← Chapters

အခန်း ၇၄၈

Vol. 64 Ch. 748

အခန်း ၇၄၈

Vol. 64 Ch. 748

အခန်း ၇၄၈

ဖန်းယင်းယွီမှ ရတနာသိုက်ဝင်ပေါက်ထဲ ခုန်ဝင်သွားသောအခါ အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နောက်မှလိုက်ဝင်သွားကြသည်။

ထို့နောက်တွင် ထူးဆန်းသည့်စွမ်းအင်တစ်ခုသည် ကမာခွံများကို ပင့်တင်ကာ သူတို့ကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ကမာခွံများသည် ချန်ကျဲ့တို့အုပ်စု ကောင်းစွာရပ်နေနိုင်သည့် အရွယ်အစားရှိသည်။

သို့သော် အချို့အုပ်စုများသည် လူများလွန်း၏။ ဥပမာ လူ၅၀၊၆၀ခန့်ပါဝင်သည့် ပါးထန်တို့အုပ်စုဖြစ်သည်။

ထို့ပြင် မိစ္ဆာဘွားဘွားကဲ့သို့ ဓားပြတိုက်ရန်လာရောက်သကဲ့သို့ လူတစ်ရာခန့်ခေါ်လာသူများလည်း ရှိသည်။ ကမာခွံတစ်ခုလျှင် လူနှစ်ဆယ်ခန့် ဆံ့၏။ သို့သော် ထိုအုပ်စုများသည် ကမာခွံတစ်ခုလျှင် လူသုံးဆယ်ခန့် ကျပ်သိပ်ရပ်နေကြရသည်။

ကမာခွံများသည် သူတို့ကို အတွင်းထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။

ဤကမာခွံများထက် ရပ်နေရသည်မှာ လှေငယ်တစ်စင်းပေါ်ထိုင်၍ စိုစွတ်မှောင်မည်းသည့် လိုဏ်ဂူတစ်ခုအတွင်း ဖြတ်သန်းနေရသကဲ့သို့ ခံစားရသည်။

ခွေလိမ်ရစ်ပတ်နေသော လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားရစဉ် အမှောင်ထုကြီးသည် သူတို့ကို ဝါးမျိုထား၏။ အားလုံးသည် ထိခိုက်ပြိုကွဲလွယ်သည့် လှေငယ်တစ်စင်းဖြင့် မှောင်မည်းသည့်လိုဏ်ဂူကြီးထဲ ဖြတ်သွားနေရပြီး မှော်စွမ်းအင်တစ်ခုမှ သူတို့ကို ဆွဲခေါ်သွားနေသကဲ့သို့ ခံစားနေရသည်။

လမ်းတစ်လျှောက်တွင် အလင်းရောင်ကင်းမဲ့နေသည်မှာ မိမိ၏လက်ကို မိမိ ပြန်မမြင်နိုင်သည်အထိပင်။

ချန်ကျဲ့ ယူလာသည့်မီးတုတ်ကို မီးထွန်းလိုက်ကာ ပတ်ဝန်းကျင်ကို လင်းသွားစေလိုက်သည်။

အမှောင်ထုထဲ အလင်းရောင်ထွက်ပေါ်လာသောအခါ သူတို့စိတ်ထဲမှ ကြောက်စိတ်များကို လျော့နည်းသွားစေသည်။ မီးအလင်းရောင်ကြောင့် သူတို့သည် လိုဏ်ဂူတစ်ခုကို ဖြတ်သန်းသွားနေကြောင်း သေချာသွားရသည်။

လိုဏ်ဂူသည် ကျဉ်းမြောင်းလွန်းသောကြောင့် လက်ဆန့်ထုတ်လိုက်လျှင်ပင် လိုဏ်ဂူနံရံနှင့် ထိနိုင်သည်။ သို့သော် ချန်ကျဲ့တို့အုပ်စုသည်တော့ ထိုနံရံကို မထိရဲကြပေ။ ထိုနံရံများသည် ထူးဆန်း၏။

နံရံသည် ပန်းရောင်သန်းကာ အသက်ရှင်နေသည့်အလား တုန်နေသည်။ ထို့ပြင် စိုစွတ်ဟန်ရှိ၏။ ချန်ကျဲ့ အံ့အားသင့်စွာ ကြည့်နေစဉ် လျိုလောင်ကွေ့မှ ပြောလာသည်။

“ဘုရားရေ ဒီနံရံက အသက်ရှိနေတာလား။ ကြည့်စမ်း တုန်နေတာ”

ထိုအခါ အားလုံး နံရံကိုကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် အသက်ရှိနေသည့်အလား ထင်မှတ်ရ၏။ ထူးဆန်းသည့်ပုံစံဖြင့် ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေသည်။ ချန်ကျဲ့ အနီးကပ်ကြည့်ရှုရန် မီးတုတ်ဖြင့် အနားကပ်သွားလိုက်သည်။ သို့သော် မီးရောင်နီးကပ်လာသည်နှင် နံရံသည် နောက်ဆုတ်သွား၏။

ဤအရာသည် မီးကို မနှစ်ခြိုက်ကြောင်း သိသာလှသည်။

အနားတွင်ရပ်နေသည့် အားစန်းမှ ပြောသည်။

“ချန်ကျိုစစ် နံရံကို မီးတို့ကြည့်လိုက်”

ထိုအခါ အားလုံး၏အကြည့်များ အားစန်းထံ ကျရောက်လာကြ၏။

ဒီကောင်လေးက အရမ်းရဲတင်းတာပဲ။ ဒီလိုအရာကို မီးရှို့ရဲသေးတယ်။

ချန်ကျဲ့မှ အားစန်းကို ပြောသည်။

“လူကြီးမင်းစန်း ကျွန်တော်တို့က အခု တံလျှပ်ကြီးရဲ့ဗိုက်ထဲရောက်နေတာ သေချာပါတယ်။ လောကထိပ်သီးပညာရှင်စာရင်းထဲက ပုဂ္ဂိုလ်ကြီးတွေတောင် မဆင်မခြင် မပြုမူရဲကြလောက်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ဒုက္ခကိုယ်မရှာကြရအောင်ပါ။ လူကြီးမင်းစန်း ဘယ်လိုသဘောရလဲ”

ထိုအခါ အားစန်းမှ ပြောသည်။

“မင်းက အရမ်းကြောက်တတ်တာပဲ။ ဒီမှာ လူတွေအများကြီးရှိနေတာကို ဘာလို့ ဒီမကောင်းဆိုးဝါးသတ္တဝါကို ကြောက်နေရမလဲ။ ငါတို့က သူ့ဗိုက်ထဲမှာ ရောက်နေရင်တောင်မှ သခင်ကြီးစန်း ငါက သူ့ဗိုက်ကို ထိုးဖောက်ပြီး အပြင်ပြန်မထွက်နိုင်ဘူးလို့ မယုံဘူး”

ချန်ကျဲ့ ဘာမှပြန်မပြောတော့ပေ။ သို့သော် အားသာ့မှ ပြောလာသည်။

“အားစန်း မင်းပါးစပ်ကိုပိတ်ထားလိုက်တော့။ မင်းသေချင်ရင် သေလမ်းရှာလို့ရတယ်။ ဒါပေမဲ့ အခုက ခရိုင်မင်းသမီးရှိနေတယ်။ မင်းက ခရိုင်မင်းသမီးကိုပါ မင်းနဲ့အတူ သေခိုင်းမလို့လား”

‌အားစန်း ကျောက်ယာကို လှည့်ကြည့်လိုက်သည်။ ကျောက်ယာသည် ခေါင်းကုတ်နေ၏။ အားစန်းမှ ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော်… ကျွန်တော်က အဲဒီလိုသဘောနဲ့ မဟုတ်ပါဘူး။ ကျွန်တော်က ဒီတိုင်း…”

ကျောက်ယာ စကားဖြတ်ပြောလိုက်သည်။

“‌ပြဿနာရှာမနေနဲ့တော့။ လောကထိပ်သီးပုဂ္ဂိုလ်ကြီးတွေတောင် ဒီတံလျှပ်ကို မဖမ်းနိုင်ဘူးဆိုရင် ဒီကောင်က အရမ်းအင်အားကြီးလို့ပဲပေါ့။ မဆင်မခြင်လျှောက်မလုပ်နဲ့”

ထိုအခါ အားလုံးသည် အဆင်အခြင်မဲ့ မပြုမူဝံ့ကြတော့ချေ။

ထို့နောက် ကျောက်ယာသည် အနည်းငယ်ကျဉ်းကျုတ်သည့် လိုဏ်ဂူအား မီးအလင်းရောင်ဖြင့် စစ်ဆေးကြည့်ရှုသည်။

“ဒါ.. ဒါက တံလျှပ်ကြီးရဲ့ အစာရေမျိုပြွန်ဖြစ်လိမ့်မယ်”

ထိုစကားတွင် အားလုံးမျက်လုံးပြူးသွားကြ၏။

အစာရေမျိုပြွန်လား။

အစာရေမျိုပြွန်က ဒီလောက်အကျယ်ဆိုရင် ဒီသတ္တဝါကြီးက ဘယ်လောက်တောင် ကြီးလို့များလဲ။

အားလုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ ရေတွင်ပေါ်နေသည့် တံလျှပ်၏ခန္ဓာကိုယ်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်အပိုင်းငယ်လေးတစ်ခုသာဖြစ်ပြီး အစိတ်အပိုင်းအများစုမှာ ရေအောက်တွင် ဖုံးကွယ်နေကြောင်း နားလည်လိုက်ရသည်။

ပင်လယ်တွင် မျောနေသည့် ရေခဲတောင်ထိပ်နှင့် အလားတူပင် ဖြစ်သည်။ လူတို့မြင်နိုင်သည့် ရေပေါ်ရှိအပိုင်းသည် ထိပ်ဖျားစွန်းလေးမျှသာ ဖြစ်ပြီး ရေအောက်တွင် အလွန်ကြီးမားသည့်အပိုင်းကြီး ကျန်ရှိနေသေးပေသည်။

ကျောက်ယာသည် နံရံကို ‌အကဲခတ်ကြည့်ရှုပြီးနောက် ပြောသည်။

“ကောင်းပြီ၊ အားလုံးပဲ သေချာထိုင်ကြ။ ပြုတ်မကျစေနဲ့။ အရမ်းအန္တရာယ်များတယ်”

ထိုအခါ အားလုံးသည် တိတ်ဆိတ်သွားကြပြီး ကမာခွံအလယ်ဘက်သို့ တိုးကပ်လိုက်ကြသည်။

ထို့နောက် အားစန်းမှ ပြောသည်။

“ဒီနေရာက တကယ်ပဲ သတ္တဝါကြီးရဲ့အစာရေမျိုဆိုရင် ဒါတွေက သူ့ရဲ့အသားလို့ ဆိုလိုနေတာမဟုတ်ဘူးလား။ ပြီးတော့ တံလျှပ်အသားဆိုတာ ထိုက်ဆွေ့အသားပဲ မဟုတ်လား။ ဒီအသားနည်းနည်းလောက်ပဲ လှီးယူသွားလိုက်ရင် ကျွန်တော်တို့ရဲ့ဒီခရီးစဉ်က လာရကျိုးနပ်သွားပြီမဟုတ်လား”

ထိုအခါ အားလုံးတန့်သွားပြီး အားစန်းကို ကြည့်လိုက်ကြသည်။

“အဓိပ္ပာယ်ရှိတာပဲ”

ကျောက်ယာမှ အမြန်ပြောလိုက်သည်။

“ရှင်တို့အားလုံး ရူးသွားကြပြီလား။ သတိထားကြစမ်းပါ။ ပြဿနာမရှာကြနဲ့”

ကျောက်ယာ၏စကားအဆုံး၌ နောက်ဘက်ရှိလူများမှ တုံ့ပြန်လာကြသည်။

“သိပါပြီ သိပါပြီ”

သို့သော် နောက်တဒင်္ဂ၌ လူတစ်ဦး၏ နာကျင်စွာ အော်ညည်းသံကို ကြားလိုက်ရသည်။

“အား အားး…”

အသံလာရာသို့လှည့်ကြည့်လိုက်ရာ မိစ္ဆာဘွားဘွားကြီး၏ လက်အောက်ငယ်သားတစ်ဦးမှ လိုဏ်ဂူနံရံကိာ ဓားဖြင့်ထိုးစိုက်၍ အသားတစ်စ လှီးဖြတ်ယူနေသည်ကို မြင်လိုက်ရသည်။

သို့သော် ထိုလူမှာ ပျော်ရွှင်ချိန်ပင် မရလိုက်ဘဲ နံရံသည် အက်ကွဲသွားပြီး ထုလုံးရှည်သဏ္ဍာန်ပါးစပ်ကြီး ထွက်ပေါ်လာကာ နံရံကိုလှီးဖြတ်သူ၏မျက်နှာကို စေးကပ်ကပ်အရည်များဖြင့် ပက်ဖျန်းသွားခဲ့သည်။ ထိုအခါ ထိုလူသည် သားသတ်ခံနေရသည့် ဝက်တစ်ကောင်အလား အော်ဟစ်တော့သည်။

ထို့နောက်တွင် သူ၏မျက်နှာမှ အဖြူရောင်မီးခိုးများထွက်လာကာ အန်ချင်စဖွယ်အနံ့ကြီးလည်း ပျံ့နှံ့လာခဲ့သည်။

အားလုံး ကြောက်ရွံ့တုန်လှုပ်စွာ ပင့်သက်ရှိုက်မိလိုက်ကြသည်။ ထိုလူ၏မျက်နှာမှာ ရုတ်ချည်း တိုက်စားခံလိုက်ရ၏။ အသွေးအသားများ ပျောက်ဆုံးသွားပြီး ပါးစပ်အတွင်းထဲမှ လျှာနှင့်သွားတို့ကို အတိုင်းသား မြင်နေရလေသည်။

All Chapters