုးသမီးကို မိစ္ဆာဘွားဘွားလို့ခေါ်တယ်။ သူက မိစ္ဆာလမ်းစဉ်ကို တစ်ဦးတည်း ကျင့်ကြံလျှောက်လှမ်းနေတဲ့သူပဲ”

“ကျန်တဲ့နှစ်ယောက်ကတော့.. မျက်နှာမည်းမည်း ကြွက်သားတောင့်တောင့်နဲ့ ဓားကိုင်ထားတဲ့လူကို သေမင်းကျုံးလျောင်လို့ခေါ်တယ်။ သူက ဟွမ်ကျိုးပြည်နယ် ဟုန်ကျန့်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ”

“ကျန်တဲ့အမျိုးသမီးက ဖေးယန်ဇီတဲ့။ ဟွမ်ကျိုးပြည်နယ် ချွင်းရှောင်းစံအိမ်ရဲ့ ခန်းမအရှင်သခင် တင်းယင်ပဲ”

ကျောက်ယာသည် ဟူပေလမ်းမ၏ သိုင်းလောကကြီးကြပ်သူရာထူးကို တာဝန်ယူရတော့မည်ဖြစ်ပြီး ဟွမ်ကျိုးပြည်နယ်၏ သိုင်းလောကကို ပြန်လည်သက်ဝင်လှုပ်ရှားလာရေးအတွက် တာဝန်ပေးခံထားရသည်။ ထို့ကြောင့် သူမသည် ဟွမ်ကျိုးပြည်နယ်၏ ဂိုဏ်းကြီးလေးဂိုဏ်းမှ ဂိုဏ်းသားများကို အကျွမ်းတဝင်ရှိသည်။

ထိုအခါ ချန်ကျဲ့တိတ်ဆိတ်သွား၏။ ဟွမ်ကျိုးပြည်နယ်မှလူများပင်လျှင် ဆေးဘုရင်ရတနာကို စိတ်ဝင်စားကြမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ဆေးဘုရင်ရတနာကို စိတ်ဝင်စားသူများမှာ မျန့်ရွှေတစ်ခုတည်းသာ မဟုတ်ဘဲ ဟွမ်ကျိုးပြည်နယ်သားများသည်လည်း စိတ်ဝင်စားကြောင်း ချန်ကျဲ့ နားလည်သွားရသည်။

ချန်ကျဲ့သည် မိစ္ဆာဘွားဘွားကြီးနှင့် ယွီမေ့ဇစ်၏ တိုက်ပွဲကိုကြည့်ရင်း မေးသည်။

“သူတို့ ဘယ်လိုဖြစ်ပြီး တိုက်ခိုက်ကုန်ကြတာလဲ”

ကျောက်ယာမှ ပြန်ပြောသည်။

“ဘယ်သူသိမှာလဲ။ ဒီတိုင်း ပွဲကြည့်ကြတာပေါ့”

ယွီမေ့ဇစ်နှင့် မိစ္ဆာဘွားဘွားကြီးသည် အပြင်းအထန် တိုက်ခိုက်နေကြသည်။ မိစ္ဆာဘွားဘွားကြီးသည် အရည်အချင်းရှိသည့် တိုက်ခိုက်ရေးသမားဖြစ်ကြောင်း ချန်ကျဲ့ သတိထားမိလိုက်၏။ ထွားကြိုင်းသည့် အသားမည်းမည်းလူကြီးသည် ဟန်ညီအစ်မနှစ်ဦးနှင့် တိုက်ခိုက်နေသည်။

ချန်ကျဲ့တို့ စောင့်ကြည့်နေစဉ် လှေတစ်စင်းချဉ်းကပ်လာသည်။

ထို့နောင်တွင်မူ အောက်ဘက်မှ လူတစ်စု တက်လာ၏။ ပါးထန်နှင့် ယွီမန်အာ၊ နန်ပါးထျန်းတို့ဦးဆောင်သည့်အဖွဲ့ဖြစ်ပေသည်။

သူတို့သည်လည်း တိုက်ပွဲထဲမှ ယွီမေ့ဇစ်ကို သတိထားမိလိုက်ကြပြီး မျက်မှောင်ကြုတ်သွား၏။ သို့သော် သူတို့သည်လည်း အလျင်မလိုပေ။ အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။

ဘယ်ဘက်သို့ကြည့်လိုက်သောအခါ ကျောက်ယာနှင့်အုပ်စုကို မြင်လိုက်ရသည်။ ပါးထန် အသာခေါင်းညိတ်ပြလိုက်၏။

ညာဘက်တွင်မူ ဟုန်ကျန့်ဂိုဏ်း၏ကျုံးလျောင်နှင့် ချွမ်းရှောင်းစံအိမ်၏တင်းယင်တို့ကို မြင်လိုက်ရသည်။

ယွီမန်အာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

“သခင်ကြီး သူတို့က ဟုန်ကျန့်ဂိုဏ်းနဲ့ ချွမ်းရှောင်းစံအိမ်ပဲ”

ထိုအခါ ပါးထန်လည်း သိသိသာသာ မျက်မှောင်ကြုတ်သွားရသည်။ ထိုဂိုဏ်းများသည် သူတို့နောက်ခံအနေဖြင့် ထောက်ပံ့ပေးထားသည့်ဂိုဏ်းများ ဖြစ်သည်။

ဟုန်ကျန့်ဂိုဏ်းသည် ဟွမ်ကျိုးပြည်နယ်ရာဇဝတ်တရားသူကြီးမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ချွမ်းရှောင်းစံအိမ်ကိုမူ ဟွမ်ကျိုးပြည်နယ်လက်ထောက်ရာဇဝတ်တရားသူကြီး၏ ဇနီးဖြစ်သူမှ တည်ထောင်ထားခြင်းဖြစ်သည်။ ဂိုဏ်းနှစ်ခုသည် ထိုသူတစ်ဦးချင်းစီ၏ အကျိုးအမြတ်ကို ကိုယ်စားပြုသည်။

သူတို့သည်လည်း ဆေးဘုရင်တောင်ကြားသို့ ရောက်လာသည်မှာ လုံးဝ မျှော်လင့်မထားသည့်အရာပင်။

ထိုစဉ် ကျုံးလျောင်နှင့် တင်းယင်တို့သည်လည်း ပါးထန်ကို သတိထားမိကြသည်။ ကျုံးလျောင်မှ ပြောသည်။

“ပြည်နယ်မြို့စောင့်တပ်မှူးပါလား”

တင်းယင်သည်လည်း မျက်လုံးအိမ်တို့မှေးကျုံ့လိုက်ပြီးနောက် ပြောလာသည်။

“ဒီရက်ပိုင်း ပြည်နယ်မြို့စောင့်တပ်မှူးကို မြို့ထဲမှာ မတွေ့ရတာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ ဒီရောက်နေတာကိုး”

ကျုံးလျောင်မှ မေးသည်။

“ငါတို့ဘာလုပ်ကြမလဲ”

“ဒီတိုင်းထားလိုက်ပါ”

တင်းယင်မှ ပြန်ပြောသည်။

ထိုအချိန်၌ ယွီမေ့ဇစ်နှင့် မိစ္ဆာဘွားဘွားသည်လည်း အသစ်ရောက်လာသူများကို သတိသွားကြပြီး အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် တစ်ပြိုင်နက်တည်း လက်ဝါးသိုင်းကွက် ထုတ်လွှတ်လိုက်ကြသဖြင့် နှစ်ယောက်စလုံး နောက်ဆုတ်သွားရကာ ပြောသည်။

“ငါ မင်းကို ဒီနေ့တော့ သက်ညှာပေးလိုက်မယ်။ နောက်ရက်မှပဲ အနိုင်ရသူကို သေချာဆုံးဖြတ်ကြတာပေါ့”

သို့ဖြင့် သူတို့နှစ်ဦးသည် ကျွန်း၏အစွန်းဖျားဆီသို့ နောက်ဆုတ်သွားကာ လူခွဲလိုက်ကြသည်။

အချိန်တစ်ခုကြာသည်အထိ မည်သူမျှ စကားမပြောကြချေ။

ခဏကြာပြီးနောက်တွင်မူ လျိုလောင်ကွေ့သည် မထိန်းချုပ်နိုင်တော့ဘဲ ပြောသည်။

“ကျိုစစ် ငါ ရတနာသိုက်ထဲဝင်ဖို့ ဝင်ပေါက်ကို မတွေ့မိဘူးနော်”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော်လည်း မသိဘူး။ ဒီတိုင်းစောင့်ကြည့်ကြတာပေါ့။ ဝင်ပေါက်တော့ သေချာပေါက်ရှိမှာပါ”

“ဝင်ပေါက်ထွက်ပေါ်လာပြီး လူတွေအများကြီး စုဝေးနေလို့ တိုက်ပွဲကြီးဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါကျ ဘယ်သူမှ အထဲဝင်နိုင်မှာ မဟုတ်တော့ဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အခုလောလောဆယ်တော့ တိုက်ပွဲမဖြစ်နိုင်သေးဘူး။ လူတိုင်းက ကိုယ့်လှုပ်ရှားမှုကို အရမ်းသတိထားနေကြတာ။ မစိုးရိမ်ပါနဲ့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ အဲဒီလူရောက်လာရင် လူတွေရဲ့ပဋိပက္ခက ပိုလို့တောင် ငြိမ်ကျသွားဦးမှာ”

“အဲဒီလူလား ဘယ်သူလဲ”

လျိုလောင်ကွေ့သည် ချန်ကျဲ့ဆိုလိုသည့်လူမှာ မည်သူဖြစ်ကြောင်း နားမလည်နိုင်ချေ။ ထိုစဉ် အနီးရှိ ရေပြင်ထက်မှ ပုံရိပ်တစ်ခုကို ချန်ကျဲ့ ရုတ်တရက် လှမ်းမြင်လိုက်သည်။

ချန်ကျဲ့မှ ပြောသည်။

“ရောက်လာပြီ”

ထိုစကားတွင် အားလုံးသည် ရေပြင်ဆီသို့ ကြည့်လိုက်ကြရာ စုတ်ပြဲနေသည့်ဝတ်ရုံဖြင့် ဘုန်းကြီးတစ်ပါးကို မြင်တွေ့လိုက်ရသည်။ ထိုဘုန်းကြီးသည် လှေစီးလာခြင်းမဟုတ်၊ သို့သော် ရေပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။

အနီးကပ်ကြည့်ရှုလိုက်လျှင်မူ ဘုန်းတော်ကြီး၏ခြေဖဝါးအောက်၌ ကျူပင်တစ်စကို မြင်တွေ့ရပါလိမ့်မည်။

ဟုတ်ပါ၏။ ထိုဘုန်းတော်ကြီးသည် ထိုကျူပင်တစ်စထက် မတ်တပ်ရပ်၍ မြစ်ကိုဖြတ်ကူးလာခြင်း ဖြစ်ပါ၏။

ထိုမြင်ကွင်းကိုမြင်သော် အားလုံးသည် အံ့ဩမင်သက်စွာ ပင့်သက်ရှိုက်မိလိုက်ကြသည်။

တကယ့်ပညာရှင်ကြီးပါပဲလား။

ဘုန်းတော်ကြီးသည် မီတာတစ်ရာခန့်သော အကွာအဝေးရှိ အခွံသဏ္ဍာန်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ခြေဖဝါးအောက်ရှိ ကျူပင်တစ်စကို အားထည့်နင်းလိုက်ပြီး လေဟာနယ်ထက် ပျံတက်လိုက်သည်။ ထို့နောက် ကျွန်း၏အလယ်တည့်တည့်တွင် ဆင်းသက်၏။

လူအုပ်ကြီးသည် ဘုန်းတော်ကြီးကို အမြန်နှုတ်ဆက်၏။

“ဘုန်းတော်ကြီးကို ဂါရဝပြုပါတယ်”

ဖန်းယင်းယွီသည် နွေးထွေးစွာသောအပြုံးဖြင့် ပြန်တုံ့ပြန်သည်။

“ကျေးဇူးပါပဲ ဒကာတို့”

အားလုံးသည် လက်ဟန်အမူအရာဖြင့် အမြန်တုံ့ပြန်လိုက်ကြသည်။ ကျုံးလျောင်သည် ထိုဘုန်းတော်ကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိသေးသဖြင့် တင်းယင်ကို တိုးတိုးမေးကြည့်သည်။

“သူက ဘယ်သူလဲ”

တင်းယင်မှ ပြန်ပြောသည်။

“ဘယ်သူဖြစ်ဖြစ် မြစ်ကို ကျူတစ်စနဲ့ ဖြတ်သန်းလာမှတော့ သေချာပေါက် ထိပ်တန်းအဆင့်သိုင်းပညာရှင်ကြီးဖြစ်မှာပဲ။ ဒီတိုင်း လောလောဆယ် လေးစားမှုနဲ့ ဆက်ဆံလိုက်စမ်းပါ”

ဖန်းယင်းယွီသည် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောသည်။

“ကြီးလိုက်တဲ့တံလျှပ်ပါပဲလား။ ဒါနဲ့ အားလုံး ဘာလို့ ဆေးဘုရင်တောင်ကြားထဲ မဝင်ကြသေးတာလဲ”

ထိုအခါ အားလုံးမှာ အံ့ဩသွားကြလျက် ပြောသည်။

“ဆရာတော် ကျွန်တော်တို့ ဝင်ပေါက်ကို ရှာမတွေ့သေးလို့ပါ”

ဖန်းယင်းယွီသည် ရယ်မော၏။

“ဟား အဲဒါက မခက်ပါဘူး”

ထို့နောက် ဖန်းယင်းယွီသည် ကောင်းကင်သို့ဦးတည်၍ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။ တိုက်ဆိုင်ခြင်းပေလော မသိချေ.. ကောင်းကင်ထက်ရှိ တိမ်တိုက်များ စတင်လှုပ်ရှားလာပြီး အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့ကာ ထိုအပေါက်မှ တောက်ပသောနေရောင်ခြည်သည် အောက်ဘက်ရှိ ကျွန်းထက်သို့ ဖြာကျလာခဲ့သည်။

နောက်တဒင်္ဂ၌ ကျွန်းထံမှ အသံကျယ်ကြီးထွက်ပေါ်လာကာ ပူဖောင်းများမှုတ်ထုတ်လိုက်သကဲ့သို့ ကမာခွံများစွာ ထွက်ပေါ်လာခဲ့သည်။

ဖန်းယင်းယွီသည် ကမာခွံကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ပွင့်အာနေသည့် လမ်းကြောင်းထဲသို့ ချက်ချင်းဝင်သွား၏..

ထိုမြင်ကွင်းတွင် အားလုံးသည် တစ်ယောက်တစ်ပြန်ကြည့်လိုက်ကြသည်။

ဤသည်က ရတနာသိုက်၏ဝင်ပေါက်ဖြစ်ပေလိမ့်မည်။

All Chapters