← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) - လက်ဆောင်

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျားနီအဖွဲ့ဝင်များသည် သတိပြန်ဝင်လာကြပြီး သူတို့၏ခေါင်းဆောင်နောက်သို့ အပြေးအလွှား လိုက်သွားကြလေသည်။

သူတို့၏ခေါင်းဆောင်ပင်လျှင် ဤလူ့ထံမှ ထွက်ပြေးတိမ်းရှောင်သွားရပါက သူတို့အနေဖြင့် ထိုလူကို အနိုင်ယူနိုင်စရာ အကြောင်းမရှိတော့ချေ။

ဤနေရာတွင် ဆက်နေပြီး အရိုက်အနှက်ခံရမည့်အစား ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားပြီး မိမိအသက်ကို ကယ်တင်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သည်ကို မြင်သောအခါ ရှို့ဝူက ကျူးလင်ဘက်သို့ လှည့်ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ရှောင်လင်... မင်း အဆင်ပြေရဲ့လား..."

ကျူးလင်က သူ၏စိုးရိမ်ပူပန်နေသော မျက်နှာပေးကို ကြည့်ကာ ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်..."

သူမ အဆင်ပြေသည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ရှို့ဝူ၏မျက်နှာတွင် စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်သည်။

"ဆီသိုလှောင်ကန်တွေကို သွားစစ်ဆေးပြီး ရနိုင်သမျှ ဆီတွေကို အများဆုံး စုဆောင်းကြရအောင်..."

အနီးဆုံး ဆီသိုလှောင်ကန်ဆီသို့ လျှောက်လှမ်းသွားရင်း ကျူးလင်က မေးလိုက်သည်။

"ရှို့ဝူ... ရှင်က ဘာဖြစ်လို့ ဆီတွေအများကြီး လိုချင်နေရတာလဲ..."

သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

"ဒီကမ္ဘာမှာ ဆီက ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို မင်း သိလားတော့ မသိဘူး...”

“ ဒါပေမဲ့ ကမ္ဘာမပျက်ခင်တုန်းက လူသားတွေရဲ့ နေ့စဉ်လူမှုဘဝ ကဏ္ဍတိုင်းမှာ ဆီကို မရှိမဖြစ် အသုံးပြုခဲ့ကြရတာ..."

“ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးတဲ့နောက်မှာတော့ ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေ သောင်းကျန်းလာတာကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ အားလုံး ရပ်တန့်သွားခဲ့ရတယ်..."

သူက သူမဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဒါ့အပြင် ကမ္ဘာပျက်ကပ် စတင်ချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းအောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ... လူအင်အား၊ နည်းပညာ၊ စက်ကိရိယာတွေနဲ့ သင့်တော်တဲ့ အခြေအနေတွေ မရှိတော့တဲ့အတွက် လူသားတွေအနေနဲ့ ဆီကို ထပ်ပြီး မထုတ်လုပ်နိုင်တော့ဘူး..."

သူမက စကားကို အလေးအနက် နားထောင်နေသည်ကို မြင်သောအခါ ရှို့ဝူက ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

"ဆီက ကုန်ဆုံးလွယ်တဲ့ ပစ္စည်းတစ်ခု ဖြစ်တာကြောင့် ဆီတွေကို ပိုပြီး စုဆောင်းထားတာက အကောင်းဆုံးပဲ...”

“ငါတို့ စခန်းတည်ဆောက်ရေး လုပ်ငန်းတွေကို စတင်တဲ့အခါ ငါတို့ကိုယ်တိုင် မရနိုင်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် ဆီကို တန်ဖိုးရှိတဲ့ ငွေကြေးအဖြစ် အသုံးပြုနိုင်လိမ့်မယ်..."

သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျူးလင်က ဧရာမ ဆီသိုလှောင်ကန်ကြီးများကို ကြည့်ကာ ပြောလိုက်သည်။

"ဒီသိုလှောင်ကန်တွေထဲမှာ ဆီတွေ ကျန်နေသေးရင်တော့ သိပ်ကောင်းမှာပဲ..."

ရှို့ဝူက သူမ၏စကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကျန်းဇီဟောင်က ဒီရေနံသန့်စင်စက်ရုံကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ပြီး ဒီနေရာမှာ ရှိနေသေးတာကို ကြည့်ရင် ဒီဆီသိုလှောင်ကန်တွေထဲမှာ ဆီအချို့ ကျန်ရှိနေဦးမယ်လို့ ငါ ထင်တယ်..."

ထိုသို့ပြောပြီးနောက် သူတို့သည် အနီးနားရှိ ဆီသိုလှောင်ကန်များကို လိုက်လံစစ်ဆေးခဲ့ကြရာ သိုလှောင်ကန်များ၏ ထက်ဝက်ခန့်တွင် ဆီများ ပြည့်နှက်နေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရလေသည်။

ဆီများမှာ အနံ့ဆိုးထွက်ကာ ညစ်ပတ်နေသဖြင့် ကျူးလင်က ၎င်းတို့ကို သိုလှောင်အိတ်အသစ်တစ်ခုထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ထိုအိတ်ကို ရှို့ဝူထံသို့ ပေးအပ်လိုက်သည်။

ရှို့ဝူက မိမိ၏လက်ဖဝါးပေါ်ရှိ လှပသေသပ်စွာ ပြုလုပ်ထားသော အိတ်ငယ်လေးကို ကြည့်ကာ မေးလိုက်သည်။

"ဒါကို ငါ့ကို ဘာလို့ ပေးတာလဲ..."

ကျူးလင်က သူ၏မေးခွန်းကို ပြန်မဖြေဘဲ သူမ၏ဝိညာဉ်စွမ်းအင်ဖြင့် သူ၏လက်ညှိုးကို ခပ်ဖွဖွလေး ထိုးဆွလိုက်ရာ ရှို့ဝူ၏လက်ထိပ်မှ သွေးတစ်စက်သည် သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားလေသည်။

ရှို့ဝူအနေဖြင့် သူမ အဘယ်ကြောင့် ဤသို့ပြုလုပ်ရသနည်းဟု မမေးမြန်းနိုင်မီမှာပင် သူ၏စိတ်အာရုံသည် ရုတ်တရက် တစ်စက္ကန့်ခန့် ဝေဝါးသွားခဲ့ရသည်။

သူက မိမိအား သံသယစိတ်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ ကျူးလင်က သိုလှောင်အိတ်ကို ဖွင့်ပြလိုက်ရင်း ပြောလိုက်သည်။

"ရှင် စိတ်အာရုံကို သုံးပြီး သိုလှောင်အိတ်ထဲကို ကြည့်ဖို့ ကြိုးစားကြည့်လိုက်ပါဦး..."

သူ၏နှလုံးသားထဲတွင် ဇဝေဇဝါဖြစ်နေသော်လည်း ရှို့ဝူသည် သူမ၏ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်။

သူက စိတ်အာရုံကို အသုံးပြု၍ သိုလှောင်အိတ်အတွင်းသို့ လှမ်းကြည့်ရန် ကြိုးစားလိုက်သောအခါ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

သူ၏စိတ်အာရုံထဲတွင် ဟင်းလင်းပြင်ကျယ်ကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် သူသည် ကျူးလင်ကို တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်လိုက်မိသည်။

ထိုဟင်းလင်းပြင်၏ ထောင့်တစ်နေရာတွင် ကျူးလင်၏နေရာလွတ်ထဲ၌ သိမ်းဆည်းထားသည်ဟု သူထင်မှတ်ထားသော ဆီသိုလှောင်ကန်ကြီးများ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

သူ၏တုံ့ပြန်မှုကို မြင်သောအခါ သူမက ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ဒီသို‌လှောင်အိတ်က ရှင့်အတွက် ပေးတဲ့ လက်ဆောင်ပါ...”

“ရှင်က ဒါကို ကိုယ်ပိုင်အဖြစ် သွေးနဲ့ ပဋိညာဉ်ပြုလိုက်ပြီဖြစ်လို့ ရှင့်တစ်ယောက်တည်းပဲ ဒီချန်ခွန်းအိတ်ထဲကို ပစ္စည်းတွေ ထည့်တာ၊ ထုတ်တာ လုပ်လို့ရမယ်...”

“ဒါပေမဲ့ အသက်ရှိတဲ့ သတ္တဝါတွေကိုတော့ ထည့်လို့မရဘူးနော်... သူတို့တွေ အသက်ရှူကျပ်ပြီး သေသွားလိမ့်မယ်..."

ကျူးလင်၏ ရှင်းပြချက်ကို နားထောင်ရင်း ရှို့ဝူသည် သူ၏ကျောပိုးအိတ်ကို သိုလှောင်အိတ်ထဲသို့ ထည့်ရန် ကြိုးစားကြည့်လိုက်သည်။

သူ့စိတ်ထဲမှ တွေးလိုက်ရုံမျှဖြင့် ကျောပိုးအိတ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး သိုလှောင်အိတ်ထဲသို့ ရောက်ရှိသွားလေသည်။

ထို့နောက် သူက သိုလှောင်အိတ်ထဲမှ ကျောပိုးအိတ်ကို ပြန်ထုတ်ရန် ကြိုးစားလိုက်ရာ တစ်စက္ကန့်အကြာတွင် ကျောပိုးအိတ်သည် သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အကြိမ်အနည်းငယ် ထပ်မံစမ်းသပ်ကြည့်ပြီးနောက် ရှို့ဝူသည် သိုလှောင်အိတ်ကို သူ၏ခါးပတ်တွင် ချည်နှောင်လိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှောင်လင်... ငါ ဒီအိတ်ကို သိပ်သဘောကျတာပဲ... တကယ်ကို အသုံးဝင်လွန်းတယ်..."

ကျူးလင်က သူ၏ခါးပတ်တွင် ချည်နှောင်ထားသော လှပသည့် အိတ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ယောက်ျားပီသသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ရှို့ဝူကို လှမ်းကြည့်လိုက်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...

ထိုအိတ်လေးကြောင့် သူ၏ပုံစံမှာ အနည်းငယ် ရယ်စရာကောင်းနေသည်ဟု သူမ ခံစားလိုက်ရလေသည်။

သို‌လှောင်အိတ်လေးကို ချည်နှောင်ထားသော မိမိ၏ပုံစံကို သူမက စိတ်ဝင်တစားဖြင့် ကြည့်နေသည်ကို ရှို့ဝူက မသိရှိဘဲ ပြုံးပြကာ ပြောလိုက်သည်။

"ကိုယ်တို့ အခု သွားကြရအောင်... မဟုတ်ရင် ဒီနေ့အတွက် လုံလောက်တဲ့ သတ္တုရိုင်းတွေကို ဝယ်ယူနိုင်မှာ မဟုတ်ဘူး..."

ရေနံသန့်စင်စက်ရုံအတွင်းရှိ ကျန်ရှိနေသော ဆီများကို စုဆောင်းပြီးနောက် သူတို့နှစ်ဦးသည် စက်ရုံမှ ထွက်ခွာလာခဲ့ကြပြီး စစ်တပ်စခန်းနှင့် လဲ့ဟော်စခန်းတို့၏ လမ်းဆုံဆီသို့ လျှောက်လှမ်းခဲ့ကြသည်။

သူတို့ ရောက်ရှိသွားချိန်တွင် ထိုနေရာ၌ လူအများအပြား စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ရှို့ဝူက သူ၏လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ရာ မွန်းလွဲ တစ်နာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် မလှမ်းမကမ်းရှိ ဘတ်စ်ကားမှတ်တိုင်ကို တွေ့ရှိသွားသဖြင့် ပြောလိုက်သည်။

"ဘတ်စ်ကားမှတ်တိုင်အောက်မှာပဲ ဆိုင်ဖွင့်ကြရအောင်..."

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပူချိန်သည် တဖြည်းဖြည်း ကျဆင်းလာခဲ့သော်လည်း နေရောင်အောက်တွင် တိုက်ရိုက်ရပ်နေပါက အလွန်ပူပြင်းနေဆဲပင် ဖြစ်သည်။

ရေခဲပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် ကျူးလင်အနေဖြင့် အပူဒဏ်ကို မခံစားရသော်လည်း သူမသည် ခေါင်းညိတ်ကာ ရှို့ဝူ၏အကြံပြုချက်ကို သဘောတူလိုက်လေသည်။

ဘတ်စ်ကားမှတ်တိုင်သို့ ရောက်ရှိသောအခါ ကျူးလင်သည် စားပွဲရှည်ကြီးတစ်လုံး၊ ဈေးနှုန်းများ ရေးသားထားသော သင်ပုန်းဖြူတစ်ခုနှင့် သိုလှောင်အိတ်အကြီးတစ်လုံး၊ အသေးတစ်လုံးတို့ကို ထုတ်ယူလိုက်သည်။

ထို့နောက် သူမသည် ချန်ခွန်းအိတ်ထဲမှ အဓိကရိက္ခာများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ရေဘူးများကို ထုတ်ယူကာ စားပွဲရှည်ကြီးပေါ်တွင် တင်ထားလိုက်လေသည်။

စစ်တပ်စခန်းမှ လူများသည် ယနေ့တွင် ရွေးချယ်စရာ အစားအစာအမျိုးအစားများမှာ မနေ့ကထက် ပိုမိုများပြားနေသည်ကို မြင်သောအခါ ကျူးလင်နှင့် ရှို့ဝူတို့ကို မသိမသာ ခိုးကြည့်လိုက်မိကြသည်။

သတ္တုရိုင်းများနှင့် လာရောက်လဲလှယ်ရန် ပထမဆုံးအကြိမ် ရောက်ရှိလာကြသူများမှာမူ လတ်ဆတ်သော အစားအစာများကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်လွန်းကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေသည်။

All Chapters