အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) - ညှဉ်းပန်းနှိပ်စက်လွန်းသောည
ဤအချိန်တွင် ရှို့ဝူ၏စိတ်ထဲ၌ သူတို့၏စကားပြောဆိုမှုများကို ပြန်လည်တွေးတောနေမိလေသည်။
ကျူးလင်က သူမ၏အိပ်ခန်းထဲသို့ ဖိတ်ခေါ်စဉ် ပြောခဲ့သောစကားများနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများကို အကဲခတ်ကြည့်ရသရွေ့ သူမသည် သူ့ကို အတူတူအိပ်စက်ရန် တကယ်ပင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သူ သေချာပေါက် သိရှိလိုက်ရချေသည်။
ရှို့ဝူက တွေးတောနေစဉ်အတွင်း ကျူးလင်သည် သူမ၏မေးခွန်းကို ပြန်လည်ဖြေကြားမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပေသည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်တွင်လည်း သူ၏တုံ့ပြန်မှုကို မကြားရသဖြင့် ကျူးလင်သည် မျက်ခုံးအစုံကို အနည်းငယ်တွန့်လိုက်ပြီး သူမခါးပေါ်တွင် တင်ထားသော သူ့လက်မောင်းများကို ဖယ်ရှားလိုက်လေသည်။
ကျူးလင်သည် သူ၏ရှေ့တွင် တည်ငြိမ်စွာရပ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက ဒီမှာအိပ်မယ်... ရှင်ကတော့ ဟိုဘက်မှာအိပ်ပါ..."
ထိုသို့ပြောပြီးနောက် ကျူးလင်သည် သူမ၏ဖိနပ်ကို တည်ငြိမ်စွာချွတ်လိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ချေသည်။
သူက ထိုနေရာတွင်ပင် ရပ်လျက် သူမကို ငေးငိုင်စွာ ကြည့်နေဆဲဖြစ်သည်ကို မြင်ရသဖြင့် ကျူးလင်သည် သမ်းဝေလိုက်ရင်း ပြောလိုက်သည်။
"ကျွန်မတို့ အိပ်ချိန်နည်းနည်းပဲ ရတော့တယ်... စောစောအိပ်ပါ..."
မကြာမီအချိန်အတွင်းမှာပင် ရှို့ဝူသည် သူမ၏မှန်မှန်နှင့် နှေးကွေးသော အသက်ရှူသံကို ကြားလိုက်ရလေသည်။
သူသည် သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာချလိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်မိ၏။ သူ၏ခန္ဓာကိုယ်အောက်ပိုင်း အခြေအနေကို မြင်လိုက်ရသည့်အခါ သူသည် မသက်မသာ သက်ပြင်းချလိုက်မိပြီး ရေချိုးခန်းထဲသို့ လျှောက်လှမ်းသွားခဲ့ချေသည်။
ရေချိုးခန်းထဲတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် ရှို့ဝူသည် စိုစွတ်နေသော ဆံပင်များဖြင့် ပြန်လည်ထွက်ခွာလာခဲ့ပေသည်။
သူသည် ကုတင်ဘေးတွင် ရပ်လျက် အိပ်ပျော်နေသော ကျူးလင်ကို စိုက်ကြည့်နေမိလေသည်။
ထို့နောက် ကုတင်၏အလယ်တွင် ချထားသော ရေဇလုံကို ကြည့်လိုက်မိ၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူသည် မတတ်သာဘဲ သက်ပြင်းကို ထပ်မံချလိုက်ပြီး ကုတင်၏အခြားတစ်ဖက်တွင် လှဲလျောင်းလိုက်ချေသည်။
ထိုညတွင် ရှို့ဝူသည် ကျူးလင်၏ အိပ်မက်ထဲမှ ညည်းတွားသံများကြောင့် ရေအေးဖြင့် နောက်ထပ်နှစ်ကြိမ်တိုင်တိုင် ရေချိုးခဲ့ရပေသည်။
ငါးနာရီခန့် ကြာပြီးနောက် ကျူးလင် နိုးလာသည့်အခါ ရှို့ဝူ၏မျက်လုံးအောက်တွင် နက်မှောင်နေသော မျက်ကွင်းညိုကြီးနှစ်ခုကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။ သူမသည် ကုတင်ပေါ်တွင် ထိုင်လိုက်ရင်း သူ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ တွေးလိုက်မိသည်။
'သူက ဆိုဖာအသေးလေးပေါ်မှာ အိပ်တုန်းကထက် ကုတင်ပေါ်မှာ အိပ်တာက ဘာလို့ ပိုပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေရတာလဲ...'
ရှို့ဝူသည် ထထိုင်လိုက်ပြီး သူမကို မတတ်သာသလို စိုက်ကြည့်နေမိချေသည်။ ကျူးလင်က သူ့ကို ဇဝေဇဝါဖြင့် ကြည့်နေသည်ကို မြင်ရသဖြင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဆံပင်များကို ဖွလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
'သူမက ငါ့ကို ယောက်ျားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ကလေးတစ်ယောက်လိုပဲ သဘောထားနေတုန်းပဲ ထင်တယ်...'
သူ့ကို ဤကဲ့သို့ မြင်ရသဖြင့် ကျူးလင်သည် အံ့အားသင့်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ရှို့ဝူ... ရှင် မနေ့ညက အိပ်မက်ဆိုးတွေ မက်လို့လား..."
သူမ၏မေးခွန်းကို ကြားရသည့်အခါ ရှို့ဝူသည် သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိရင်း စိတ်ထဲမှ တွေးလိုက်မိပေသည်။
'ငါ အိပ်မက်ဆိုး မက်ခဲ့တာ မဟုတ်ဘူး... မင်းရဲ့ဘေးမှာ လှဲလျောင်းရင်း နွေဦးအိပ်မက်တွေမက်ပြီး ချိုမြိန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တစ်ညလုံး ဖြတ်သန်းခဲ့ရတာ... ဒါက ငါ့ဘဝမှာ တကယ်ပဲ အဆိုးရွားဆုံး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ညတစ်ညပဲ...'
သူက သူမကိုသာ စိုက်ကြည့်နေသည်ကို မြင်ရသဖြင့် ကျူးလင်သည် သူမ၏လက်ကို မြှောက်လိုက်ပြီး ရှို့ဝူ၏မျက်နှာရှေ့တွင် ယမ်းပြကာ မေးလိုက်သည်။
"ရှင် ဘာဖြစ်နေတာလဲ... မနေ့ညကတည်းက ရှင့်ပုံစံက ထူးဆန်းနေတယ်..."
ရှို့ဝူသည် ခေါင်းခါလိုက်ပြီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းဆီသို့ လျှောက်လှမ်းရင်း ပြောလိုက်သည်။
"ကိုယ် ဘာမှမဖြစ်ပါဘူး... နည်းနည်း ပူအိုက်နေလို့ပါ..."
ထိုစကားများကို ချန်ထားခဲ့ပြီးနောက် သူသည် ရေချိုးခန်းထဲသို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်လေသည်။ ကျူးလင်သည် ပိတ်သွားသော ရေချိုးခန်းတံခါးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"အပူချိန်ထိန်းညှိပေးတဲ့ အစီအရင်မှာ တစ်ခုခု ချို့ယွင်းနေလို့လား..."
ထိုသို့တွေးတောလိုက်ရင်း သူမသည် ကုတင်ပေါ်မှဆင်းကာ ဧည့်ခန်းသို့ လျှောက်လှမ်းလာခဲ့ချေသည်။ ထူထူက ကလေးများကို အစာကျွေးရန် အလုပ်ရှုပ်နေသည်ကို မြင်ရသဖြင့် သူမသည် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ထူထူ... မင်္ဂလာနံနက်ခင်းပါ..."
ယုန်လေးသည် ခေါင်းမော့ကာ သူမကို ကြည့်ပြီး ပြောလိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ သခင်မလေး..."
ကျူးလင်သည် ကလေးများ၏ ပန်းကန်လုံးထဲရှိ ကွေကာအုပ်များကို ကြည့်ပြီး မေးလိုက်သည်။
"မင်း ကလေးတွေကို ဘာတွေကျွေးနေတာလဲ..."
ထူထူက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း သေချာမသိဘူး... ဒါပေမဲ့ ကလေးတွေကတော့ တော်တော်ကြိုက်ကြတယ်... ဒီအနီးနားက ဂိုဒေါင်နယ်မြေတစ်ခုထဲမှာ ဒါတွေကို အများကြီး ရှာတွေ့ခဲ့တာ..."
ထူထူ၏စကားကို ကြားရသည့်အခါ ကျူးလင်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး မေးလိုက်သည်။
"မင်း မနေ့က အပြင်ထွက်ခဲ့တာလား..."
ယုန်လေးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့... ကလေးတွေက အာဟာရရှိတဲ့ အစားအစာတွေကို စားသုံးပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ လိုအပ်တယ်လို့ လူသားတွေ ပြောကြတာကို ကျွန်တော် ကြားဖူးတယ်...”
“ကျွန်တော်တို့ဆီမှာ သခင်မလေး စိုက်ပျိုးထားတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အဓိကအစားအစာတွေပဲ ရှိတာမို့ ကလေးတွေအတွက် ပိုပြီး စုံစုံလင်လင်ရှိမယ့် အစားအစာတွေကို သွားရှာဖို့ ဆုံးဖြတ်ခဲ့တာ...”
“ဒါပေမဲ့ ကျွန်တော် တစ်နာရီလောက်ပဲ ကြာခဲ့တာပါ... ပြီးတော့ အသက်ကြီးတဲ့ ကလေးတွေကလည်း အငယ်တွေကို ကောင်းကောင်း စောင့်ရှောက်နိုင်ကြပါတယ်..."
ထူထူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျူးလင်သည် ခေတ္တမျှ တွေးတောလိုက်ပြီး မေးလိုက်သည်။
"မင်း အဲဒီဂိုဒေါင်နယ်မြေအကြောင်းကို ဘယ်လိုသိတာလဲ..."
ထူထူသည် မျက်နှာကျက်ဆီသို့ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
"ဖုတ်ကောင်လေးက လမ်းညွှန်ပေးခဲ့တာပါ... အဲဒီဂိုဒေါင်နယ်မြေလို နေရာမျိုးတွေ အများကြီးရှိပြီး အဲဒီနေရာတွေမှာ ရိက္ခာနဲ့ ပစ္စည်းတွေ အများကြီး စုပုံနေတယ်လို့ ပြောတယ်...”
“ပြီးတော့ အဲဒီပစ္စည်းတွေ မပျက်စီးခင် အမြန်ဆုံး သွားရောက်သိမ်းဆည်းရမယ်လို့လည်း ပြောခဲ့တယ်..."
ကျူးလင်သည် ထူထူ၏စကားကို ကြားရသည့်အခါ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ထူထူ... ငါ မင်းကို တာဝန်တစ်ခု ပေးမယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ယုန်လေး၏ နားရွက်ရှည်ကြီးများသည် ထောင်မတ်သွားခဲ့ချေသည်။ ထူထူသည် တောက်ပသော မျက်ဝန်းများဖြင့် သူမကို ကြည့်ပြီး ပြောလိုက်သည်။
"သခင်မလေး... သခင်မလေးက နောက်ဆုံးတော့ ကျွန်တော့်ကို တာဝန်တစ်ခု ပေးပြီပေါ့... ကျွန်မကို ဘာလုပ်စေချင်တာလဲ..."
ကျူးလင်သည် မျက်နှာကြက်ဆီသို့ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“ဟိုဖုတ်ကောင်လေးရဲ့ အကူအညီနဲ့ ရိက္ခာနဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှ အများကြီး သွားရောက်သိမ်းဆည်းပါ..."
“ငါတို့က စခန်းတစ်ခု တည်ဆောက်ချင်တာမို့ ရိက္ခာနဲ့ ပစ္စည်းတွေ အများကြီး လိုအပ်တယ်...”
“ငါက မျိုးစေ့တွေကို သုံးပြီး အစားအစာတွေ စိုက်ပျိုးနိုင်ပေမဲ့ အစားအစာအပြင် လူသားတွေအတွက် ဆေးဝါးတွေ၊ အဝတ်အထည်တွေနဲ့ အခြားနေ့စဉ်သုံး ပစ္စည်းတွေလိုမျိုး အရာတွေလည်း ပိုပြီး လိုအပ်သေးတယ်..."
ထူထူက ခေါင်းညိတ်လိုက်ပြီး သူ၏ အမွေးပွပွ ရင်ဘတ်ကို လက်သည်းလေးများဖြင့် ပုတ်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး... ဒီကိစ္စကို ကျွန်တော့်ဆီပဲ လွှဲထားလိုက်ပါ..."
ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ သိုလှောင်အိတ် ဆယ်လုံးကျော်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
"မင်း ရိက္ခာနဲ့ ပစ္စည်းတွေကို ဒီအိတ်ထဲမှာ ထည့်နိုင်တယ်... အိတ်တွေ ပြည့်သွားရင် နောက်ထပ် သိုလှောင်အိတ်တွေ ထပ်လာယူ..."
ထူထူသည် ထိုနတ်ဘုရားအဆင့် အသုံးအဆောင်များကို ကြည့်ပြီး ဆွံ့အသွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။
'ငါ့သခင်မလေးက ဒီနတ်ဘုရားအဆင့် သိုလှောင်အိတ်တွေထဲက နေရာလွတ်က ဘယ်လောက်တောင် ကျယ်ဝန်းလဲဆိုတာ သိရဲ့လားမသိဘူး...'
ထူထူသည် ဆွံ့အသွားခဲ့သော်လည်း ကျူးလင်၏လက်ထဲမှ သိုလှောင်အိတ်များကို ယူဆောင်ကာ သူ၏ စိတ်ဝိညာဉ်နန်းတော်ထဲသို့ ထည့်သွင်းလိုက်လေသည်။ ထို့နောက် သူမကို ကြည့်ပြီး ပြောလိုက်သည်။
"သခင်မလေး... ကျွန်တော် ကလေးတွေကို အစာကျွေးပြီးတာနဲ့ ချက်ချင်း ထွက်သွားပါ့မယ်..."
ထူထူ၏စကားကို ကြားရသည့်အခါ ကျူးလင်သည် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ဖွင့်ထားသော ကွေကာအုပ်ထဲမှ ကွေကာအုပ်အနည်းငယ်ကို ယူလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မြည်းစမ်းကြည့်လိုက်မိပေသည်။