အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) - သူမက ငါ့အပိုင်
ကျူးလင်က ကွေကာအုပ်ကို မြည်းစမ်းကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်လေသည်။
"အရသာက တစ်မျိုးကြီးပဲ..."
ထူထူက သူမ၏ အမူအရာကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
"သခင်မလေး... မကြိုက်ရင်လည်း မစားပါနဲ့တော့..."
ရှို့ဝူက ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူနှင့် ကျူးလင်အတွက် မနက်စာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ အာဟာရပြည့်ဝသော မနက်စာကို အတူတူ သုံးဆောင်ပြီးနောက် ကျူးလင်က ထူထူကို ကြည့်ကာ ပြောလိုက်ပေသည်။
"ငါ ရှို့ဝူနဲ့အတူ သတ္တုရိုင်းသွားဝယ်မလို့... နောက်မှ အပြင်ထွက်ရင် ဂရုစိုက်ဦးနော်..."
ထူထူက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
"ဟုတ်ကဲ့ပါ သခင်မလေး..."
ထူထူ၏ လိမ္မာသိတတ်သော အဖြေကို ကြားရသဖြင့် ကျူးလင်က ထူထူ၏ ခေါင်းလေးကို သာသာယာယာ ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။
"ဒါဆို ငါ သွားတော့မယ်နော်..."
တိုက်ခန်းအဆောက်အအုံမှ ထွက်လာပြီးနောက် သူတို့နှစ်ဦးသည် စခန်း၏ ပင်မဝင်ပေါက်ဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။ ထိုနေရာသို့ ရောက်ရှိချိန်တွင် လူအများအပြား တံခါးဝ၌ တန်းစီနေကြသည်ကို တွေ့လိုက်ရလေသည်။
ကျူးလင်က ရှို့ဝူ၏ ဝတ်ရုံစကို အသာအယာ ဆွဲကိုင်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ရှို့ဝူ... ဒီမှာ ဘာတွေဖြစ်နေတာလဲ ရှင် သိလား..."
သူမ မေးလိုက်သည်ကို ကြားသောအခါ ရှို့ဝူက ပြုံးလျက် ပြန်မေးလိုက်လေသည်။
"ကိုယ်တို့ သွားပြီး စုံစမ်းကြည့်ကြမလား..."
ကျူးလင်က သဘောတူလိုက်သဖြင့် သူတို့နှစ်ဦးသည် တံခါးတစ်ခုကို စောင့်ကြပ်နေသော စစ်သားတစ်ဦးထံသို့ လျှောက်သွားလိုက်ကြသည်။
ထိုစစ်သားသည် စခန်းအတွင်းသို့ သန္ဓေပြောင်းခြင်များ ဝင်ရောက်တိုက်ခိုက်စဉ်က သူတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသော စစ်သားများထဲမှ တစ်ဦးဖြစ်သဖြင့် ၎င်းတို့နှစ်ဦးကို မှတ်မိနေချေသည်။
သူတို့ လျှောက်လာသည်ကို မြင်သောအခါ စစ်သားက ပြုံးရွှင်စွာ ကြည့်လျက် နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ... ဒီနေ့ အပြင်ထွက်ကြမလို့လား..."
ရှို့ဝူက ခေါင်းညိတ်ကာ ပြန်ပြောလိုက်ပေသည်။
"ဟုတ်တယ်... ဒီမှာ ဘာတွေဖြစ်နေတာလဲ..."
စစ်သားက လူအုပ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရှို့ဝူကို ပြန်ကြည့်ကာ မေးလိုက်လေသည်။
"ဟိုလူတွေကို ပြောတာလား..."
ရှို့ဝူက ခေါင်းညိတ်ပြလိုက်ရာ စစ်သားက ရှင်းပြလိုက်၏။
"သူတို့အားလုံးက သတ္တုရိုင်းသွားတူးကြမလို့လေ..."
စစ်သား၏ အဖြေကို ကြားရပြီးနောက် ရှို့ဝူနှင့် ကျူးလင်တို့သည် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ စစ်သားက ၎င်းတို့၏ အမူအရာလေးကို သတိပြုမိသွားပြီး မေးလိုက်ပေသည်။
"မင်းတို့နှစ်ယောက်လည်း သတ္တုရိုင်းသွားတူးမလို့လား..."
ရှို့ဝူက ခေတ္တမျှ တွေးတောလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ကျွန်တော်တို့က အပြင်မှာ ဆိုင်ခန်းဖွင့်ပြီး သတ္တုရိုင်းတွေ ဝယ်မလို့..."
သူ့စကား ဆုံးသွားသည်နှင့် စစ်သားသာမက ထိုနေရာရှိ တန်းစီနေသူအားလုံးကပါ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တန်းစီနေသူများထဲမှ တစ်ဦးက ရုတ်တရက် လှမ်းမေးလိုက်၏။
"ဒါဆို ဈေးထဲမှာ ဆိုင်မဖွင့်တော့ဘူးလား..."
ရှို့ဝူက ထိုလူ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်ပေသည်။
"ဟုတ်တယ်... နောက်ဆိုရင် ကျွန်တော်တို့ အပြင်ဘက်မှာပဲ ဆိုင်ဖွင့်တော့မယ်..."
သူ့စကားကြောင့် လူအုပ်ကြီးကြားတွင် တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာပြီး စစ်သားကမူ ရှို့ဝူနှင့် ကျူးလင်တို့ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
အမျိုးသမီးငယ်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် လှမ်းမေးလိုက်လေသည်။
"ဘယ်နားမှာ ဆိုင်ဖွင့်မှာလဲဟင်... နေရာလေး ပြောပြလို့ရမလား..."
ဤစစ်တပ်စခန်း၏ ပတ်ပတ်လည်တွင် အခြားစခန်းငယ်အချို့ ရှိနေသဖြင့် ရှို့ဝူနှင့် ကျူးလင်တို့သည် ယနေ့ အပြင်မထွက်မီကတည်းက ဆိုင်ဖွင့်မည့်နေရာကို ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။
ရှို့ဝူက ထိုအမျိုးသမီးငယ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ဒီစခန်းနဲ့ လဲ့ဟော်စခန်းရဲ့ လမ်းဆုံမှာ ဖွင့်မှာ..."
ရှို့ဝူ၏ အဖြေကို ကြားပြီးနောက် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ထပ်မေးလိုက်ပေသည်။
"တစ်နေ့လုံး ဖွင့်ထားမှာလား..."
ရှို့ဝူက စူးစမ်းလိုစိတ် ပြင်းပြနေသော လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်လေသည်။
"ငါတို့ဆိုင်ကို မွန်းတည့်ချိန်ကနေ နေဝင်ချိန်အထိ ဖွင့်ထားမယ်... နေရာကတော့ ဒီစခန်းနဲ့ လဲ့ဟော်စခန်းရဲ့ လမ်းဆုံမှာပဲ... သတ္တုရိုင်းတွေ လုံလုံလောက်လောက် ရပြီဆိုရင်တော့ ဝယ်တာကို ရပ်လိုက်မှာ..."
အခြားသူများ ထပ်မံမေးမြန်းခြင်းကို မစောင့်တော့ဘဲ ကျူးလင်က ရေသန့်ဘူးတစ်ဘူး ထုတ်ယူကာ စစ်သားထံသို့ ကမ်းပေးရင်း မေးလိုက်၏။
"ကျွန်မတို့အတွက် တံခါးလေး ဖွင့်ပေးလို့ရမလား..."
စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီးနောက် စစ်သားက ရေသန့်ဘူးကို လှမ်းယူကာ တိုးတိုးလေး သတိပေးလိုက်လေသည်။
"မနေ့က လဲ့ဟော်စခန်းနဲ့ မလှမ်းမကမ်းမှာ အဆင့်မြင့်ဖုတ်ကောင်တစ်ကောင်ကို အဖွဲ့အချို့ တွေ့ခဲ့တယ်လို့ သတင်းရထားတယ်... မင်းတို့နှစ်ယောက် အပြင်မှာ ဂရုစိုက်ကြဦးနော်..."
သတင်းပေးသည့်အတွက် စစ်သားကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ရှို့ဝူနှင့် ကျူးလင်တို့သည် စခန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
၎င်းတို့ ထွက်သွားသည်ကို မြင်လိုက်ရသည့် ခဏ၌ တန်းစီနေသော လူများမှာ စိုးရိမ်တကြီး ဖြစ်သွားကြပြီး တံခါးဝတွင် စာရွက်စာတမ်း စစ်ဆေးနေသော စစ်သားများကို အော်ဟစ်ပြောဆိုကြတော့သည်။
အမျိုးသားတစ်ဦးက စစ်သားများကို စိတ်မရှည်စွာဖြင့် အော်ပြောလိုက်၏။
"ရဲဘော်တို့... နည်းနည်းလောက် မြန်မြန်လုပ်ပေးကြပါ... ကျွန်တော် နေမဝင်ခင် သတ္တုရိုင်းတွေ အလုံအလောက် စုဆောင်းရဦးမယ်..."
သူ့နောက်မှ လူငယ်တစ်စုကလည်း ဝိုင်းပြောကြလေသည်။
"ဟုတ်ပဗျာ... ဒီနေ့ သတ္တုရိုင်းတွေ မရောင်းရရင် ကျွန်တော်တို့ စားစရာရှိတော့မှာ မဟုတ်ဘူး... အဲဒါကို ခင်ဗျားတို့ တာဝန်ယူပေးမှာလား..."
သူတို့ကြောင့် စစ်သားများမှာ လူအုပ်ကြီးကို ထိန်းသိမ်းရန် ပိုမိုရုန်းကန်နေရသည်ကို ရှို့ဝူနှင့် ကျူးလင်တို့ မသိရှိခဲ့ကြပေ။ စခန်းမှ ထွက်လာပြီး မကြာမီမှာပင် ရှို့ဝူက ရုတ်တရက် ပြောလိုက်ပေသည်။
"ရှောင်လင်... ဒီနားတင် ရေနံချက်စက်ရုံတစ်ခု ရှိတယ်... ငါတို့ သွားကြည့်ကြမလား..."
ကျူးလင်သည် ရေနံချက်စက်ရုံသို့ သွားခြင်းဖြင့် သူ ဘာကို လိုချင်နေသည်ကို မသိသော်လည်း ခေါင်းသာညိတ်ပြလိုက်ပြီး ရှို့ဝူ၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
တစ်နာရီကျော်ခန့် လျှောက်လှမ်းပြီးနောက် ကျူးလင်သည် ရေနံချက်စက်ရုံကို လှမ်းမြင်လိုက်ရလေသည်။
ကွင်းပြင်ကျယ်ကြီးထဲတွင် စနစ်တကျ စီရီထားသော ဧရာမရေနံသိုလှောင်ကန်ကြီးများကို မြင်သောအခါ သူမက မေးလိုက်၏။
"ဟိုကန်ကြီးတွေထဲမှာ ရေနံတွေ အပြည့်ရှိနေတာလား..."
ရှို့ဝူက မြေပုံကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ရင်း ပြန်ဖြေလိုက်လေသည်။
"ကိုယ်လည်း မသိဘူး... ဒီကန်တွေထဲမှာ ရေနံကျန်သေးလားဆိုတာကို အရင်စစ်ကြည့်ရမယ်... ဒီပတ်ပတ်လည်မှာ စခန်းတွေ အများကြီး ရှိနေတော့ ရေနံကျန်ဦးမယ်လို့ သိပ်ပြီး မျှော်လင့်မထားဘူး..."
သူ့အဖြေကို ကြားပြီးနောက် ကျူးလင်က ဧရာမရေနံသိုလှောင်ကန်ကြီးများကို ကြည့်ကာ ပြောလိုက်ပေသည်။
"ရေနံနည်းနည်းတော့ ကျန်နေဦးမှာပါ..."
သူမ၏ စဉ်းစားတွေးတောနေသော ပုံစံလေးကို ကြည့်ကာ ရှို့ဝူက ပြုံးလျက် ပြောလိုက်၏။
"အင်း... ကိုယ်တို့ ဝင်သွားကြရအောင်..."
၎င်းတို့နှစ်ဦး ပင်မဝင်ပေါက်သို့ ရောက်ခါနီးတွင် ရှို့ဝူနှင့် ကျူးလင်တို့သည် တစ်ပြိုင်နက်တည်း နောက်သို့ ရုတ်တရက် ခုန်ဆုတ်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် မည်သည့်နေရာမှန်းမသိသော နေရာမှ မီးလုံးသုံးလုံး ပျံသန်းလာပြီး ၎င်းတို့ စောစောက ရပ်နေခဲ့သော နေရာသို့ ကျရောက်ပေါက်ကွဲသွားတော့သည်။
ဝုန်း...
ဝုန်း...
ဝုန်း...
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ပွင့်ဟနေသော တံခါးနောက်ကွယ်တွင် ၎င်းတို့နှင့် မလှမ်းမကမ်း၌ ရပ်နေသော လူစုကို ကျူးလင် မြင်လိုက်ရလေသည်။
အခြားသူများ၏ ရှေ့ဆုံးတွင် ရပ်နေသော အမျိုးသားကို ကြည့်ရင်း ကျူးလင်သည် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ကျူးလင်သည် ရှို့ဝူအား မမေးနိုင်ခင်မှာပင် ထိုအမျိုးသား၏ အကြည့်များက သူမထံသို့ ကျရောက်လာပြီး မျက်ဝန်းများ တောက်ပသွားခဲ့ပေသည်။
သူက နှုတ်ခမ်းကို ဖြည်းညှင်းစွာ သပ်လိုက်ပြီး ကျူးလင်ကို ခြေဆုံးခေါင်းဆုံး စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
"သူမက ငါ့အပိုင်ပဲ... မင်းတို့ထဲက ဘယ်သူမှ သူမကို မထိရဘူး..."