← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) - အတူတူအိပ်စက်ခြင်း

ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် သမ်းဝေနေသော ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။

"မိုးချုပ်နေပြီ... အခန်းထဲပြန်ပြီး အနားယူတော့လေ..."

ကျူးလင်က ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်ရင်း ထပ်မံသမ်းဝေလိုက်ပြန်သည်။ သူမက ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။

"ရှင် အိမ်မပြန်တော့ဘူးလား..."

ရှို့ဝူက ခေါင်းခါပြလိုက်ပြီး ဟောင်းနွမ်းနေသော ဆိုဖာပေါ်သို့ မှီချလိုက်ရင်း ပြောလိုက်သည်။

"နောက်ထပ် နာရီနည်းနည်းလောက်ကြာရင် ကိုယ်တို့တွေ အပြင်ပြန်ထွက်ရဦးမှာလေ... ကိုယ် ဒီမှာပဲ အိပ်လိုက်ပါ့မယ်..."

ကျူးလင်က သူ၏ အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည် ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် သေးငယ်ဟောင်းနွမ်းလှသော ဆိုဖာလေးကို ယှဉ်ကြည့်လိုက်သည်။ သူမက စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

"ရှင် ဧည့်သည်ခန်းထဲမှာ သွားအိပ်ပါလား..."

သူမ မေးလိုက်သည့်အခါ ရှို့ဝူက သူမကို ကြည့်ကာ သက်ပြင်းချသလို ပြုံးရင်း မေးလိုက်သည်။

"အိပ်ခန်းတွေအကုန်လုံးကို ကလေးတွေ အိပ်ဖို့ ပေးထားတာကို မေ့သွားပြီလား..."

သူမ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ရှို့ဝူက ဟောင်းနွမ်းနေသော ဆိုဖာကို ပုတ်ပြရင်း ပြောလိုက်သည်။

"ဒီမှာ အိပ်ရတာလည်း တော်တော်လေး သက်တောင့်သက်သာ ရှိပါတယ်... ကိုယ့်အတွက် စိတ်မပူပါနဲ့... မင်းလည်း မြန်မြန်သွားအိပ်တော့လေ..."

ကျူးလင်က သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

"ကောင်းသောညပါ ရှို့ဝူ..."

သူက သူမကို နူးညံ့စွာ ပြုံးပြရင်း ပြောလိုက်သည်။

"ကောင်းသောညပါ ရှောင်လင်..."

သူမ အိပ်ခန်းထဲသို့ ဝင်သွားပြီး တံခါးပိတ်လိုက်သည်အထိ စောင့်ကြည့်ပြီးနောက်တွင်မှ သူက မျက်လုံးများကို မှိတ်ကာ အိပ်စက်ရန် ပြင်လိုက်တော့သည်။

ကျူးလင်ကမူ အိပ်ခန်းထဲရှိ အိပ်ရာအလွတ်ကြီးကို ကြည့်ရင်း ယနေ့ညတွင် ထူထူက ကလေးများနှင့်အတူ သွားရောက်အိပ်စက်သည်ကို ရုတ်တရက် သတိရသွားမိသည်။

ဟာလာဟင်းလင်း ဖြစ်နေသော ဧရာမကုတင်ကြီးကိုကြည့်ရင်း ကျူးလင်က ပိတ်ထားသော တံခါးဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်မိလေသည်။

သူမက ခေတ္တမျှ ဇဝေဇဝါဖြစ်နေပြီးနောက် တံခါးကို ပြန်ဖွင့်လိုက်သည်။ ရှို့ဝူက တံခါးဖွင့်သံကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူမက ထိုနေရာတွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူက မျက်ခုံးကို အသာပင့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"တစ်ခုခု လိုအပ်လို့လား..."

ကျူးလင်က သူ၏မေးခွန်းကို မဖြေဘဲ တိတ်ဆိတ်စွာသာ စိုက်ကြည့်နေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက အကြည့်ကို လွှဲလိုက်ရင်း တုံ့ဆိုင်းစွာ မေးလိုက်သည်။

"ရှို့ဝူ... ရှင် ကျွန်မရဲ့ အိပ်ခန်းထဲမှာ လာအိပ်ချင်လား..."

သူမ၏ စကားကို ကြားလိုက်ရသည့် ခဏ၌ ရှို့ဝူ၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် လွင့်ပြယ်သွားတော့သည်။ သူ၏ မျက်ဝန်းများက လှုပ်ရှားသွားပြီး တိုးရှတုန်ရီသော အသံဖြင့် မေးလိုက်သည်။

"ရှောင်လင်... မင်း တကယ်ပဲ ငါ့ကို မင်းရဲ့အိပ်ခန်းထဲမှာ အိပ်ဖို့ ဖိတ်ခေါ်နေတာ သေချာရဲ့လား..."

ကျူးလင်က ဟာလာဟင်းလင်း ဖြစ်နေသော ဧရာမကုတင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ပြန်ကြည့်လိုက်သည်။ သူမက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီည ထူထူက ကလေးတွေနဲ့ သွားအိပ်တယ်လေ... ပြီးတော့ ကုတင်အလွတ်ကြီးက ကျွန်မတစ်ယောက်တည်း အိပ်ဖို့အတွက် အရမ်းကျယ်လွန်းနေသလိုပဲ...”

“ပြီး‌တော့ ဆိုဖာကလည်း ရှင့်အတွက် အရမ်းသေးလွန်းတယ်... ရှင်တို့တွေ ခဏနေရင် အပြင်ပြန်ထွက်ရဦးမှာဆိုတော့ ရှင် ဆိုဖာပေါ်မှာ အိပ်ရင် ကောင်းကောင်းအိပ်မပျော်နိုင်ဘူး ထင်လို့ပါ..."

သူမ၏ စကားကို ကြားပြီးနောက် ရှို့ဝူက သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ ကျူးလင်က ပုံမှန်နှင့်မတူဘဲ ထူးခြားနေသော သူ၏မျက်ဝန်းများကို ကြည့်ကာ ခေါင်းလေးကို အသာစောင်းရင်း ပြောလိုက်သည်။

"ရှင် မအိပ်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့... ကျွန်မက ဒီအတိုင်း မေးကြည့်တာပါ..."

မိမိနှစ်သက်ရသော အမျိုးသမီးလေး၏ ဖိတ်ခေါ်မှုကို ရရှိလိုက်သဖြင့် ရှို့ဝူက ထိုဖိတ်ခေါ်ချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပေသည်။

သူ့စိတ်ကူးထဲတွင် မသင့်လျော်သော အတွေးအချို့ စတင်ပေါ်ပေါက်လာသောအခါ သူက ဟောင်းနွမ်းနေသော ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး သူမရှိရာသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

သူက သူမ၏ ရှေ့တွင် ရပ်လိုက်ပြီး မျက်လွှာချကာ သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ရှောင်လင်... မနက်ဖြန်ကျရင် မင်း နောင်တရမှာ မဟုတ်ဘူးမလား..."

ရှို့ဝူ၏ စကားကို ကြားရသောအခါ ကျူးလင်က သူ၏ နက်ရှိုင်းလှသော မျက်ဝန်းများကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသော်လည်း မည်သည့်အရာ ဖြစ်သည်ကိုမူ သဲသဲကွဲကွဲ မသိချေ။

သူမ တွေးတောနေစဉ်မှာပင် ရှို့ဝူက သူမထံသို့ ခြေတစ်လှမ်း တိုးကပ်လာပြီး သူမ၏ နားနားသို့ ကပ်ကာ အက်ရှရှအသံဖြင့် တိုးတိုးလေး မေးလိုက်ပြန်သည်။

"ရှောင်လင်... မင်းရဲ့ ဖိတ်ခေါ်မှုကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးမလား..."

သူ၏ အက်ရှရှအသံကြောင့် ကျူးလင်သည် နားထဲတွင် ယားကျိကျိ ဖြစ်သွားသဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။

ရှို့ဝူ၏ နှာခေါင်းထိပ်ဖျားက သူမ၏ နှာခေါင်းနှင့် ထိလုနီးပါး ဖြစ်နေသည်ကို သတိပြုမိလိုက်သောအခါ သူမက လန့်ဖျပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။

စိုးရိမ်တကြီး ဆုတ်လိုက်မိသဖြင့် သူမ၏ နောက်ကွယ်တွင် တစ်ဝက်ပွင့်နေသော တံခါးချပ် ရှိနေသည်ကို မေ့လျော့သွားခဲ့သည်။ ရှို့ဝူက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူမ၏ ဦးခေါင်းနောက်စေ့ကို လှမ်း၍ ထိန်းကိုင်ပေးလိုက်တော့သည်။

ဒုန်း...

ကျူးလင်က တိုက်မိသံကို ကြားလိုက်ရသဖြင့် ဇဝေဇဝါဖြစ်စွာဖြင့် မျက်တောင်အနည်းငယ် ခတ်လိုက်မိရင်း တွေးလိုက်မိသည်။

'သူက ငါ့ကို တံခါးနဲ့တိုက်မိရင် ဒဏ်ရာရသွားလောက်အောင်အထိ အားနည်းတယ်လို့ ထင်နေတာလား...'

ကျူးလင်၏ စိတ်ထဲမှ အတွေးများကို မသိရှိသော ရှို့ဝူကမူ သက်ပြင်းအသာချလိုက်မိသည်။ သူက သူမကို နူးညံ့စွာ ကြည့်ရင်း သက်ပြင်းချသံစွက်နေသော အသံဖြင့် မေးလိုက်သည်။

"မင်း ကိုယ့်ကို ကြောက်နေတာလား..."

သတိပြန်ဝင်လာပြီးနောက် ကျူးလင်က သူမ၏ ခေါင်းကို ဘေးသို့ လွှဲလိုက်ရင်း သူ၏အကြည့်များကို ရှောင်ရှားလိုက်သည်။

ရှို့ဝူ စကားပြောလိုက်သည့်အခါ သူ၏ နွေးထွေးသော ထွက်သက်ဝင်သက်များက သူမကို လွှမ်းခြုံသွားသဖြင့် သူမ ရုတ်တရက် ပူနွေးလာသလို ခံစားလိုက်ရသည်။

ကျူးလင်က သူမ၏ ပါးပြင်လေးများ ပူနွေးလာသည်ကို ခံစားလိုက်ရသဖြင့် ရှို့ဝူကို အသာအယာ တွန်းထုတ်လိုက်ရင်း အလျင်အမြန် ပြောလိုက်သည်။

"ကျွန်မ အိပ်ချင်ပြီ... အိပ်ကြရအောင်..."

သူမ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ ရှို့ဝူသည် သူ၏ ရင်ခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။

ကျူးလင်က နံရံကပ်ဗီရိုထဲမှ ခေါင်းအုံးနှစ်လုံးကို ထပ်မံထုတ်ယူနေသည်ကို မြင်လိုက်ရသောအခါ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် တံခါးကို ပိတ်လိုက်တော့သည်။

ကျူးလင်က ကုတင်ပေါ်သို့ လှဲချရန် ပြင်လိုက်စဉ်မှာပင် ရှို့ဝူက သူမ၏အနားသို့ ရောက်ရှိလာပြီး နောက်မှနေ၍ သူမကို ပွေ့ဖက်လိုက်လေသည်။

သူ၏ ရုတ်တရက် ပွေ့ဖက်ခြင်းကြောင့် ကျူးလင်က လန့်ဖျပ်သွားပြီး လှည့်ကြည့်ကာ မျက်လုံးဝိုင်းလေးများဖြင့် မေးလိုက်သည်။

"ရှင် ဘာလုပ်တာလဲ..."

ရှို့ဝူက သူမ၏ နီရဲနေသော ပါးပြင်လေးကို ကြည့်ကာ အလွန်လှပသည်ဟု တွေးတောမိလိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး အက်ရှရှအသံဖြင့် ပြောလိုက်သည်။

"မင်းနဲ့အတူတူ အိပ်မလို့လေ..."

အိပ်စက်လိုပါက အဘယ်ကြောင့် ဖက်ထားရန် လိုအပ်သနည်းဟု ကျူးလင်က မေးမြန်းရန်ပင် အချိန်မရလိုက်မိမီမှာပင် သူ၏ ချောမောသော မျက်နှာက ပိုမိုနီးကပ်လာသည်ကို မြင်လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ကျူးလင်သည် နွေးထွေးနူးညံ့သော နှုတ်ခမ်းတစ်စုံက သူမ၏ နှုတ်ခမ်းထက်သို့ ထိကပ်လာသည်ကို ခံစားလိုက်ရတော့သည်။

သူ၏ နမ်းရှိုက်ခြင်းကို ခံလိုက်ရသဖြင့် သူမခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး စိတ်ကူးထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရလေသည်။

ရှို့ဝူက သူ့ကို ပြန်လည်စိုက်ကြည့်နေသော သူမ၏ လှပလွန်းသည့် မျက်ဝန်းများကို ကြည့်လိုက်သည်။

သူမက မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ သူက အသာအယာ ရယ်မောလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ရှောင်လင်... မင်းရဲ့ နှုတ်ခမ်းလေးတွေကို ဖွင့်ပေးပါဦး..."

ထိုစကားလုံးများ ထွက်ပေါ်လာသည့်အခါမှ ကျူးလင်က သတိပြန်ဝင်လာတော့သည်။ သူမက သူမနှုတ်ခမ်းများကို သူနှင့် ခွာလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ သံသယစိတ်ဖြင့် မေးလိုက်သည်။

"ရှင်… ခုနက ကျွန်မကို နမ်းလိုက်တာလား... ဘာလို့ ရုတ်တရက်ကြီး နမ်းလိုက်ရတာလဲ..."

ဤကဲ့သို့သော အချိန်မျိုးတွင် သူမက ထိုမေးခွန်းကို ရုတ်တရက် မေးမြန်းလိမ့်မည်ဟု ရှို့ဝူက မျှော်လင့်မထားခဲ့သဖြင့် သူမကို ကြောင်တောင်တောင်ဖြင့်သာ စိုက်ကြည့်နေမိတော့သည်။

All Chapters